အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂) သေချင်နေတာလား ငါကူညီပေးမယ်လေ
ဝမ်မန်းမန်း တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် ချန်ဖုန်းက တစ်ဝက်တစ်ပျက် ပြုံးရင်း စကားဆိုလိုက်၏။
"မင်း ထပ်ပြီး မသေချင်တော့ဘူး မဟုတ်လား မင်း ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးလား ငါက မင်းနဲ့ အိပ်ခဲ့တာ မဟုတ်ဘူးလား"
"မင်း သေချင်နေတာ မဟုတ်ဘူးလား… ဪ... ဟုတ်သားပဲ..."
"ဒီကိစ္စက အလိမ်အညာဆိုတာ အတည်ပြုပြီးသွားရင် စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်ကို မဟုတ်မမှန် စွပ်စွဲတာက ဘယ်လို ပြစ်မှုမျိုးလဲဆိုတာ မင်း သိလား"
"ဒါ့အပြင် မင်းရဲ့ လုပ်ရပ်တွေက 'Wolf Warrior 3' ရုပ်ရှင်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပြီ"
"ဒါကြောင့် ထောင်ဒဏ်ကျခံရမှာတင် မကဘူး မင်းက ငါ့ကို လျော်ကြေးငွေ အများကြီး ပေးရဦးမှာ"
"မင်းမှာ ပေးစရာ ပိုက်ဆံမရှိဘူးဆိုတာ ငါသိတယ်... ဒါကြောင့် မင်း သေလိုက်တာက ပိုကောင်းလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူ၏ လူရိပ်သည် ဝေဝါးသွားပြီး ဝမ်မန်းမန်းဆီသို့ လျှပ်စီးတပြက် ပြေးဝင်သွားတော့၏။
"အာ... အနားမလာနဲ့..."
ဝမ်မန်းမန်းမှာ အလွန်အမင်း ထိတ်လန့်သွားရပေသည်။
ချန်ဖုန်းက သူမအနီးသို့ ပို၍ပို၍ နီးကပ်လာချိန်တွင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
ထို့နောက် သူမက ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် သူမ၏ ခန္ဓာကိုယ်ကို လုံးဝ လှုပ်ရှား၍ မရနိုင်တော့ကြောင်း တွေ့ရှိလိုက်ရပေ၏။
"နည်းပြချန်..."
တံခါးဝတွင် ရပ်နေသော ဟွာအန်းဗျူရို အဖွဲ့ဝင်များမှာ လန့်ဖျပ်သွားကြတော့သည်။
ရွှီး...
ချန်ဖုန်းက သူ၏ လက်ဝါးကို လှန်ချလိုက်၏။ သူသည် တစ်ဖက်လူ၏ လက်ထဲမှ ဓားမြှောင်ကို မျက်စိတစ်မှိတ်အတွင်း လုယူလိုက်ပြီး တစ်ဖက်လူ၏ လည်ပင်းကို ဖွဖွလေး လှီးဖြတ်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန်အမင်း မြန်ဆန်လွန်းလှပေသည်။
ဝမ်မန်းမန်း ဘာဖြစ်သွားမှန်း သိလိုက်ချိန်တွင် သူမ၏ လည်ပင်းမှ သွေးများ ပန်းထွက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ သူမ အလွန်အမင်း ကြောက်လန့်သွားသဖြင့် ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်သွားတော့သည်။
"ငါ... ငါ သေတော့မှာလား..."
ထိုအခိုက်အတန့်လေးတွင် သူမသည် သေမင်း၏ တည်ရှိမှုကို ခံစားလိုက်ရပေ၏။ အဆုံးမဲ့ ကြောက်ရွံ့မှုများက သူမ၏ နှလုံးသားထဲတွင် ပြန့်နှံ့သွားတော့သည်။
သူမ၏ မျက်နှာမှာ သေသူတစ်ယောက်ကဲ့သို့ ဖြူလျော်သွားပေ၏။
ဟွာအန်းဗျူရို လူများရှေ့မှာပင် ချန်ဖုန်းက သူမအား တကယ် သတ်ရဲလိမ့်မည်ဟု ဝမ်မန်းမန်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤအချိန်လေးတွင် သူမ ကြောက်ရွံ့သွားခဲ့ပြီ။ သူမက လည်ပင်းကို လက်ဖြင့် အလျင်အမြန် အုပ်ကိုင်လိုက်ပြီး ငိုကြွေးလိုက်တော့၏။
"ဒီမှာရှင့် လူသတ်နေတယ်... သူ ကျွန်မကို သတ်တော့မယ်... ရှင်တို့က ဟွာအန်းဗျူရိုက လူတွေ မဟုတ်ဘူးလား... ဝါး... ကျွန်မ ဒီလိုသေသွားတာကို ရှင်တို့ ဒီအတိုင်း ကြည့်နေတော့မလို့လား..."
"၁၂၀ ကို မြန်မြန်ခေါ်ပေး... ကျွန်မကို ကယ်ပေးကြပါဦး..."
ဝမ်မန်းမန်းသည် တကယ်ပင် စိတ်ဖောက်ပြန်လုနီးပါး ဖြစ်နေချေပြီ။ သူမ ပို၍ စိတ်လှုပ်ရှားလေလေ လည်ပင်းမှ သွေးထွက်နှုန်း ပိုမြန်လေလေ ဖြစ်နေကြောင်းကိုပင် သူမ သတိပြုမိသွား၏။
"ချန်... နည်းပြချန်..."
ဟွာအန်းဗျူရို အဖွဲ့ဝင်တစ်ဦးက တစ်စုံတစ်ရာ ပြောချင်သော်လည်း တုံ့ဆိုင်းနေခဲ့သည်။ အကယ်၍ ချန်ဖုန်းက ဝမ်မန်းမန်းအား တိတ်တဆိတ် သတ်ဖြတ်ခဲ့မည်ဆိုလျှင်ပင် သူတို့ ဘာမှပြောမည် မဟုတ်ချေ။
သို့သော် ယခုမူ လူအများရှေ့တွင် ဖြစ်နေ၏။ ဝမ်မန်းမန်း၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့် သတင်းသာ လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပါက ဟွာအန်းဗျူရို၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားရပေမည်။
"စိတ်မပူပါနဲ့ ဘာပြဿနာပဲဖြစ်ဖြစ် ငါ တာဝန်ယူတယ်..."
ချန်ဖုန်းက လက်ဝှေ့ယမ်းလိုက်၏။ သူက ဝမ်မန်းမန်းအနီးသို့ ထပ်မံ လျှောက်သွားကာ ဓားမြှောင်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး စကားဆိုလိုက်သည်။
"မန်းမန်း မကြောက်ပါနဲ့ မင်း အခုချက်ချင်း မသေသေးပါဘူး သွေးတိတ်သွားဖို့က တစ်နာရီလောက်တော့ ကြာလိမ့်မယ်"
"ဒါပေမယ့် ဒီတစ်နာရီအတွင်းမှာ မင်း အများကြီး နာကျင်ခံစားရလိမ့်မယ် ဒါကြောင့်... မင်းဘာသာမင်း နောက်တစ်ခေါက် ထပ်ပြီး လှီးချလိုက်ဖို့ အကြံပေးချင်တယ်..."
ထို့နောက် ဝမ်မန်းမန်းအား မည်သို့ လုပ်ဆောင်ရမည်ကို အဆင့်ဆင့် သင်ကြားပေးရင်း ပြောလိုက်၏။
"ဟုတ်တယ်... ဒီဒဏ်ရာအတိုင်းပဲ နက်နက်လေး လှီးချလိုက်..."
"မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာ မဟုတ်လား... မင်းရဲ့ ဆန္ဒတွေ မကြာခင် ပြည့်ဝတော့မှာပါ..."
အေးစက်သော ဓားမြှောင်သည် သူမ၏ လည်ပင်း၌ ထပ်မံ ဖိကပ်လာချိန်တွင် ဝမ်မန်းမန်း၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားတော့၏။ သူမသည် ငရဲတံခါးဝသို့ လျှောက်လှမ်းသွားရသကဲ့သို့ ခံစားလိုက်ရပေသည်။
ထိတ်လန့်ကြောက်ရွံ့မှုများ... ကူကယ်ရာမဲ့မှုများ... မျှော်လင့်ချက် ကင်းမဲ့မှုများ...
ယခင်က သေခြင်းတရားဆိုသည်မှာ သွားကြိတ်ပြီး ခြေဆောင့်လိုက်ရုံဖြင့် ဖြေရှင်းနိုင်သောအရာဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုမူ သူမ ထိုအရာကို ထပ်ပြီး မကြုံတွေ့ချင်တော့ချေ။ သတ်သေချင်စိတ်တွေ သူမဆီမှာ ဘယ်လိုလုပ် ရှိနေနိုင်တော့မည်နည်း။
"မဟုတ်ဘူး မဟုတ်ဘူး..."
"ကျွန်မ သတ်မသေတော့ဘူး... ကျွန်မ မသေချင်ဘူး..."
သူမသည် အင်အားအကုန်သုံး၍ ချန်ဖုန်းအား တွန်းဖယ်လိုက်ပြီး တံခါးဆီသို့ အလျင်အမြန် ပြေးထွက်သွားကာ ငိုကြွေးလိုက်တော့၏။
"ကယ်ကြပါဦး... ကယ်ကြပါဦး..."
"ကျွန်မ တကယ် မသေချင်သေးဘူး..."
"ကျွန်မ ကိုယ်ဝန်မရှိပါဘူး... ချန်ဖုန်းကို ကျွန်မ အကွက်ဆင်ခဲ့တာပါ..."
"သူက ကျွန်မနဲ့ ဘာမှမပတ်သက်ပါဘူး... ပြီးတော့ ကျွန်မ အခု မသေချင်သေးဘူး..."
ယခုအခါ သူမသည် ချန်ဖုန်းနှင့် ထပ်မံ ပတ်သက်ရမည့်အစား ဟွာအန်းဗျူရို၏ ဖမ်းဆီးထောင်ချခံရခြင်းကိုသာ ပို၍ ရွေးချယ်လိုပေသည်။ ထိုလူက တကယ့် အရူးတစ်ယောက်ပင်။
ယခင်ကဆိုလျှင် နန်ကုန်းမိသားစုမှ လူများကို မရန်စသင့်ဟု သူမ ထင်မှတ်ထားခဲ့၏။ သို့သော် ယခုမူ ချန်ဖုန်း၏ လုပ်ရပ်များက သူမအား ပို၍ သတိထားသွားစေခဲ့လေပြီ။
အနည်းဆုံးတော့ နန်ကုန်းမိသားစုသည် ဟွာရှစိုးရ၏ မျက်ကွယ်တွင်မှသာ သူတို့၏ အတားအဆီးများကို ဖယ်ရှားနိုင်ခဲ့သည်။
သို့သော် ချန်ဖုန်းကမူ ဟွာအန်းဗျူရို ရှေ့မှာပင် လူသတ်ရဲပေ၏။
သခင်လေး နန်ကုန်းရိက ဘာကြောင့် ချန်ဖုန်းကို ဤမျှလောက် ကြောက်ရွံ့နေခဲ့ရသနည်းဆိုသည်ကို ယခုမှသာ သူမ အပြည့်အဝ နားလည်သွားတော့သည်။
"နည်းပြချန်..."
ဟွာအန်းဗျူရို ဝန်ထမ်းများက ဝမ်မန်းမန်းအား ဖမ်းဆီးထိန်းချုပ်လိုက်ကြသည်။ သို့သော် ချန်ဖုန်း၏ ခွင့်ပြုချက်မရဘဲ သူတို့ ဘာလုပ်ရမည်ကို မသိခဲ့ကြချေ။
"ဥပဒေအတိုင်းပဲ လုပ်ပါ..."
ချန်ဖုန်းက လက်ဝှေ့ယမ်းလိုက်၏။ ဟွာအန်းဗျူရို ညွှန်ကြားရေးမှူး ယန်ရီရှိုသည် ဤကိစ္စကို သေချာပေါက် ကောင်းစွာ ဖြေရှင်းပေးလိမ့်မည်ဟု သူ ယုံကြည်ပေသည်။ ထောင်ဒဏ်ပဲဖြစ်ဖြစ် လျော်ကြေးပဲဖြစ်ဖြစ် ဝမ်မန်းမန်းအတွက်တော့ သေချာပေါက် နာကျင်ရမည့် အတွေ့အကြုံတစ်ခု ဖြစ်လာလိမ့်မည်။
ကျန်းထျန်ရှန်းလည်း သက်ပြင်းချလိုက်မိ၏။ အစပိုင်းတွင် ဤကိစ္စကို ဖြေရှင်းရန် ခက်ခဲမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ဤမျှ လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
မကြာမီ သူက တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
ဝမ်မန်းမန်းက အရာအားလုံးကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ကွန်ရက်အသုံးပြုသူများ သိရှိသွားကြချိန်တွင် လူတိုင်း၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားကြတော့၏။ ယခင်က ချန်ဖုန်းအား ပြောဆိုခဲ့သည်များကို သူတို့ အချိန်ကြာမြင့်စွာ မေ့လျော့သွားခဲ့ပုံ ရပေသည်။
"ငါ သိသားပဲ... မစ္စတာချန်က သေချာပေါက် အကွက်ဆင်ခံရတာပဲ..."
"ဟုတ်တယ်... အဲဒီပို့စ်ကို ဝမ်မန်းမန်း တင်ခဲ့မှန်းသာ ငါ စောစောကတည်းက သိရင် သူမကို သေချာပေါက် ယုံမှာမဟုတ်ဘူး..."
"ဘာလို့လဲ..."
"ဝမ်မန်းမန်းက ဒုတိယတန်းစား မင်းသမီးတစ်ယောက် ဆိုပေမဲ့ သူ့အကျင့်စရိုက်က အရမ်းဆိုးရွားတယ်... သူ့ရဲ့ ဒီနေ့ နာမည်ကြီးမှုကို ဘယ်လိုရလာတယ် ထင်လဲ...အားလုံးက အိပ်ပြီးတော့ ရလာကြတာချည်းပဲလေ...သူမလို လူမျိုးဆီကနေ အမှန်တရား ထွက်လာနိုင်ပါ့မလား..."
"ဟုတ်တယ်... သူက ဒါရိုက်တာတစ်ယောက်ဆီကနေ ခေါင်းဆောင်မင်းသမီးနေရာ ရဖို့ ဒီနည်းလမ်းကိုပဲ သုံးခဲ့တယ်လို့ အရင်က ငါ ကြားဖူးတယ်..."
"ဟွာအန်းဗျူရိုက မြန်မြန်ဆန်ဆန် အရေးယူပြီး မစ္စတာချန်ရဲ့ နာမည်ကို ရှင်းလင်းပေးလိုက်လို့ တော်သေးတာပေါ့..."
"ငါ ဆုံးဖြတ်ပြီးသွားပြီ... မစ္စတာချန်ရဲ့ ရုပ်ရှင် ရုံတင်တာနဲ့ သုံးခေါက်လောက် သွားကြည့်မယ်..."
"ဟုတ်တယ် ဟုတ်တယ်... ငါတို့ Wolf Warrior 3 ကို အားပေးရမယ်..."
"Wolf Warrior 3 ကို အားပေးကြ..."
...
ချန်ဖုန်းက ပြုံးကာ Weibo ကို ပိတ်လိုက်၏။ ယနေ့ခေတ် ကွန်ရက်အသုံးပြုသူများတွင် သုံးမိနစ်စာ မှတ်ဉာဏ်သာ အမှန်တကယ် ရှိပေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူတို့က သူ့ကို ဝေဖန်နေရာမှ သူ့ဘက်မှ ရပ်တည်ပြောဆိုလာကြပြန်သည်။
မူလက ဤကိစ္စသည် အသိုင်းအဝိုင်းငယ်လေး တစ်ခုအတွင်း၌သာ ပျံ့နှံ့နေခဲ့သော်လည်း ကွန်ရက်အသုံးပြုသူများ၏ မျှဝေမှုကြောင့် လူအများအပြား သိရှိသွားကြလေပြီ။ တစ်ကြိမ်တွင် ရေပန်းစားမှု ထိပ်တန်းဆယ်ခုစာရင်းထဲသို့ပင် ဝင်ရောက်သွားခဲ့သေး၏။
လူတိုင်းက ချန်ဖုန်းနှင့် Wolf Warrior 3 ရုပ်ရှင်ကို အားပေးထောက်ခံနေကြသည်။ ကုမ္ပဏီအနေဖြင့် ရုပ်ရှင်အတွက် ကျယ်ကျယ်ပြန့်ပြန့် ပရိုမိုးရှင်း လုပ်ရန်ပင် မလိုအပ်တော့ချေ။
တစ်ချိန်တည်းမှာပင်။ တည်းဖြတ်ရေး ဌာနကလည်း ရုပ်ရှင် ပြီးစီးရန် အချိန်ပိုဆင်း၍ အလုပ်လုပ်နေကြသည်။
နောက်ဆုံးတွင် သုံးရက်အကြာ၌ ရုပ်ရှင်အပြီးသတ် ထွက်ပေါ်လာခဲ့လေပြီ။
ဒါရိုက်တာ ဝူရှင်း သည် အချောသတ်ထားသော ရုပ်ရှင်ကို ကြည့်ရှုလိုက်ရချိန်တွင် အမြင်အာရုံပိုင်းဆိုင်ရာ အရည်အသွေးများကြောင့် မှင်တက်သွားရပေ၏။ ပုံရိပ်များက အလွန် သက်ဝင်လှုပ်ရှားနေသည်။ သူကိုယ်တိုင် ကိုယ်တွေ့ ကြုံတွေ့နေရသကဲ့သို့ပင် ခံစားလိုက်ရ၏။
အထူးသဖြင့် စစ်ပွဲနှင့် မီးခိုးလုံးများ ပြည့်နှက်နေသော ဇာတ်ဝင်ခန်းများသည် ကြည့်ရှုရန် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
မွန်းတည့်ချိန်တွင် ရုပ်ရှင်ကို ချက်ချင်း ရုံတင်လိုက်တော့၏။
ရုပ်ရှင်ရုံတင်မည့်ရက်ကို ထိုနေ့တွင်မှ ကြေညာခဲ့သော်လည်း ပရိသတ် တက်ရောက်မှုကို လုံးဝ မထိခိုက်စေခဲ့ချေ။ အဓိက ရုပ်ရှင်ရုံကြီးများသည် ပြသချိန်များကို ချက်ချင်း စီစဉ်ပေးခဲ့ကြသည်။
တစ်နာရီပင် မပြည့်သေးမီ ထိုင်ခုံများအားလုံး ရောင်းထွက်သွားခဲ့ပြီး တစ်ပတ်စာနီးပါး ကြိုတင်ရောင်းချထားသော လက်မှတ်များပင် လုံးလုံးလျားလျား ရောင်းကုန်သွားခဲ့ပေသည်။
ရုံအတွင်း၌ လူများဖြင့် ပြည့်နှက်နေတော့၏။
ထိုမျှသာမက ရုပ်ရှင်သည် အပြုသဘောဆောင်သော သုံးသပ်ချက်များကို ဆက်တိုက် ရရှိနေခဲ့သည်။ ယေဘုယျ ခံစားမှုပဲဖြစ်ဖြစ်... အမြင်အာရုံ ဖန်တီးမှုပဲဖြစ်ဖြစ်... သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ပဲဖြစ်ဖြစ်... အားလုံးက ပြီးပြည့်စုံလုနီးပါးပင်။
ပထမရက်မှာတင် ရုံဝင်ငွေက သန်း ၅၀၀ အထိ ရောက်ရှိသွားခဲ့သည်။ ဤအရှိန်အဟုန်အတိုင်း ဆက်သွားပါက ဒုတိယရက်တွင် ရုံဝင်ငွေ အနည်းဆုံး ဘီလီယံတစ်ထောင်ခန့် အထိ ရောက်ရှိသွားမည်မှာ သေချာလှပေ၏။
ရေပန်းစားမှုက ဆက်လက် ကြီးထွားလာနေတော့သည်။
---