အခန်း ၃၂၈
Vol. 33 Ch. 328
အခန်း (၃၂၈) နှိမ့်ချသော အမူအရာက ပရိသတ်တစ်ခွင်ကို တုန်လှုပ်သွားစေခြင်း
သောက်ကျိုးနည်း သူ ထပ်ဖြစ်နေပြန်ပြီ။
အပြင်ထွက်လာတာနဲ့ ဘာလို့ ခွေးချေးတွေကိုချည်း
အမြဲနင်းမိနေရတာလဲ။
ချန်ဖုန်းအား မြင်တွေ့လိုက်ရသည့် အခိုက်အတန့်မှာပင် သခင်လေး နန်ကုန်းရိ ၏ ကြက်သီးများ ထသွားပြီး အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်သွားတော့၏။
ပြီးခဲ့သည့်တစ်ခေါက်က အဖြစ်အပျက်ကို သူ ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သည်။
နန်ကုန်းမိသားစုတွင် ရှိနေစဉ်က ချန်ဖုန်းသည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ပေသည်။
ထို့အပြင် စစ်ဘက်ဆိုင်ရာဌာနမှ တင့်ကားဆယ်စီးနှင့် သံချပ်ကာယာဉ်များကို စေလွှတ်ကာ နန်ကုန်းမိသားစုကို ဝန်းရံထားခဲ့သေးသည်။ ဤကဲ့သို့ သိသာထင်ရှားလှသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်မျိုးကြောင့်ပင် နန်ကုန်းမိသားစု၏ ခေါင်းဆောင်ကိုယ်တိုင်ကပင် ချန်ဖုန်း၏ ရန်သူ မဖြစ်လိုချေ။
‘အကယ်၍ ငါသာ သူ့ကို ထပ်ပြီး ရန်စမိရင် ငါ့အသက် အန္တရာယ်ရှိနိုင်တယ်’ ဟု သူ တွေးလိုက်၏။ ထို့နောက် သူက ဝမ်မန်းမန်းကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ ‘ဒီတုံးအတဲ့ မိန်းမက ငါ့ကို အမြဲတမ်း ပြဿနာရှာပေးနေတာပဲ’
ဝမ်မန်းမန်းသည် သခင်လေး နန်ကုန်းရိ ၏ အကျပ်အတည်းကို သတိမပြုမိသည့်အလား ချန်ဖုန်းအား ဆက်လက် လက်ညိုးထိုးကာ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"သူပဲ သခင်လေး နန်ကုန်း... ရှင် ကျွန်မအတွက် ကလဲ့စားချေပေးရမယ်...သူက ကျွန်မကို ရိုက်လိုက်တာက... ရှင့်မျက်နှာကို ပါးရိုက်လိုက်တာနဲ့ ဘာကွာလို့လဲ...နန်ကုန်းမိသားစုက ပါးရိုက်ခံရတာကို ရှင် သည်းခံနိုင်လို့လား..."
"ရိုင်းစိုင်းလိုက်တာ..." သခင်လေး နန်ကုန်းရိ ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။
ထို့နောက် သူသည် ဝမ်မန်းမန်း၏ မျက်နှာကို ဖြတ်ခနဲ ပါးရိုက်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း မှင်တက်သွားကြပေသည်။
ချန်ဖုန်း တစ်ဦးတည်းသာ သခင်လေး နန်ကုန်းရိ အား ရယ်မောချင်စိတ်ဖြင့် ကြည့်နေခဲ့၏။ ဝမ်မန်းမန်း ပြောခဲ့သော နောက်ခံဆိုသည်မှာ သူ ရက်ရက်စက်စက် ရိုက်နှက်ခဲ့ဖူးသော သခင်လေး နန်ကုန်းရိ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"သခင်လေး နန်ကုန်း..." ဝမ်မန်းမန်းက သူမ၏ မျက်နှာကို အုပ်ကိုင်လိုက်သည်။
သူမ၏ မျက်နှာပေါ်မှ နာကျင်မှုများကိုပင် မေ့သွားပုံရသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ မျက်ရည်များ ဝဲတက်လာ၏။
"ဘာလို့လဲ... ဘာလို့ ကျွန်မကို ရိုက်တာလဲ..."
သူမ တစ်ဦးတည်းသာ မဟုတ်ချေ။ လက်ထောက် ရှောင်စွန်း နှင့် ဒါရိုက်တာ ဝူရှင်း အပါအဝင် အခြားသူများအားလုံးလည်း ထပ်တူထပ်မျှ အံ့အားသင့်နေကြပေသည်။
“ဘာဖြစ်သွားတာလဲ သခင်လေး နန်ကုန်းက လှပတဲ့ မိန်းမတစ်ယောက်အတွက် ရုပ်ရှင်ကုမ္ပဏီ သူဌေးကို ရိုက်နှက်ရမှာ မဟုတ်ဘူးလား…”
“မထင်မှတ်ထားတာပဲ ရှုပ်ထွေးသွားပြီ လုံးဝကို ရှုပ်ထွေးသွားပြီ…”
"ဘာတွေဖြစ်ကုန်တာလဲ..."
"မသိဘူး... သခင်လေး နန်ကုန်းက အရင်တုန်းက မန်းမန်းကို အရမ်း သဘောကျခဲ့တာကို ဒီနေ့ ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ..."
"ဒီ ချန်ဖုန်း ဆိုတဲ့သူက အစွမ်းထက်တဲ့ နောက်ခံတစ်ခုခုများ ရှိနေလို့လား..."
"မဖြစ်နိုင်ဘူး... နန်ကုန်းမိသားစုထက် ဘယ်သူကများ နောက်ခံ ပိုကြီးနိုင်မှာလဲ..."
လူတစ်စုက သူတို့အချင်းချင်း တီးတိုး စကားပြောနေကြသည်။
"ငါ မင်းကို ဘာလို့ရိုက်လဲဆိုတာ မင်း မသိဘူးလား..." သခင်လေး နန်ကုန်းရိ က ဒေါသတကြီးဖြင့် သူမကို နောက်တစ်ကြိမ် အားပြင်းပြင်းဖြင့် ပါးရိုက်လိုက်ပြန်သည်။ "ဒီနေရာက ဘယ်နေရာလို့ ထင်နေလဲ..."
"ဒါ ဟွာရှစစ်ဘက်ဆိုင်ရာဌာနရဲ့ လေ့ကျင့်ရေးစခန်းပဲ...နည်းပြချုပ်ချန် ဆိုတာ ငါကိုယ်တိုင်တောင် သွားမရှုပ်ရဲတဲ့သူကွ..."
"ငါတစ်ယောက်တည်း မဟုတ်ဘူး... နန်ကုန်းမိသားစု တစ်ခုလုံးတောင် သူ့ကို မရှုပ်ရဲတာကို မင်းက သူ့ကို ပြဿနာ သွားရှာချင်နေသေးတယ်ပေါ့..."
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ...ဝမ်မန်းမန်း... မင်း သေချင်ရင် သေလေ... ငါ့ကိုတော့ လာမဆွဲချနဲ့..."
ဝုန်း... ဝမ်မန်းမန်း ပြင်းထန်စွာ တုန်ရီသွားတော့၏။ သူမသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သွားပြီး မျက်နှာမှာ သေသူတစ်ယောက်ကဲ့သို့ ဖြူလျော်သွားပေသည်။ ယ
ဟွာရှစစ်ဘက်ဆိုင်ရာဌာန...
နည်းပြချုပ်ချန်...
နန်ကုန်းမိသားစုတောင် မရှုပ်ရဲဘူးလား…
ဆက်တိုက် ကြားလိုက်ရသော သတင်းစကားများက သူမအား ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။ သာမန် ရုပ်ရှင်နှင့် ရုပ်သံကုမ္ပဏီတစ်ခု၏ ပိုင်ရှင်က ဟွာရှအစိုးရနှင့် ပတ်သက်နေလိမ့်မည်ဟု သူမ အမှန်တကယ် ထင်မှတ်မထားခဲ့ချေ။
ထို့အပြင် နန်ကုန်းမိသားစုကပင် ထိုကဲ့သို့သော သူမျိုးကို ရန်သူအဖြစ် မသတ်မှတ်ရဲချေ။
‘ဘုရားရေ ငါ ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကို ရန်စမိသွားတာလဲ…’
သခင်လေး နန်ကုန်းရိ ၏ လက်များက ဆက်လက် လှုပ်ရှားနေဆဲဖြစ်သည်။ သူက သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် ပါးရိုက်နေခဲ့သည်။
အကယ်၍ ယနေ့တွင် ချန်ဖုန်းကို ရှင်းပြချက်တစ်ခု မပေးနိုင်ပါက သူ သေချာပေါက် ထွက်သွားနိုင်မည် မဟုတ်ချေ။
‘သောက်ကျိုးနည်း နင်က တကယ့် မိန်းမယုတ်ပဲ။ မင်း ငါ့ကို ထပ်ပြီး အနှောင့်အယှက် မပေးနိုင်အောင် မင်းမျက်နှာကို ရိုက်ချေပစ်မယ်’ ဟု သူ တွေးလိုက်၏။
သခင်လေး နန်ကုန်းရိ သည် တကယ်ပင် အားပြင်းပြင်းဖြင့် ရိုက်နှက်ခဲ့ရာ ဝမ်မန်းမန်း၏ မျက်နှာမှာ ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်သွားတော့သည်။
ဆယ်မိနစ်နီးပါးခန့် ကြာမြင့်သွားခဲ့၏။
နန်ကုန်းရိသည် ဝမ်မန်းမန်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး ချန်ဖုန်းအနီးသို့ ပြေးသွားခဲ့သည်။
ထို့နောက် သူက အရိုအသေပေးကာ နှိမ့်ချစွာဖြင့် ပြောဆိုလိုက်၏။
"မစ္စတာချန်... ဝမ်မန်းမန်းက ကျေးဇူးကန်းပြီး ခင်ဗျားကို ရန်စမိသွားတယ်... ခင်ဗျားကိုယ်စား သူ့ကို ကျွန်တော် ပညာပေးလိုက်ပါပြီ...စိတ်မပူပါနဲ့... အခုကစပြီး ဖျော်ဖြေရေးလောကမှာ သူမအတွက် နေရာလုံးဝ ရှိမှာ မဟုတ်တော့ပါဘူး..."
လုပ်ငန်းစဉ် တစ်ခုလုံးတွင် ချန်ဖုန်းက တစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။ သူ၏ နောက်တွင် ရပ်နေသော ဒါရိုက်တာ ဝူရှင်း မှာ လုံးလုံးလျားလျား တုန်လှုပ်သွားရပေသည်။ ‘ဒီရုပ်ရှင်ကုမ္ပဏီ သူဌေးက တကယ်ကို တစ်ခုခုပဲ သခင်လေး နန်ကုန်းရိ လို လူမျိုးကတောင် သူ့ကို အရိုအသေပေးပြီး နှိမ့်ချဆက်ဆံနေရတယ်’ ဟု သူ တွေးမိသည်။
ထို့အပြင်... သခင်လေး နန်ကုန်းရိ ၏ အမူအရာမှတစ်ဆင့် သူ သိရှိလိုက်ရသည်။ ချန်ဖုန်းအပေါ် သူ၏ ခံစားချက်များသည် သာမန် ကြောက်ရွံ့မှုထက် ကျော်လွန်နေကြောင်း ထင်ရှားပေသည်။ မည်သည့်အရာထက်မဆို ၎င်းမှာ ထိတ်လန့်ကြောက်ရွံ့မှုပင် ဖြစ်တော့၏။
ချန်ဖုန်းက သူ့ကို အရေးမစိုက်စွာဖြင့် တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"သခင်လေး နန်ကုန်းရိ... မင်းက အရင်ကထက် အများကြီး ပိုပြီး ဉာဏ်ကောင်းလာတာပဲ...ဒီကိစ္စကို ငါ လွှတ်ပေးထားလို့ ရတယ်..."
"ဒါပေမဲ့ ဝမ်မန်းမန်းက စာချုပ်ကို အရင် ဖောက်ဖျက်ခဲ့တယ်... ပြီးတော့ ရုပ်ရှင်ရဲ့ အမျိုးသား ဇာတ်ဆောင်ကိုလည်း မောင်းထုတ်ပစ်ခဲ့တယ်..."
"အခု ငါက အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တွေကို ပြောင်းချင်တယ်... ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကို ဘယ်သူက တာဝန်ယူမှာလဲ..."
"ကျွန်တော် တာဝန်ယူပါ့မယ်..." သခင်လေး နန်ကုန်းရိ သွားကြိတ်ကာ ပြောလိုက်၏။ "မစ္စတာချန်... ဆုံးရှုံးမှုတွေ အားလုံးအတွက် ဆယ်ဆ လျော်ကြေးပေးပါ့မယ်...ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်ပါတယ်..."
"မင်းကိုယ်မင်း သတိထားတာ ပိုကောင်းမယ်... နောက်တစ်ခါ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး..."
ထို့နောက် ချန်ဖုန်းသည် မြေပြင်ပေါ်တွင် မှောက်လျက် လဲကျနေသော ဝမ်မန်းမန်းကို တစ်ချက် ကြည့်ကာ ပြုံးလိုက်၏။ သူက တစ်ဝက်တစ်ပျက် ပြုံးရင်း စကားဆိုလိုက်သည်။
"မင်းကို ပြောဖို့ မေ့နေတာ... ဒီရုပ်ရှင်က ဟွာရှအစိုးရရဲ့ အပြည့်အဝ ထောက်ခံမှုကို ရထားတာ...အဲဒီအချိန်ရောက်ရင် ဒါကို ဟွာရှနိုင်ငံရဲ့ သင်္ကေတတစ်ခုအနေနဲ့ ပရိုမိုးရှင်း လုပ်သွားမှာ..."
"ရုံဝင်ငွေရော ရေပန်းစားမှုရောက ရုပ်ရှင်လောကရဲ့ မျက်နှာကြက်ကို ထိုးဖောက်သွားလိမ့်မယ်...မင်း အခွင့်အရေးတစ်ခုကို လက်လွတ်ခံလိုက်ရပြီ..."
"ဒီရုပ်ရှင်နဲ့ဆိုရင် မင်းက အလျင်အမြန်ကို ထိပ်တန်းအဆင့် မင်းသမီးတစ်ယောက် ဖြစ်လာနိုင်တာ...အခုတော့ မင်း အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ..."
"ဘာ..." ဝမ်မန်းမန်း လုံးလုံးလျားလျား ဆွံ့အသွားရပေသည်။
အာဏာပိုင်တွေရဲ့ အပြည့်အဝ ထောက်ခံမှု ရထားတဲ့ ရုပ်ရှင် ဟုတ်လား။ အကယ်၍ အာဏာပိုင်တွေသာ တကယ် ပါဝင်ပတ်သက်နေမယ်ဆိုရင်…
‘ရုံဝင်ငွေက အနည်းဆုံး ဘီလီယံ ၁၀ လောက်အထိ ရောက်နိုင်တယ်’ ဟု သူမ တွေးလိုက်၏။ ‘ငါ့ရဲ့ နာမည်ကြီးမှုကလည်း သေချာပေါက် မိုးပျံသွားမှာပဲ…’
ယခုအခါ သူမ နောင်တရသွားခဲ့ပြီ။
အမှန်တကယ်ပင် နောင်တရသွားခဲ့ပြီ။
ယခုအခါ အခွင့်အရေး ဆုံးရှုံးသွားရုံသာမက အရေးပါသော ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ရန်စမိသွားခဲ့ပြီ ဖြစ်သည်။ သူမ အကြိုက်ဆုံး မျက်နှာလေးပင်လျှင် ရိုက်ချေခံလိုက်ရပြီ မဟုတ်လော။
ဝမ်မန်းမန်းသည် ဤအရာကို လက်ခံရန် ပို၍ပို၍ ဆန္ဒမရှိသလို ခံစားလာရသည်။
သူမက ရွှီချင်းချန်အား ရုတ်တရက် အော်ဟစ်လိုက်၏။
"ဒါတွေ အားလုံးက ရှင့်အပြစ်တွေချည်းပဲ... ရွှီချင်းချန် ရှင် ဘာလို့ ကျွန်မကို ဒီလိုလုပ်ရတာလဲ..."
"ဒီရုပ်ရှင်မှာ အာဏာပိုင်တွေရဲ့ ထောက်ခံမှု ရှိတယ်ဆိုတာကို ရှင် ကောင်းကောင်းကြီး သိနေခဲ့တာပဲ... ပြီးတော့ ဒီရုပ်ရှင်က ကျွန်မကို သေချာပေါက် ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လာစေမယ်ဆိုတာကိုလည်း ရှင် သိနေခဲ့တာပဲ..."
"ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ... ဘာလို့
ဖုံးကွယ်ထားခဲ့တာလဲ...ရှင်သာစောစောက ပြောပြခဲ့ရင် ကျွန်မ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ နေပါ့မလဲ..."
"ဒီနေ့ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်လာပါ့မလဲ...ဒါတွေ အားလုံးက ရှင့်အပြစ်တွေပဲ... အားလုံး ရှင့်အပြစ်တွေချည်းပဲ..."
"သောက်ကျိုးနည်း... သူ့ကို ဆွဲထုတ်သွားကြစမ်း..." သခင်လေး နန်ကုန်းရိ ၏ မျက်နှာအမူအရာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ချန်ဖုန်း၏ ဒေါသကို သူ အနိုင်နိုင် ငြိမ်သက်သွားစေခဲ့ရပြီးမှတော့ ဤမိန်းမကို ထပ်၍ ပြဿနာရှာခွင့် မပေးနိုင်တော့ချေ။ ပြီးတော့ ကိုယ်တိုင် ပေးလိုက်ရတဲ့ ပိုက်ဆံတွေ ရှိသေးတယ်။
‘အလကားနေရင်း ဘယ်လိုလုပ် ပေးပစ်လို့ရမလဲ’ ဟု သူ တွေးလိုက်၏။ ‘ဝမ်မန်းမန်းဆီကနေ ပြန်တောင်းရမယ်…’
ကိုယ်ရံတော်နှစ်ဦးက ဝမ်မန်းမန်းအား ဆွဲထုတ်သွားခဲ့ကြပြီး အနီးနားတွင် ရပ်နေသော လက်ထောက် ဆယ်ဦးကျော်ခန့်မှာ အသံတစ်သံမျှ မထွက်ရဲကြချေ။ ပြက်လုံးထုတ်စရာ ကိစ္စရပ်သည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့လေပြီ။
သခင်လေး နန်ကုန်းရိ သည် လျော်ကြေးငွေ ယွမ် တစ်ဘီလီယံကို တစ်ထိုင်တည်း ပေးချေခဲ့ပြီးနောက် အရှက်တကွဲဖြင့် ထွက်ပြေးသွားတော့၏။
ဤမြင်ကွင်းကြောင့် ရိုက်ကူးရေးအဖွဲ့ တစ်ခုလုံး မှင်တက်သွားကြပေသည်။
အထူးသဖြင့် ရုပ်ရှင်သည် အာဏာပိုင်များ၏ ထောက်ခံမှု ရထားကြောင်း ကြားသိရပြီးနောက် ဒါရိုက်တာ ဝူရှင်း ပင်လျှင် အလွန်အမင်း စိတ်ဓာတ်ခွန်အားများ တက်ကြွလာခဲ့၏။
အမျိုးသား ဇာတ်ဆောင်ရဲ့ သရုပ်ဆောင်စွမ်းရည် ဆိုးရွားနေရင်ရော ဘာဖြစ်လဲ သူကိုယ်တိုင် တစ်ဆင့်ချင်း သင်ပေးလို့ ရတာပဲ။ ဤရုပ်ရှင်မှတစ်ဆင့် သူသည် ထိပ်တန်း ဒါရိုက်တာတစ်ဦး ဖြစ်လာမည်ဟု ကြိုတင် ဟောကိန်းထုတ်ထားပြီး ဖြစ်ပေသည်။ အာဏာပိုင်တွေရဲ့ ထောက်ခံမှု... ဟွာရှအစိုးရရဲ့ ခွင့်ပြုချက်... ဒီအချက်နှစ်ချက်ကတင် လုံလောက်နေပြီ။
လူတိုင်းသည် ရိုက်ကူးရေးအတွက် အလျင်အမြန် စတင်ပြင်ဆင်လိုက်ကြတော့သည်။ ရိုက်ကူးရေး တိုးတက်လာသည်နှင့်အမျှ ဒါရိုက်တာ ဝူရှင်း၏ မျက်လုံးများထဲရှိ တုန်လှုပ်အံ့အားသင့်မှုမှာ ပိုမို အားကောင်းလာခဲ့၏
ရွှီချင်းချန်၏ အကောင်းဆုံး သရုပ်ဆောင်မှုသည် သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သို့သော် ချန်ဖုန်းကလည်း အမျိုးသား ဇာတ်ဆောင်အဖြစ် ပါဝင်နိုင်ခဲ့သည်။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာလည်း ပြီးပြည့်စုံနေပြီး အချို့သော ဆုရ မင်းသားများ၏ စွမ်းရည်ကိုပင် သာလွန်နေသေးသည်။
မျက်နှာအမူအရာတိုင်း... လှုပ်ရှားမှုတိုင်း... အခြေအနေတိုင်း... ပြီးပြည့်စုံလုနီးပါးပင်။
အထူးသဖြင့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများတွင် ဖြစ်သည်။ သူသည် ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် အရာအားလုံးကို ချေမှုန်းပစ်သည့် စစ်သည်ဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ဖြစ်နေပေတော့၏။