အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း (၃၃၃) ပေါက်ကွဲထွက်မတတ် ရေပန်းစားလာခြင်း
တစ်ချိန်တည်းမှာပင်။ New Wave ကုမ္ပဏီ ၏ ရုံးချုပ်၌။
လူတိုင်းက အချိန်ပိုဆင်း၍ အလုပ်လုပ်နေကြသည်။ နည်းပညာဌာန မန်နေဂျာ ဝမ်ထောင် သည် သူ၏ရှေ့ရှိ ကွန်ပျူတာ မျက်နှာပြင်ကို စူးစိုက်ကြည့်နေပြီး အဓိက နည်းပညာဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ဒေတာများကို ပြုပြင်ရန် အရေးပေါ် လုပ်ဆောင်နေကြ၏။
အဘယ်ကြောင့်ဆိုသော် Wolf Warrior 3 ရုပ်ရှင်၏ ရေပန်းစားမှုကြောင့် ဆာဗာမှာ အကြိမ်ကြိမ် ပြတ်တောက်သွားခဲ့ရသောကြောင့် ဖြစ်ပေသည်။
အကယ်၍ နည်းပညာဌာနမှ ဝန်ထမ်း ဒါဇင်ပေါင်းများစွာကသာ ချက်ချင်း မပြုပြင်ခဲ့ပါက ကုမ္ပဏီတစ်ခုလုံး ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရနိုင်ချေ ရှိပေ၏။
ယခုအချိန်၌ ထိပ်တန်း ရေပန်းစားသော သတင်းအကြောင်းအရာ ၅၀ အနက် အနည်းဆုံး ၃၀ သည် Wolf Warrior 3 ရုပ်ရှင်နှင့် သက်ဆိုင်နေပေသည်။ ရုပ်ရှင်အကြောင်း ဆွေးနွေးခြင်း မဟုတ်လျှင်တောင်မှ အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်များနှင့် ပတ်သက်နေဆဲပင် ဖြစ်၏။
ထိုအချိန်၌။ ဥက္ကဋ္ဌဖြစ်သူက စိုးရိမ်တကြီးဖြင့် လျှောက်လာကာ မေးလိုက်သည်။
"မန်နေဂျာဝမ်... အခြေအနေ ဘယ်လိုနေလဲ..."
"စိတ်မပူပါနဲ့ ဥက္ကဋ္ဌကြီး ပြင်ပြီးသွားပါပြီ..."
ဝမ်ထောင်က သူ၏ နဖူးမှ ချွေးများကို သုတ်ကာ ပြန်ဖြေလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ပြဿနာကို အချိန်မီ ဖြေရှင်းနိုင်ခဲ့သည်။ မဟုတ်ပါက ဥက္ကဋ္ဌကြီးအား သူ ရှင်းပြနိုင်မည် မဟုတ်ချေ။
"အရမ်းကောင်းတယ်..."
ဥက္ကဋ္ဌကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မန်နေဂျာဝမ်၏ လုပ်ငန်းစွမ်းရည်မှာ အတော်လေး စိတ်ချရပေ၏။
"နောက်ရက်အနည်းငယ်အတွင်း Weibo က ၂၄ နာရီလုံး ပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကြိုးကြိုးစားစား လုပ်ပေးကြပါ..."
"Wolf Warrior 3 ရုပ်ရှင်က ဟွာရှအစိုးရက တရားဝင် ထုတ်လုပ်ခဲ့တာပါ..."
"မနက်ဖြန်မှာ အဲဒါကို ကမ္ဘာတစ်ဝန်းမှာ ဖြန့်ချိသွားမှာဖြစ်လို့ ရေပန်းစားမှုက ပိုမို ကြီးမားလာဦးမှာပဲ..."
"မန်နေဂျာဝမ်... ဒီလိုမျိုး ထပ်ဖြစ်တာကို ငါ မမြင်ချင်တော့ဘူး..."
"ဥက္ကဋ္ဌကြီး စိတ်ချပါ... ဆာဗာကို ၂၄ နာရီလုံး စောင့်ကြည့်ဖို့ နည်းပညာရှင် သုံးဖွဲ့ကို ကျွန်တော် စီစဉ်ထားပြီးပါပြီ...ဒီလိုမျိုး လုံးဝ ထပ်မဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်..."
"အင်း..."
ဥက္ကဋ္ဌကြီး၏ မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွား၏။
"အချိန်ပိုကြေးတွေကို ပုံမှန်အတိုင်း ရှင်းပေးပါ့မယ်... ဒီကိစ္စကို မင်းကိုပဲ လွှဲထားလိုက်တော့မယ်... ငါ Wolf Warrior 3 ရုပ်ရှင် သွားကြည့်လိုက်ဦးမယ်..."
...
"နင်တို့တွေ Wolf Warrior 3 ကို ကြည့်ပြီးကြပြီလား... အရမ်း စိတ်လှုပ်ရှားဖို့ကောင်းပြီး ပေါက်ကွဲထွက်မတတ် ကောင်းတဲ့ ရုပ်ရှင်လို့ ကြားတယ်..."
"အွန်လိုင်းပေါ်မှာ ဆွေးနွေးနေကြတာ အရမ်းကို ပူညံပူညံဖြစ်နေတာပဲ ငါ သွားကြည့်မှဖြစ်မယ်..."
"ရုပ်ရှင် စပြီး ပရိုမိုးရှင်းလုပ်တုန်းက ပိုစတာတွေကို ကြည့်လိုက်တော့ ဒုတိယတန်းစား မင်းသမီး ရွှီချင်းချန် တစ်ယောက်ပဲ ပါတာတွေ့တယ်... ကျန်တဲ့သူတွေကို ငါ မသိဘူး..."
"အစကတော့ သိပ်မကောင်းလောက်ဘူးလို့ ထင်ထားတာ... ဒီနေ့ သွားကြည့်ပြီးတော့မှ...ဒါက တကယ်ကို အံ့မခန်းပဲ..."
"ဇာတ်ဝင်ခန်းတွေက ခမ်းနားကြီးကျယ်ပြီး အမျိုးသား ဇာတ်ဆောင်ကလည်း မယုံနိုင်လောက်အောင် ချောမောလွန်းတယ်..."
"ဟုတ်တယ်... ဒီရုပ်ရှင်က အနည်းဆုံး ဘီလီယံ ၁၀ လောက် ရုံဝင်ငွေ ရလိမ့်မယ်လို့ ကြားတယ်..."
"ပြီးတော့ အဲဒီ မင်းသမီး ရွှီချင်းချန် က ဒီရုပ်ရှင်နဲ့ဆိုရင် ထိပ်တန်းအဆင့် မင်းသမီးတစ်ယောက်အဖြစ် သေချာပေါက် ခုန်တက်သွားတော့မှာပဲ..."
"ငါက အမျိုးသား ဇာတ်ဆောင် ချန်ဖုန်း ကို ပိုပြီး စိတ်ဝင်စားတယ်... ဖျော်ဖြေရေးလောကမှာ အဲဒီလို မင်းသားမျိုး ရှိမှန်း ငါ အရင်က မကြားဖူးခဲ့ဘူး..."
"သူက မယုံနိုင်လောက်အောင် ချောမောရုံတင်မကဘူး ပြီးပြည့်စုံလုနီးပါး သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမျှ မထင်မှတ်ထားခဲ့ဘူး..."
"ဒါပေါ့... ရုပ်ရှင်ရိုက်ကွင်းမှာ ငါ့အစ်ကို တစ်ယောက်ရှိတယ်..."
"ချန်ဖုန်းက ဇာတ်ဝင်ခန်း အားလုံးနီးပါးကို တစ်ချက်တည်းနဲ့ အိုကေအောင် ရိုက်နိုင်တယ်လို့ ငါ့အစ်ကိုက ပြောပြတယ်...ဒုတိယတစ်ခါ ပြန်ရိုက်ဖို့ လုံးဝ မလိုအပ်ခဲ့ဘူးတဲ့..."
"ဝါး အရမ်းမိုက်တာပဲ... ချန်ဖုန်းမှာ ရည်းစား ရှိနေပြီလား မသိဘူး... ငါသာ သူ့ရည်းစား ဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲ..."
"တော်ပါတော့... သူက ရုပ်ရှင်ကုမ္ပဏီတစ်ခုရဲ့ သူဌေးဖြစ်ပြီး ဒီရုပ်ရှင်က သူ့ကုမ္ပဏီက ထုတ်လုပ်တာလို့ ကြားတယ်..."
"သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အော်စကာဆုရလောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ဆိုရင် သူက မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ..."
လူတစ်စုက အချင်းချင်း ဆွေးနွေးပြောဆိုနေကြလေသည်။ လုပ်ငန်းစဉ် တစ်ခုလုံးတွင် အမျိုးသား ဇာတ်ဆောင် ချန်ဖုန်း အကြောင်း အများဆုံး ဆွေးနွေးမှုများမှာ အမျိုးသမီးများကြားတွင် အဓိက ဖြစ်ပေါ်နေခြင်း ဖြစ်၏။
အချို့သော လူများက ချန်ဖုန်း၏ အချက်အလက်များကို စုံစမ်းရန် သူတို့၏ အဆက်အသွယ်များကိုပင် အသုံးပြုခဲ့ကြပေသည်။
မစုံစမ်းကြည့်ရင် မသိနိုင်ဘူးလေ…
ထို့နောက် စုံစမ်းသိရှိရမှုက အလွန်အမင်း တုန်လှုပ်စရာကောင်းလွန်းလှသဖြင့် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်အောင် ဖြစ်သွားကြတော့၏။
သူတို့၏ စုံစမ်းမှုများအရ လွန်ခဲ့သော ရှစ်လခန့်က ချန်ဖုန်းသည် သာမန် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်မျှသာ ဖြစ်သည်။ ၎င်းအတွက် တစ်နှစ်ပင် အချိန်မယူခဲ့ရချေ။
ဒါ့အပြင် ဈေးကွက်တန်ဖိုး ဘီလီယံရာချီရှိသော ထျန်ဖုန်းလုပ်ငန်းစု ကိုလည်း သူ တည်ထောင်နိုင်ခဲ့သည်။ ဤကုမ္ပဏီသည် အကန့်အသတ်မရှိသော အလားအလာများ ရှိသည်ဟု ဆိုကြပေ၏။
နောက်နှစ်တွင် ၎င်း၏ ဈေးကွက်တန်ဖိုးသည် ဘီလီယံချီ၍ သို့မဟုတ် ထိုထက်ပို၍ပင် ရောက်ရှိသွားနိုင်ပြီး ကျိုတိုတွင်ပင် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။
ထို့အပြင်။ ထျန်ဖုန်းလုပ်ငန်းစုသည် လက်ရှိတွင် ရောင်းအားကောင်းနေသော ဆေးဝါးကုမ္ပဏီတစ်ခုကိုလည်း ပိုင်ဆိုင်ထားပုံရသည်။ ၎င်းသည်လည်း ဈေးကွက်တန်ဖိုး ဘီလီယံရာချီ ရှိနေပေ၏။
ထိုရှစ်လတာ ကာလအတွင်း ချန်ဖုန်းသည် စက်မှုလုပ်ငန်းများစွာတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ…
စက်မှုလုပ်ငန်းတိုင်းနီးပါးသည် အမြတ်ငွေ ရာချီ ထောင်ချီ၍ ရရှိနေခြင်းပင်။
အဲဒါက ထိတ်လန့်စရာပင်…
အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူတွေတောင် ကျရှုံးနိုင်သေးတာပဲ... သို့သော် ချန်ဖုန်းက တစ်ကြိမ်တစ်ခါမျှ မကျရှုံးခဲ့ဖူးချေ။
အမုန်းဆုံးအချက်ကတော့... သူက အသက်နှစ်ဆယ့်သုံးနှစ် ဝန်းကျင်လောက်ပဲ ရှိသေးတာပဲ ဒီလောက် ငယ်ရွယ်တဲ့ ဘီလီယံနာ တစ်ယောက်ကို ဘယ်သူက မနာလို မဖြစ်ဘဲ နေနိုင်ပါ့မလဲ…
သေချာသည်မှာ။ အွန်လိုင်းတွင် ချန်ဖုန်း၏ အချက်အလက် အနည်းငယ်မျှသာ ရရှိနိုင်ပြီး သာမန်လူများအတွက်မူ လက်လှမ်းမမီနိုင်ချေ။ အဇူရာနန်းတော် သခင် ကဲ့သို့သော နောက်ခံများကို ရှာဖွေတွေ့ရှိရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။
...
ယခုအချိန်၌။ ရုပ်ရှင်ရုံတစ်ခုအတွင်း။
ရွှီချင်းချန်သည် ကုမ္ပဏီကိစ္စများဖြင့် အလုပ်များလွန်းနေသဖြင့် ရုပ်ရှင်ရုံတွင် သူမ၏ ကိုယ်ပိုင် ဖန်တီးမှုကို သွားရောက် ခံစားနိုင်ခြင်း မရှိခဲ့ချေ။
ရုပ်ရှင်ရုံတင်ပြီဖြစ်ကြောင်း သိရှိပြီးနောက် ရှန်ယန်းယန်းက ချန်ဖုန်းအား ရုပ်ရှင်ရုံသို့ သွားကြည့်ရန် အတင်းဆွဲခေါ်သွားခဲ့သည်။ သူမနှင့် ယွင်ထင်တို့သည် ချန်ဖုန်း၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြ၏။
ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို ကြည့်ရှုရင်း…
ရှန်ယန်းယန်းက ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် စကားဆိုလိုက်သည်။
"ချန်ဖုန်း... နယ်စပ်စစ်မြေပြင်မှာ ရှိနေတုန်းက နင် ကြုံခဲ့ရတဲ့ အခြေအနေတွေက ဒီလိုမျိုးလား..."
ယခင်က သူမတို့သည် အဇူရာနန်းတော်မှ ထိုက်ရှန်း ပြန်ပြောပြသော စစ်မြေပြင်အကြောင်းကိုသာ ကြားဖူးခဲ့ကြသည်။ မည်မျှပင် အပြောအဟော ကောင်းပါစေ ယခု ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များ၏ အကျိုးသက်ရောက်မှုကိုမူ ယှဉ်နိုင်မည် မဟုတ်ချေ။
မြေပြင်ပေါ်တွင် ကျည်ဆန်များ မိုးရွာချနေပြီး တင့်ကားများက ဗုံးကြဲတိုက်ခိုက်နေကြသည်။ တိုက်လေယာဉ်များကလည်း ကောင်းကင်ထက်တွင် ဟိန်းဟောက်နေကြဆဲပင်။
စစ်မြေပြင်တွင် ခဏတာ ပေါ့ဆမှုလေးကပင် အသက်ကို ဆုံးရှုံးသွားစေနိုင်ပေ၏။
ရုပ်ရှင်ရုံအတွင်းရှိ လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။
ဤရုပ်ရှင်သည် စစ်မြေပြင်၏ အနှစ်သာရကို အကောင်းဆုံး ဖမ်းယူနိုင်ခဲ့ပြီး သာမန်လူများအား ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို အမှန်တကယ် ခံစားသိရှိနိုင်စေခဲ့သည်။
မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများဖြင့် နီရဲနေပေ၏။ ၎င်းက လူတိုင်း၏ နှလုံးသားကို နက်ရှိုင်းစွာ ထိရှသွားစေခဲ့သည်။
နောက်ဆုံးတွင် သူတို့ သိရှိသွားကြလေပြီ။ ယနေ့ ဟွာရှနိုင်ငံ ခံစားနေရသော ငြိမ်းချမ်းသည့် နေ့ရက်များသည် ရှေ့တန်းမှ စစ်သည်များ၏ အသက်များဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ကြောင်းကိုပင်။
ယွင်ထင် လည်း စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။
"နင် စစ်မြေပြင်ကို ထပ်သွားစရာ မလိုတော့ဘူး မဟုတ်လား..."
"စိတ်မပူပါနဲ့ လူဆိုးတွေက အသက်ရှည်တယ် ဆိုတဲ့စကား ရှိတယ်လေ... တခြားသူတွေ သေရင်တောင် ငါက သေမှာမဟုတ်ပါဘူး..."
ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြန်ဖြေလိုက်၏။
အမှန်တကယ်တော့ စစ်သားအများစုမှာ သာမန်လူများသာ ဖြစ်သောကြောင့် စစ်မြေပြင်တွင် သူ စိုးရိမ်စရာ ဘာမှမရှိခဲ့ချေ။ ၎င်းတို့က သူ့အတွက် ခြိမ်းခြောက်မှု အနည်းငယ်မျှသာ ဖြစ်ပေသည်။
သူ အမှန်တကယ် စိုးရိမ်ရသည်မှာ ထိပ်တန်းအဆင့် စွမ်းအားရှင်များကိုပင် ဖြစ်တော့၏။
ရုပ်ရှင်တစ်ခုလုံးသည် နှစ်နာရီကျော် ကြာမြင့်သည်။ သူတို့ ရုပ်ရှင်ကြည့်ပြီး၍ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ဘေးဘက်မှ အသက်ရှူသံပြင်းပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဘုရားရေ... သူက ရုပ်ရှင်ထဲက အမျိုးသား ဇာတ်ဆောင် ချန်ဖုန်း မဟုတ်လား... အရမ်းချောတာပဲ..."
သူတို့ ရုပ်ရှင်ကြည့်နေစဉ်က ရုပ်ရှင်ရုံအတွင်းရှိ မီးများအားလုံး ပိတ်ထားခဲ့သည်။ ယခု မီးများ ပြန်လည်ပွင့်လာချိန်တွင် ချန်ဖုန်း၏ ရုပ်သွင်မှာ လူတိုင်း၏ မျက်စိရှေ့သို့ ချက်ချင်း ရောက်ရှိသွားတော့၏။
"သောက်ကျိုးနည်း တကယ်ကြီး ချန်ဖုန်းပဲ..."
"ညီမလေးတို့... ချန်ဖုန်း ဒီကို ရောက်နေတယ်... နင်တို့ရဲ့ အိုင်ဒေါ ဒီမှာ..."
"မြန်မြန် သူ့ကို ဖမ်းထားကြ..."
"ချန်ဖုန်း... ကျွန်မ ရှင့်ကလေးတွေ မွေးပေးချင်တယ်..."
...
ယခုအချိန်၌။ ရုပ်ရှင်ရုံအတွင်းရှိ မိန်းကလေးအားလုံးသည် ချန်ဖုန်းဆီသို့ ပြေးဝင်လာကြတော့၏။
သူမတို့၏ ရည်းစားများနှင့် ရုပ်ရှင်လာကြည့်သော မိန်းကလေးအချို့ပင်လျှင် ရည်းစားဖြစ်သူ၏ လက်ကို ခါချကာ ချန်ဖုန်းဆီသို့ ပြေးသွားကြပေသည်။
နောက်နေတာလား…
သူက မယုံနိုင်လောက်အောင် ချောမောရုံတင်မကဘူး ထိပ်တန်းအဆင့် မင်းသားတစ်ယောက်လည်း ဖြစ်တယ်လေ... ပြီးတော့ သူက ရုပ်ရှင်နဲ့ ရုပ်သံကုမ္ပဏီတစ်ခုရဲ့ သူဌေးလည်း ဖြစ်သေးတယ်...
ချန်ဖုန်း၏ ကြွယ်ဝချမ်းသာမှုက ဘီလီယံရာချီဖြင့်ပင် တွက်ချက်ရပေလောက်သည်။
နိုင်ငံတော်၏ ခင်ပွန်းကောင်း ပုံစံလေးပင်။ ‘သူ့ကို အချောင်ခိုခွင့်ရရင် သိပ်ကောင်းမှာပဲ… ဒီတစ်သက်တော့ တန်သွားပြီ’ ဟု သူမတို့ တွေးနေကြ၏။
ထိုအမျိုးသမီးများကို ကြည့်ရင်း ချန်ဖုန်း၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုများ တောက်ပသွားတော့သည်။
‘ငါ့ကို အရှင်လတ်လတ် ဝါးစားချင်နေကြတဲ့ အတိုင်းပါလား ဟ…’
‘သောက်ကြိုးနဲ ပြေးမှပဲ…’
---