အခန်း ၁၀၉၈
Vol. 79 Ch. 1098
အခန်း ၁၀၉၈ ထိုအကြည့်တစ်ချက်... (၅)
ဆံပင်နီနှင့် စုမင်သည် ခေါင်းကိုနောက်သို့ပစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ့ရယ်မောသံထဲတွင် ရူးသွပ်မှုများနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းလာခဲ့သည့် နာကျည်းမှုများ ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ နက်မှောင်တောင်ပေါ်တွင် ရှိနေစဉ် ကတည်းက စတင်ခဲ့သော နာကျည်းမှု တစ်ခုဖြစ်ပြီး ယခုအခါတွင်မူ သူသည် ၎င်းကို ပထမဆုံးအကြိမ်အဖြစ် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
သူ၏ ပေါက်ကွဲထွက်လာသော နာကျည်းမှုများမှာ လျှို့ဝှက်ခန်းမ တစ်ခန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့ရာ စုမင်ကို ကျောခိုင်းထားသော ပုံရိပ်ကြီးအား တိတ်ဆိတ်သွားစေပြီး ခန္ဓာကိုယ်ကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။
"အစားထိုး ပေးဆပ်မယ် ဟုတ်လား။ ခင်ဗျားက ဘာကို အစားထိုး ပေးဆပ်မှာလဲ။ ဘယ်လိုမျိုး အစားထိုး ပေးဆပ်မှာလဲ" စုမင်သည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ သူ လှည့်ပြန်လိုက်သောအခါ ခြေဖဝါးအောက်တွင် လှိုင်းဂယက်များ ချက်ချင်း ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ထဲသို့ တစ်လှမ်း လှမ်းလိုက်တော့သည်။
"ကျွန်တော့် အမေ ရှိနေတဲ့ ပဉ္စမမြောက် မီးဖိုက ကျွန်တော့်အပိုင်ပဲ။ အခုကစပြီး သူ့ကို ကျွန်တော် ကိုယ်တိုင် ကာကွယ်မယ်။ ခင်ဗျားက အဲဒီလိုလုပ်ဖို့ မထိုက်တန်ဘူး" ထိုစကားစုနှင့်အတူ သူသည် ဝုန်းခနဲ မြည်သံနှင့်အတူ ထိုလျှို့ဝှက်ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့တော့သည်။
နောက်ဆုံး စကားလုံး သုံးလုံးမှာ မမြင်နိုင်သော ထက်မြက်သည့် ဓားတစ်စင်းကဲ့သို့ ထိုလူ၏ ရင်ဝကို စိုက်ဝင်သွားခဲ့ပြီး သူ့အား တုန်ခါသွားစေကာ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာသည်အထိ ခေါင်းငုံ့သွားစေခဲ့သည်။
သွေးစက်များသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ပလုတ်တုတ်လေးကို စွန်းထင်သွားခဲ့သည်။ ထို့ပြင် ထိုဘေးရှိ လက်ဝါးခန့် အရွယ်အစားရှိသော ခရမ်းရောင် သစ်သားဓားလေးကိုလည်း သွေးရောင် ဆိုးသွားစေခဲ့သည်။ ထိုသစ်သားဓားလေးမှာ သားဖြစ်သူအား လက်ဆောင် တစ်ခုအဖြစ် ပေးအပ်ရန် အပြစ်ရှိစိတ်နှင့် အစားထိုး ပေးဆပ်လိုသော ဆန္ဒကို ကိုယ်စားပြုသည့် လက်ဆောင် တစ်ခုအဖြစ် ပေးအပ်ရန်အတွက် နှစ်ပေါင်းများစွာတိုင်အောင် ပြင်ဆင်လာခဲ့သည့် အရာ ဖြစ်သည်။
အကယ်၍ စုမင်သာ ထိုဓားကလေးကို မြင်တွေ့နိုင်ခဲ့ပါက သူ မှတ်မိပေမည်။ ဤသည်မှာ သူ ငယ်စဉ်အခါက ထုဆစ်ခဲ့ဖူးသော ဓားကလေး ဖြစ်ပြီး ၎င်းနှင့် ဆော့ကစားနေစဉ်အတွင်း သူသည် လဲ့ချန်အား ကလေးသဘာဝအတိုင်း ရဲရင့်ပြတ်သားစွာဖြင့် သူသည် မာန်နတ်ဘုရားများ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ ကောင်းကင်တွင် ပျံသန်းကာ မြေပြင်ကို ဖြတ်သန်းပြီး ဤသစ်သားဓားလေးနှင့်အတူ မြေကမ္ဘာ တစ်ခုလုံးအား လှည့်လည် သွားလာမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
သွေးစက်များသည် သစ်သားဓားလေးပေါ်သို့ ကျရောက်သွားပြီး လိုင်းကြောင်းများထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။ ထိုပုံရိပ်ကြီးသည် ထိုအရာကို ငေးစိုက်ကြည့်နေမိပြီးနောက် နာကျင်ကြေကွဲစွာဖြင့် မျက်လုံးများ မှိတ်လိုက်တော့သည်။
ဤလျှို့ဝှက်ခန်းမှာ တာအိုချန်၏ သီးသန့်ကျင့်ကြံရာ နယ်မြေ ဖြစ်သဖြင့် ကာကွယ်ရေး အစီအရင်မှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းပြီး နံနက်ခင်း တာအိုလောက၏ အတင်းကြပ်ဆုံး ခုခံကာကွယ်ထားသော နေရာများထဲမှ တစ်နေရာ ဖြစ်သည်။ သို့သော်လည်း မှော်သင်္ကေတ အစီအရင် အားလုံးကို လျစ်လျူရှုနိုင်သော ထိပ်ပြောင်ကြိုးကြာ၏ စွမ်းအားက ဤနေရာရှိ ကာကွယ်ရေး စွမ်းအားကိုပင် အားနည်းသွားစေခဲ့သည်။ သို့သော်ငြားလည်း ဤသည်မှာ စုမင်ကို မည်သည့် ထိခိုက်ဒဏ်ရာမျှ မရဘဲ ထွက်ခွာသွားနိုင်စေရန် အတွက်မူ မလုံလောက်ချေ။
သို့သော် စုရွှမ်ရီသည် ဤနေရာရှိ မှော်အစီအရင်များက စုမင်အပေါ် မည်သည့် တန်ပြန်သက်ရောက်မှုမျှ မရှိစေချင်ခဲ့ပေ။ စုမင် ထွက်ခွာသွားသည့် အခိုက်အတန့်တွင် သူသည် ဤနေရာရှိ မှော်အစီအရင်များနှင့် ချိတ်တံဆိပ် အားလုံးနီးပါးကို ဖယ်ရှားပစ်ခဲ့သည်။
ဤသည်ကား နှစ်ပေါင်းများစွာ အတွင်း၌ မှော်အစီအရင်ပေါ်ရှိ ချိတ်တံဆိပ် ပထမဆုံး အကြိမ်အဖြစ် ပျက်ပြယ်သွားခြင်း ဖြစ်သော်လည်း စုမင်ကမူ ထိုအရာကို မသိရှိခဲ့ချေ။
သူ လျှို့ဝှက်ခန်းမထဲမှ ထွက်ခွာသွားချိန်တွင် သူ ထွက်ခွာသွားပြီးနောက် သူ့ကို ကျောခိုင်းထားသော ပုံရိပ်ကြီးက တုန်ရီနေသော လက်များဖြင့် ပလုတ်တုတ်လေးအား ထိတွေ့နေသည်ကို မမြင်လိုက်ရချေ။ ထိုလူ၏ ပိတ်ထားသော မျက်လုံးများထဲမှ မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ သူ၏ တုန်ရီနေသော ခန္ဓာကိုယ်ပေါ်ရှိ တောက်ပနေသော ချိတ်တံဆိပ် သင်္ကေတများကိုလည်း သူ မမြင်တွေ့ခဲ့ရချေ။
"အသူရာ ဖန်ဆင်းရှင်တွေကို သူတို့ရဲ့ ဂုဏ်ဒြပ်တွေ ပြန်ရအောင် လုပ်မယ့် အစီအစဉ်က ပိုအရေးကြီးတာလား ဒါမှမဟုတ် ငါ့ရဲ့ မိသားစုက ပိုအရေးကြီးတာလား" ထိုပုံရိပ်၏ နှုတ်ခမ်းဖျားမှ တိုးညှင်းသော ရေရွတ်သံများ ထွက်ပေါ်လာခဲ့ပြီး ၎င်းက စကားပြောသူ၏ အဆုံးမရှိသော ပင်ပန်းနွမ်းနယ်မှုများကို ဖော်ပြနေသကဲ့သို့ပင်။
စုမင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် မည်သည့် စွမ်းအားကိုမျှ ယူဆောင်မသွားခဲ့သလို မည်သည့် နတ်ဘုရား စွမ်းရည်များကိုမျှ မတောင်းဆိုခဲ့ချေ။ ထို့ပြင် မည်သည့် အရာကိုမျှလည်း မမေးမြန်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် သူသည် ရူးသွပ်နေသော ဆံပင်နီနှင့် စုမင် ဖြစ်နေသောကြောင့်ပင်။ သူသည် ဖိနှိပ်၍ မရနိုင်သော နာကျည်းမှု၊ ဒေါသတရားများနှင့်အတူ သီးသန့်ကျင့်ကြံရာ နယ်မြေထဲမှ ထွက်ခွာလာခဲ့ပြီး သူ ပြန်လည် ပေါ်ထွက်လာသောအခါ ယဇ်ပလ္လင်ပေါ်တွင် မတ်တပ်ရပ်နေခဲ့ပြီ ဖြစ်သည်။
ဆန်းက သူ့ဘေးတွင် ရပ်နေခဲ့သည်။ တာအိုလင်းနှင့် တာအိုဟွာတို့သည်လည်း မည်သည့်အချိန်ကတည်းက ပြန်ရောက်နေမှန်း မသိဘဲ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် အဝေးတစ်နေရာ၌ ကျင့်ကြံနေသကဲ့သို့ မျက်လုံးများကို မှိတ်ထားကြသော်လည်း အမှန်စင်စစ်တွင်မူ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များမှာ အချိန်ကာလအတွင်း အေးခဲရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
မျက်လုံးများထဲတွင် သွေးရောင်များ လွှမ်းနေလျက် စုမင်သည် ဆန်းကို တစ်ချက် ကြည့်လိုက်၏။ သူ စကားမဆိုဘဲ ယဇ်ပလ္လင်ပေါ်မှ အောက်သို့ လျှောက်လှမ်းသွားခဲ့သည်။ ရက်စက်ခက်ထန်သော အလိုဆန္ဒတစ်ခုက သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် ပြည့်နှက်နေခဲ့သည်။ သူသည် သူ့ဒေါသများအား ဖောက်ထုတ်ပစ်ချင်နေသော်လည်း ဖောက်ထုတ်ရမည့် ပစ်မှတ်ကိုမူ ရှာမတွေ့နိုင်ခဲ့ချေ။
ထိုအခိုက်အတန့်တွင် စုမင်သည် ရူးသွပ်ခြင်း၏ ပြဒါးတိုင် ဖြစ်နေခဲ့သည်။ သူ့ထံတွင် မည်သည့် ဆင်ခြင်တုံ တရားမျှ ကျန်ရှိမနေတော့ချေ။ သေးငယ်သော မီးပွားတစ်စက်မျှနှင့်ပင် သူ့ထံမှ မီးပင်လယ်ကြီး တစ်စင်း ပေါက်ကွဲထွက်လာနိုင်ပြီး သူ့လုပ်ရပ်များ၏ မည်သည့် နောက်ဆက်တွဲ အကျိုးဆက်ကိုမျှ သူ ဂရုစိုက်တော့မည် မဟုတ်ပေ။
ဆန်းက စုမင်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူသည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စုမင်ကို ကောင်းစွာ နားလည်သောကြောင့်ပင်။
သူသည် သက်ပြင်း တစ်ချက်ချရင်း လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ လေထုမှာ ချက်ချင်း ပုံပျက်သွားခဲ့သည်။ မမြင်နိုင်သော လေပြင်း တစ်ချက်က စုမင်၊ တာအိုလင်းနှင့် တာအိုဟွာတို့ကို ပွေ့ပိုက်သွားခဲ့၏။ သူတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ဘိသိက်ခံပွဲတော် ကျင်းပမည့် နေရာသို့ ပြန်လည် ရောက်ရှိသွားကြတော့သည်။
"ငါ့ရဲ့ လာစုလေး ကြီးပြင်းလာခဲ့ပြီပဲ"
ဆန်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်ကူးယဉ်ဆန်မှုများနှင့်အတူ စုမင် မမြင်လိုက်ရသော ကြင်နာတတ်သည့် ချစ်ခြင်းမေတ္တာ အရိပ်အယောင်များ ရှိနေခဲ့သည်။ သူသည် ဝေးကွာရာသို့ ထွက်ခွာသွားသော စုမင်၏ ပုံရိပ်ကို ငေးစိုက်ကြည့်နေမိပြီး အတော်ကြာမှ ယဇ်ပလ္လင်ပေါ်ရှိ မှော်အစီအရင်ထဲသို့ ခြေလှမ်းလှမ်းလိုက်တော့သည်။ သူ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည် ပေါ်ထွက်လာသောအခါ စုရွှမ်ရီ၏ သီးသန့် ကျင့်ကြံရာ လျှို့ဝှက် ခန်းမထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"သခင်... သူ... ထွက်သွားပါပြီ" ဆန်းသည် သူ့ရှေ့တွင် ရှိနေဆဲဖြစ်ပြီး တုန်ရီနေသော ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချရင်း ခေါင်းငုံ့လိုက်သည်။
ထိုပုံရိပ်ကြီးမှာ ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးမှ ပင်ပန်းနွမ်းနယ်နေသော အသံဖြင့် ဖြည်းညှင်းစွာ မေးလိုက်သည်။ "ဆန်း... အသူရာ ဖန်ဆင်းရှင်တွေရဲ့ ဂုဏ်ဒြပ်ကို ပြန်ရအောင် လုပ်ဖို့က ပိုအရေးကြီးလား၊ ငါ့ရဲ့ မိသားစုက ပိုအရေးကြီးလား။ မင်းသာ ငါ့နေရာမှာဆိုရင် ဘယ်လို ရွေးချယ်မလဲ"
ဆန်းသည်လည်း တိတ်ဆိတ်သွားခဲ့ရသည်။ အချိန်အတန်ကြာမှ သူသည် ခေါင်းမော့ကာ ထိုပုံရိပ်ကို စိုက်ကြည့်ရင်း တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
"သခင်... ကျွန်တော့်အပေါ်ထားတဲ့ သခင်ရဲ့ ကျေးဇူးတရားတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်က အသူရာ ဖန်ဆင်းရှင် တစ်ယောက် မဟုတ်ရင်တောင် သခင့်အတွက်ဆိုရင် ကျွန်တော် နံနက်ခင်း တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးကို မှောက်လှန်ပစ်နိုင်ပြီး သခင် ခိုင်းသမျှ အရာအားလုံးကို လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သခင်က ကျွန်တော့်ရဲ့ သခင်ဖြစ်လို့ပါပဲ"
"ဒီလိုပါပဲ... စုမင်အတွက် ဆိုရင်လည်း ကျွန်တော် သူ့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော် ကိုယ်တိုင် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတဲ့ လာစုလေး ဖြစ်လို့ပါပဲ။ ကျွန်တော့်ရဲ့ တစ်ဘဝလုံးက သခင်တို့နှစ်ယောက်တည်းအတွက်ပဲ ရှိတာပါ" သူသည် စုရွှမ်ရီ၏ မေးခွန်းကို တိုက်ရိုက် မဖြေခဲ့သော်လည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် အဖြေပေးခဲ့ခြင်း ဖြစ်သည်။
မျက်လုံးများကို ပိတ်ထားလျက် စုရွှမ်ရီသည် တိတ်ဆိတ်သွားခဲ့သည်။ အလွန်တရာ ကြာမြင့်သော အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက် သူ့ရှေ့တွင်ရှိသော ခရမ်းရောင် သစ်သားဓားလေးမှာ အလင်းတန်းများ ဖျတ်ခနဲ တောက်ပလာပြီး ဆန်းထံသို့ ပျံသန်းသွားခဲ့တော့သည်။
"ဒီဓားကို သူ့ဆီ ပို့ပေးလိုက်ပါ..."
"သူ... ဒီဓားကို ထိန်းချုပ်နိုင်ပါ့မလား" ဆန်းသည် သာမန်အတိုင်း ထင်ရသော ခရမ်းရောင် သစ်သားဓားလေးကို တစ်ချက် ကြည့်လိုက်ပြီး ခဏမျှ တွန့်ဆုတ်နေခဲ့သည်။
စုရွှမ်ရီသည် ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးမှ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "သူက ဘာကိုမှ မသိဘဲ ဘာကိုမှ နားမလည်ဘဲနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားသင့်တာ။ သူက သူ့ရဲ့ ဘဝတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း သွားနိုင်ခဲ့ပါတယ်။ အဲဒီဘဝတွေက အတုအယောင်တွေ ဖြစ်နေရင်တောင် သူ ပျော်ရွှင်နိုင်ခဲ့ပါသေးတယ်"
"ဒါပေမဲ့ သူက အခြားလမ်း တစ်လမ်းကို ရွေးချယ်ခဲ့တယ်။ ဒီလမ်းက ခက်ခဲ ကြမ်းတမ်းမှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နှက်နေပြီး သူက အခုမှ အဲဒီလမ်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုကိုပဲ လျှောက်လှမ်းရသေးတာ။ ငါ သူ့ကို ကူညီပေးနိုင်တဲ့ အတိုင်းအတာမှာလည်း ကန့်သတ်ချက် ရှိတယ်။ တကယ်လို့ သူသာ ဒီဓားကို ထိန်းချုပ်နိုင်မယ်ဆိုရင် သူဟာ အနာဂတ်မှာ သူရဲ့ လမ်းစဉ်ကို ပိုပြီး မြန်ဆန်တဲ့ နှုန်းနဲ့ လျှောက်နိုင်လိမ့်မယ်။ တကယ်တော့ သူဟာ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာရဲ့ အပြင်ဘက်ကိုတောင် လျှောက်လှမ်းသွားနိုင်လိမ့်မယ်"
"တကယ်လို့ သူ မထိန်းချုပ်နိုင်ဘူးဆိုရင်တောင် အဲဒါက ကောင်းတဲ့ အရာပဲ ဖြစ်နေဦးမှာပါ"
တိတ်ဆိတ်ခြင်းများနှင့်အတူ ဆန်းက ခေါင်းညိတ်လိုက်သည်။
ဘိသိက်ခံပွဲတော် အခမ်းအနား...
နံနက်ခင်း တာအိုဂိုဏ်းရှိ ပထမမြောက် အလွှာတွင် တည်ရှိသော တိုက်ကြီး ကိုးတိုက်၏ ဗဟိုချက် အထက် ကောင်းကင်ယံတွင် နဂါးပြာ၊ ကျားဖြူ၊ အနီရောင် ဖီးနစ်နှင့် လိပ်နက်ဟူသော ဧရာမ သားရဲကြီး လေးကောင်မှာ သူတို့၏ ကျောပေါ်တွင် တိုက်ကြီး လေးတိုက်ကို ထမ်းပိုးထားကြသည်။ နဂါးပြာကြီးမှာမူ ဗဟိုချက်တွင် ရှိနေခဲ့သည်။
ထိုတိုက်ကြီး လေးတိုက်ပေါ်တွင် စားပွဲဝိုင်း အမြောက်အမြား ရှိနေကြပြီး ဘိသိက်ခံပွဲတော် အခမ်းအနားကြီးမှာ စတင်ကျင်းပတော့မည် ဖြစ်သည်။ နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူ သန်းပေါင်း တစ်ဆယ်ကျော်ထဲတွင် နဂါးပြာကြီး၏ တိုက်ပေါ်၌ ထိုင်ခွင့်ရှိသူမှာ တစ်သန်းပင် မပြည့်ချေ။ ထို တစ်သန်းခန့်သော လူများမှာ စားပွဲဝိုင်းများ၏ ဘေးတွင် မတ်တပ်ရပ်နေကြသည်။ ကျန်ရှိသော ကျင့်ကြံသူများ အားလုံးမှာမူ ဘိသိက်ခံပွဲတော် ကျင်းပမည့် နေရာတွင် ရှိနေကြသည်။ သူတို့သည် နဂါးပြာကြီး၏ တိုက်ပေါ်သို့ တက်လှမ်းခွင့် မရရှိကြသေးပေ။
နဂါးပြာကြီး၏ တိုက်မှ ကွဲပြားခြားနားသော လမ်းကြောင်း သုံးခုတွင် အနီရောင် ဖီးနစ်၊ ကျားဖြူ နှင့် လိပ်နက်တို့၏ တိုက်ကြီးများ တည်ရှိနေကြသည်။ ထိုသားရဲကြီးများ ဟိန်းဟောက်လိုက်ကြစဉ် သူတို့၏ အထက် ကောင်းကင်ယံတွင် ဧရာမ အက်ကွဲကြောင်းကြီး သုံးကြောင်း ပေါ်ထွက်လာပြီး ထိုထဲတွင် လျှပ်စီးကြောင်းများ လူးလွန့် လှုပ်ရှားနေခဲ့ကြသည်။ ထိုအက်ကွဲကြောင်း သုံးကြောင်း၏ ပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများကို ထိန်းချုပ်ထားကြသည့် ဂိုဏ်းချုပ် အယောက် နှစ်ဆယ်ကျော် ရှိနေကြသည်။ အားအကောင်းဆုံး ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဂိုဏ်းသခင် ရီ၊ ယွဲ့ နှင့် ရှင်းတို့သည်လည်း တိုက်ကြီး တစ်တိုက်စီပေါ်တွင် ရှိနေကြသည်။
လိပ်နက်ကြီး၏ အထက်ရှိ အက်ကွဲကြောင်းထဲမှ လူများ လျှောက်လှမ်း ထွက်ပေါ်လာခဲ့ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ စတုတ္ထမြောက် မဟာလောကကြီး ဖြစ်သော ဝိညာဉ်ငရဲလောကမှ အဖိုးအို ဖြစ်သည်။ သူသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ ခြေလှမ်း လှမ်းထွက်လာသည်နှင့် ဆရာတော် ကျိလုံသည်လည်း သူ့နောက်မှ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။
"စတုတ္ထမြောက် မဟာလောကကြီးကို ကြိုဆိုပါတယ်" လိပ်နက်ကြီး၏ တိုက်အထက်ရှိ အက်ကွဲကြောင်း ပတ်ဝန်းကျင်တွင် ရှိနေသော ၂၄ ယောက်သော ဂိုဏ်းသခင်များထဲမှ တစ်ဦးက ချက်ချင်း ပြောလိုက်သည်။ နဂါးပြာကြီး၏ တိုက်ပေါ်ရှိ တစ်သန်းနီးပါးခန့်သော ကျင့်ကြံသူများသည် သူတို့၏ လက်ဝါးချင်းယှက်ကာ လိပ်နက်ကြီး၏ တိုက်ဆီသို့ ဦးညွှတ်လိုက်ကြသည်။
"စတုတ္ထမြောက် မဟာလောက"
လူတစ်သန်းနီးပါးခန့်၏ အသံများမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။ ၎င်းတို့ လေထုထဲတွင် ပဲ့တင်ထပ်သွားသောအခါ စတုတ္ထမြောက် မဟာလောကမှ အပြာရောင်ဝတ်စုံနှင့် အဖိုးအိုက ပြုံးလိုက်၏။ သူသည် အက်ကွဲကြောင်း ဘေးရှိ ၂၄ ယောက်သော ဂိုဏ်းချုပ်များဆီသို့ လက်ဝါးချင်းယှက်၍ အရိုအသေပေးလိုက်သည်။ သူ့နောက်ရှိ ဆရာတော် ကျိလုံနှင့် စတုတ္ထမြောက် မဟာလောကမှ တစ်ထောင်ကျော်ခန့်သော ကျင့်ကြံသူများသည်လည်း လက်ဝါးချင်းယှက်ကာ လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။
"တာအိုရောင်းရင်းတို့... အားလုံးပဲ ယဉ်ကျေးလွန်းနေကြပါပြီ။ နံနက်ခင်း တာအိုဂိုဏ်းရဲ့ မင်းသားတွေကို ဘိသိက်မြှောက်မယ့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ သူတို့အတွက် ဂုဏ်ပြုလက်ဆောင် တစ်ခု ကျွန်တော် ပြင်ဆင်လာခဲ့ပါတယ်" အပြာရောင်ဝတ်စုံနှင့် အဖိုးအိုက ပြုံးလိုက်ပြီး ၂၄ ယောက်သော ဂိုဏ်းသခင်များကို ကျော်လွန်၍ နံနက်ခင်း တာအိုဂိုဏ်း၏ အားအကောင်းဆုံး ပုဂ္ဂိုလ် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဂိုဏ်းချုပ် ရီကို ကြည့်လိုက်သည်။
"မိတ်ဆွေဟောင်းကြီး... နေကောင်းကျန်းမာရဲ့လား"
"ညီအစ်ကိုထန်... မင်းကတော့ အမြဲတမ်း ခန့်ညားထည်ဝါနေတုန်းပါပဲ။ ဒီဘက်ကို ကြွပါဦး" ဂိုဏ်းသခင် ရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ညာလက်ဖြင့် လိပ်နက်ကြီး၏ တိုက်ဆီသို့ ညွှန်ပြလိုက်သည်။ အပြာရောင်ဝတ်စုံနှင့် အဖိုးအိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူ ခေါင်းညိတ်လိုက်ပြီး နောက်မှ ဆရာတော် ကျိလုံနှင့် တစ်ထောင်ကျော်သော ကျင့်ကြံသူများကို ခေါ်ဆောင်၍ လိပ်နက်ကြီး၏ တိုက်ပေါ်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။
ဆရာတော် ကျိလုံ၏ မျက်လုံးများ တောက်ပလာပြီး နဂါးပြာကြီး၏ တိုက်ပေါ်ရှိ လူအုပ်ကြီးကို သေချာစွာ စူးစမ်းလေ့လာလိုက်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ သူသည် ထိုနေရာရှိ အရာအားလုံးကို အကြည့် တစ်ချက်တည်းနှင့်ပင် မြင်တွေ့နိုင်သည်။ သူသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်ပုံစံ ရှိနေသော်လည်း နောက်ဆုံးတွင်မူ အဝေးတစ်နေရာရှိ ပစ်မှတ်ဆီသို့ အကြည့်အား ပို့လွှတ်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ကျားဖြူကြီး၏ တိုက်အထက်ရှိ အက်ကွဲကြောင်းထဲမှ အေးစိမ့်သော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းပင် ရှေးဟောင်း ကြေးနီဓား မြောက်မြားစွာမှာ မာန်မာန ပြင်းထန်စွာဖြင့် တိုးထွက်လာခဲ့ကြသည်။ ၎င်းတို့မှာ သောင်းဂဏန်းမျှ ရှိနေပြီး တဒင်္ဂအတွင်း ထိုနေရာတစ်ခုလုံး ပြည့်နှက်သွားခဲ့၏။ နောက်ဆုံးတွင်မူ မျက်လုံးများကိုပင် မဖွင့်နိုင်တော့လောက်အောင် အလွန်တရာ အိုမင်းရင့်ရော်နေသည့် အဖိုးအို နှစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။
ထိုအဖိုးအို နှစ်ဦးမှာ မှုန်မှိုင်းသော မျက်နှာအမူအရာများ ရှိနေကြပြီး သူတို့ ထွက်လာသည်နှင့် အက်ကွဲကြောင်းဘေးရှိ ၂၄ ယောက်သော ဂိုဏ်းသခင်များအကြားတွင် မတ်တပ်ရပ်နေသည့် ဂိုဏ်းသခင် သုံးဦးထဲမှ တစ်ဦးဖြစ်သော ဂိုဏ်းသခင် ယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်များတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
ဂိုဏ်းချုပ် ယွဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့ပြီး သူတို့ကို ကြိုဆိုရန် လက်ဝါးချင်းယှက်လိုက်သည်။
ယိုနှင့် မင်ဟုခေါ်သော ထိုအဖိုးအို နှစ်ဦးမှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။ မည်သည့်စကားတစ်ခွန်းမျှ မဆိုဘဲ သူတို့သည် သောင်းဂဏန်းမျှသော ရှေးဟောင်း ကြေးနီဓားများနှင့်အတူ ကျားဖြူကြီး၏ တိုက်ဆီသို့ တဟုန်ထိုး ဆင်းသက်သွားခဲ့ကြတော့သည်။ သူတို့ ချက်ချင်း ဆင်းသက်သွားခဲ့ကြသော်လည်း မည်သည့်ကျင့်ကြံသူမျှ တိုက်ပေါ်မှ အောက်သို့ မဆင်းခဲ့ကြချေ။ ယိုနှင့် မင်တို့အပြင် ယခင်က နတ်ဘုရား အနှစ်သာရ နယ်မြေကို ခုခံကာကွယ်ရန် တာဝန်ပေးခြင်းခံခဲ့ရသော ရှင်ခြင်ဒနယ်ပယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားသာလျှင် ကျားဖြူကြီး၏ တိုက်ပေါ်သို့ ခြေချခဲ့ကြသည်။
"အစစ်အမှန် ယင်လောကကို ကြိုဆိုပါတယ်" ဂိုဏ်းသခင် ၂၄ ယောက်ထဲမှ တစ်ဦးက ခန့်ညားထည်ဝါသော အသံဖြင့် ပြောလိုက်သည်။ သူ စကားပြောလိုက်သည်နှင့် နဂါးပြာကြီး၏ တိုက်ပေါ်ရှိ တစ်သန်းခန့်သော ကျင့်ကြံသူများသည် ထူးဆန်းသည့်အမူအရာများ ရှိနေကြသော်လည်း လက်ဝါးချင်းယှက်ကာ ကျားဖြူကြီး၏ တိုက်ဆီသို့ ဦးညွှတ်လိုက်ကြဆဲပင်။
"ငါက မင်းတို့ရဲ့ ကြိုဆိုမှုကို လက်ခံဖို့လောက်အထိ အရေးမကြီးပါဘူး။ တာအိုခုန်း ဘယ်မှာလဲ" အဖိုးအို မင်က အေးစက်ပြီး ပြတ်သားစွာ မေးလိုက်သည်။ သူ့အသံထံမှ ပုပ်ပွပျက်စီးနေသော အငွေ့အသက်များ ပြန့်လွင့်နေသော်လည်း သူ စကားပြောလိုက်သည့် အခိုက်အတန့်မှာပင် အနီရောင် ဖီးနစ်ကြီး၏ တိုက်အထက်ရှိ ကောင်းကင်ယံ အက်ကွဲကြောင်းထဲမှ တုန်လှုပ်ဖွယ်ရာ နဂါးဟိန်းသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ဧရာမ အသူရာနဂါးကြီး တစ်ကောင်သည် အက်ကွဲကြောင်းထဲမှ ကြီးမားသော ခေါင်းကြီးကို ပြူးထွက်လာခဲ့၏။ ထိုခေါင်းကြီး တိုးထွက်လာသည်နှင့် နောက်ကွယ်မှ တစ်ထောင်ကျော်ခန့်သော အသူရာနဂါးများလည်း ပျံသန်းထွက်ပေါ်လာခဲ့ကြသည်။
ပထမဆုံးနှင့် အကြီးမားဆုံးသော အသူရာနဂါးကြီးပေါ်တွင် ထိုင်နေသူမှာ အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသားပင် ဖြစ်သည်။ သူ့ဘေးတွင်မူ ယွီရွှမ် ရှိနေခဲ့သည်။ သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ခဏမျှ ဖြတ်သန်းသွားခဲ့သော်လည်း သူမ နှလုံးသား သေဆုံးသွားခဲ့ပြီ ဖြစ်သည့်အလား ခံစားချက်ကင်းမဲ့သော အမူအရာသို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားခဲ့သည်။
"အသူရာ ဧကရာဇ် မဟာလောကကို ကြိုဆိုပါတယ်"
မဟာလောကကြီး သုံးခုလုံး ရောက်ရှိလာခဲ့ကြပြီဖြစ်ရာ သူတို့ အားလုံးသည် နံနက်ခင်း တာအိုဂိုဏ်း၏ မင်းသားများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။