အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း (၃၃၆) ကျီမိသားစု၏ ဖိတ်ကြားချက်
"ဘာကို ဂုဏ်ယူစရာ ရှိလို့လဲ... ရုပ်ရှင်တစ်ကားပဲလေ..." ချန်ဖုန်း က လက်ဝှေ့ယမ်းလိုက်၏။ သူက ထိုရုပ်ရှင်ကို သေချာပေါက် အလေးမထားခဲ့ချေ။
“ဂုဏ်ယူစရာမရှိဘူ ဟုတ်လား…ချန်ဖုန်း နင့် ရုပ်ရှင်ရဲ့ ရုံဝင်ငွေက အနည်းဆုံး ဘီလီယံ ၁၀ လောက် ရောက်မယ်လို့ ငါ ခန့်မှန်းထားတယ်... ကုန်ကျစရိတ်တွေ နုတ်ပြီးရင်တောင် အမြတ်ငွေက အနည်းဆုံး ဘီလီယံ ၉ ထောင်လောက် ရှိမှာပဲ...ပြီးတော့ ဒါက ကုန်ပစ္စည်းတွေနဲ့ ကြော်ငြာတွေကနေ ရမယ့် ဝင်ငွေတွေ မပါသေးဘူးလေ…”
ကျီရွှယ်အာ မှာလည်း နက်ရှိုင်းစွာ တုန်လှုပ်နေခဲ့သည်။ ယခင်က ချန်ဖုန်း၏ နောက်ခံအဆင့်အတန်းကို သူမ မသိရှိခဲ့ချေ။
သို့သော် ကျီမိသားစု ၏ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ချန်ဖုန်း၏ နောက်ခံအဆင့်အတန်းကို သူမ သိရှိသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူသည် ရုပ်ရှင်နှင့် ရုပ်သံကုမ္ပဏီတစ်ခု၏ ပိုင်ရှင်သာမက လုပ်ငန်းပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားပေ၏။ ပိုင်ဆိုင်မှု တန်ဖိုးမှာ ဘီလီယံရာချီ ရှိနေပေသည်။
သို့သော် သူမအား စိတ်ရှုပ်ထွေးစေခဲ့သည်မှာ…
ချန်ဖုန်း ၏ သရုပ်ဆောင်စွမ်းရည်သည် အကောင်းဆုံးသရုပ်ဆောင်တစ်ဦး၏ အဆင့်သို့ ရောက်ရှိနေခြင်းပင်။ ဤမျှ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိရန် သရုပ်ဆောင်စွမ်းရည်ကို သွေးထိုးလေ့ကျင့်မှု ဆယ်နှစ်ကျော်ခန့် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင်။ တစ်ဖက်လူသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုတို့တွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေ၏။ တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်း သာမန် ကျေးလက်ကောင်လေး ဘဝမှ ပိုင်ဆိုင်မှု ဘီလီယံရာချီရှိသော ဘီလီယံနာတစ်ဦး ဖြစ်လာခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုတိုင်းနီးပါးသည် အဆရာချီ သို့မဟုတ် ထောင်ချီ၍ အကျိုးအမြတ်များ ရရှိနေခဲ့သည်။ ထိုအဆင့်သို့ ရောက်ရှိရန်လည်း သုတေသနနှင့် လက်တွေ့လုပ်ဆောင်မှု အနည်းဆုံး ဆယ်နှစ်ခန့် လိုအပ်ပေမည်။
ထို့အပြင် ချန်ဖုန်း သည် ဆေးပညာရပ်များတွင်လည်း ကျွမ်းကျင်ကြောင်းကို ကျီရွှယ်အာ သိရှိထား၏။ ဂူကျန်း လည်း တီးခတ်နိုင်သေးသည်။ ဒါ့အပြင် သူက ကျီမိသားစု မှ အကြီးအကဲကျီ ထက်ပင် ပို၍ အစွမ်းထက်နေသေးသည် မဟုတ်လော။
‘ဒီအချိန် စီမံခန့်ခွဲမှုက... သူ ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်နိုင်ခဲ့တာလဲ…’
ကျီရွှယ်အာ သည် သူမကိုယ်သူမ အလွန် ဉာဏ်ကောင်းသည်ဟု ယူဆထား၏။ သို့သော် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ချန်ဖုန်း ကဲ့သို့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး စွမ်းရည်မျိုးစုံကို ကျွမ်းကျင်နိုင်သူ မရှိသေးချေ။
"နင့်ရဲ့ ကျီမိသားစု က ဒီလောက် အစွမ်းထက်နေတာပဲ... ဘီလီယံတစ်ရာလောက်က ဘာများ အရေးပါလို့လဲ..." ချန်ဖုန်း က အားရပါးရ ရယ်မောလိုက်သည်။
"အထဲဝင်ကြရအောင်..." ကျီရွှယ်အာ က မနေနိုင်ဘဲ မျက်လုံးလှန်လိုက်၏။
သူမက အခြားကိစ္စတစ်ခုကို ပြန်လည် တွေးတောနေမိပြန်သည်။ ‘ချန်ဖုန်း ကို ငါတစ်ယောက်တည်း အပြင်ထွက်တွေ့ဖို့ ခေါ်လိုက်တာ...ရှန်ယန်းယန်း တစ်ယောက် သဝန်များတိုနေမလား…
ထားလိုက်ပါတော့... သူမကို လျစ်လျူရှုထားလိုက်တာပေါ့…’ ဟု တွေးလိုက်၏။
ကျီမိသားစု ၏ ပိုင်ဆိုင်မှု မြေနေရာမှာ အလွန် ကျယ်ဝန်းပြီး စတုရန်းမီတာ ထောင်ပေါင်းများစွာခန့် ရှိပေသည်။ သူတို့နှစ်ဦး ဗီလာဧည့်ခန်းသို့ ရောက်ရှိသွားချိန်တွင်။
မိသားစု အကြီးအကဲဖြစ်သူ ကျီဝူပါ သည် အလျင်အမြန် လျှောက်လာခဲ့သည်။
"နည်းပြချန် က တကယ်ကို အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ... ငါ နည်းပြချန် နဲ့ တွေ့ချင်နေတာ ကြာလှပါပြီ... ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူးလေ..."
ကျီဝူပါ ၏ ဘေးတွင် ကျီဟောက်ယွီ ကလည်း ပြုံးကာ ပြောဆိုလိုက်၏။
"နည်းပြချန်... နယ်စပ်မှာ ငါတို့ လမ်းခွဲခဲ့ကြပြီးကတည်းက အချိန်အတန်ကြာသွားပြီနော်... ဘယ်လိုနေလဲ နေကောင်းရဲ့လား..."
"စီနီယာကျီ... ကျီမိသားစု ခေါင်းဆောင်ကြီး..." ချန်ဖုန်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"နည်းပြချန် ထိုင်ပါဦး..."
ကျီဟောက်ယွီ အနေနဲ့ဖြင့် အခုလို ချန်ဖုန်းအပေါ် ပျူငှာနေရခြင်းမှာလည်း
နယ်စပ်တွင် ချန်ဖုန်း နှင့်အတူ ယှဉ်တွဲတိုက်ပွဲဝင်ခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် ချန်ဖုန်း၏ စစ်ဘက်ဆိုင်ရာဌာန ရဲ့ နည်းပြချုပ် နှင့် အဇူရာနန်းတော် သခင် ဟူသော နောက်ခံအဆင့်အတန်းများသည်လည်း ရှင်းလင်းပြတ်သားနေခဲ့၏။
မိသားစု အကြီးအကဲဖြစ်သူ ကျီဝူပါ က ဤအကြောင်းကို သိရှိသွားပြီးနောက် ချန်ဖုန်း အား ပို၍ပို၍ အာရုံစိုက်လာခဲ့ပေသည်။ ထို့ကြောင့်ပင် ကျီရွှယ်အာ ကို တစ်ဖက်လူနှင့် တွေ့ဆုံရန် စီစဉ်ခိုင်းခဲ့ခြင်း ဖြစ်၏။
"ရှောင်ချန်... တကယ်လို့ မင်း စိတ်မဆိုးဘူးဆိုရင် ငါ့ကို ဦးလေးကျီ လို့ ခေါ်လို့ရပါတယ်..." ကျီဝူပါ က သူ၏ အခေါ်အဝေါ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။
ဤကဲ့သို့ ခေါ်ဝေါ်မှုက သူတို့နှစ်ဦးကို ပိုမို ရင်းနှီးသွားစေနိုင်သည်လေ။
ကျီဝူပါက ဆက်ပြောလိုက်သည်။
"မင်း အရင်က နန်ကုန်းမိသားစု နဲ့ ပြဿနာတချို့ ရှိခဲ့တယ်လို့ ကြားတယ်... အကူအညီ တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောပါ..."
"အကူအညီအတွက် ကျေးဇူးတင်ပါတယ်... အခုတော့ အားလုံး ဖြေရှင်းပြီးသွားပါပြီ..." ချန်ဖုန်း က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
သူတို့၏ ရပ်တည်ချက်ကို ပြသရန်အတွက် စစ်ဘက်ဆိုင်ရာဌာန က တင့်ကားများကို စေလွှတ်ခဲ့ချိန်မှစ၍ နန်ကုန်းမိသားစု သည် သူနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရပ်တန့်သွားခဲ့လေပြီ။ သခင်လေး နန်ကုန်းရိ ပင်လျှင် ကြွက်က ကြောင်ကို ရှောင်သကဲ့သို့ သူ့ကို ရှောင်ဖယ်နေခဲ့ပေ၏။
ကျီဝူပါ က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။ "နန်ကုန်းမိသားစု က မင်းထင်သလောက် မရိုးရှင်းဘူး... အကြီးအကဲ နန်ကုန်းရှုံ က အရမ်း ပါးနပ်တယ်... မင်း သတိထားသင့်တယ်..."
"ဪ..." ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားရပေသည်။
ကျီဝူပါ က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ "ငါ နန်ကုန်းရှုံ အကြောင်း နည်းနည်း သိတယ်... ပြီးခဲ့တဲ့တစ်ခေါက်က မင်းကြောင့် နန်ကုန်းမိသားစု မျက်နှာပျက်ခဲ့ရတယ်လို့ ကြားတယ်..."
"ပြီးတော့ သူတို့ရဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် သတ်ပစ်ခဲ့သေးတယ်မလား...နန်ကုန်းရှုံ က မင်းကို ပြဿနာမရှာရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိကောင်းရှိနိုင်တယ်..."
"ဒါပေမဲ့ သူ့အပေါ် ငါ နားလည်ထားသလောက်ဆိုရင်တော့…
အခွင့်အရေးသာ ရမယ်ဆိုရင် သူ သေချာပေါက် ကလဲ့စားချေလိမ့်မယ်... မင်းကိုယ်မင်း သတိထားပါ..."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..." ချန်ဖုန်း ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
အကယ်၍ နန်ကုန်းမိသားစု ကသာ အမှန်တကယ် ပြဿနာရှာချင်နေမည်ဆိုပါက သူတို့ကို သုတ်သင်ရှင်းလင်းပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ချေ။ သို့သော် ဤအရာများအားလုံးသည် ကျီဝူပါ ၏ ခန့်မှန်းချက်များသာ ဖြစ်ပေသည်။
ကျီဝူပါ သည် ချန်ဖုန်းကို ဖိတ်ခေါ်ရန် သီးခြားကိစ္စရပ်တစ်ခု မရှိခဲ့ချေ။ အကြောင်းရင်းတစ်ခုမှာ ချန်ဖုန်း အား နန်ကုန်းမိသားစု ကို သတိထားရန် သတိပေးရန်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ဤဒဏ္ဍာရီလာ အဇူရာနန်းတော် သခင် နှင့်လည်း ရင်းနှီးကျွမ်းဝင်လို၍ ဖြစ်ပေ၏။
အကယ်၍ ချန်ဖုန်း သည် စစ်ဘက်ဆိုင်ရာဌာန ၏ စစ်သေနာပတိနှင့် ဆက်သွယ်မှုရှိနေကြောင်းကိုသာ သူ မသိခဲ့ပါက သူ၏ တူမဖြစ်သူ ကျီရွှယ်အာ ကို ဇနီးလောင်းအဖြစ် သူ့အား မိတ်ဆက်ပေးလိုနေခဲ့မည် ဖြစ်သည်။
ထိုအချိန်၌ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ညီအစ်ကိုကျီ... ညီအစ်ကိုကျီ... လာပါဦး ငါနဲ့အတူ ဂို နည်းနည်းလောက် ကစားရအောင်..."
အသက်လေးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦး အလျင်အမြန် လျှောက်လာခဲ့သည်။ တစ်ဖက်လူမှာ ကျီဝူပါ ၏ သူငယ်ချင်း နျဲ့ဖိန် ပင် ဖြစ်၏။ နျဲ့ဖိန် သည် ဂိုခုံတစ်ခုကို ကိုင်ဆောင်လာခဲ့သည်။
"ညီအစ်ကိုနျဲ့... နောက်မှ ကစားရင်ကော ဘယ်လိုလဲ... ဒီနေ့ ဧည့်သည်တွေ ရောက်နေလို့..." ကျီဝူပါ က ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ ပြောလိုက်သည်။
ကျီဝူပါ သည် ပုံမှန်အားဖြင့် အားလပ်ချိန်များတွင် သူနှင့်အတူ ဂိုကစားရန် နှစ်သက်သော်လည်း ယနေ့တွင်မူ ချန်ဖုန်း အား ဧည့်ခံရမည်ဖြစ်ရာ ဂိုကစားရန် အချိန်မရှိချေ။
"ဧည့်သည် ဟုတ်လား..." နျဲ့ဖိန် က ချန်ဖုန်း အား တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းယမ်းကာ ပြောဆိုလိုက်သည်။ "ငါနဲ့ အရင်ဆုံး နည်းနည်းလောက် ကစားရအောင်ပါကွာ... မင်း မသိဘူးမလား အဲဒီခွေးအိုကြီး ခူရာကီယု က ဟွာရှနိုင်ငံကို လာနေပြီတဲ့..."
"ဒီတစ်ခေါက် သူ ဟွာရှနိုင်ငံကို လာတာ ဝိချီ ကျွမ်းကျင်သူတွေ အားလုံးကို စိန်ခေါ်ဖို့ သေချာတယ်...ငါလည်း မကြာသေးမီက ဂိုကစားဖို့ အချိန်မရခဲ့တော့ နည်းနည်း လက်ဆွေးနေပြီ…
အဘိုးကြီးကျီ... မြန်မြန်လုပ်ပါ ငါနဲ့အတူ လေ့ကျင့်ရအောင်..."
ထိုသို့ပြောနေရင်းမှ နျဲ့ဖိန်က ဘေးရှိ ကျီရွှယ်အာ ကို ကြည့်ကာ စကားဆိုလိုက်၏။
"ချစ်လှစွာသော တူမလေး... မင်းတို့ လူငယ်တွေ စကားပြောစရာတွေ အများကြီး ရှိမှာပေါ့... ဒီလူငယ်လေးကို အပြင်ခေါ်သွားပြီး လမ်းလျှောက်ပါလား..."
"အာ..." ကျီရွှယ်အာ မျက်တောင်ခတ်လိုက်၏။
"ရပါတယ် ဦးလေးကျီ... ဦးလေး အလုပ်သာ ဆက်လုပ်ပါ..." ချန်ဖုန်း က ခပ်ဖျော့ဖျော့ ပြုံးကာ ဝင်ပြောလိုက်သည်။
အမှန်တကယ်တော့ ဆာကူရာနိုင်ငံ သည် နယ်စပ်တွင် ရှုံးနိမ့်ပြီးနောက် မျက်နှာပန်းလှစေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရန် အခြားနည်းလမ်းတစ်ခုဖြင့် ဟွာရှနိုင်ငံအား အနိုင်ယူလိုကြောင်းကို သူလည်း သတင်းအချက်အလက် ရရှိထားခဲ့ပြီး ဖြစ်ပေသည်။
ကျီရွှယ်အာ က သူ၏ အင်္ကျီကို ဆွဲကာ ပြောလိုက်၏။ "ငါလည်း ဝိချီ ကစားတာကို သဘောကျတယ်... အတူတူ သွားကြည့်ရအောင်လေ..."
"ရတာပေါ့..." ချန်ဖုန်း ပြုံးကာ လျှောက်သွားခဲ့သည်။
【ဒင်... ပိုင်ရှင်၏ ပတ်ဝန်းကျင် အခြေအနေအရ ဝိချီ စွမ်းရည် လိုအပ်နေပါသည်။ ဝိချီ ပရော်ဖက်ရှင်နယ် အဆင့် ၉ စွမ်းရည်ကို အလိုအလျောက် ရယူပြီးဖြစ်ကာ စနစ်ပွိုင့် ၁၀၀၀ နုတ်ယူပြီးပါပြီ။】
【ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော… စနစ်ပွိုင့် - ၄၁၂၀၀】
【ဒင်…လက်ရှိ စွမ်းရည်မှာ သင့်စာရင်းသွင်းထဲတွင် ရှိနေပြီး အချိန်မရွေး အသုံးပြုနိုင်ပါသည်။】
‘ဟင် ငါ့အတွက် ထပ်ပြီး လဲလှယ်ပေးလိုက်ပြန်ပြီလား…’ ချန်ဖုန်း မှာ ညည်းတွားရန်ပင် ပျင်းရိနေခဲ့ချေပြီ။ စနစ်က အဆုံးသတ်သွားပြီဟု သူ ထင်မှတ်လိုက်ချိန်မှာပင် သူ၏ စိတ်ထဲရှိ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။
【ဒင်... နတ်ဘုရားရွှေ့ကွက် ၏ ထိုးထွင်းသိမြင်မှုနှင့် တွေးတောဆင်ခြင်မှုများကို လက်ဆောင်အဖြစ် ပေးအပ်ပါသည်။ လွတ်လပ်စွာ စွမ်းရည်ပြသနိုင်ပါပြီ။】
‘နတ်ဘုရားရွှေ့ကွက် ဟုတ်လား... ဒါက ဘာကြီးလဲ…’
ချန်ဖုန်း သည် ဝိချီ မကစားတတ်ချေ။ နတ်ဘုရားရွှေ့ကွက် ဆိုသည်ကို ပြောစရာပင် မလိုတော့ပေ။
သို့သော် စနစ်မှ လဲလှယ်ပေးသော သို့မဟုတ် လက်ဆောင်အဖြစ် ပေးအပ်သောအရာတိုင်းသည် ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်သောအရာများချည်းသာ ဖြစ်ပေသည်။ သူသည် ဝိချီ ၏ ပရော်ဖက်ရှင်နယ် နဝမအဆင့် စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်ရာ သတင်းအချက်အလက် စီးကြောင်းများသည် သူ၏ မှတ်ဉာဏ်များနှင့် စဉ်ဆက်မပြတ် ပေါင်းစပ်သွားတော့၏။
ထိုအချိန်၌ နျဲ့ဖိန် က ဂိုခုံကို ပြင်ဆင်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ချန်ဖုန်း နှင့် ကျီရွှယ်အာ တို့ အနားသို့ ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် သူ ဘာမှမပြောခဲ့ချေ။
သူတို့နှစ်ဦး ဂိုကစားရန် စတင်တော့မည့် အချိန်မှာပင် ချန်ဖုန်း က ရုတ်တရက် စကားဆိုလိုက်၏။ "ဦးလေးကျီ... ကျွန်တော်လည်း ဝိချီ ကစားတာကို သင်ယူချင်တယ်... ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လို့ရမလား..."
"မင်း သင်ယူချင်တယ် ဟုတ်လား..." ကျီဝူပါ အနည်းငယ် အံ့အားသင့်သွားရပေသည်။ ယနေ့ခေတ် လူငယ်များစွာသည် ဝိချီ ကစားရန် သိပ်မနှစ်သက်ကြသည်မှာ အမှန်ပင် ဖြစ်၏။
သူ ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။ "အဘိုးကြီးနျဲ့... မင်း အရင် နားနေလိုက်ဦး... ရှောင်ချန် နဲ့ ငါ အရင်ဆုံး နည်းနည်းလောက် ကစားလိုက်မယ်..."
သူ၏ အမြင်တွင် ချန်ဖုန်း သည် သေချာပေါက် အတွေ့အကြုံမရှိသူတစ်ဦး ဖြစ်ပေသည်။ အကယ်၍ နျဲ့ဖိန် နှင့် ချန်ဖုန်း တို့သာ ဂိုကစားပါက နျဲ့ဖိန် ၏ စိတ်သဘောထားအရ သူ သေချာပေါက် လက်ညှာပေးမည် မဟုတ်ချေ။ အကယ်၍ ချန်ဖုန်း သာ အလွန်အမင်း ဆိုးရွားစွာ ရှုံးနိမ့်သွားပါက နည်းပြချုပ် အတွက် မျက်နှာပျက်စရာ ဖြစ်သွားမည် မဟုတ်လော။
---