အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈) သမီးဖြစ်သူကို ရောင်းစားချင်နေသူ တစ်ယောက် ထပ်ပေါ်လာပြန်ပြီ
ကျီဝူပါ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေပေ၏။
သူ၏မိတ်ဆွေမှာ မောက်မာတတ်သော်လည်း သူ၏ ဂိုကစားသည့်စွမ်းရည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ ဟွာရှနိုင်ငံတွင် အကောင်းဆုံးမဟုတ်လျှင်တောင် ထိပ်တန်းအယောက်နှစ်ဆယ်စာရင်းဝင်တစ်ဦး ဖြစ်နေဆဲပင်။
"အဘိုးကြီးနျဲ့... သူ့ရဲ့စစ်တုရင်စွမ်းရည်က ဘယ်အဆင့်လောက်ထိ ရောက်နေပြီလို့ ထင်လဲ..."
"ပြောရခက်တယ်..."
နျဲ့ဖိန်က ခေါင်းယမ်းကာ ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက သူနဲ့ တစ်ပွဲပဲ ကစားရသေးတာဆိုတော့ ဒါပေမဲ့ သူက အနည်းဆုံးတော့ ပရော်ဖက်ရှင်နယ် အဆင့် ၈ အဆင့်လောက်တော့ ရှိလောက်တယ်..."
ချန်ဖုန်း၏ ကြိုတင်စီစဉ်မှုနှင့် တွက်ချက်နိုင်စွမ်းများက အလွန်အားကောင်းလှပေသည်။
"သူက ငါတို့ ဂိုအသင်းဥက္ကဋ္ဌနဲ့တောင် ရင်ပေါင်တန်းနိုင်လောက်တယ်..."
"အဲဒီလောက်တောင် စွမ်းတာလား..."
ကျီဝူပါ အနည်းငယ် အံ့အားသင့်သွားရချေပြီ။
သူကိုယ်တိုင်ကလည်း ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်ပေ၏။
စောစောက ချန်ဖုန်းနှင့် နျဲ့ဖိန်တို့ ဂိုကစားနေချိန်တွင် စစ်မြေပြင်တစ်ခုမှ သွေးဆာနေသော ရောင်ဝါမျိုးကို သူ ခံစားလိုက်ရသည်။
ထိုရောင်ဝါက လူများကို ပြင်းထန်သော ဖိနှိပ်မှုတစ်ခု ပေးစွမ်းနိုင်ခဲ့ပေ၏။
"ကောင်းပြီ... ဒီနေ့တော့ ဒီလောက်ပါပဲ..."
နျဲ့ဖိန်သည် စစ်တုရင်ခုံပေါ်ရှိ အနက်နှင့်အဖြူ ဂိုကျောက်ခဲများကို သိမ်းဆည်းလိုက်သည်။
သူ အနည်းငယ် စိတ်ဓာတ်ကျနေမိ၏။
နှစ်နှစ်ဆယ်ကျော်ကြာ ဝိချီ (ဂို) ကို လေ့လာဆည်းပူးခဲ့သော်လည်း ယနေ့တွင် လူငယ်တစ်ဦး၏ လက်ထဲ၌ အရှုံးပေးလိုက်ရချေပြီ။
လွန်ခဲ့သော ခဏလေးကပင်။
ချန်ဖုန်း၏ နောက်ဆုံးရွှေ့ကွက်သည် နတ်ဘုရားများ၏ ရွှေ့ကွက်နယ်ပယ်သို့ ရောက်ရှိသွားသလိုပင် သူ ခံစားလိုက်ရပေသည်။
ထိုအရာက ကစားသမားနှင့် ကစားပွဲကြားရှိ ပြီးပြည့်စုံသော သဟဇာတဖြစ်မှု အခြေအနေတစ်ခုပင် ဖြစ်၏။
ပြင်ပ အနှောင့်အယှက်အားလုံးကို ဖယ်ရှားပစ်နိုင်ပြီး ကြိုတင်စီစဉ်တွက်ချက်နိုင်စွမ်းကို အမြင့်ဆုံးသို့ မြှင့်တင်ကာ ကစားပွဲတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့နောက် သူ ခေါင်းယမ်းလိုက်၏။
ထိုစွမ်းရည်အဆင့်မျိုးမှာ တစ်နိုင်ငံလုံးရှိ မည်သည့် ဂိုကစားသမားနှင့်မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
တစ်ဖက်လူမှာ အသက်နှစ်ဆယ်ကျော်အရွယ်မျှသာ ရှိသေးသည်။
ကံကောင်းသွားတာများလား။
ဟုတ်ပေမည်။ ဒါက သေချာပေါက် ကံကောင်းသွားတာ ဖြစ်ရပေမည်။
"အဘိုးကြီးကျီ... ငါ သွားတော့မယ်... နောက်ရက်တွေကျရင် မင်းနဲ့ ဂိုကစားဖို့ အချိန်ရမယ်မထင်ဘူး... ကူရာကီယု ရောက်လာတာနဲ့ သွေးထွက်သံယို တိုက်ပွဲတစ်ပွဲ ထပ်ဖြစ်ဦးမှာပဲ..."
နျဲ့ဖိန်က လက်ဝှေ့ယမ်းပြလိုက်၏။
ပြန်လည်ဖြေကြားမှုကိုပင် မစောင့်တော့ဘဲ ကျီမိသားစု စံအိမ်ထဲမှ ထွက်ခွာသွားလေတော့သည်။
ကူရာကီယုကို ဆာကူရာနိုင်ငံ ၏ ထိပ်တန်း ဝိချီကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဟွာရှနိုင်ငံ ဂိုအသင်းတွင်လည်း ဂိုဆရာသခင် အများအပြား ရှိနေဆဲပင်။
အများပြည်သူများကြားတွင် ပုန်းကွယ်နေသော ဂိုဆရာသခင် အများအပြားလည်း ရှိနေသေးသည်။
သူတို့အနေဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးပေ၏။
အကယ်၍ အားလုံး ကျရှုံးသွားခဲ့လျှင်ပင်။
ယခင်က ဂိုသူတော်စင် (အဘိုးကြီးဖန်) သည် အသက်အရွယ်ကြီးရင့်မှုကြောင့် အနားယူသွားခဲ့ပြီ ဖြစ်သည်။
ထိုသူကို ပြန်လည်ခေါ်ထုတ်နိုင်ပါက ကူရာကီယုကို အနိုင်ယူရန် အခွင့်အရေး ရှိနေသေးပေ၏။
ဘာပဲဖြစ်ဖြစ် ဂိုသူတော်စင်၏ ဘိုးဘေးများထဲတွင် ဂိုဆရာသခင်ကြီးတစ်ဦး ပါဝင်ခဲ့ပြီး ထိုသူ၏ စွမ်းရည်များမှာ အလွန်ပင် မှတ်သားလောက်ဖွယ် ကောင်းလှပေသည်။
...
ချန်ဖုန်း ထွက်ခွာသွားချိန်တွင် ကျီဝူပါကို နှုတ်ဆက်ခဲ့သော်လည်း ကျီဝူပါ၏ အာရုံများမှာ စစ်တုရင်ခုံပေါ်တွင်သာ ရှိနေခဲ့သဖြင့် ချန်ဖုန်း မည်သည့်အချိန်က ထွက်သွားသည်ကို သူ သတိမထားမိခဲ့ချေ။
ကျီရွှယ်အာ သည်လည်း ချန်ဖုန်း၏ ဘေးတွင် ရှိနေခဲ့၏။
သူမ၏ မိဘများကလည်း ချန်ဖုန်းနှင့် တွေ့ဆုံလိုကြောင်း ပြောလာခဲ့သည်။
သူမ၏ မိဘများမှာ မြို့လယ်ခေါင်နှင့် ဝေးကွာသော ကျီမိသားစု စံအိမ်တွင် မနေထိုင်ဘဲ မြို့ထဲ၌ ဗီလာတစ်လုံး ဝယ်ယူထားကြပေ၏။
ချန်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားသည်။
ကျီရွှယ်အာက မနေနိုင်ဘဲ မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
"ရပါတယ်... သွားကြတာပေါ့..."
ချန်ဖုန်းတွင် သံသယအချို့ ရှိနေဆဲပင်။
ကျီဝူပါ၏ အဆိုအရ နန်ကုန်းမိသားစု သည် မိသားစုကြီးငါးခုထဲမှ တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သမိုင်းကြောင်းရှိကာ ဟွာရှနိုင်ငံ၏ စီးပွားရေးအသက်သွေးကြောကိုပင် လွှမ်းမိုးထားနိုင်စွမ်း ရှိပေသည်။
ထိုကဲ့သို့ ဩဇာကြီးမားသော မိသားစုမျိုးကို မည်သူကမျှ အလွယ်တကူ အနိုင်ကျင့်၍ မရနိုင်ချေ။
ပြီးခဲ့သည့်အကြိမ်က သူသည် နန်ကုန်းမိသားစုတွင် ပြဿနာကြီးတစ်ခု ဖန်တီးခဲ့ပြီး မိသားစုခေါင်းဆောင် နန်ကုန်းရှုံ ကို နောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့၏။
အခု ပြန်စဉ်းစားကြည့်လျှင်။
အန္တရာယ်အရှိဆုံးလူဆိုသည်မှာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိကာ ခိုင်မာသော အခြေခံအုတ်မြစ် ရှိသူပင် ဖြစ်ပေသည်။
ခနစဥ်းစားပီးနောက် ချန်ဖုန်း… ဖုန်းကို ထုတ်ယူလိုက်၏။
နန်ကုန်းမိသားစု၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန် အဇူရာနန်းတော် မှ လူများကို ညွှန်ကြားလျက် မျက်နှာတစ်ထောင်မြေခွေး ထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်လေသည်။
ကျီရွှယ်အာက ခေါင်းစောင်းကာ သူ့ကို သေချာစွာ အကဲခတ်နေ၏။
ရုတ်တရက် သူမက မေးလိုက်သည်။
"နင် ကူရာကီယုကို စိန်ခေါ်မှာလား..."
"ငါ အချိန်ရရင် သွားကြည့်လိုက်မယ်..."
ချန်ဖုန်းက တိကျသော အဖြေတစ်ခု မပေးခဲ့ချေ။ သူသည် ယခုအချိန်အထိ ကျီဝူပါ၊ နျဲ့ဖိန် တို့နှင့်သာ ကစားဖူးသေးသဖြင့် သူ၏ ဂိုစွမ်းရည် မည်မျှကောင်းမွန်သည်ကို သူကိုယ်တိုင်ပင် မသိသေးပေ။
ထို့အပြင် ဟွာရှနိုင်ငံတွင် အရည်အချင်းရှိသူ အများအပြား ရှိပေသည်။
ကူရာကီယုအနေဖြင့် လက်တစ်ချောင်းမျှပင် လှုပ်စရာမလိုဘဲ အရေးနိမ့်သွားနိုင်ချေ ရှိသည်။
နာရီဝက်ခန့် အကြာတွင်။
မြို့လယ်ကောင်ရှိ ဗီလာတစ်လုံးသို့ သူတို့ ရောက်ရှိလာခဲ့၏။
ထိုဗီလာမှာ ကျီရွှယ်အာ၏ မိဘများက သမီးဖြစ်သူနှင့်အတူ နေထိုင်နိုင်ရန် မကြာသေးမီကမှ ဝယ်ယူထားခြင်း ဖြစ်သည်။
"မစ္စတာချန်... ထိုင်ပါဦး..."
ကျီရွှယ်အာ၏ မိခင် ထန်ရွှမ်က အလွန်လှိုက်လှဲစွာ ကြိုဆိုလေ၏။
ချန်ဖုန်းဆိုသော နာမည်ကို သမီးဖြစ်သူထံမှသာမက မိသားစုခေါင်းဆောင် ကျီဝူပါထံမှပါ အကြိမ်ကြိမ် ကြားဖူးထားသောကြောင့် ဖြစ်သည်။
"ပြီးခဲ့တဲ့အကြိမ်က မစ္စတာချန် သတိပေးလိုက်လို့ ရွှယ်အာ ကားအက်ဆီးဒင့်ကနေ သီသီလေး လွတ်သွားခဲ့တယ်လို့ ကြားတယ်..."
"အန်တီက လူကိုယ်တိုင် ကျေးဇူးတင်ချင်နေတာ... ဒါပေမဲ့ အခွင့်အရေး မရခဲ့လို့ပါ..."
"ဒါက အကူအညီသေးသေးလေးပါ... ကျွန်တော် ခန့်မှန်းကြည့်ရုံပါ... အဲဒီနေ့က တကယ်ပဲ ကားအက်ဆီးဒင့် ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ချန်ဖုန်းက ကျီရွှယ်အာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်က သူ၏ဖုန်းထဲတွင် ကြိုတင်ခန့်မှန်းချက် ဗီဒီယိုတစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အမှန်တော့ ဤကိစ္စမှာ ကြီးမားသောကိစ္စလည်း မဟုတ်သလို သေးငယ်သောကိစ္စလည်း မဟုတ်ချေ။
လောလောဆယ် သူ ရိပ်မိလိုက်၏။
ကျီရွှယ်အာ၏ မိခင်က သူ့ကို ဆက်သွယ်လာခြင်းမှာ အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေရပေမည်။
"မစ္စတာချန်... မင်းနဲ့ ရွှယ်အာက တက္ကသိုလ်မှာ အတန်းဖော်တွေလို့ ကြားတယ်..."
ထန်ရွှမ်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေ၏။
ဤအပြုံးက ချန်ဖုန်းအတွက် ပို၍ပို၍ ရင်းနှီးလာသလို ခံစားရပြီး ရွှီချင်းချန် ၏ အိမ်သို့ သူသွားလည်ချိန်က ရွှီချင်းချန်မိခင်၏ မျက်နှာပေါ်ရှိ အပြုံးနှင့် တစ်ထပ်တည်းကျနေပေသည်။
ပြီးတော့ ရှန်ကွမ်ယွဲ့ ၏ အိမ်သို့ သွားချိန်ကလည်း ရှန်ကွမ်ယွဲ့၏ မိခင်မှာ ဤကဲ့သို့ မျက်နှာအမူအရာမျိုး ရှိနေခဲ့၏။
‘သောက်ကျိုးနည်း…
မဖြစ်နိုင်ပါဘူး…’
ချန်ဖုန်းက ဘေးတွင်ရှိနေသော ကျီရွှယ်အာကို တစ်ချက်ကြည့်ကာ ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့က ကျောင်းတစ်ကျောင်းတည်းက ဆိုပေမဲ့ အရင်က တစ်ခါမှ မဆုံဖူးပါဘူး...ကျွန်တော်တို့က သိပ်မရင်းနှီးပါဘူး... မကြာသေးခင်ကမှ သိကြတာပါ..."
"အမေ... ချန်ဖုန်းကို မေးခိုင်းတဲ့ကိစ္စက ဒါလား..."
ကျီရွှယ်အာ၏ မျက်နှာထားက အနည်းငယ် ထူးဆန်းနေ၏။
လုပ်စရာ ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေတာ မဟုတ်ဘူးလား။ ဘာလို့ သူမအမေက သူ့သမီးကို ရောင်းစားတော့မယ့်ပုံစံမျိုး ဖြစ်နေရတာလဲ။
"စကားမဖြတ်နဲ့ ကလေးမ..."
ထန်ရွှမ်က သူမကို မျက်စောင်းမထိုးဘဲ မနေနိုင်တော့ချေ။
ထို့နောက် ချန်ဖုန်းကို ထပ်မံကြည့်ရှုလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
"ငါတို့ ကျီမိသားစုက ကျိုတိုက မိသားစုကြီးငါးခုထဲက တစ်ခုဖြစ်ပြီး ကျီရွှယ်အာက မိသားစုထဲမှာ တစ်ဦးတည်းသော မိန်းကလေးလေ..."
“သူမရဲ့ နောက်ခံကြောင့်လည်း လက်တွဲဖော်ရှာရ ခက်ခဲလှတယ်လေ
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ မိသားစုနောက်ခံနှင့် ကိုယ်ပိုင်အရည်အချင်းတွေကို ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်သေးတော့
ရွေးချယ်စရာ လူနည်းလွန်းသွားတာပေါ့…”
“ပြီးခဲ့သည့်အကြိမ်ကလည်း… နန်ကုန်းမိသားစုရဲ့ သခင်လေး နန်ကုန်းရိက ရွှယ်အာကို လိုက်နေခဲ့သေးတယ်လေ…”
“ဒီသခင်လေး နန်ကုန်းရိက အရည်အချင်းပိုင်းမှာလည်း အနည်းငယ် လိုအပ်ချက်တွေ ရှိနေသေးတယ်…
ဒါပေမဲ့ သူက နန်ကုန်းမိသားစုက
ဖြစ်နေသေးတော့ ရွှယ်အာက တိုက်ရိုက်ကြီး ငြင်းလို့အဆင်မပြေဘူးလေ…”
ထို့သို့ပြေရင်း သူမက ချန်ဖုန်းကို ရုတ်တရက် ကြည့်ကာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ မင်းနဲ့ ရွှယ်အာတို့ ရင်းနှီးနေတယ်လို့ ကြားပြီးကတည်းက သခင်လေး နန်ကုန်းရိက ရွှယ်အာကို ထပ်ပြီး နှောင့်ယှက်ရဲတဲ့သတ္တိ မရှိတော့ဘူးလေ..."
"မစ္စတာချန်... အန်တီ့သမီးက ရည်းစားရှာလို့ မရတော့ဘူး... မင်း တာဝန်ယူပေးမှ ရမယ်..."
"ကျွန်တော်..."
ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
‘ဒါက ငါနဲ့ ဘာဆိုင်လို့လဲ’
ထန်ရွှမ်၏ အပြုံးက ပို၍ပို၍ ကျယ်ပြန့်လာခဲ့သည်။
"မစ္စတာချန်... အန်တီက တခြားသဘောနဲ့ ပြောတာ မဟုတ်ပါဘူး... တကယ်လို့ မင်းရဲ့ ပတ်ဝန်းကျင်မှာ အရည်အချင်းပြည့်မီတဲ့ လူပျိုလေးတွေ ရှိရင်...ငါတို့ ရွှယ်အာနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်..."
သူမ၏စကားများက အတော်လေး အဓိပ္ပာယ်ပါပြီး ချန်ဖုန်းကို သူမ၏ သမက်အဖြစ် လိုချင်ကြောင်း ဗြောင်ကျကျ ကြေညာနေသကဲ့သို့ပင်။
"အမေ... အမေ့မှာ လုပ်စရာ အရေးကြီးတဲ့ကိစ္စတွေ မရှိဘူးလား..."
ကျီရွှယ်အာမှာ မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားရပေသည်။
သူမသည် ချန်ဖုန်းနှင့် အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသော်လည်း သူ့အပေါ် အနည်းငယ် သဘောကျမိသည်မှာ အမှန်ပင်။ ဒါပေမဲ့ အဲဒီအဆင့်ထိတော့ တကယ် မရောက်သေးဘူးလေ။
"အေးပါ... အေးပါ... အဓိကကိစ္စကို သွားကြတာပေါ့..." ထန်ရွှမ်က အလျင်အမြန် စကားလွှဲလိုက်၏။
တချို့ကိစ္စများက မပြောဘဲထားတာက အကောင်းဆုံးဖြစ်ပြီး ထပ်ခါတလဲလဲ ပြောနေခြင်းက ပြောင်းပြန်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပေသည်။
—