အခန်း ၃၂၆
Vol. 33 Ch. 326
အခန်း (၃၂၆) မောက်မာပြီး အနိုင်ကျင့်လွန်းခြင်း
ရွှီချင်းချန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အနည်းငယ် ကြည့်ရဆိုးသွားပေ၏။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း လူအချို့က အကြောင်းပြချက်အမျိုးမျိုးရှာကာ အခကြေးငွေတိုးတောင်းတတ်ကြောင်း သူမ အရင်က ကြားဖူးထားခဲ့သည်။ ယခုကဲ့သို့ ကိုယ်တိုင်ကြုံတွေ့လာရလိမ့်မည်ဟု သူမ တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
ရွှီချင်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး စကားဆိုလိုက်၏။
"မန်းမန်း... ကျွန်မတို့ အခကြေးငွေကိစ္စကို ကြိုပြီး သဘောတူထားပြီးသားလေ
စာချုပ်လည်း ချုပ်ထားပြီးတာ ကြာလှပြီ... အခုမှ နောက်ထပ်စာချုပ်တစ်ခု ထုတ်လာတာက သိပ်မသင့်တော်ဘူး မဟုတ်လား"
"ဘာလို့ မသင့်တော်ရမှာလဲ..." ဝမ်မန်းမန်းက မောက်မာစွာ ခေါင်းမော့လိုက်ပြီး သူမဘေးရှိ လက်ထောက် ရှောင်စွန်းကို လက်ညိုးထိုးပြလိုက်သည်။ "လက်ထောက် ရှောင်စွန်း... အရင်က ငါ ရုပ်ရှင်ရိုက်တုန်းက ဘယ်လို အခွင့်အရေးမျိုး ရခဲ့လဲဆိုတာ သူ့ကို ပြောပြလိုက်စမ်း အခွင့်အရေးပေးတာက ဘာအဆင့်လဲဆိုတာ သိအောင်လို့..."
လက်ထောက် ရှောင်စွန်းက ရင်ကော့လိုက်ပြီး စကားဆိုလာ၏။
"မန်နေဂျာရွှီ... ရှင်လည်း အရင်က သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တာပဲ... ဈေးကွက်ပေါက်ဈေးကို ရှင် သိသင့်တယ်"
"ကျွန်မတို့ရဲ့ မန်းမန်းက ရိုက်ကွင်းမှာဆိုရင် တစ်နေ့ကို အများဆုံး တစ်နာရီပဲ အလုပ်လုပ်တာ...ပြီးတော့ နေ့တိုင်း အကြိုအပို့လုပ်ဖို့ သီးသန့်ကား ရှိရမယ်..."
"ကျွန်မတို့ လက်ထောက် ဆယ်ယောက်ကျော်နဲ့ သီးသန့်ကားအတွက် ကုန်ကျစရိတ်အားလုံးကိုလည်း ရိုက်ကူးရေးအဖွဲ့ကပဲ ကျခံပေးတာ..."
"အခုက ဘယ်လိုဖြစ်နေလဲ... နေ့တိုင်း မနက်ရှစ်နာရီ အလုပ်စရုံတင်မကဘူး... ကျွန်မတို့ လက်ထောက်တွေရဲ့ ကုန်ကျစရိတ်ကိုလည်း တာဝန်မယူပေးဘူး..."
"သီးသန့်ကားဆိုတာကလည်း BMW ဗင်ကားလေးပဲ... မော်တော်ဟုန်းကားကြီးတွေတောင် မရှိဘူး...ဒါက ကျွန်မတို့ရဲ့ ဝမ်မန်းမန်းကို အရမ်း အထင်သေးရာ မကျလွန်းဘူးလား..."
ရွှီချင်းချန် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားရပေသည်။ ‘လက်ထောက် ဆယ်ယောက်ကျော် ခေါ်လာတာကပဲ မှန်ကန်နေပြီလို့ ထင်နေတာလား’ဟု သူမ တွေးမိလိုက်၏။
သရုပ်ဆောင်အများစုသည် ရုပ်ရှင်ရိုက်ကူးရာတွင် အများဆုံးမှ လက်ထောက်နှစ်ဦးသာ ခေါ်ဆောင်လာတတ်ကြသည်။ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများ စီစဉ်ပေးလေ့ရှိသောကြောင့် အချို့ဆိုလျှင် လက်ထောက်ပင် ခေါ်မလာကြချေ။ မော်တော်ဟုန်းကားနှင့် ပတ်သက်၍လည်း ရိုက်ကွင်းပေါ်တွင် နားနေရန် သီးသန့် မော်တော်ဟုန်းကားများ ရှိထားပြီးဖြစ်ပေ၏။
လက်ထောက် ရှောင်စွန်းက ဆက်လက်ပြောဆိုလာသည်။
"ဒါ့အပြင် ကျွန်မတို့ မန်းမန်းက အရင် ရုပ်ရှင်ရိုက်တုန်းက ဇာတ်ကားထဲက စကားပြောတွေကို ဘယ်တော့မှ ကျက်စရာ မလိုဘူး...စကားပြောတဲ့နေရာမှာ နံပါတ် တစ် နှစ် သုံး လေး လို့ပဲ ပြောလိုက်... ပြီးမှ အသံသွင်းပေးမယ့်သူကို နောက်မှ ရှာလိုက်တာ..."
"ဒါပေမဲ့ ရှင်တို့က တကယ်ကြီး စကားပြောတွေကို ကျက်ခိုင်းနေတယ်...ဒါက လူတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား...စကားပြောတွေက ဒီလောက် အများကြီးကို မန်းမန်းကို နေ့တိုင်း ကျက်ခိုင်းနေတာ... နေ့တိုင်း သူ့ဦးနှောက်ဆဲလ်တွေ ဘယ်လောက်တောင် သေကုန်မလဲဆိုတာ တွေးကြည့်ဖူးလား..."
"ပြီးတော့ လူစားထိုးတောင် သုံးခွင့်မပေးဘူး..." လက်ထောက် ရှောင်စွန်းက အော်ပြောလိုက်၏။
"ဟုတ်တယ်..." ဝမ်မန်းမန်းက လှောင်ပြုံးပြုံးလိုက်သည်။ "မန်နေဂျာရွှီ... ကျွန်မရဲ့ လက် မျက်နှာနဲ့ ခြေထောက်တွေကို ကြည့်လိုက်ပါဦး... ကျွန်မရဲ့ အသားအရေကို ထိန်းသိမ်းဖို့ ပိုက်ဆံဘယ်လောက်တောင် ကုန်ထားလဲဆိုတာ ရှင် မသိဘူး..."
"အခု ဘာဖြစ်သွားပြီလဲ ကြည့်လိုက်စမ်း... ရှင့်ရုပ်ရှင်မှာ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်း တစ်ခန်းတည်း ရိုက်တာကို ကျွန်မ ဘယ်လောက်တောင် ဒဏ်ရာရသွားလဲ..."
"ကျွန်မရဲ့ ဘေးကင်းလုံခြုံရေးအတွက် လူစားထိုး သုံးတာက ဘာမှားနေလို့လဲ... ပုံဖျက်တည်းဖြတ်လိုက်တာက ဘာမှားနေလို့လဲ..."
"မန်းမန်း... ရှင်ပြောတဲ့ ဒဏ်ရာဆိုတာက ပွန်းပဲ့သွားတာလေးပါ... ပြီးတော့ ဇာတ်ဝင်ခန်းအားလုံးအတွက် ဘေးကင်းလုံခြုံရေး အစီအမံတွေ ကျွန်မတို့မှာ ရှိပါတယ်..."
ရွှီချင်းချန်၏ လောကအမြင်မှာ သူမကြောင့် လုံးလုံးလျားလျား ပြောင်းပြန်လန်သွားရပေတော့သည်။ စကားပြော ကျက်စရာမလို၊ လူစားထိုး သုံးမည်၊ ပုံဖျက်တည်းဖြတ်မည်။ ဤသည်က အရည်အချင်းပြည့်မီသော သရုပ်ဆောင်တစ်ယောက် အမှန်တကယ် လုပ်သင့်သည့် အလုပ်လောဟု သူမ တွေးတောနေမိ၏။
အနည်းဆုံးတော့ သူမ သရုပ်ဆောင်စဉ်က ဤကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။ အန္တရာယ်များသော ဇာတ်ဝင်ခန်းများကို လူစားထိုး အသုံးပြု၍ ရိုက်ကူးနိုင်သည်မှာ မှန်ပေသည်။
သို့သော် သူငယ်ချင်းများနှင့် နေ့လယ်စာ သွားစားရန် အကြောင်းပြချက်ဖြင့် သရုပ်ဆောင်တစ်ယောက်က လူစားထိုးကို အသုံးပြုခြင်းသည် အမှန်တကယ် သင့်တော်ပါမည်လော။
ဝမ်မန်းမန်းအား ဇာတ်ကောင်အဖြစ် မရွေးချယ်မီက။ တစ်ဖက်လူ၏ နာမည်ကြီးမှုနှင့် ရေပန်းစားမှုသည် ဤရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်ရာတွင် အကျိုးကျေးဇူးကြီးမားလိမ့်မည်ဟု ရွှီချင်းချန် အမြဲတစေ ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုကြည့်ရသည်မှာ ဤရေပန်းစားမှုက ဘာအသုံးဝင်မည်နည်း။ သရုပ်ဆောင်စွမ်းရည်မှာ အလွန်ဆိုးရွားလှပြီး ကိုယ်ရည်ကိုယ်သွေးလည်း မရှိသည့်အပြင် ကျင့်ဝတ်များလည်း ကင်းမဲ့နေပေသည်။ ဤကဲ့သို့သော စံမမီသည့် လူမျိုးက သူမတို့
ရုပ်ရှင်ကို ကောင်းစွာ ဖျက်ဆီးပစ်နိုင်ပေ၏။
ဘေးတွင် ရပ်နေသော ဒါရိုက်တာ ဝူရှင်း ပင်လျှင် ခေါင်းယမ်းလိုက်တော့သည်။ ဤသည်မှာ ဝမ်မန်းမန်းနှင့် သူ ပထမဆုံးအကြိမ် အတူအလုပ်လုပ်ခြင်း ဖြစ်သည်။ အကယ်၍ ဝမ်မန်းမန်း၏ နောက်ကွယ်မှ လူများကို ရန်စမိမည်ကိုသာ မကြောက်ရွံ့ခဲ့ပါက ရိုက်ကူးရေး ပထမဆုံးနေ့ကတည်းက သူမအား ရိုက်ကူးရေးအဖွဲ့ထဲမှ ကန်ထုတ်ပစ်ချင်နေခဲ့ပြီ ဖြစ်၏။ ဤမိန်းမသည် ဟန်ကြီးပန်ကြီး အလွန်နိုင်လွန်းလှပေသည်။
"ကျွန်မ ဂရုမစိုက်ဘူး... ကျွန်မရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က လစာ
စာချုပ်ကို နှစ်ဆတိုးပေးဖို့ပဲ..." ဝမ်မန်းမန်းက အော်ပြောလိုက်သည်။
"ရှင်တို့ ရိုက်ကူးရေးအဖွဲ့က ဒီလက်ထောက်တွေရဲ့ ကုန်ကျစရိတ်ကို တာဝန်ယူပေးစရာ မလိုတော့ဘူး... ဒါပေမဲ့ စကားပြောတွေကိုတော့ ကျွန်မ မကျက်နိုင်ဘူး... ရှင်တို့ဘာသာရှင်တို့ နောက်ပိုင်းမှ အသံသွင်းယူကြ..."
"ပြီးတော့ နေ့တိုင်း ရိုက်ကူးရေးအတွက် ကျွန်မမှာ တစ်နာရီပဲ အချိန်ရှိတယ်...တကယ်လို့ ဒီတောင်းဆိုချက်တွေကို ရှင်တို့ သဘောတူနိုင်မယ်ဆိုရင် ကျွန်မတို့ စာချုပ်အသစ် ချုပ်လို့ရပြီ..."
ဝမ်မန်းမန်းမှာ အလွန် ယုံကြည်မှုရှိနေပုံ ပေါ်ပေသည်။ သူမ၏ တောင်းဆိုချက်များ မည်မျှပင် မြင့်မားနေပါစေ တစ်ဖက်လူက သေချာပေါက် သဘောတူလိမ့်မည်ဟု သူမ ယုံကြည်ထားခဲ့၏။ မည်သို့ပင်ဖြစ်စေ ရုပ်ရှင်ရိုက်ကူးရေးမှာ လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ဝက်တစ်ပျက်တွင် လူစားထိုးလဲလှယ်ခြင်းသည် ကုန်ကျစရိတ်များကို သိသိသာသာ မြင့်တက်လာစေမည် ဖြစ်ပေသည်။
ကုမ္ပဏီတွင် အစွမ်းထက်သော နောက်ခံရှိသည်ဟု သူမ မကြားထားခဲ့ပါက ဤရုပ်ရှင်ကို ရိုက်ကူးရန် သဘောတူခဲ့မည် မဟုတ်ချေ။ သို့သော် ရောက်လာပြီးနောက် မည်သည့် သြဇာကြီးမားသူကိုမျှ သူမ မတွေ့မြင်ခဲ့ရပေ။
မန်နေဂျာ ရွှီချင်းချန် နှင့် ပတ်သက်၍လည်း ဖျော်ဖြေရေးလောကတွင် ရှိနေစဉ်က သူမလောက် နာမည်မကြီးခဲ့ချေ။ ဘယ်လို ကံကောင်းမှုမျိုး ရခဲ့လို့ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ငွေတွေ ရလာမှန်းတော့ မသိဘူးဟု ဝမ်မန်းမန်း တွေးလိုက်၏။
"ရှင်..." ရွှီချင်းချန် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပင်။
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ချင်းချန်... မင်း ရွေးထားတဲ့ မင်းသမီးက ဒါလား... သူ့ကို လူစားထိုးလိုက်တော့..."
"ချန်ဖုန်း..."
ချန်ဖုန်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်တွင် ရွှီချင်းချန် အပြစ်ရှိသလို ခံစားလိုက်ရပေ၏။ ‘ကိစ္စတွေကို ငါ ရှုပ်ပွအောင် လုပ်မိပြီထင်တယ်’ ဟု သူမ တွေးမိသည်။
အကယ်၍ တာဝန်ခံကို ပြောင်းလဲလိုက်လျှင်ပင် ကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှုအချို့ကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ထိုစကားကို ကြားပြီးနောက် ဝမ်မန်းမန်း ချက်ချင်းပင် ဒေါသထွက်သွားတော့၏။
"လူစားထိုးမယ် ဟုတ်လား... မန်နေဂျာရွှီ ရှင် ဒါကို သေချာ စဉ်းစားပြီးပြီလား... တကယ်လို့ ကျွန်မသာဆိုရင် စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးငွေ ဘယ်လောက် ပေးရမလဲဆိုတာ ရှင် သိရဲ့လား..."
"ပြီးတော့ ဒီဇာတ်ကောင်နေရာကို ကျွန်မ တစ်ယောက်တည်းပဲ လုပ်နိုင်တာ...ကျွန်မ ခွင့်မပြုဘဲ ဖျော်ဖြေရေးလောကမှာ ဘယ်သူကများ ဒီနေရာကို ယူရဲမလဲ ကြည့်လိုက်စမ်းပါ..."
ဝမ်မန်းမန်း၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပေသည်။
"မင်း တွေးတာလွန်နေပြီ... စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ကြေးငွေကို ငါတို့က တစ်ပြားတစ်ချပ်မှ ပေးမှာ မဟုတ်ဘူး..."
ချန်ဖုန်းက သူမအား အရေးမစိုက်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။ ဤကဲ့သို့သော မင်းသမီးမျိုးသည် ရုပ်ရှင်တစ်ကားတွင် အမျိုးသမီး ဇာတ်ဆောင်အဖြစ် ပါဝင်ရန် အမှန်တကယ် မသင့်တော်ချေ။
မည်သို့ပင်ဖြစ်စေ ဤရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်များ၏ ပုံရိပ်များကို တင်းကြပ်စွာ ထိန်းချုပ်ထားရမည် ဖြစ်ပေ၏။
"ရှင်..." ဝမ်မန်းမန်းမှာ ရန်စခံလိုက်ရသည့်အလား ဖြစ်သွားသည်။ သူမ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့၏။
"ရွှီချင်းချန်... သူပြောတာ တကယ်ပဲလား..."
"သူက ကုမ္ပဏီရဲ့ သူဌေးပဲ... သူပြောသမျှ အားလုံးက သဘာဝကျကျ အမှန်တရားတွေချည်းပဲ..."
ရွှီချင်းချန်က ချန်ဖုန်း၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
တစ်ဖက်လူက ရှေ့ထွက်လာပြီဖြစ်ရာ ကျန်သည့်ကိစ္စများတွင် သူမ ဝင်ရောက်စွက်ဖက်၍ မရနိုင်တော့ချေ။
"သူက သူဌေးလား..." ဝမ်မန်းမန်းသည် ဤအရာကို ရှင်းလင်းစွာပင် မျှော်လင့်မထားခဲ့ချေ။
ဤမျှ ငယ်ရွယ်သူတစ်ဦးက ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်လာနိုင်သည်မှာ အံ့အားသင့်စရာပင်။ သို့သော် သူ၏ ရုပ်သွင်မှာ အလွန် သာမန်ဖြစ်နေပြီး သြဇာကြီးမားသူတစ်ဦးနှင့် မတူချေ။ သူမ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်အမင်း မောက်မာသွားတော့၏။
"ဒီနေ့ ကျွန်မတို့ကြားက ယဉ်ကျေးမှု အရေခြုံတွေ အားလုံးကို ဆွဲခွာလိုက်ပြီဆိုတော့လည်း..."
"ကျွန်မ ဆက်မရိုက်တော့ဘူး…
စာချုပ်ဖောက်ဖျက်မှု ဒဏ်ကြေးဆယ်ဆ တစ်ပြားမှ လျှော့မပေးဘူး...တကယ်လို့ တစ်ပြားလေး လိုသွားရင်တောင် ရှင်တို့ ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်ပစ်နိုင်တယ်ဆိုတာ ယုံလိုက်..."
"ကျွန်မရဲ့ နောက်ကွယ်မှာ ကျိုတိုက နန်ကုန်းမိသားစုရဲ့ ထောက်ခံမှု ရှိတယ်...ရွှီချင်းချန်... ရှင့်သူဌေးက နားမလည်ပေမဲ့ ရှင်လည်း နားမလည်တာလား..."
"ဒါ့အပြင်... ကျွန်မမပါရင် ရှင်တို့ရဲ့ ရုပ်ရှင်မှာ အမျိုးသမီး ဇာတ်ဆောင်တောင် ရှိမှာ မဟုတ်ဘူး...အမျိုးသား ဇာတ်ဆောင် နေရာတောင် ဆက်ရှိနေမှာ မဟုတ်ဘူး..."
ထိုသို့ ပြောနေရင်း ဝမ်မန်းမန်းက မလှမ်းမကမ်းရှိ အမျိုးသားဇာတ်ဆောင် ချန်ရှောင် ကို ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။
"ရှင် အခုထိ မသွားသေးဘူးလား..."
"မန်းမန်း..."
"ရှင် ဒါကို သေချာ စဉ်းစားတာ ပိုကောင်းမယ်... ရှင် ထွက်မသွားရင် ကျွန်မကို ဆန့်ကျင်နေတာပဲ...ကျွန်မကို ဆန့်ကျင်တာက နန်ကုန်းမိသားစု တစ်ခုလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲ..."
"ချန်ရှောင်... ရှင် ဒီဇာတ်ကားကို ဆုံးရှုံးသွားရင်တောင် တခြား ဇာတ်ကားတွေ ရှာလို့ရသေးတယ်...ဒါပေမဲ့ ရှင်သာ နန်ကုန်းမိသားစုကို ဆန့်ကျင်မယ်ဆိုရင် တစ်သက်လုံး အမည်ပျက်စာရင်း သွင်းခံရလိမ့်မယ်..."
"ကျွန်တော်..." ချန်ရှောင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။
နန်ကုန်းမိသားစုသည် ကျိုတို၏ ထိပ်တန်း မိသားစုကြီးငါးခုအနက်မှ တစ်ခုဖြစ်ပြီး ရာစုနှစ်တစ်ခုကျော် သမိုင်းကြောင်းရှိပေသည်။ ကျိုတို မြို့တော်တစ်ခုလုံးတွင် နန်ကုန်းမိသားစုသည် သြဇာလွှမ်းမိုးမှုများစွာ ရှိနေဆဲဖြစ်သည်။
ဟွာရှနိုင်ငံ၏ စီးပွားရေးကိုပင် လွှမ်းမိုးနိုင်လုနီးပါးဖြစ်သော စက်မှုလုပ်ငန်းကွင်းဆက်များစွာကို ပိုင်ဆိုင်ထားပြီး ဟွာရှအစိုးရကိုယ်တိုင်ကပင် သူတို့ကို စိုးရိမ်ရပေ၏။ သူက သာမန် သရုပ်ဆောင်တစ်ယောက်မျှသာ ဖြစ်ရာ နန်ကုန်းမိသားစုကို မည်သို့ ဆန့်ကျင်ရဲမည်နည်း။
---