အခန်း ၃၃၇
Vol. 34 Ch. 337
အခန်း (၃၃၇) စမ်းသပ်မှုလေးတစ်ခု
ဧည့်ခန်းအတွင်း၌။
ကျီဝူပါ နှင့် ချန်ဖုန်း တို့သည် တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။ သူက ချန်ဖုန်းအား ဂိုကစားနည်းကို သင်ကြားပေးရင်း စည်းကမ်းများကိုပါ ရှင်းပြနေခဲ့၏။
ကျီဝူပါ ၏ ဂိုကစားသည့် စွမ်းရည်သည် ဂိုအသင်း ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ နျဲ့ဖိန် နှင့် ယှဉ်နိုင်မည် မဟုတ်သော်လည်း သာမန်လူများနှင့် နှိုင်းယှဉ်ပါက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်ပေသည်။
အချိန်များ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားခဲ့သည်။ ဘေးတွင် ရပ်နေသော နျဲ့ဖိန် ၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ပို၍ နက်ရှိုင်းလာခဲ့၏။
ချန်ဖုန်း ၏ ပထမဆုံး နယ်ရုပ်ကို ချလိုက်သည့် အချိန်ကတည်းက တစ်ဖက်လူသည် သေချာပေါက် အတွေ့အကြုံမရှိသူတစ်ဦးဖြစ်ကြောင်း သူ သိရှိနိုင်ခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လှုပ်ရှားမှုများက အလွန် ရိုင်းပျလွန်းသောကြောင့် ဖြစ်၏။ နယ်ရုပ်ကို ကိုင်တွယ်သည့် ပုံစံကပင် မှားယွင်းနေသေးသည်။
သို့သော် ထို့နောက်တွင် သူ၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုများက ပိုမို အားကောင်းလာခဲ့တော့၏။ ပို၍ပို၍ အံ့မခန်း ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော်... ချန်ဖုန်း သည် မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် တိုးတက်လာသောကြောင့်ပင်။
ပထမပွဲတွင် ချန်ဖုန်း သည် အကြိမ် သုံးဆယ်မြောက် ရွှေ့ကွက်၌ ရှုံးနိမ့်သွားခဲ့သည်။ ဒုတိယပွဲတွင် ချန်ဖုန်း သည် အကြိမ် ငါးဆယ်မြောက် ရွှေ့ကွက်၌ ရှုံးနိမ့်သွားခဲ့၏။ တတိယပွဲတွင် ချန်ဖုန်း သည် အကြိမ် တစ်ရာမြောက် ရွှေ့ကွက်၌ ရှုံးနိမ့်သွားခဲ့သည်။ စတုတ္ထပွဲတွင် နှစ်ဖက်စလုံး သရေကျသွားခဲ့ပေ၏။ ပဉ္စမအချီတွင် ကျီဝူပါ သည် ငါးမိနစ်ပင်
မခံလိုက်ရဘဲ ချန်ဖုန်း ၏ ဖယ်ရှားခြင်းကို ခံလိုက်ရတော့သည်။
ချန်ဖုန်း သည် အချိန်ကြာမြင့်စွာ ဂိုမကစားဘဲနေခဲ့ရာမှ ယခုအခါ သူ၏ မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်ရရှိလာကာ ပို၍ပို၍ ကျွမ်းကျင်လာသည့်အလား ခံစားလိုက်ရပေသည်။ ထို့အပြင်... တစ်ဖက်လူသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
နျဲ့ဖိန် သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ‘ငါများ အမြင်မှားသွားတာလား’ ဟု သူ တွေးတောနေမိ၏။
"အဘိုးကြီးကျီ... မင်း သူ့ကို လက်ညှာပေးလိုက်တာလား...ဒါမှမဟုတ် မင်းက မျိုးဆက်သစ် တစ်ယောက်ကိုတောင် အနိုင်မယူနိုင်တာလား... မင်း မလုပ်နိုင်ရင် ငါကိုယ်တိုင် ဝင်လုပ်ပေးရမလား..." နျဲ့ဖိန် က သူ၏ လက်များကို ပွတ်သပ်ကာ ပြောဆိုလိုက်သည်။ သူ တကယ်ကို တစ်ချက်လောက် စမ်းကြည့်ချင်နေမိ၏။
ကျီဝူပါ ၏ မျက်နှာကြီး မည်းမှောင်သွားကာ ဂိုခုံပေါ်ရှိ နယ်ရုပ်ကို ချထားလိုက်ရင်း စကားဆိုလိုက်သည်။ "မင်းက အဲဒီလောက်တောင် တော်နေရင် ဝင်လုပ်လိုက်လေ..."
သူလည်း အလွန် စိတ်ရှုပ်ထွေးနေခဲ့ပေ၏။ အစပိုင်းတွင် သူက ချန်ဖုန်းကို လက်ညှာပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်မူ... ချန်ဖုန်း ၏ ဂိုကစားသည့် စွမ်းရည်သည် ပို၍ပို၍ အံ့မခန်း ဖြစ်လာကြောင်း သူ ရှာဖွေတွေ့ရှိခဲ့၏။ သူပြုလုပ်သည့် ရွှေ့ကွက်တိုင်းဖြင့် ရှေ့ဆယ်ကွက်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှု အားလုံးကို ကြိုတင်ခန့်မှန်းနိုင်သည့်အလား ဖြစ်နေပေသည်။
‘ငါ ဘယ်လိုပဲ နယ်ရုပ်တွေကို ချချ တစ်ဖက်လူရဲ့ မျှော်လင့်ထားမှုအောက်မှာပဲ ရှိနေတယ်... တစ်ဖက်လူက ထောင်ချောက်ပေါင်းများစွာကို ဖန်တီးထားပြီး ငါ ဝင်လာမယ့်အချိန်ကို စောင့်နေသလိုပဲ’ ဟု သူ တွေးလိုက်၏။
ဘေးတွင် ရပ်နေသော ကျီရွှယ်အာ မှာလည်း အံ့အားသင့်နေပုံ ပေါ်ပေသည်။ ချန်ဖုန်း ၏ စွမ်းဆောင်ရည်တွင် ပရော်ဖက်ရှင်နယ် ဆန်မှုကို သူမ ခံစားမိလိုက်၏။ အခင်းအကျင်း စွမ်းရည်များရော တွက်ချက်မှု စွမ်းရည်များတွင်ပါ ပရော်ဖက်ရှင်နယ် ဂိုကစားသမားများသာ ဤကဲ့သို့ လုပ်ဆောင်နိုင်ပေသည်။
"လူငယ်လေး... ငါကတော့ လက်ညှာပေးမှာ မဟုတ်ဘူးနော်..." နျဲ့ဖိန် ပြုံးလိုက်သည်။ သူသည် ဂိုအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်နေရုံမျှဖြင့် လူငယ်များကို လက်ညှာပေးလေ့ မရှိချေ။
"စီနီယာလည်း အစွမ်းကုန် ကြိုးစားတာ ပိုကောင်းမယ်... မဟုတ်ရင် ခင်ဗျား ရှုံးသွားလိမ့်မယ်..." ချန်ဖုန်း က ခပ်ဖျော့ဖျော့ ပြုံးကာ ပြန်ဖြေလိုက်၏။
ယခုအခါ သူသည် ဝိချီ ပရော်ဖက်ရှင်နယ် အဆင့် ၉ စွမ်းရည်များကို အပြည့်အဝ ကျွမ်းကျင်နေပြီ ဖြစ်သည်။ နတ်ဘုရားရွှေ့ကွက် နှင့် ပတ်သက်၍မူ သူ၏ အမြင်တွင် ယခု နျဲ့ဖိန် နှင့် ရင်ဆိုင်ရန် ထိုအရာကို လိုအပ်မည် မထင်ချေ။
"အရမ်း ယုံကြည်မှု လွန်ကဲနေတာက ကောင်းတဲ့အရာ မဟုတ်ဘူးနော်..." နျဲ့ဖိန် ၏ မျက်နှာအမူအရာလည်း အနည်းငယ် မည်းမှောင်သွားတော့၏။ သူက ချန်ဖုန်း အပေါ် ယဉ်ကျေးစွာ ဆက်ဆံနေခြင်း ဖြစ်သော်လည်း တစ်ဖက်လူက အခြေအနေကို အခွင့်ကောင်းယူလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
‘ဒီနေ့ခေတ် လူငယ်တွေကတော့လေ... တကယ့်ကို အလွန်အမင်း မောက်မာလွန်းတာပဲ... သူက ဂိုရွှေ့ကွက် နည်းနည်းလောက် သိရုံနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ တကယ် ထင်နေတာလား’ ဟု သူ တွေးလိုက်သည်။ ယခုအခါ။ ချန်ဖုန်း အပေါ် သူ၏ အထင်အမြင်များမှာလည်း ကျဆင်းသွားခဲ့လေပြီ။
"စကြတာပေါ့..."
ဘာမှ ထပ်မပြောတော့ဘဲ နျဲ့ဖိန် သည် တစ်ဖက်လူအား ဂိုခုံပေါ်တွင် သင်ခန်းစာပေးကာ မင်းထက် ပိုကျွမ်းကျင်တဲ့ သူတွေ အမြဲတမ်း ရှိနေတယ် ဆိုသည်ကို ပြသလိုခဲ့ပေ၏။
"အရင်ဆုံး မှန်းကြည့်..."
ဆိုလိုသည်မှာ မည်သူက အရင် စတင်ရွှေ့မည်ကို နှစ်ဖက်စလုံးက ဆုံးဖြတ်ခြင်း ဖြစ်သည်။ နျဲ့ဖိန် က အမည်းရောင်ဖြင့် အရင် စတင်ရွှေ့လိုက်၏။
ဖြတ်…
အမည်းရောင် နယ်ရုပ်တစ်ရုပ်သည် ဂိုခုံ၏ အလယ်ဗဟိုတည့်တည့်တွင် ကျရောက်သွားတော့သည်။
`ထျန်ယွမ်´ ရွှေ့ကွက်ပင်။
ကျီဝူပါ အနည်းငယ် အံ့အားသင့်သွားရပေသည်။ ယေဘုယျအားဖြင့် ပထမဆုံး နယ်ရုပ်ကို အလယ်ဗဟိုနေရာတွင် ချထားခြင်းမှာ ဆိုးရွားပြီး အခြေအနေကို ထိန်းချုပ်ရန်နှင့် ဆုပ်ကိုင်ရန် ခက်ခဲစေကာ အခြေခံအားဖြင့် အသုံးမဝင်သော နယ်ရုပ်တစ်ခု ဖြစ်သွားစေပေသည်။
သေချာသည်မှာ ဤသည်က သာမန်လူများနှင့်သာ သက်ဆိုင်ပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်၏ ဂိုကစားသည့် စွမ်းရည်သည် ခြွင်းချက်အဖြစ် အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပါက... မည်သို့ပင် ရွှေ့စေကာမူ အနိုင်ရရှိနိုင်ပေ၏။
အနီးတွင် ရပ်နေသော ကျီရွှယ်အာ က တိုးတိုးလေး မေးလိုက်သည်။ "ဦးလေး... ဘယ်သူ နိုင်မယ်လို့ ထင်လဲ..."
"အဲဒါက..." ကျီဝူပါ က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ပြောရခက်တယ်... ချန်ဖုန်း ရဲ့ ဂိုစွမ်းရည်က ကြောက်မက်ဖွယ်ကောင်းတဲ့ နှုန်းနဲ့ တိုးတက်နေတာ... သူ ရွှေ့လိုက်တဲ့ ရွှေ့ကွက်တိုင်းနဲ့ သူက တိုးတက်လာနေတာ..."
"မင်းရဲ့ ဦးလေးနျဲ့ က ဂိုအသင်း ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပေမဲ့...သူက အနည်းငယ် မောက်မာတယ်...ငါ စိုးရိမ်တာက..."
သူက ထိုနေရာတွင်သာ စကားရပ်လိုက်သည်။
ထိုအချိန်၌ နျဲ့ဖိန် သည် လျှပ်စီးလက်သည့်အလား အလျင်အမြန်ဖြင့် သူ၏ နယ်ရုပ်များကို ရွှေ့လိုက်၏။ သူကိုယ်သူ အတော်လေး ယုံကြည်မှု ရှိနေခဲ့သည်။ အကယ်၍ မျိုးဆက်သစ် လူငယ်တစ်ယောက်ကိုတောင် သူ အနိုင်မယူနိုင်ပါက ဂိုအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။
သို့သော် ဤသည်က အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားနိုင်ပေသည်။ ဂိုခုံပေါ်ရှိ အခြေအနေသည် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ အဖြူနှင့် အမည်း ရုပ်များကြားရှိ တိုက်ပွဲမှာ ပြင်းထန်လှပေသည်။
နျဲ့ဖိန် က သူ၏ ရွှေ့ကွက်များကို လျင်မြန်စွာ ပြုလုပ်ခဲ့သော်လည်း ချန်ဖုန်း ၏ ရွှေ့ကွက်များက ပို၍ပင် လျင်မြန်နေသေးသည်။ နျဲ့ဖိန် က သူ၏ အမည်းရုပ်ကို ချလိုက်တိုင်း ချန်ဖုန်း က သူ၏ အဖြူရုပ်ကို ချထားပြီးဖြစ်ကာ သူ၏ ရွှေ့ကွက်အတွက် စဉ်းစားရန်ပင် မလိုအပ်သည့်အလား ဖြစ်နေပေ၏။
သို့သော် သူ စဉ်းစားမနေဘူးဟုလည်း ပြော၍မရချေ။ ရွှေ့ကွက်တိုင်းက နျဲ့ဖိန် အား ချွေးသံတရွဲရွဲ ဖြစ်သွားစေပြီး တစ်ဖက်လူ ဖန်တီးထားသော ထောင်ချောက်ထဲသို့ သူ့ကိုယ်သူ တွန်းပို့နေရသည့်အလား ခံစားရစေသည်။ တူးဖောက် ဝင်ရောက်ရတော့မည်သာ။
"သောက်ကျိုးနည်း ဒါက အရမ်း ထူးဆန်းလွန်းတယ်..." နျဲ့ဖိန် က သူ၏ နဖူးမှ ချွေးစေးများကို သုတ်လိုက်၏။ အစပိုင်းတွင် သူ အခြေခံအားဖြင့် မည်သည့် ဖိအားကိုမျှ မခံစားခဲ့ရချေ။ ယခုအခါတွင်မူ သူ၏ ခေါင်းပေါ်သို့ တောင်တန်းကြီးတစ်ခု ဖိချခံထားရသည့်အလား ခံစားနေရပြီး အသက်ရှူရပင် ခက်ခဲလာတော့သည်။
"စီနီယာ ခင်ဗျား အလှည့်ရောက်ပြီ..." ချန်ဖုန်း က သူ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် နယ်ရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်သည်။
ဖြတ်…
ဤအသံက နျဲ့ဖိန် ၏ နှလုံးသားကို ထိမှန်သွားသည့်အလား တုန်ရီသွားစေခဲ့၏။ သူ၏ မျက်နှာပေါ်တွင် ယခင်က တစ်ကြိမ်မျှ မကြုံစဖူးသော လေးနက်မှုများ ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် သူ မနေနိုင်ဘဲ ချန်ဖုန်း အား မော့ကြည့်လိုက်တော့၏။
‘ဒီကောင်လေးက... လုံးဝကို လူသားတစ်ယောက် မဟုတ်တော့ဘူး…’
စောစောက သူ ကျီဝူပါ နှင့် ဂိုကစားနေစဉ်က ဤကောင်လေးသည် နောက်ထပ် ရွှေ့ကွက် ဆယ်ကွက်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှု အမျိုးမျိုးကို ကြိုတင်ခန့်မှန်းနိုင်ပုံ ရပေသည်။
သို့သော် ယခု သူနဲ့ ဂိုကစားနေတဲ့ အချိန်မှာကျတော့…ပြောင်းလဲမှု အမျိုးမျိုးရဲ့ အနည်းဆုံး ရွှေ့ကွက် ဆယ့်ငါးကွက်လောက်ကို ကြိုတင်ခန့်မှန်းနိုင်နေပုံရသည်။…
သူ ဘယ်နေရာကိုပဲ ချချ တစ်ဖက်လူက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။
ဒါက အတော်လေး ကြောက်စရာ ကောင်းနေပြီ။ နောက်ထပ် ရွှေ့ကွက် ဆယ့်ငါးကွက်မှာ နယ်ရုပ်တွေကို ဘယ်လိုချရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ ဒါဇင်ပေါင်းများစွာ ဒါမှမဟုတ် ရာပေါင်းများစွာ ရှိတယ်လေ။
သူ လုံးလုံးလျားလျား တုန်လှုပ်သွားရတော့၏။ ချန်ဖုန်းက အတိအကျ ဘယ်သူများလဲ ဟု နျဲ့ဖိန် စဥ်းစားနေမိသည်။
နျဲ့ဖိန် ဤမျှ လေးနက်နေသည်ကို ကျီဝူပါ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး တစ်ဖက်လူအား လှောင်ပြောင်ချင်စိတ် ပေါက်သွားစေလုနီးပါးပင်။
သို့သော် ချန်ဖုန်း ၏ ဂိုကစားသည့် စွမ်းရည်သည်လည်း အလွန်အမင်း မြင့်မားပုံရပေသည်။
"စီနီယာ ခင်ဗျား အလှည့်ရောက်ပြီ..." ချန်ဖုန်း က နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။
နျဲ့ဖိန် ၏ မျက်လုံးများက ဂိုခုံပေါ်တွင်သာ စူးစိုက်နေခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။
နျဲ့ဖိန်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်တော့၏။ "လူငယ်လေး... မင်းရဲ့ ဂိုကစားတဲ့ စွမ်းရည်က အံ့မခန်းပဲဆိုတာ ငါ ဝန်ခံရမယ်... မင်းရဲ့ လှည့်ကွက်ထဲ ငါ နည်းနည်းလေးနေရင် ကျသွားတော့မလို့...ခုနက ငါ နည်းနည်း ပေါ့ဆသွားတယ်...အခုမှ ငါ့ရဲ့ တကယ့် အစွမ်းအစ အစစ်အမှန်ကို ပြသရမယ့် အချိန်ပဲ..." ထိုသို့ပြောနေရင်းမှ နောက်ထပ် ရွှေ့ကွက်တစ်ခုကို သူ ပြုလုပ်လိုက်၏။
ချန်ဖုန်းကမူ တွေးတောရန်ပင် မလိုအပ်သည့်အလား တုံ့ဆိုင်းမှုမရှိဘဲ လိုက်လံ ရွှေ့လိုက်သည်။ ပွဲစတင်ကတည်းက ယခုအချိန်အထိ။ သူသည် ရွှေ့ကွက် တစ်ကွက်စီကို တွေးတောရန် နှစ်စက္ကန့်ထက် ပို၍ အချိန်ယူပုံ မရချေ။
ထိုအချိန်၌ နျဲ့ဖိန် ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားတော့၏။ ထိုးဖောက် ဝင်ရောက်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့သွားသည့်အလား သူ၏ နယ်ရုပ်ကို အလျင်အမြန် ချလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "လူငယ်လေး မင်း ရှုံးသွားပြီ...ငါနဲ့ အချိန်အကြာကြီး တိုက်ခိုက်နိုင်ခဲ့တာ မင်း တကယ်ကို အစွမ်းထက်တယ်..."
ဤသည်ကို ချန်ဖုန်း အား အသိအမှတ်ပြုမှု တစ်ခုအနေဖြင့်လည်း ယူဆနိုင်ပေသည်။
ချန်ဖုန်း ခပ်ဖျော့ဖျော့ ပြုံးရင်း ပြန်ပြောလိုက်၏။
"စီနီယာ ခင်ဗျား ရှုံးသွားပြီ..."
အဖြူရုပ် ကျရောက်သွားတော့သည်။ ထိုရွှေ့ကွက်က အခြေအနေကို ဖြေရှင်းနိုင်ခဲ့ရုံသာမက အခြေအနေကို ပြောင်းပြန်လှန်ပစ်မည့် လက္ခဏာများကိုလည်း ပြသနေခဲ့ပေ၏။ သို့သော် ၎င်းသည် အခြေအနေများကို ပြောင်းပြန်လှန်ပစ်မည့် အရိပ်အယောင်မျှသာ ဖြစ်ပေသည်။
"အင်း..." နျဲ့ဖိန် အနည်းငယ် အံ့အားသင့်သွားရ၏။
‘ငါက ဘယ်နေရာမှာ ရှုံးသွားလို့လဲ…’ ဟု သူ တွေးလိုက်သည်။
သူ မော့ကြည့်လိုက်ချိန်တွင် ချန်ဖုန်း ထွက်သွားခဲ့ပြီ ဖြစ်သည်။ နျဲ့ဖိန် တစ်ဦးတည်းသာ ဂိုခုံကို လေ့လာရန် ထိုနေရာတွင် ကျန်ရစ်ခဲ့တော့၏။
သို့သော် မကြာမီ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စစ်စီးကြောင်း ဖြတ်သန်းသွားသည့်အလား ခံစားလိုက်ရပြီး ထိုနေရာတွင်ပင် အေးခဲသွားပေ၏။
"ဒါက..."
"ဘာဖြစ်လို့လဲ..." ကျီဝူပါ မှာ စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ၏ ဂိုကစားသည့် စွမ်းရည်မှာ သိပ်မကောင်းလှသဖြင့် ပြောရခက်ပေ၏။
နျဲ့ဖိန် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူ၏ ကုလားထိုင်ပေါ်သို့ ခွေကျသွားတော့သည်။
"ငါ တကယ် ရှုံးသွားတာပါ... သူ့ရဲ့ နောက်ဆုံး ရွှေ့ကွက်က တကယ်ကို ပြောင်မြောက်လွန်းတယ်... နောက်ထပ် ရွှေ့ကွက် အနည်းငယ်လောက် ထပ်ရွှေ့လိုက်ရင် ငါ သေချာပေါက် ရှုံးသွားမှာပဲ..."