အခန်း ၁၀၉၃
Vol. 79 Ch. 1093
အခန်း ၁၀၉၃ ရှေးဟောင်းနတ်ဘုရားကို မည်သူ ဖန်တီးခဲ့သနည်း
ရှေးဟောင်းအသံကြီးက လွမ်းဆွတ်တမ်းတမှု အပြည့်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ "တစ်ခါတလေမှာ... ပိုပြီး အာရုံ စူးစိုက်နိုင်ဖို့အတွက် မင်း သင်ယူခဲ့ဖူးသမျှကို မေ့ပစ်လိုက်ဖို့ လိုတယ်..."
ထိုရှေးဟောင်း အသံကြီး၏ စကားလုံးတိုင်းက အဖိုးတန် ရတနာများကဲ့သို့ပင်။ စကားလုံးတိုင်း၊ စာကြောင်းတိုင်းကို ကြားလိုက်ရသောအခါ စုမင်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့မှာ မြည်ဟည်းတုန်ခါသွားခဲ့ရသည်။ သူ တစ်စုံတစ်ခုကို ဝေဝါးစွာ နားလည် သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သေချာစွာ စဉ်းစားကြည့်သောအခါ ယင်းကို ဆုပ်ကိုင်နိုင်စွမ်း မရှိခဲ့ချေ။
ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားစဉ် သူ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့စိတ်အာရုံများ ပြန့်ကျဲမသွားစေရန် အားလုံးကို တစ်စုတစ်စည်းတည်း စူးစိုက်ထားလိုက်ပြီး ရှေးဟောင်း အသံကြီး၏ စကားများအား နားထောင်ရင်း သူ တမင်သက်သက် တဖြည်းဖြည်းချင်း အရာအားလုံးကို မေ့ပစ်လိုက်သည်။ သူ ရှည်လျားသော အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်း နတ်ဘုရား၏ ပြေးဝင်လာသော လက်သီးဆီသို့ တဟုန်ထိုး ဝင်ရောက်နေသည်ကိုပင် သူ မေ့လျော့ပစ်လိုက်သည်။
ဤအရာအားလုံးက ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ပြုလုပ်ရန် အလွန်တရာ ခက်ခဲပေသည်။ အသက်ရှိုက်စာ အနည်းငယ်မျှ အချိန်အတွင်းပင် စကြဝဠာထဲ၌ တုန်လှုပ်ဖွယ်ရာ မြည်ဟည်းသံကြီး တစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
စုမင်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ့ခန္ဓာကိုယ် ကြေမွပျက်စီးသွားပြီး ဝိညာဉ် ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းပင် မျက်ခုံးနှစ်ခုကြား၌ ကြယ်ခုနစ်ပွင့်ပါရှိသော ရှေးဟောင်းနတ်ဘုရားမှာလည်း နောက်သို့ ဆုတ်ခွာသွားရပြီး ညာဘက်လက်မောင်းနှင့် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ကြေမွပျက်စီးသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။
"မင်းရဲ့ နှလုံးသားက မတည်ငြိမ်သေးဘူး။ မင်း အရာအားလုံးကို မမေ့ပစ်နိုင်သေးဘူး။ မင်းရဲ့ စိတ်နဲ့ ဝိညာဉ်က မပေါင်းစပ်ရသေးဘူး။ ထပ်ပြီး ကြိုးစားကြည့်ချင်သေးလား" ထိုနယ်မြေကြီး ရပ်တန့်သွားသည်နှင့် ရှေးဟောင်း အသံကြီးက ဟင်းလင်းပြင်ထဲ၌ တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။
"လုပ်မယ်"
စုမင်၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခဲ့သည်။ သူ စကားပြောလိုက်သည့် ခဏ၌ပင် အချိန်များ တစ်ဖန် နောက်ပြန် စီးဆင်းသွားပြီး သူ တိုက်ခိုက်ခဲ့သော အခိုက်အတန့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ စုမင် လှုပ်ရှားလိုက်ပြီး ရှည်လျားသော အလင်းတန်းတစ်တန်းအဖြစ် ထပ်မံ ပြောင်းလဲသွားခဲ့သည်။ သူ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားစဉ် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လက်သီးမှလွဲ၍ ကျန်အရာအားလုံးကို မေ့ပစ်လိုက်သည်။ ထိုလက်သီး တစ်ခုတည်းကသာ သူ့စိတ်ထဲတွင် ရှိနေခဲ့တော့သည်။
ဝုန်း...
ဟင်းလင်းပြင်ထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ စုမင်၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ လုံးဝ ကြေမွ ပျက်စီးသွားခဲ့သော်လည်း ကြယ်ခုနစ်ပွင့်ပါရှိသော ရှေးဟောင်း နတ်ဘုရားမှာ ညာဘက် လက်မောင်းသာမက ခန္ဓာကိုယ် တစ်ဝက်ခန့်ပါ ဆုံးရှုံးသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ် အနှံ့အပြားတွင် အက်ကွဲကြောင်းများ ပြန့်နှံ့သွားခဲ့ပြီး နောက်သို့ လွင့်စင်သွားသောအခါ အပိုင်းပိုင်းအစစ မကြေမွမီ သွေးသံရဲရဲ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း သူ၏ ကြီးမားသော ခွန်အားနှင့် သက်စောင့် စွမ်းအားတို့ကြောင့် ရှေးဟောင်း နတ်ဘုရားသည် ထိုမျှ ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သော်လည်း သေဆုံးမသွားခဲ့ချေ။ ယင်းအစား သူ နောက်သို့ ဆုတ်ခွာသွားစဉ် မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ထွက်ပေါ်လာခဲ့သည်။
"မလုံလောက်သေးဘူး။ တစ်ခါတလေ မင်းက ဒီလို လုပ်ဖို့ မသင့်တော်တာလည်း ဖြစ်နိုင်ပါတယ်။ မင်း မေ့ပစ်ဖို့ မသင်ယူနိုင်ဘူး..." ရှေးဟောင်း အသံကြီးက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ ထိုအသံ လေထုထဲ၌ ပဲ့တင်ထပ်သွားသောအခါ စုမင်သည် အခိုက်အတန့်မျှ တိတ်ဆိတ်နေခဲ့သည်။
"နောက်တစ်ကြိမ်"
"ဒါ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်။ တကယ်လို့ မင်းက ရှေးဟောင်း နတ်ဘုရားကို လက်သီးတစ်ချက်တည်းနဲ့ ကြေမွသွားအောင် မလုပ်နိုင်ရင် မင်းကို တိုက်ခိုက်မှုအဟုန် ပြန်ထိန်းညှိဖို့ ငါ ဆက်ပြီး ကူညီပေးမယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ မင်းကို တာအိုသမုဒ္ဒရာ ထဲကနေ အပြင်ကို ပို့ပေးမယ်" ရှေးဟောင်း အသံကြီး၏ စကားများနှင့်အတူ စုမင်၏ မျက်စိရှေ့ရှိ လောကကြီးမှာ နောက်ပြန်လှည့်သွားပြီး စောစောက အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ စုမင်သည် ရှေ့သို့ ပြေးဝင်ရန် အလင်းတန်း တစ်တန်းအဖြစ် မပြောင်းလဲခဲ့ချေ။ ကြယ်ခုနစ်ပွင့်ပါရှိသော ရှေးဟောင်းနတ်ဘုရား၏ ဧရာမ လက်သီးကြီး ပြေးဝင်လာသည့် ခဏ၌ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ ညာလက်ကို မြှောက်လိုက်သောအခါ သူ့ရှေ့ရှိ နဂါးငွေ့တန်းကြီးမှာ ပုံပျက်သွားပြီး ပန်းချီကား တစ်ချပ် ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ့စိတ်ကို မှင်အဖြစ်၊ သူ့ဝိညာဉ်ကို စုတ်တံအဖြစ် အသုံးပြုကာ သူ အရာအားလုံးအား မေ့ပစ်လိုက်ပြီး ထိုနှစ်ခုကို ရှေ့ရှိ ပန်းချီကားထဲတွင် ပေါင်းစပ်လိုက်သည်။ သူ သူ့ကိုယ်သူ မေ့ပစ်လိုက်သည်။ သူ မျက်လုံးများကို မမှိတ်ထားခဲ့သော်လည်း မျက်စိရှေ့ရှိ လောကကြီးထဲမှ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်ကား အတိတ်က သူ ရောက်ရှိခဲ့ဖူးသော အခြေအနေ တစ်ခု ဖြစ်သည်။ ယင်းက သူ့နှလုံးသားကို ရှင်းလင်းသွားစေခဲ့သော ပန်းချီ ဖန်တီးခြင်း ပညာရပ်ပင် ဖြစ်သည်။ တာအိုသမုဒ္ဒရာ သင်ကြားပေးခဲ့သော နည်းလမ်းကို စုမင် သေချာစွာ မသင်ယူနိုင်ခဲ့သော်လည်း မိမိကိုယ်ကို မေ့ပျောက်ခြင်း သက်သက်သာဆိုလျှင် အခြားနည်းလမ်း တစ်ခုအား အသုံးပြု၍ သူ ပြီးမြောက် အောင်မြင်နိုင်ပေသည်။
သူသည် သူ့စိတ်ကို ရှင်းလင်းပစ်မည်။ ထို့နောက် ထိုစိတ်ကို ဝိညာဉ်ပေါ်တွင် စူးစိုက်ကာ ယင်းတို့ နှစ်ခုကို ပေါင်းစပ်လိုက်မည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူနှင့် ပတ်သက်သမျှ အရာအားလုံးကို မေ့ပစ်လိုက်မည် ဖြစ်သည်။ ဤသည်ကပင် အာရုံစူးစိုက်ခြင်း ဆိုသည်၏ အဓိပ္ပာယ်ပင် ဖြစ်သည်။
ဤကဲ့သို့သော အာရုံစူးစိုက်မှုက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအား အားလုံးကို တစ်နေရာတည်းတွင် စုစည်းနိုင်စေပြီး ပေါက်ကွဲထွက်လာချိန်တွင် အပြင်ဘက်သို့ ပြန့်ကျဲသွားခြင်းမှ တားဆီးပေးနိုင်သည်။ ယင်းက ပန်းချီဆွဲခြင်းနှင့် ဆင်တူသည်။ သူ အာရုံစူးစိုက်မှု မရှိဘဲ နှလုံးသားထဲရှိ အခြား အတွေးများကို မရှင်းလင်းပစ်နိုင်ပါက သူ ပန်းချီဆွဲနိုင်မည် မဟုတ်ချေ။
ထိုခဏ၌ စုမင်သည် ရှေးဟောင်း နတ်ဘုရား၏ ပြေးဝင်လာသော လက်သီးကို မမြင်တွေ့ခဲ့သကဲ့သို့ ရှေးဟောင်း အသံကြီး၏ အံ့အားသင့်စွာ ရေရွတ်လိုက်သံကိုလည်း မကြားခဲ့ရချေ။ ပန်းချီကားထဲတွင် နစ်မြုပ်နေခြင်းဖြင့် သူ အရာအားလုံးကို မေ့ပျောက်ထားလိုက်သည်။ ရှေးဟောင်း နတ်ဘုရား၏ လက်သီးက သူ့အပေါ်သို့ ကျရောက်လာသည့် ခဏ၌ သူသည် ခိုင်မာသော စိတ်ဆန္ဒ အပြည့်ဖြင့် ညာလက်ကို မြှောက်ကာ လက်ညှိုးဖြင့် ဟင်းလင်းပြင်ထဲ၌ မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
ထိုမျဉ်းတစ်ကြောင်းက ချိတ်စည်း တစ်ခုအလား၊ မျဉ်းကွေး တစ်ကြောင်းအလား...
ယင်းက ဟင်းလင်းပြင်ထဲ၌ ပြေးဝင်လာသော ရှေးဟောင်း နတ်ဘုရား၏ လက်သီးနှင့် ဝင်တိုက်မိသွားခဲ့သည်။
နဂါးငွေ့တန်းကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားစေသည့် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ စုမင်၏ လက်ချောင်းထိပ်လေးမှာ ကြေမွသွားခဲ့သည်။ သူ့လက်၊ လက်မောင်း၊ ခန္ဓာကိုယ်နှင့် ပန်းချီကားချပ်တို့မှာလည်း ထိုခဏ၌ ပြိုလဲပျက်စီးသွားခဲ့တော့သည်။
သို့သော်လည်း ကြယ်ခုနစ်ပွင့်ပါရှိသော ရှေးဟောင်းနတ်ဘုရားမှာ နောက်သို့ ဆုတ်မသွားခဲ့ချေ။ ယင်းအစား ထိုခိုက်အတန့်၌ပင် သူ၏ ဧရာမ လက်သီးကြီးမှာ လက်မောင်းနှင့် ခန္ဓာကိုယ် တစ်လျှောက်လုံး နီးပါးနှင့်အတူ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ဦးခေါင်း တစ်လုံးသာလျှင် နောက်သို့ ကျကျန်ရစ်ခဲ့သည်။ သူ သေဆုံးမသွားခဲ့သော်လည်း မျက်နှာပေါ်တွင် ပေါ်ထွက်လာသော အံ့အားသင့်မှုက သူ့ဝိညာဉ် မည်မျှအထိ တုန်လှုပ်သွားခဲ့ကြောင်း ပြသနေခဲ့သည်။ ဝတ်ရုံနက်နှင့် လူအား တိုက်ခိုက်စဉ်က အလွန် ရုန်းကန်ခဲ့ရသော ထိုလူက ပေါ့ပါးသော ဝှေ့ယမ်းမှု တစ်ချက်လေးဖြင့် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ကြေမွသွားအောင် မည်သို့ ပြုလုပ်လိုက်နိုင်သနည်း ဆိုသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။ ထိုသို့ ပြုလုပ်ရခြင်း၏ တန်ကြေးမှာ ချက်ချင်း သေဆုံးခြင်း ဖြစ်နိုင်သော်လည်း သူ့အတွက်မူ ဤသည်ကား မယုံကြည်နိုင်စရာပင် ဖြစ်နေဆဲ။
"ဒါ တော်တော်လေး ကောင်းမွန်တဲ့ နည်းလမ်းပဲ။ မင်းရဲ့ ခွန်အား ရှစ်ဆယ် ရာခိုင်နှုန်းကို စုစည်းဖို့ ဒီနည်းလမ်းက ကူညီပေးခဲ့တယ်။ သေခြင်း နယ်ပယ်က သက်ရှိတွေကလွဲရင် စကြဝဠာထဲက ကျန်တဲ့ သက်ရှိတွေ အားလုံးက သူတို့ရဲ့ စွမ်းအားတွေကို အပြင်ကို နည်းနည်းလေးမှ မပြန့်ကျဲစေဘဲ တစ်နေရာတည်းမှာ စုစည်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"မင်းရဲ့ စွမ်းအား ရှစ်ဆယ် ရာခိုင်နှုန်းကို စုစည်းနိုင်တာက ငါ မျှော်မှန်းထားတာထက် ကျော်လွန်နေပါပြီ။ နောက်တစ်ဆင့် အနေနဲ့ တုန်ခါခြင်း စွမ်းအားနဲ့ ပတ်သက်ပြီး ဘယ်လို အသိအမြင်ပွင့်လင်းမှု ရရှိနိုင်မလဲ ဆိုတာကို ငါ ပြောပြမယ်"
"မင်းရှေ့က ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကနေ ငါ လေ့လာ သိရှိခဲ့ရသလောက်တော့ တုန်ခါခြင်း စွမ်းအားဆိုတာ ခုခံခြင်းနဲ့ ဖြိုခွဲခြင်း ပုံစံတစ်မျိုးပဲ။ အဲဒါက မင်း ရေအိုင်ငယ်လေး တစ်အိုင်ထဲကို ကျောက်ခဲ တစ်လုံး ပစ်ချလိုက်တဲ့အခါ လှိုင်းဂယက်တွေ ထွက်ပေါ်လာသလိုမျိုးပဲ"
"တကယ်လို့ မင်းသာ မင်းရဲ့ ခွန်အား အားလုံးကို တစ်နေရာတည်းမှာ စုစည်းနိုင်ခဲ့မယ်ဆိုရင် လှိုင်းဂယက်တွေကို မင်း မြင်တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ ဟန့်တားနိုင်တဲ့ စွမ်းအားတွေတော့ ရှိနေသေးတယ်။ မင်းရဲ့ စွမ်းအားတွေ အပြင်ကို မပြန့်ကျဲသွားအောင် အာရုံစူးစိုက်ထားတာက မင်းရဲ့ စွမ်းအားကို ထက်မြက်တဲ့ စွမ်းအား တစ်ခုအဖြစ် ပြောင်းလဲလိုက်တာပဲ"
"တုံ့ပြန်မှု စွမ်းအား ဆိုတာ မင်း ထုတ်လွှတ်လိုက်တဲ့ စွမ်းအားနဲ့ အဲဒီ ဟန့်တားနိုင်တဲ့ စွမ်းအားတို့ ဝင်တိုက်မိတဲ့ ခဏမှာ ဖြစ်ပေါ်လာတဲ့ တတိယမြောက် စွမ်းအား ပုံစံ တစ်မျိုးပဲ"
"ဒါက စွမ်းအားကို အသုံးချတဲ့ ပုံစံတစ်မျိုးဖြစ်ပြီး သိပ်တော့ မရှုပ်ထွေးပါဘူး။ အဲဒါကို သူတို့က ကောင်းကင်ဘုံ မူလအစ လို့ ခေါ်ကြပေမယ့် တခြားကမ္ဘာတွေက ကျင့်ကြံသူတွေက သူတို့ ဘာလုပ်နေလဲဆိုတာကို နားမလည်ဘဲ လျှို့ဝှက်ဆန်းကြဲတဲ့ နာမည်တစ်ခု ပေးထားတာပဲ ဖြစ်တယ်။ ငါ့ရဲ့ မှတ်ဉာဏ်တွေ အရတော့ ဒီလို စွမ်းအား အသုံးချမှုမျိုးက အခြေခံ ဗဟုသုတ တစ်ခုပဲ..."
ဟင်းလင်းပြင်ထဲ၌ ရှေးဟောင်းအသံကြီး ပဲ့တင်ထပ်သွားသည်နှင့် စုမင်၏ ပတ်လည်ရှိ နယ်မြေမှာ နောက်ပြန်လှည့်သွားပြီး ယခင်အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရား၏ လက်သီးက သူ၏ ထံသို့ ထပ်မံ ပြေးဝင်လာခဲ့ပြန်သည်။
"ဒီတစ်ကြိမ်တော့ အရာအားလုံးကို မေ့ပစ်ဖို့ မရွေးချယ်နဲ့။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် တောင်ကြီး တစ်လုံးအဖြစ် မှတ်ယူပြီး သူ့ကို ရုပ်ပိုင်းဆိုင်ရာ ခွန်အား နည်းနည်း ပိုကောင်းတဲ့ သာမန်လူ တစ်ယောက်အဖြစ် သဘောထားလိုက်။ သူက သူ့ရဲ့ ခွန်အားကို သုံးပြီး တောင်ကြီး တစ်လုံးကို တွန်းဖို့ ကြိုးစားနေတဲ့ သာမန်လူ တစ်ယောက်အဖြစ် တွေးလိုက်။ အဲဒီအခါ သူ အသုံးပြုလိုက်တဲ့ ခွန်အား ပမာဏ အတိုင်း သူ့ဆီကို အတိအကျ ပြန်လည် တုံ့ပြန်သွားလိမ့်မယ်"
"ဒါကို ပြင်ပလူတွေက တုန်ခါခြင်းရဲ့ ကောင်းကင်ဘုံ မူလအစလို့ ခေါ်ကြတယ်။ အဲဒီမှာ ခက်ခဲတဲ့ အချက်က တုံ့ပြန်မှု အများအပြားကို မင်း ထုတ်ဖော်နိုင်ဖို့ပဲ။ ဒါပေမဲ့ ကိုးကြိမ်ဆိုတာ ကန့်သတ်ချက် မဟုတ်ဘူး။ ဒီတခြားကမ္ဘာက ကျင့်ကြံသူတွေက ဒါကို နားမလည်လို့ ကိုးကြိမ်က ကန့်သတ်ချက်လို့ ပြောကြတာ။ တကယ်တော့ စတုတ္ထမြောက် စွမ်းအား အသုံးချမှု ပုံစံ တစ်ခု ရှိသေးတယ်။ အဲဒါကို ပြန်တိုက်ခိုက်ဖို့ ခွန်အားငှားရမ်းခြင်းလို့ ခေါ်တယ်"
ရှေးဟောင်းအသံကြီးက စကားတစ်ခွန်း ပြောလိုက်တိုင်း စုမင်မှာ ပို၍ နားရှုပ်လာခဲ့သည်။ အသံကြီး ပြောနေသော အရာများက ယုတ္တိရှိသည်ဟု သူ ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် သူ့ခေါင်းထဲ၌ ယင်းကို နားလည် သဘောပေါက်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေခဲ့သည်။
ရှေးဟောင်းအသံကြီးက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"ထားပါတော့လေ။ သေချာ စောင့်ကြည့်နေ"
နောက်ဆုံးစကားများ အဆုံးတွင် စုမင်၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့သည်။ စိတ်ဆန္ဒ တစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်ကာ သူ့အား လေ့လာစောင့်ကြည့်သူ တစ်ဦးအဖြစ် ပြောင်းလဲပစ်လိုက်ကြောင်း သူ အာရုံခံမိလိုက်သည်။ သူ ခန္ဓာကိုယ်အား ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့သော်လည်း အရာအားလုံးကို ပို၍ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်လာခဲ့သည်။
မကြာမီပင် စုမင်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ထိုစိတ်ဆန္ဒက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပြေးဝင်လာသော ရှေးဟောင်း နတ်ဘုရား၏ လက်သီးဆီသို့ တည့်တည့် တဟုန်ထိုး ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ ချက်ချင်းပင် နီးကပ်သွားပြီး လက်သီးနှင့် ထိတွေ့မိမည့် ခဏ၌ ခန္ဓာကိုယ်က ရပ်တန့်သွားကာ ရှေးဟောင်းနတ်ဘုရားဘက်သို့ ကျောခိုင်းလိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်ကာ ရင်ဘတ်အား ပြင်းထန်စွာ ထုရိုက်လိုက်သည်။
"လူတစ်ယောက်ရဲ့ ကျောပြင်က ခန္ဓာကိုယ်မှာ အထူဆုံး အစိတ်အပိုင်းပဲ။ ပြီးတော့ အကြီးမားဆုံး ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ နေရာလည်း ဖြစ်တယ်။ သူ့ရဲ့ အထူကြောင့် တုံ့ပြန်မှုက ပိုပြီးတော့ သိသာထင်ရှားလိမ့်မယ်။ သေချာ စောင့်ကြည့်နေ" အသံကြီးက စုမင်၏ ခေါင်းထဲ၌ ပြောလိုက်သည်။
ရှေးဟောင်း နတ်ဘုရား၏ လက်သီးက ကျောပြင်ကို ဝင်တိုက်မိသည့် ခဏ၌ ခန္ဓာကိုယ်ကို ဗဟိုပြုကာ နှစ်ဖက်စလုံးမှ လက်သီး တစ်ချက်စီ ထိုးချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
လက်ဝါးဖြင့် ရင်ဘတ်ကို ရိုက်ချလိုက်သောအခါ ဖျက်ဆီးခြင်း စွမ်းအားတစ်ခု ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို စုမင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းပင် နောက်ကျောဘက်ရှိ ရှေးဟောင်းနတ်ဘုရား၏ လက်သီးထံမှ ဖျက်ဆီးခြင်း စွမ်းအားကလည်း သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည်။ ထိုစွမ်းအား နှစ်ခုက တစ်ခုနှင့်တစ်ခု ဝင်တိုက်မိကြပြီးနောက် အတူတကွ နောက်သို့ လွင့်စင်သွားကြသည်။ ဤသည်က စိတ်ဆန္ဒ ထိန်းချုပ်ထားသော ခန္ဓာကိုယ်၏ ညာလက်ကို ရင်ဘတ်မှ လွင့်ထွက်သွားစေခဲ့သည်။ နောက်ကျောဘက်ရှိ ရှေးဟောင်း နတ်ဘုရားမှာလည်း တုန်ခါသွားပြီး ယိုင်နဲ့နဲ့ဖြင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။ သူ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် ညာလက်မှာ လုံးဝ ကြေမွ ပျက်စီးသွားခဲ့တော့သည်။
သို့သော် ထူးဆန်းသည်မှာ စုမင် အသုံးပြုခဲ့သော ခန္ဓာကိုယ်၏ အတွင်းပိုင်း တည်ဆောက်ပုံများမှာ ကြီးမားသော ထိခိုက်ပျက်စီးမှုမျိုး မရှိခဲ့ခြင်းပင်။ ယင်းက တုန်ခါသွားရုံသာ ရှိခဲ့သည်။
"အခု မင်း နားလည်ပြီလား။ စွမ်းအားနှစ်ခု ဝင်တိုက်မိတဲ့အခါ ပျက်စီးသွားမယ်လို့ အမြဲတမ်း ဆိုလိုတာ မဟုတ်ဘူး။ ဖြိုခွဲတာနဲ့ ဆုတ်ခွာတာမျိုးလည်း ဖြစ်နိုင်ချေ ရှိတယ်။ ဒါတွေက တုန်ခါမှုတွေပဲ"
"တုန်ခါမှု အများအပြား ဖြစ်ပေါ်စေတာကလည်း လွယ်ပါတယ်။ သေချာ စောင့်ကြည့်နေ"
ရှေးဟောင်းအသံကြီး တစ်ဖန် ပဲ့တင်ထပ်သွားသောအခါ စုမင်သည် စိတ်ဆန္ဒ ထိန်းချုပ်ထားသော ခန္ဓာကိုယ်က လှည့်ကာ ရှေ့သို့ လျင်မြန်စွာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ ကြယ်ခုနစ်ပွင့်ပါရှိသော ရှေးဟောင်းနတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်နေသော်လည်း ဘယ်လက်ဖြင့် လျင်မြန်သော လက်သီးတစ်ချက်ကို ထိုးချလိုက်သည်။
သို့သော်လည်း ထိုလက်သီးချက်က စိတ်ဆန္ဒ ထိန်းချုပ်ထားသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် ခဏ၌ စုမင်သည် သူဆီသို့ ပြေးဝင်လာသော လက်သီး၏ အဟုန်အတိုင်း လိုက်ပါသွားသကဲ့သို့ နောက်သို့ လှုပ်ရှားသွားသည်အား မြင်တွေ့လိုက်ရသည်။ သူ့အလျင်နှင့် လက်သီး၏ အလျင်မှာ တူညီနေသောကြောင့် သူ များစွာ ထိခိုက်ပျက်စီးမှု မရှိခဲ့ချေ။ ရှေးဟောင်း နတ်ဘုရား၏ လက်သီး စွမ်းအား မှေးမှိန်သွားသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်က ရှေ့သို့ လှုပ်ရှားသွားပြီး လက်သီးထံမှ ခွန်အားကို ငှားရမ်းလိုက်သည့်အလား ရှေးဟောင်း နတ်ဘုရား၏ လက်သီးအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ဝုန်း...
ရှေးဟောင်းနတ်ဘုရား တုန်ခါသွားပြီး နောက်သို့ ဆုတ်ခွာသွားရသည်။ သူ့ဘယ်ဘက် လက်မောင်း ကြေမွသွားပြီး မျက်နှာပေါ်တွင် ရူးသွပ်မှုများ ထွက်ပေါ်လာခဲ့သည်။ သူ နောက်သို့ ဆုတ်ခွာသွားရသည့် ခဏ၌ ခေါင်းကို နောက်သို့ ပစ်ကာ နဂါးငွေ့တန်းကြီး တစ်ခုလုံးအား တုန်လှုပ်သွားစေသည့် ဟိန်းဟောက်သံကြီး တစ်သံကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းပင် ရှေးဟောင်းနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားရှိ ကြယ်တစ်ပွင့်မှာ ကြေမွသွားခဲ့ပြီးနောက် နောက်ထပ် တစ်ပွင့် ထပ်မံ ကြေမွသွားခဲ့သည်။ ဆက်တိုက်ဆိုသလို ကြယ်လေးပွင့် ကြေမွသွားသောအခါ ပျက်စီးခြင်းမှာ ရပ်တန့်သွားခဲ့သည်။ ကျန်ရှိနေသော ကြယ်သုံးပွင့်မှာ အလွန် မှေးမှိန်နေခဲ့တော့သည်။
ကြယ်လေးပွင့်၏ တန်ကြေးကို ပေးဆပ်လိုက်ရသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသောအခါ နဂါးငွေ့တန်းကြီး ပြိုလဲသွားပြီး စကြဝဠာကြီး ကြေမွပျက်စီးသွားကာ သူတို့၏ အောက်ဘက်ရှိ ရေတွက်မရနိုင်သော ကျင့်ကြံသူပေါင်း များစွာမှာ တုန်ခါမှုများကြောင့် လဲကျသွားခဲ့ကြသည်။
စုမင်၏ ခန္ဓာကိုယ်ပင်လျှင် နောက်သို့ လွင့်စင်သွားပြီး ကြေမွပျက်စီးသွားခဲ့ရတော့သည်။
"ရှေးဟောင်းနတ်ဘုရားတွေ၊ သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတွေပဲ။ ငါ သူတို့ရဲ့ စွမ်းအားတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မွေးရာပါ စွမ်းရည်ကို အချိန်တိုအတွင်း လုံးဝ နားလည် သဘောပေါက်ဖို့ဆိုတာ ငါ့အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ ငါ ဒါကို ဆက်ပြီး လေ့လာကြည့်တဲ့အခါ ဘာလို့ ရင်းနှီးနေတဲ့ အရာတစ်ခုကို တွေ့နေရတာလဲ။ အဲဒါက ရင်းနှီးကျွမ်းဝင်နေတဲ့ တည်ရှိမှု တစ်ခုက ရှေးဟောင်း နတ်ဘုရားတွေကို ဖန်တီးခဲ့သလိုမျိုးပဲ..."