အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း (၃၃၄) အရေးပေါ်အခြေအနေ - ဂိုဆရာသခင်၏ တိုက်ခိုက်မှု
Wolf Warrior 3 ရုပ်ရှင်၏ ပွဲဦးထွက်သည် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ဟွာရှနိုင်ငံတွင် အလွန် အပြုသဘောဆောင်သော တုံ့ပြန်မှုများကို ရရှိခဲ့သည်။
အထူးသဖြင့် သာမန်လူများကို လမ်းညွှန်ပြသနိုင်သည့် စိတ်အားထက်သန်မှုမှာ ဟွာရှနိုင်ငံတစ်ဝန်းလုံးတွင် မြင့်တက်လာခဲ့ပေ၏။
ဒုတိယရက်တွင်။ ကျန်းထျန်ရှန်းသည် ရုပ်ရှင်အား ကမ္ဘာတစ်ဝန်းတွင် ပရိုမိုးရှင်းလုပ်ရန် ချက်ချင်း စီစဉ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဟွာရှနိုင်ငံသား အများအပြားသည် နိုင်ငံရပ်ခြားတွင် စီးပွားရေးလုပ်ကိုင်ခြင်းနှင့် ပညာသင်ကြားခြင်းများ ရှိနေပြီး ရုပ်ရှင်သည် ဖြန့်ချိပြီးနောက် နိုင်ငံရပ်ခြားတွင်လည်း အောင်မြင်မှု ရရှိသွားခဲ့၏။
ဒေသခံ ပြည်သူအချို့ပင်လျှင် ထိုသတင်းကို ဖြန့်ဝေနေကြပေသည်။
…….
ဆာကူရာနိုင်ငံ။
ခေါင်းဆောင်ကြီး သည် သူ၏ ဖုန်းထဲရှိ ဗီဒီယိုကို ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
ဤဗီဒီယိုမှာ Wolf Warrior 3 ၏ ပရိုမိုးရှင်း ဗီဒီယို ဖြစ်၏။ ပရိုမိုးရှင်း ဗီဒီယိုလေးတစ်ခုထဲတွင်ပင် ဟွာရှစစ်တပ်၏ လက်နက်များနှင့် အင်အားကို ခံစားသိရှိနိုင်ပေသည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ဗီဒီယိုကိုလည်း အစည်းအဝေးခန်းမရှိ ဖန်သားပြင်အကြီးပေါ်သို့ ပြသထားလိုက်၏။
ထို့နောက် လေးနက်သော မျက်နှာအမူအရာဖြင့် သူက စကားဆိုလိုက်သည်။
"လူကြီးမင်းတို့... နိုင်ငံဆယ်ခု မဟာမိတ်တပ် ရဲ့ ပြီးခဲ့တဲ့ အရှုံးမှာ ကျုပ်တို့ ဆာကူရာနိုင်ငံက တပ်ဖွဲ့ဝင် ၅၀,၀၀၀ ဆုံးရှုံးခဲ့ရုံတင်မကဘူး..."
"ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အယောက် ၁၀၀ ကျော်နဲ့ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဒါဇင်ကျော်လည်း ဆုံးရှုံးခဲ့ရတယ်..."
"ဧကရာဇ်အဆင့် ကလည်း နှစ်ယောက် ဆုံးရှုံးသွားသေးတယ်..."
"ဒါ့အပြင် စစ်ပွဲကြီးအတွင်း ပေ့ကုန်းမိသားစုလည်း တိတ်တဆိတ် ရှင်းလင်းခံလိုက်ရတယ်...နောက်ပြီး စစ်ပွဲအပြီးမှာလည်း ဟွာရှနိုင်ငံကို လျော်ကြေးငွေ ထရီလီယံချီပြီး ပေးခဲ့ရသေးတယ်..."
အောက်ဘက်ရှိ စစ်သူကြီးတစ်ဦးက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
"ခေါင်းဆောင်ကြီး... နိုင်ငံဆယ်ခု မဟာမိတ်တပ် က အခု ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ဟွာရှနိုင်ငံနဲ့ စစ်ပွဲကလည်း ပြီးဆုံးသွားပါပြီ...ဒါမှမဟုတ် စစ်ပွဲ ထပ်စဖို့ စီစဉ်နေတာလား..."
"မဟုတ်ဘူး... အဲဒီလို မဟုတ်ဘူး..."
ခေါင်းဆောင်ကြီးက ခေါင်းယမ်းကာ ပြောလိုက်သည်။
"အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပြီဖြစ်လို့ ကျုပ်တို့က သဘာဝကျကျပဲ အဲဒါကို ချိုးဖောက်လို့ မရဘူးလေ..."
"ဒါပေမဲ့ ပြီးခဲ့တဲ့ တိုက်ပွဲကြီးက အသေအပျောက် ဒဏ်ရာရသူတွေ အများအပြားနဲ့ အရှုံးပေါ်ပြီး အဆုံးသတ်ခဲ့ရတယ်..."
"တိုင်းပြည်အတွင်းမှာလည်း အဲ့ဒီ့ကိစ္စရဲ့ လွှမ်းမိုးမှုက ကြီးမားနေပြီး ဆာကူရာနိုင်ငံရဲ့ စိတ်ဓာတ်ခွန်အားက တဖြည်းဖြည်း ကျဆင်းလာနေတယ်..."
"အခြေအနေတွေသာ ဒီအတိုင်း ဆက်သွားနေရင် ကျုပ်တို့အတွက် ဆိုးရွားလာမှာကို စိုးရိမ်မိတယ်..."
ထိုသို့ပြောနေရင်း သူက အစည်းအဝေးခန်းမရှိ ဖန်သားပြင်ကို လက်ညိုးထိုးပြကာ ပြောလိုက်၏။
"ပြီးတော့ ဒီတစ်ခါ ဟွာရှနိုင်ငံက ပရိုမိုးရှင်းလုပ်နေတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ကြဦး... အဲဒါက ပြီးခဲ့တဲ့စစ်ပွဲရဲ့ အကြောင်းအရာနဲ့ ကိုက်ညီမနေဘူးလား..."
"ဒါက ဟွာရှနိုင်ငံမှာ အားကောင်းတဲ့ စစ်တပ်ရှိကြောင်း ပြသဖို့ ဝါဒဖြန့်တာပဲ...ဒီရုပ်ရှင်ထွက်လာတာ တစ်ရက်တောင် မပြည့်သေးဘူး ကျုပ်တို့ရဲ့ ဆာကူရာနိုင်ငံမှာတောင် အရမ်း နာမည်ကြီးနေပြီ..."
"ရုပ်ရှင်တွေဆိုတာ မည်သို့ပင်ဖြစ်စေ ချဲ့ကားထားတဲ့ အစိတ်အပိုင်းတချို့တော့ ပါဝင်တတ်တာပဲ...သူတို့ရဲ့ စစ်သည်တွေရဲ့ ခွန်အားနဲ့ တပ်ဖွဲ့တွေရဲ့ အရွယ်အစားကို ချဲ့ကားထားပေမဲ့ ကြည့်ရှုသူတွေက ဒီအသေးစိတ်အချက်အလက်တွေကို မသိကြဘူးလေ..."
"သူတို့သိတာက ဟွာရှနိုင်ငံက အရမ်း အစွမ်းထက်တယ်ဆိုတာပဲ...အချိန်ကြာလာတာနဲ့အမျှ အဲဒါက လူတိုင်းရဲ့ ရင်ထဲမှာ ဟွာရှနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေ ကိန်းအောင်းသွားစေလိမ့်မယ်..."
"ကျုပ်တို့ ဆာကူရာနိုင်ငံရဲ့ စိတ်ဓာတ်ခွန်အားတွေ ဆက်ပြီး ကျဆင်းနေလိမ့်မယ်...ဒါကြီးကို ဆက်ဖြစ်ခွင့်ပေးထားလို့ မရတော့ဘူး..."
စစ်သူကြီးသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စကားဆိုလိုက်၏။
"ကျုပ်တို့ ရုပ်ရှင်ကို ပိတ်ပင်လိုက်ရမလား..."
"အသုံးမဝင်ဘူး..."
ခေါင်းဆောင်ကြီးက နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်ပြန်သည်။
"အခု အင်တာနက်က အရမ်း တိုးတက်နေပြီဆိုတော့ မင်း ဘယ်လောက်ပဲ ဆင်ဆာဖြတ်ဖြတ် ဒီရုပ်ရှင်ကို ကြည့်နိုင်တဲ့သူတွေ ရှိနေဦးမှာပဲ..."
"အဲဒါက ကျုပ်တို့ ဆာကူရာနိုင်ငံက လူကြီးကားတွေလိုပဲလေ...ဟွာရှနိုင်ငံက ပိတ်ပင်ထားခြင်း မရှိသေးဘူး...လူသိရှင်ကြား မရနိုင်ပေမဲ့ လူအများအပြားက အဲဒီအရင်းအမြစ်တွေကို ရှာတွေ့နိုင်ကြတယ်...ဟွာရှနိုင်ငံက ယောက်ျားတိုင်းဆီမှာ အခု အဲဒီကားတွေ ရှိနေလောက်ပြီလို့ ကျုပ် ထင်တယ်..."
"အဲဒါ အမှန်ပဲ..."
"တရားဝင် ဝက်ဘ်ဆိုက်တွေကနေ ဝင်ကြည့်လို့ မရနိုင်ပေမဲ့..."
"Great Firewall ကို ကျော်ပြီး ဝင်ကြည့်လို့ ရတယ်လေ..." ဟု နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။
ထိုအချိန်တွင် အခြား စစ်သူကြီးတစ်ဦးက ရုတ်တရတ် ဝင်ပြောလိုက်၏။
"ခေါင်းဆောင်ကြီး... ကျုပ်တို့ တခြားနည်းလမ်းတစ်ခုကို စမ်းကြည့်လို့ရမယ် ထင်တယ်..."
"အင်း..."
ခေါင်းဆောင်ကြီးက သူ့အား အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။
"ပြောပါဦး... ဟွာရှနိုင်ငံရဲ့ စိတ်ဓာတ်ခွန်အားကို ချိုးနှိမ်ဖို့ မင်းဆီမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိလဲ..."
"အခု စစ်ပွဲက ပြီးဆုံးသွားပြီဆိုတော့ စစ်ရေးအင်အား ပြိုင်ဆိုင်မှုက သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး..."
စစ်သူကြီးက ပြုံးကာ ပြောဆိုလိုက်၏။
"ကျုပ်တို့အနေနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဖလှယ်မှုတွေ လုပ်လို့ရတယ်... နယ်ပယ်တစ်ခုခုမှာ ဟွာရှနိုင်ငံကို လုံးဝ အနိုင်ယူနိုင်ဖို့ပဲ လိုတယ်...ကျုပ်တို့ ဆာကူရာနိုင်ငံအတွက် အဲဒါက စိတ်ဓာတ်ခွန်အားကို သေချာပေါက် မြှင့်တင်ပေးနိုင်ပါလိမ့်မယ်..."
ခေါင်းဆောင်ကြီး၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားတော့၏။ ‘ဟုတ်သားပဲ... ယဉ်ကျေးမှု ဖလှယ်ခြင်းက သွေးမြေမကျဘူးလေ... အဲဒါက သေချာပေါက် အဆင်ပြေမှာပဲ’ ဟု သူ တွေးလိုက်သည်။
"ဆက်ပြောပါဦး..."
"ကျုပ်တို့ ဆာကူရာနိုင်ငံမှာ ကမ္ဘာတစ်ဝန်းလုံးမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဂိုဆရာသခင် တစ်ယောက်ရှိတယ်... အကယ်၍ သူ့ကို ဟွာရှနိုင်ငံက ဂိုကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ စေလွှတ်လိုက်မယ်ဆိုရင်...သူ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ပွဲကို အပြတ်အသတ် အနိုင်ရရှိနိုင်မှာ အသေအချာပဲ..."
ထိုသို့ပြောရင်း စစ်သူကြီးက ခပ်ဖျော့ဖျော့ ပြုံးကာ ဆက်ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး... သူက ကျုပ်တို့ ဆာကူရာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်ဖို့ ကူညီပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."
"မင်းက ဂိုကျွမ်းကျင်သူ အကြောင်း ပြောနေတာလား..."
ခေါင်းဆောင်ကြီး အနည်းငယ် အံ့အားသင့်သွားရပေသည်။ ဂိုကစားခြင်းနှင့် ပတ်သက်၍ သူ သိပ်မသိခဲ့ချေ။ သူ၏ ဗဟုသုတမှာ အပျော်တမ်းအဆင့်တွင်သာ ရှိပေသည်။
"ဟုတ်ပါတယ်..."
စစ်သူကြီးက ယုံကြည်မှုရှိစွာဖြင့် ကြေညာလိုက်၏။
"တစ်ဖက်လူရဲ့ နာမည်က ခူရာကီယု ပါ... သူက အသက်ဆယ်နှစ် အရွယ်ကတည်းက ဂိုကစားခြင်းကို စတင်လေ့လာခဲ့ပြီး အခုဆိုရင် နှစ်လေးဆယ်ကျော်နေပါပြီ..."
"သူက ဂိုကစားတဲ့နေရာမှာ အလွန် ကျွမ်းကျင်တယ်..အခုဆို.သူက နတ်ဘုရားရွှေ့ကွက် ကို ကျွမ်းကျင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ဆိုကြတယ်..."
နတ်ဘုရားရွှေ့ကွက်…
၎င်းသည် ဂိုလမ်းစဉ်၏ အမြင့်မားဆုံးအဆင့်ဟု ဆိုကြပေသည်။ ၎င်းသည် အခင်းအကျင်းနှင့် တွက်ချက်မှုစွမ်းရည်များကို အမြင့်မားဆုံးအထိ မြှင့်တင်ပေးနိုင်ပြီး အလုံးစုံ ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိစေနိုင်ပေ၏။
ထိုစကားကို ကြားပြီးနောက်။ အစည်းအဝေးခန်းမထဲရှိ လူတိုင်း အံ့ဩမှင်တက်သွားကြတော့သည်။
ဂိုကစားခြင်းသည် ဆာကူရာနိုင်ငံတွင် အလွန် ရေပန်းစားနေဆဲဖြစ်သည်။ ဤနေရာရှိ လူတိုင်းနီးပါး ထိုအကြောင်းကို ကြားဖူးကြပြီး အချို့ဆိုလျှင် နှစ်အတော်ကြာ ပါဝင်ကစားခဲ့ဖူးကြပေ၏။
နတ်ဘုရားရွှေ့ကွက် အဆင့်သို့ မည်သူမျှ ရောက်ရှိနိုင်လုနီးပါး မရှိခဲ့ချေ။ ခူရာကီယု သည် ထိုအဆင့်သို့ ရောက်ရှိရန် ဤမျှ နီးကပ်နေလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်မှတ်ထားခဲ့ကြပေ။
ခေါင်းဆောင်ကြီးက စားပွဲကို သူ၏လက်ဖြင့် ရိုက်ချလိုက်သည်။
ထို့နောက် အသံကျယ်ကြီးဖြင့် ရယ်မောကာ ပြောဆိုလိုက်၏။
"အဲဒီအစီအစဉ် အတိုင်းပဲ... ခူရာကီယု ကို မြန်မြန်ဆက်သွယ်ပြီး ဟွာရှနိုင်ငံကို ချက်ချင်း သွားခိုင်းလိုက်...သူက ဟွာရှနိုင်ငံက ဂိုကစားသမားတွေ အားလုံးကို အနိုင်ယူနိုင်သရွေ့..."
"ငါ ဆာကူရာနိုင်ငံက သူ့ကို ယွမ် ဘီလီယံ ၁၀ ဆုချမယ်...ဒါ့အပြင် သူက အခုကစပြီး ဆာကူရာနိုင်ငံမှာ အခွင့်ထူးတွေ အများကြီး ခံစားခွင့်ရစေရမယ်..."
"နားလည်ပါပြီ..." စစ်သူကြီး၏ မျက်နှာအမူအရာမှာလည်း လေးနက်သွားခဲ့သည်။
ခေါင်းဆောင်ကြီးက ဆက်ပြောလိုက်သည်။
"ဒါ့အပြင်... ဒီတစ်ခေါက် ဟွာရှနိုင်ငံကို ဂိုသွားကစားတဲ့အခါ ဆာကူရာနိုင်ငံက လူတွေလည်း အောင်ပွဲရဲ့ ခံစားချက်ကို ရရှိနိုင်အောင် လုပ်ငန်းစဉ် တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ခိုင်းလို့ ရတယ်..."
"နားလည်ပါပြီ..."
...
နှစ်နာရီခန့် ကြာပြီးနောက်။ ဆာကူရာနိုင်ငံရှိ ဗီလာတစ်လုံးအတွင်း။
အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးသည် သူ၏ရှေ့ရှိ ဂိုခုံကို စူးစိုက်ကြည့်နေပြီး နက်ရှိုင်းစွာ တွေးတောနေပုံပေါ်ပေသည်။
"ဆရာ ကျွန်မ ခရီးဆောင်အိတ်တွေ ပြင်ပြီးပြီ..."
အသက်နှစ်ဆယ်အရွယ် အမျိုးသမီးတစ်ဦး လျှောက်လာခဲ့သည်။ သူမတွင် ပခုံးအထိရှည်သော ဆံပင်ရှိပြီး အဖြူရောင် လက်တိုရှပ်အင်္ကျီကို ဝတ်ဆင်ထား၏။ သူမ၏ မျက်ခုံးများကြားတွင် မောက်မာသော အငွေ့အသက်တစ်ခု ရှိနေပေသည်။
"ဆရာ... ဒီတစ်ခေါက် ဟွာရှနိုင်ငံကို သွားတဲ့အခါ ဆရာ ကိုယ်တိုင် ဘာမှလုပ်စရာ မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မကလည်း ပရော်ဖက်ရှင်နယ် ဂိုကစားသမား တစ်ယောက်ပဲလေ..."
"ကျွန်မက ဆရာ့ရဲ့ သွန်သင်ချက်တွေကို ကျွမ်းကျင်နေတာ ကြာလှပါပြီ...ကျွန်မ တစ်ယောက်တည်းနဲ့တင် သူတို့အားလုံးကို အနိုင်ယူနိုင်လောက်တယ်..."
ထိုအချိန်တွင် ခူရာကီယု က မတ်တတ်ရပ်ကာ ပြုံးလျက် စကားဆိုလိုက်၏။
"မင်းရဲ့ ဂိုကစားတဲ့ စွမ်းရည်က လူငယ်မျိုးဆက်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ... မင်းက တကယ်ကို အရမ်း ထူးချွန်ပါတယ်..."
"ဒါပေမဲ့ ဟွာရှနိုင်ငံက ပေါကြွယ်ဝတဲ့ အရင်းအမြစ်တွေရှိတဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပြီး လူတွေကြားထဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေနိုင်သေးတယ်..."
"ဆရာ... ဆရာကိုယ်တိုင်တောင် ယုံကြည်မှု မရှိဘူးလား..."
အမျိုးသမီးက တစ်ဖက်လူကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် သူမ၏ ဆရာသည် အလွန် ကျွမ်းကျင်သူဖြစ်ပြီး ဆာကူရာနိုင်ငံ တစ်ခုလုံးတွင် ပြိုင်ဘက်မရှိချေ။
ကမ္ဘာကြီးတစ်ခုလုံးတွင် မည်သူကမျှ ဆရာ့ကို အနိုင်မယူနိုင်ဟု သူမ ယုံကြည်ထားပေသည်။
‘ဒီတစ်ခေါက် ဟွာရှနိုင်ငံ ခရီးစဉ်က လွယ်ကူသင့်တယ် မဟုတ်ဘူးလား’ ဟု သူမ တွေးတောနေမိ၏။
ခူရာကီယု က ရယ်မောကာ စကားဆိုလိုက်သည်။
"ဟွာရှနိုင်ငံမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်ဆိုပေမဲ့ သူတို့ ငါ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."
"အနည်းဆုံးတော့ ငါက နတ်ဘုရားရွှေ့ကွက် ကို ကျွမ်းကျင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ..."
"ဒီတစ်ကြိမ်မှာ...မင်းရဲ့ အမြင်ကျယ်လာအောင် ဟွာရှနိုင်ငံကို ငါ ခေါ်သွားရုံ သက်သက်ပါပဲ... တကယ့်အလုပ်ကိုတော့ ငါ ကိုယ်တိုင်ပဲ လုပ်မယ်..."
"မင်းက တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တာဝန်ယူပေးပါ... ခူရာကီယု က ဘယ်လောက် အံ့မခန်းဖြစ်လဲဆိုတာကို လူတိုင်း မြင်ပါစေ..."
"ဟုတ်ကဲ့..."
အမျိုးသမီးက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ သူမတို့သည် တာဝန်တစ်ခုဖြင့် ထိုနေရာသို့ သွားကြခြင်းဖြစ်ပြီး ထိုဟွာရှ ဂိုကစားသမားများကို သေချာပေါက် အရှက်ခွဲနိုင်မည် ဖြစ်ပေသည်။
"သွားကြစို့..."
ခူရာကီယု သည် သူ၏ ခရီးဆောင်အိတ်ကို သယ်ဆောင်ကာ အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
အမျိုးသမီးကလည်း အလျင်အမြန် နောက်မှ လိုက်သွား၏။
‘ဟွာရှနိုင်ငံ... ငါတို့ ရောက်လာပြီ... ကြောက်ရွံ့တုန်လှုပ်နေလိုက်ကြစမ်း…’
…