အခန်း ၁၀၈၉
Vol. 79 Ch. 1089
အခန်း ၁၀၈၉ ငါက တာအို သမုဒ္ဒရာရဲ့ ရှေးဟောင်းဘိုးဘေး ပဲ
စုမင်၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည့် ခဏ၌ အင်မော်တယ် မဟာမိတ် အဖွဲ့၏ တပ်မတော်ကြီး အထက်ရှိ နဂါးငွေ့တန်းကြီး ပုံပျက်သွားကာ ဧရာမ မျက်လုံးကြီးများ လျင်မြန်စွာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
မျက်လုံး တစ်လုံးစီတိုင်းမှာ ပေတစ်ထောင်ခန့် ကြီးမားပြီး မျက်လုံးပေါင်း တစ်ထောင်ကျော်က တစ်ပြိုင်တည်း ဆင်းသက်လာကြခြင်း ဖြစ်သည်။ ထိုမျက်လုံးများပေါ်တွင် သွေးကြောမျှင်များ ယှက်နွယ်နေပြီး ထူးဆန်းကာ ရူးသွပ်နေသည့် အငွေ့အသက်များကို ထုတ်လွှင့်နေကြသည်။ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးကြီးများ အားလုံးထံမှ မျက်စိကျိန်းမတတ် အလင်းရောင်များ တောက်ပလာခဲ့သည်။
တစ်ခဏချင်း အတွင်းပင် အလင်းတန်း တစ်ထောင်ကျော် ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများ အားလုံးထဲတွင် စုမင်၏ မှတ်ဉာဏ်ထဲ၌ အထင်းသား စွဲထင်နေဆဲဖြစ်သော အရာတစ်ခုဖြစ်သည့် ပျက်သုဉ်းခြင်း လျှပ်စီးများ ပါဝင်နေခဲ့သည်။
ယင်း၏ အစွမ်းအာနိသင်ကို အကဲခတ်ကြည့်ရလျှင် ထိုအရာက နေမင်း ပျက်သုဉ်းခြင်း လျှပ်စီးတော့ မဟုတ်ချေ။ လမင်း ပျက်သုဉ်းခြင်း လျှပ်စီးထက်လည်း အနည်းငယ် အားနည်းနေသေးရာ ဤသည်မှာ ကမ္ဘာမြေပြင် ပျက်သုဉ်းခြင်း လျှပ်စီးသာ ဖြစ်နိုင်ခြေရှိသည်။ သို့တိုင်အောင် ထိုလျှပ်စီးက ကမ္ဘာမြေပြင် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ အားလုံးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ကောင်းကင်ယံသို့ ထိုးတက်သွားစဉ် စူးရှသော အော်ဟစ်သံများစွာကလည်း ဟင်းလင်းပြင် တစ်ခွင်၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုခဏ၌ပင် နံနက်ခင်း တာအိုဂိုဏ်း၏ တပ်မတော်ထဲတွင် ထိခိုက်ကျဆုံးမှုများစွာ ဖြစ်ပေါ်သွားခဲ့ရသည်။
စုမင်ထံသို့လည်း အလင်းတန်း တစ်တန်း တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ ယင်းထဲတွင် ကမ္ဘာမြေပြင် ပျက်သုဉ်းခြင်း လျှပ်စီး စုစုပေါင်း တစ်ရာ တိတိ ပါဝင်နေခဲ့သည်။ လျှပ်စီးများ ဆင်းသက်လာစဉ် သူ့အထက်၌ ပြန့်ကျဲသွားပြီး ကျယ်လောင်သော မြည်ဟည်းသံကြီးများနှင့်အတူ ပတ်ဝန်းကျင် ဧရိယာထဲသို့ ကျရောက်လာတော့သည်။
အချို့သော လျှပ်စီးများက စုမင်ထံသို့ တည့်တည့် ဦးတည်လာခဲ့သော်လည်း သူကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ ကမ္ဘာမြေပြင် ပျက်သုဉ်းခြင်း လျှပ်စီးများ သူ့ထံသို့ ပြေးဝင်လာသည့် ခဏ၌ပင် ညာလက်ကို မြှောက်ကာ လက်မောင်းအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ထိုလျှပ်စီးတန်းများအား သူ ဆုပ်ကိုင်လိုက်ပြီး တစ်ချက် ညှစ်လိုက်ရာ သူ့ဝိညာဉ်ထဲရှိ အသက် ပျက်စီးခြင်း မျိုးစေ့၏ အကူအညီဖြင့် ထိုလျှပ်စီးများ အားလုံးကို လွင့်စင်ပျောက်ကွယ်သွားစေခဲ့သည်။
'လုံးဝကို အသုံးမဝင်ဘူးပဲ။ ဒီလျှပ်စီးတန်းတွေကို ဖန်တီးဖို့ သုံးထားတဲ့ သွေးတွေက အရမ်းကို ရောနှော ရှုပ်ထွေးနေတာပဲ'
စုမင် ခေါင်းခါလိုက်သည်။ သူ့ဆုပ်ကိုင်ထားမှုကို ဖြေလျှော့လိုက်သောအခါ မွဲခြောက်ခြောက် ရွှေရောင် သွေးစက် အနည်းငယ်က လက်ဝါးပေါ်တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုအလင်းရောင်မှာ အလွန် မှိန်ဖျော့နေပြီး စုမင်၏ လက်ဝါးပေါ်မှ အားလုံး လွင့်စင်သွားခဲ့သည်။ ယင်းတို့ကို စုပ်ယူရန် တန်ဖိုး တစ်စက်ကလေးမျှပင် မရှိချေ။
မျက်လုံးကြီးများက အလင်းတန်းများကို အပြင်ဘက်သို့ ပစ်လွှတ်လိုက်သောအခါ နံနက်ခင်း တာအိုဂိုဏ်း၏ တပ်မတော်ထဲမှ ကျယ်လောင်သော လေခွင်းသံများ ထွက်ပေါ်လာခဲ့သည်။ လူဆယ်ယောက်၏ ပုံရိပ်များ လေထဲသို့ ထိုးတက်လာပြီး သူတို့ ပျံသန်းထွက်ပေါ်လာသည့် ခဏ၌ပင် သူတို့၏ နောက်ကျောဘက်တွင် နေကပ်ဘေး နယ်ပယ်ကို ကိုယ်စားပြုသော နေမင်း ဆယ်စင်း ပေါ်ထွက်လာခဲ့သည်။
နေမင်း အားလုံးမှာ မတူညီသော အလင်းရောင်များဖြင့် တောက်ပနေကြသည်။ ထိုလူဆယ်ယောက်စလုံးမှာ နေကပ်ဘေး နယ်ပယ်မှ စွမ်းအားရှင်များ ဖြစ်ကြပြီး မျက်လုံးကြီးများထံသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ တစ်ချိန်တည်းပင် သူတို့ နောက်မှ လူရာပေါင်းများစွာ ပျံသန်းထွက်လာကြပြီး သူတို့နောက်ကျော၌ လမင်း ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ သူတို့ ရှေ့သို့ ချီတက်သွားချိန်တွင် နဂါးငွေ့တန်းကြီး တစ်ခုလုံးမှာ နေမင်းများနှင့် လမင်းများ၏ အလင်းရောင်တို့ဖြင့် တစ်ခဏမျှ လင်းထိန်သွားခဲ့သည်။ ၎င်းတို့က တောက်ပမှုအပိုင်းတွင် ပြိုင်ဘက်ကင်းသော မျက်စိကျိန်းမတတ် အလင်းရောင်များကို ဖန်တီးပေးနေကြသည်။
ထိုသူများက လျင်မြန်စွာ လှုပ်ရှားကာ မျက်လုံးကြီးများဆီသို့ ချက်ချင်း ရောက်ရှိသွားကြသည်။ နောက်တစ်ခဏတွင်မူ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
စုမင်၏ မျက်နှာအမူအရာကမူ ပြောင်းလဲခြင်း မရှိချေ။ သူတို့ကို တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် အင်မော်တယ် မဟာမိတ် အဖွဲ့ဆီသို့ ဆက်လက် ပြေးဝင်သွားရန် ပြင်လိုက်စဉ် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မျက်လုံးများထဲတွင် တောက်ပကာ ထက်မြက်သော အလင်းတစ်ချက် လင်းလက်သွားခဲ့သည်။
အဝေးရှိ ဘီလူးကြီး ဘေးမှ အရေးမပါလှဟု ထင်ရသော ဝတ်ရုံနက်နှင့် လူ လှုပ်ရှားသွားသည်ကို သူ မြင်လိုက်ရသည်။ ထိုသူက အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ မျက်လုံးကြီးများ ပေါ်ထွက်လာရာ နေရာဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
တစ်ချိန်တည်းပင် ဝတ်ရုံနက်နှင့် လူသည် ညာလက်ကို မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ခေါက်လိုက်ပြီးနောက် အောက်ဘက်ရှိ နဂါးငွေ့တန်းကြီးဆီသို့ ဖိချလိုက်သည်။
နဂါးငွေ့တန်းကြီးဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို စုမင် ချက်ချင်း အာရုံခံမိလိုက်ပြီး အားကောင်းသည့် တုန်ခါမှုများက ထိုနေရာ တစ်ဝိုက်အား လှုပ်ခါသွားစေသည်။ ထိုတုန်ခါမှုများမှာ မျှော်လင့်မထားဘဲ ထွက်ပေါ်လာခြင်းဖြစ်ရာ ကျင့်ကြံသူ အများအပြားမှာ ကြိုတင် သတိမထားမိခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဝတ်ရုံနက်နှင့် ကျင့်ကြံသူကို အစဉ်တစိုက် အာရုံစိုက်နေသော စုမင်ကဲ့သို့ လူမျိုး အလွန် နည်းပါးသောကြောင့်ပင်။
နဂါးငွေ့တန်းကြီး တုန်ခါသွားသည့် ခဏ၌ စစ်မြေပြင်၏ အစွန်အဖျားမှာ ဧရာမ အလင်းရင်းမြစ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မျက်စိကျိန်းလောက်သော အလင်းစက် နှစ်စက် ရှိနေခဲ့သည်။ ထိုအလင်းစက်များ ပေါ်လာသောအခါ မတူညီသော လမ်းကြောင်း နှစ်ကြောင်းဆီသို့ ပြန့်ထွက်သွားကြသည်။ ဤအခြေအနေက အသက်ရှူရုံမျှ အချိန်လေးသာ ကြာမြင့်ခဲ့ပြီးနောက် အလင်းစက်များ တစ်စက်နှင့် တစ်စက် ချိတ်ဆက်မိသွားကာ စစ်မြေပြင်ကို ဝန်းရံလျက် ဧရာမ စက်ဝိုင်းကြီး တစ်ကွင်း အဖြစ် ဖန်တီးလိုက်ကြသည်။
'ဒါပဲ... ဒါက ရေတွင်းပဲ။ ပြီးတော့ သူက အဲဒီထဲကနေ လမင်းကို ဆယ်ယူတော့မှာပဲ'
စုမင်၏ မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ ထိုနယ်မြေရှိ မည်သည့် သဘာဝ နိယာမတရားများ ပြောင်းလဲသွားသည်ကိုမျှ သူ အာရုံမခံမိချေ။ ဝတ်ရုံနက်နှင့် လူ ပြုလုပ်နေသော အရာက နိယာမတရားများကိုပင် ကျော်လွန်နေသည့်အလားပင်။ အမှန်တကယ်တွင်မူ သူ့သိုင်းပညာရပ်မှာ သုံးပါးပေါင်းစပ် ကန္တာရ မဟာ စကြဝဠာကိုပင် ကျော်လွန်နေသည်ဟု ဆိုနိုင်ပေသည်။ ထိုသည်က ဤနေရာနှင့် မသက်ဆိုင်ဘဲ အခြား ပြင်ပကမ္ဘာများမှ လာသော နတ်ဘုရား စွမ်းရည် တစ်ခု ဖြစ်ပေမည်။
ထို့ကြောင့်ပင် ဤပညာရပ်က သုံးပါးပေါင်းစပ် ကန္တာရ မဟာ စကြဝဠာ၏ မည်သည့် နိယာမတရားကိုမျှ လှုပ်ခတ်သွားစေခြင်း မရှိခဲ့ချေ။ ဝတ်ရုံနက်နှင့် လူသည် ဤနေရာရှိ နိယာမများအား မလှုပ်ခတ်စေဘဲ အခြား စကြဝဠာ တစ်ခု၏ စွမ်းအားကို လမ်းညွှန်ခေါ်ဆောင်နေခြင်း ဖြစ်ရာ သုံးပါးပေါင်းစပ် ကန္တာရ မဟာ စကြဝဠာမှ ကျင့်ကြံသူများက သတိမထားမိနိုင်ကြချေ။
ဝုန်း...
ထိုစက်ဝိုင်းကြီး ပေါ်လာသည့် ခဏ၌ နဂါးငွေ့တန်းကြီး အတွင်းရှိ တုန်ခါမှုများက ပို၍ပင် အားကောင်းလာခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုခဏ၌ ၎င်းကို ဧရာမ ကုန်းမြေကြီး တစ်ခုနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုတုန်ခါမှုများမှာ မြေနဂါး တစ်ကောင် လူးလွန့်နေသည်နှင့် ဆင်တူနေပေမည်။ မြေကြီးမှာ မရပ်မနား နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေခဲ့သည်။
ထိုစက်ဝိုင်းကြီး ပေါ်လာသောအခါ ထိုနေရာမှာ ပတ်ဝန်းကျင်ရှိ နဂါးငွေ့တန်းကြီးထံမှ ခွဲထွက်သွားသည့်အလား ဖြစ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင့်မားသော နေရာမှ လှမ်းကြည့်မည်ဆိုပါက စစ်မြေပြင်ကြီးမှာ ဧရာမ ရေတွင်းကြီး တစ်တွင်းအသွင် စတင် ပြောင်းလဲလာပြီး ပတ်ပတ်လည်ရှိ နဂါးငွေ့တန်းကြီးကမူ ယင်းအတွက် နောက်ခံအဖြစ် တည်ရှိနေသော မြေပြင် တစ်ပြင် ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေမည်။
ထိုအချိန်တွင် ဝတ်ရုံနက်နှင့် လူသည် မျက်လုံးကြီးများဆီသို့ အနီးကပ် ချဉ်းကပ်သွားပြီ ဖြစ်သည်။ နံနက်ခင်း တာအိုဂိုဏ်း၏ တပ်မတော်ထဲမှ အေးစက်သော နှာမှုတ်သံ တစ်ချက် ထွက်ပေါ်လာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အလင်းတန်း တစ်တန်းက ဝတ်ရုံနက်နှင့် လူဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ထိုသည်ကား အိုမင်းနေသော အနန္တတန်ခိုးရှင် တစ်ဦးပင်။ ထိုအဖိုးအိုတွင် ဆံပင်ဖြူများ ရှိနေပြီး သူ့ထံ၌ မည်သည့် ကံကြမ္မာ နိယာများမျှ မရှိချေ။ သူသည် အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် တစ်ဦး ဖြစ်သည်။
သူ့အလျင်မှာ အလွန် မြန်ဆန်သဖြင့် ဝတ်ရုံနက်နှင့် လူဆီသို့ ချက်ချင်း ကပ်သွားခဲ့သော်လည်း ထိုခဏမှာပင် ဝတ်ရုံနက်နှင့် လူက သူ့လက်မောင်းများကို ဝှေ့ယမ်းလိုက်သည်။ သူသည် သူ့ရှေ့တွင် လက်ချောင်းများကို ဆက်ကာ စက်ဝိုင်း တစ်ဝိုင်း ဖန်တီးလိုက်သည်။ အိုမင်းနေသော တန်ခိုးရှင်ကို တစ်ချက်မျှပင် မကြည့်ဘဲ စစ်မြေပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားစေမည့် ခပ်တိုးတိုး အော်ဟစ်သံ တစ်သံ ပြုလုပ်လိုက်သည်။
သူ့အသံတွင် ထူးဆန်းသော စည်းချက် တစ်ခု ပါဝင်နေခဲ့သည်။
"ရေတွင်းဟာ နဂါးငွေ့တန်းကြီးရဲ့ မူလအစဖြစ်ပြီး လမင်းဟာ သက်ရှိအားလုံးရဲ့ အစွန်းအဖျား ဖြစ်တယ်။ ရေတွင်းကို လောကအဖြစ် သတ်မှတ်ပြီး ငါဟာ လမင်းရဲ့ အမှတ်အသားကို စုဆောင်းမယ်။ ရေတွင်းထဲမှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေလို မင်းတို့ရဲ့ ဝိညာဉ်တွေ အားလုံးကို ငါ ဆယ်ယူမယ်။ ဒါဟာ... ရေတွင်းထဲက လမင်းကို ဆယ်ယူခြင်း ပညာရပ် ဖြစ်တယ်"
သူ့စကားသံများ လေထုထဲ၌ ပဲ့တင်ထပ်သွားစဉ် ဝတ်ရုံနက်နှင့် လူသည် လက်မောင်းများကို ဝှေ့ယမ်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဝတ်ရုံနက်နှင့် လူ၏ ဝှေ့ယမ်းလိုက်သော လက်မောင်းများထံမှ မမြင်နိုင်သော လှိုင်းဂယက်များ ပြန့်ထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နံနက်ခင်း တာအိုဂိုဏ်းမှ အရှင်သခင် နယ်ပယ်ရှိ တန်ခိုးရှင်က ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ ညာလက်ကို မြှောက်ကာ ရှေ့သို့ လျင်မြန်စွာ တွန်းထုတ်လိုက်သည်။
နဂါးငွေ့တန်းကြီး တုန်ခါသွားခဲ့သည်။ ပေတစ်သိန်းခန့် ကြီးမားပြီး ဆက်လက် ကြီးထွားနေဆဲဖြစ်သော ဧရာမ လက်ဝါးကြီး တစ်ဖက် နဂါးငွေ့တန်းထဲ၌ ပေါ်ထွက်လာကာ တိုးဝင်လာသော လှိုင်းဂယက်များနှင့် ဝတ်ရုံနက်နှင့် လူအား တွန်းထုတ်လိုက်သည်။
"အရိုင်းအစိုင်း စွမ်းအားတစ်ခုပါပဲ။ မင်းက နိဗ္ဗာနနယ်ပယ်ရဲ့ ကောင်းကင်ဘုံ မူလအစကိုတောင် နားမလည်ခဲ့ဘူးပဲ။ ပုံသဏ္ဌာန် သက်သက်ကိုပဲ ပိုင်ဆိုင်ထားတော့ ဘာအဓိပ္ပာယ် ရှိမှာလဲ"
ဝတ်ရုံနက်နှင့် လူက ခေါင်းခါလိုက်သည်။ သူ့မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း နဂါးငွေ့တန်းထဲ၌ ပဲ့တင်ထပ်နေသော စကားသံများအပေါ် မူတည်၍ သူ့အသံထဲရှိ မထီမဲ့မြင် ပြုမှုများကို လူတိုင်း ကြားသိနိုင်သည်။
နံနက်ခင်း တာအိုဂိုဏ်းမှ အရှင်သခင် နယ်ပယ် တန်ခိုးရှင်၏ ဧရာမ လက်ဝါးကြီးက လှိုင်းဂယက်များနှင့် ဝင်တိုက်မိသောအခါ ဝုန်းခနဲ မြည်သံနှင့်အတူ ပြိုကွဲပျောက်ကွယ်သွားခဲ့သည်။ လှိုင်းဂယက်များကမူ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ဆက်လက် ပြန့်နှံ့နေခဲ့သည်။ ထိုလက်ဝါးကြီးမှာ ဆူပွက်နေသော ရေနွေးနှင့် တွေ့သောအခါ ဆီးနှင်းများ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ဤသည်ကား ပျက်သုဉ်း ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး ပြိုလဲသွားခြင်း မဟုတ်ပေ။ အကယ်၍ ထိုလက်ဝါးကြီးသာ ပြိုလဲသွားမည် ဆိုပါက ဖရိုဖရဲ အပိုင်းအစများအဖြစ် ကြေမွသွားကာ နောက်သို့ လွင့်စင်သွားမည် ဖြစ်သော်လည်း ပျက်သုဉ်း ပျောက်ကွယ်သွားခြင်းကမူ ယင်းကို အမှုန်အမွှားလေးများ အဖြစ်သို့ ရောက်သည်အထိ ချေဖျက်ပစ်ခြင်းပင်။
ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သွားသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ပေတစ်သိန်း ကြီးမားသော လက်ဝါးကြီးမှာ ပျက်သုဉ်း ပျောက်ကွယ်သွားခဲ့သည်။ အရှင်သခင် နယ်ပယ်မှ အဖိုးအို၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်သွားစဉ် သူ့ခန္ဓာကိုယ် တုန်ရီသွားပြီး လမင်း အမှတ်အသား တစ်ခုက မျက်ခုံးနှစ်ခုကြား၌ ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းပင် နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူ အားလုံးက သူတို့၏ မျက်ခုံးနှစ်ခုကြား၌ လမင်း အမှတ်အသား ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။ သူတို့၏ ဝိညာဉ်များထံမှ လှိုင်းဂယက် တစ်ခု ချက်ချင်း ပြန့်ထွက်သွားခဲ့သည်။
အမှန်တကယ်တွင်မူ မျက်လုံးကြီးများနှင့် တိုက်ခိုက်နေသော လကပ်ဘေးနှင့် နေကပ်ဘေး နယ်ပယ်များမှ တန်ခိုးရှင်များပင်လျှင် အမှတ်အသား ခတ်နှိပ်ခံရခြင်းမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။ ၎င်းက သူတို့ အားလုံး ကံကြမ္မာ၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံလိုက်ရသည့်အလား ဖြစ်နေပေသည်။
သူတို့ အားလုံး၏ မျက်ခုံးနှစ်ခုကြား၌ လမင်း အမှတ်အသား ရရှိသွားသည့် ခဏ၌ ဝတ်ရုံနက်နှင့် လူက ညာလက်ကို မြှောက်လိုက်သည်။ သူ့မျက်လုံးထဲတွင် နဂါးငွေ့တန်းထဲရှိ စက်ဝိုင်းကြီးက တကယ့် ရေတွင်း တစ်တွင်းအဖြစ် ရှိနေပြီး မျက်ခုံးနှစ်ခုကြား၌ လမင်း အမှတ်အသား ရှိနေသော နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူ အားလုံးမှာ ရေတွင်းထဲရှိ ရေပြင်ပေါ်တွင် ထင်ဟပ်နေသော လမင်း၏ ပုံရိပ်များအဖြစ် ရှိနေသည့်အလားပင်။
သူသည် လက်ကို မြှောက်ကာ ရေတွင်းထဲမှ လမင်းအား ဆယ်ယူလိုက်သည့်အလား ရေတစ်ခွက်ကို ညင်သာစွာ ခပ်ယူလိုက်သည်။
နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူ အားလုံး တစ်ပြိုင်တည်း တုန်ခါသွားကြသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်လာသည်။ ချက်ချင်းဆိုသလို သွေးကြောမျှင်များက သူတို့ မျက်လုံးများထဲတွင် ပြည့်နှက်သွားခဲ့သည်။ သူတို့ ခန္ဓာကိုယ်များ တုန်ရီနေပြီး သူတို့၏ ဝိညာဉ်များက မျက်ခုံးနှစ်ခုကြားရှိ လမင်း အမှတ်အသားမှတစ်ဆင့် ခန္ဓာကိုယ် ပြင်ပသို့ အတင်းအကျပ် ဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။
ဝတ်ရုံနက်နှင့် လူက လမင်းကို ဆယ်ယူလိုက်ခြင်း မဟုတ်ဘဲ နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူ အားလုံး၏ ဝိညာဉ်များအား ဆယ်ယူလိုက်သည့်အလားပင်။
စုမင်သည် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ အင်မော်တယ် မဟာမိတ် အဖွဲ့မှ ဝတ်ရုံနက်နှင့် လူ၏ စွမ်းအား အကြောင်းကို သူ ကြားဖူးကောင်း ကြားဖူးနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ဘိုးဘေး ထိုက်ရှန်းမှာ ဝတ်ရုံနက်နှင့် လူ တစ်ယောက်ကို တိုက်ခိုက်စဉ်က ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ဖူးသည်။ ထို့ကြောင့်ပင် စုမင်၏ နှလုံးသားထဲတွင် ဝတ်ရုံနက်နှင့် လူမှာ စွမ်းအားကြီးမားသော တည်ရှိမှု တစ်ခု ဖြစ်သော်လည်း သူ့ခွန်အားတွင် အကန့်အသတ်များ ရှိနေသေးသည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုမူ ၎င်းက လုံးဝ ထိုသို့ မဟုတ်ကြောင်း သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဝတ်ရုံနက်နှင့် လူ ထုတ်ဖော်လိုက်သော နတ်ဘုရား စွမ်းရည်မှာ ယခင်က မကြုံဖူးလောက်အောင် ဖြစ်ရုံသာမက မဖြစ်နိုင်သော အရာ တစ်ခုပင် ဖြစ်သည်။ ထိုသည်က အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် တစ်ဦးကိုပင် တံဆိပ်ခတ်နှိပ် နိုင်ပေသည်။ သူ့စွမ်းရည်၏ စွမ်းအားမှာ သေချာပေါက် ဘိုးဘေး ထိုက်ရှန်း ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိမည့် အရာမျိုး မဟုတ်ချေ။
သူတို့က လူ တစ်ယောက်တည်း မဟုတ်လျှင် သို့မဟုတ် ဝတ်ရုံနက်နှင့် လူများကြားတွင် စွမ်းအား အပိုင်း၌ ကွာခြားမှုများ ရှိနေလျှင်လွဲ၍ ဘိုးဘေး ထိုက်ရှန်း အနေဖြင့် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ ဘိုးဘေး ထိုက်ရှန်းက ကံကြမ္မာ နယ်ပယ်သို့ ခြေတစ်လှမ်းဝက်မျှသာ လှမ်းရသေးသူ မဟုတ်လော။
ဝတ်ရုံနက်နှင့် လူ အသုံးပြုလိုက်သော စွမ်းအားမှာ စုမင်၏ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းကိုပင် ကျော်လွန်နေခဲ့သည်။ နတ်ဘုရား စွမ်းရည်များကို ဤကဲ့သို့ အသုံးပြုနိုင်မည်ဟု သူ တစ်ခါမျှပင် မစဉ်းစားဖူးခဲ့ချေ။ ထိုသူက နိယာမများကို အသုံးပြုနေခြင်း မဟုတ်သကဲ့သို့ ယင်းတို့အား ဖန်တီးနေခြင်းလည်း မဟုတ်ချေ။ ထိုအစား သူသည် စကြဝဠာထဲတွင် ပုန်းကွယ်နေပြီး မဟာလောကကြီး လေးခုမှ လူများ ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ရှာဖွေ မတွေ့ရှိသေးသည့် အခြားသော စွမ်းအား ပုံစံ တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
စုမင်၏ နှလုံးသား တုန်ရီသွားစဉ် စစ်မြေပြင်ထဲရှိ အရာအားလုံးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဤသည်မှာ သာမန် ရပ်တန့်သွားခြင်း မဟုတ်ဘဲ ပတ်ပတ်လည်ရှိ နဂါးငွေ့တန်း၊ စကြဝဠာ တစ်ခုလုံးနှင့် ဝတ်ရုံနက်နှင့် လူ၏ စွမ်းအားပါမကျန် တစ်ခဏချင်း အတွင်း ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် စုမင်၏ ခန္ဓာကိုယ်မှာလည်း လှုပ်ရှားနိုင်စွမ်း အားလုံး ဆုံးရှုံးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်း အသံ တစ်သံက သူ့ခေါင်းထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။
"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၃၇ နှစ်က နံနက်ခင်း တာအိုလောကရဲ့ အနောက်မြောက်ဘက် ဧရိယာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တစ်ပွဲပဲ။ အဲဒီတုန်းက အင်မော်တယ် မဟာမိတ် အဖွဲ့က အခြား ကမ္ဘာတွေဆီက လာတဲ့ ဧရာမ ဝိညာဉ်ကြီးနဲ့အတူ ဝတ်ရုံနက်နဲ့ လူကို စေလွှတ်ခဲ့တယ်"
"အဲဒီ ဝတ်ရုံနက်နဲ့ လူက သူ့ကိုယ်သူ မဟာသခင်ကြီးရဲ့ လက်အောက်မှာ အလုပ်လုပ်နေတဲ့ လက်ချောင်းငါးချောင်း ထဲက တစ်ချောင်းအဖြစ် မှတ်ယူထားတယ်။ ဧရာမ ဝိညာဉ်ကြီးကတော့ သူ့ကိုယ်သူ... ရှေးဟောင်း နတ်ဘုရားလို့ ခေါ်ဆိုတယ်"
"ဒီတိုက်ပွဲက ဒီအစိတ်အပိုင်းကို ရောက်တဲ့အချိန်မှာ ပြီးဆုံးသွားခဲ့တာပဲ။ ဂိုဏ်းအကြီးအကဲ ခန်းမနဲ့ စစ်ပွဲခန်းမက စွမ်းအားရှင်တွေ အပါအဝင် ဒီနယ်မြေထဲက နံနက်ခင်း တာအိုဂိုဏ်းရဲ့ တပည့် အားလုံးဟာ ရေတွင်းထဲမှ လမင်းကို ဆယ်ယူခြင်း ပညာရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတယ်"
"လေးစားအပ်ပါသော မင်းသား... မင်းရဲ့ စမ်းသပ်မှုက အခု စတင်ပြီ။ မင်းရှေ့က ဝတ်ရုံနက်နဲ့ လူနဲ့ ဟိုရှေးဟောင်း နတ်ဘုရားတို့ဟာ သေဆုံးသွားခဲ့ကြပြီး သူတို့ရဲ့ အလောင်းတွေကို တာအို သမုဒ္ဒရာဆီ သယ်ဆောင်လာပြီး ငါနဲ့ ပေါင်းစပ်ထားခဲ့တယ်။ သူတို့ရဲ့ မှတ်ဉာဏ်တွေက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ မင်း စိတ်ကြိုက် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရှိတယ်။ သူတို့ရဲ့ စွမ်းအားတွေထဲကနေ အသက်ရှင်ကျန်ရစ်အောင် လုပ်မလား၊ တိုက်ပွဲရဲ့ ရေစီးကြောင်းကို ပြောင်းလဲမလား၊ ဝတ်ရုံနက်နဲ့ လူကို သတ်မလား ဒါမှမဟုတ် ရှေးဟောင်း နတ်ဘုရားကို သတ်မလား... ဒါတွေထဲက တစ်ခုခုကို ပြီးမြောက်အောင် လုပ်နိုင်ရင် မင်းရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီပဲ"
"တကယ်လို့ မင်းသာ အဲဒီ လေးခုစလုံးကို ပြီးမြောက်အောင် လုပ်နိုင်မယ်ဆိုရင် တာအို သမုဒ္ဒရာ အတွင်းက မင်းဆန္ဒရှိတဲ့ ဘယ်စစ်မြေပြင်မှာမဆို လေ့ကျင့်ခွင့် ရရှိလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်သောင်းကျော်ကတည်းက ဒီအခွင့်အရေးကို ရရှိခဲ့သူတွေဟာ ဒီအခွင့်အရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်သလို ပြီးခဲ့တဲ့ နှစ်သောင်း အတွင်းမှာလည်း ဘယ်သူမှ ဒီအခွင့်အရေးကို မရရှိခဲ့ကြသေးဘူး"
"ခင်ဗျားက ဘယ်သူလဲ" စုမင်က နတ်ဘုရားအာရုံကို ချက်ချင်း စေလွှတ်၍ မေးလိုက်သည်။
"ငါက တာအို သမုဒ္ဒရာရဲ့ ရှေးဟောင်းဘိုးဘေးပဲ။ ငါက မဟာကြီး လေးခု မတိုင်ခင်ကတည်းက မွေးဖွားလာခဲ့တာဖြစ်ပြီး မိစ္ဆာသုံးပါးနဲ့ ရှေးဟောင်းဘိုးဘေးလေးပါး ထဲက တစ်ပါး အပါအဝင်ပဲ"