အခန်း ၁၀၉၉
Vol. 79 Ch. 1099
အခန်း ၁၀၉၉ ထိုအကြည့်တစ်ချက်... (၆)
"ဟား... ဟား... နံနက်ခင်း တာအိုဂိုဏ်းရဲ့ မင်းသားတွေကို ဘိသိက်မြှောက်တဲ့ အခမ်းအနားအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပါတယ်ဗျာ။ ဒီမင်းသားတွေ ဘယ်လောက်အထိ ထည်ဝါလာမလဲ ဆိုတာကို ကျွန်တော် စောင့်မျှော်ကြည့်ရှုနေပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်ဟာ ခမည်းတော်ကိုယ်စား ဂုဏ်ပြုစကား ဆိုဖို့နဲ့ နံနက်ခင်း တာအိုဂိုဏ်းရဲ့ မင်းသားတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ရောက်လာခဲ့တာပါ" ဧရာမ အသူရာနဂါးကြီး တစ်ကောင်ပေါ်တွင် ရပ်နေသည့် ရုပ်ရည်ချောမောသော တတိယမြောက် မင်းသားက ဆိုလိုက်လေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ထုတ်ဖော်ပြသရန်ပင် မလိုဘဲ အရှိန်အဝါ တစ်ခုတည်းနှင့်ပင် ပြိုင်ဘက်ကင်းလုမတတ် ရှိနေပေသည်။
သူကား အသူရာနဂါးများကို ပိုင်ဆိုင်သည့် တစ်ခုတည်းသော လောကဖြစ်သော အသူရာ ဧကရာဇ် မဟာလောကမှ ရောက်လာခြင်းပေတည်း။
နံနက်ခင်း တာအိုဂိုဏ်းမှ ဂိုဏ်းသခင် နှစ်ဆယ့်လေးပါးတို့ ပြုံးရွှင်နေကြခိုက် အသူရာနဂါး အကောင် တစ်ထောင်တို့သည် အနီရောင် ဖီးနစ်တိုက်၏ အထက် ကောင်းကင်ယံတွင် ရစ်ဝဲ ပျံသန်းနေကြသည်။ တတိယမြောက် မင်းသားသည် သူ့ဘေးတွင်ရှိသော ယွီရွှမ်အား ဆွဲကိုင်ကာ ရှေးဦးစွာ ဆင်းသက်လိုက်ပြီးနောက် နဂါးများပေါ်တွင် ရပ်နေကြသည့် အသူရာ ဧကရာဇ် မဟာလောကမှ ကျင့်ကြံသူတို့သည်လည်း အောက်သို့ ဆင်းသက်လာကြလေသည်။
သူတို့ နဂါးများပေါ်မှ ဆင်းခွာလိုက်သည်နှင့် တစ်ပြိုင်နက် ထို အသူရာနဂါး တစ်ထောင်တို့သည် ကောင်းကင်ဆီသို့ မော့ကာ နားကွဲမတတ် ဟိန်းဟောက်လိုက်ကြသည်။ ထို သားရဲကြီးများ၏ မျက်လုံးများတွင် ရိုင်းစိုင်းကြမ်းတမ်းသော အလင်းတန်းများ တောက်ပနေပြီး နံနက်ခင်း တာအိုဂိုဏ်း၏ တိုက်ကြီးများကို ထမ်းပိုးထားသော သူတော်စင် သားရဲ လေးပါးအား စိန်ခေါ်သည့်အလား စိုက်ကြည့်နေကြသည်။
"တိတ်စမ်း" တတိယမြောက် မင်းသားက ခပ်တိုးတိုး ဆိုလိုက်၏။ သူ စကားဆိုလိုက်သည်နှင့် မမြင်ရသော လက် တစ်ထောင်က ထိုအသူရာနဂါး တစ်ထောင်အား ရုတ်ခြည်း ဆုပ်ကိုင်လိုက်သကဲ့သို့ ဟိန်းဟောက်သံများ ချက်ချင်း တိတ်ဆိတ်သွားလေတော့သည်။
ဤမြင်ကွင်းကြောင့် နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူများက သူ့ကို မသင်္ကာသော အကြည့်တို့ဖြင့် စောင်းမြောင်းကြည့်လိုက်ကြသည်။ သို့သော်လည်း အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသားသည် ဟန်ရေးပြနေခြင်းသာ ဖြစ်ကြောင်း ရိပ်စားမိသူ အနည်းငယ်လည်း ရှိနေသည်။
အသူရာနဂါးများမှာ သာမန် သတ္တဝါများ မဟုတ်ကြချေ။ သူတို့သည် သာမန်လူတစ်ဦးကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားကြရာ ဤသို့သော အခြေအနေမျိုးတွင် တောရိုင်း သားရဲများသဖွယ် ဟိန်းဟောက်မည် မဟုတ်ပေ။ မိမိ၏ စွမ်းအား ကြီးမြတ်ကြောင်းကို ပြသနိုင်ရန် တတိယမြောက် မင်းသားကိုယ်တိုင် ကြိုတင် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
"မဟာလောက အသီးသီးက တာအိုရောင်းရင်းများ... ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ နံနက်ခင်း တာအိုဂိုဏ်းရဲ့ အခမ်းအနားကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီနေ့ဟာ ဘိသိက်ခံပွဲတော် ကျင်းပမယ့်နေ့ ဖြစ်ပါတယ်။ အားလုံးပဲ..." ထိုအချိန်တွင် ကောင်းကင်ယံမှ ဂိုဏ်းသခင် ခုနစ်ဆယ့်နှစ်ပါးတို့သည် နေရာအနှံ့သို့ ဖြန့်ကြက် နေရာယူလိုက်ကြပြီ ဖြစ်သည်။ ဂိုဏ်းသခင် ရီ၊ ယွဲ့ နှင့် ရှင်းတို့သည် အဝေးတစ်နေရာတွင် ပြုံးရွှင်သော မျက်နှာများဖြင့် ရပ်နေကြသည်။ ထိုစကားကို ဆိုလိုက်သူကား ဂိုဏ်းသခင် ယွဲ့ပင် ဖြစ်သည်။
သို့ရာတွင် သူ စကားဆုံးအောင် မပြောနိုင်မီမှာပင် ဩရှရှနှင့် အေးစက်သော နှာခေါင်းရှုံ့သံ တစ်သံက သူ့စကားကို ဖြတ်တောက်လိုက်လေသည်။
ကျားဖြူတိုက်၏ အထက် ကောင်းကင်ယံ၌ သောင်းဂဏန်းမျှသော ရှေးဟောင်း ကြေးနီဓားတို့သည် စူးရှသော အလင်းတန်းများ တောက်ပလျက် ရှိသည်။ ထိုတိုက်ပေါ်ရှိ စားပွဲဝိုင်း အမြောက်အမြားကြားတွင် အဖိုးအိုယို နှင့် မင်တို့သည် ရှင်ခြင်း နယ်ပယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့်အတူ မတ်တပ်ရပ်နေကြသည်။ ထိုသို့ စကားဖြတ်ပြောလိုက်သူမှာ အဖိုးအို မင် ဖြစ်ပြီး သူ့စကားလုံးများက ကြမ်းတမ်း ခက်ထန်လှသည်။
"ငါ ဒုတိယအကြိမ် ထပ်မေးမယ်... တာအိုခုန်း ဘယ်မှာလဲ"
သူ ပြောလိုက်သော အသံကား အရပ်မျက်နှာ အနှံ့အပြားသို့ မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ ထိုအသံကြောင့် လိပ်နက် တိုက်ပေါ်တွင် ရှိနေသော စတုတ္ထမြောက် မဟာလောကမှ လူများက သူ့ကို စောင်းမြောင်းကြည့်လိုက်ကြသည်။ အနီရောင် ဖီးနစ် တိုက်ပေါ်ရှိ အသူရာ ဧကရာဇ် မဟာလောကမှ လူများပင်လျှင် လှမ်းကြည့်လာကြလေသည်။
သူတို့အားလုံးသည် တာအိုခုန်း ဟူသော အမည်နာမကို ကြားဖူးထားပြီး ဖြစ်သည်။ အချို့ကမူ ယခင်အတိုင်း တည်ငြိမ်နေကြသော်လည်း အချို့က ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြပြီး အချို့မှာမူ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရတော့မည့်အလား ခပ်ဖျော့ဖျော့ ပြုံးလိုက်ကြလေသည်။
"တာအိုခုန်း ဟုတ်လား။ နတ်ဘုရား အနှစ်သာရ နယ်မြေမှာ တပ်စွဲထားတဲ့ အစစ်အမှန် ယင်လောကရဲ့ တပ်ဖွဲ့တွေကို တစ်ချက်တည်းနဲ့ ချေမှုန်းပစ်ခဲ့တဲ့ တစ်ယောက်လား။ သူက နံနက်ခင်း တာအိုဂိုဏ်းရဲ့ မင်းသားတွေထဲက တစ်ပါးလို့တော့ ကျွန်တော် ကြားဖူးထားတယ်" အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသားက ခပ်ဖျော့ဖျော့ ပြုံးလျက် ပျင်းရိလေးတွဲသော လေသံဖြင့် ဆိုလိုက်သည်။
သူ့စကားများမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ မီးလောင်ရာ လေပင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ မာနခဲကြီး ဖြစ်သော တတိယမြောက် မင်းသားသည် တာအိုခုန်း၏ စွမ်းဆောင်ရည်များကို ကြားသိရသောအခါတွင် အချိန်အတော်ကြာအောင် အံ့ဩတုန်လှုပ်ခဲ့ရသည်။ ထိုကိစ္စကို လက်ခံယုံကြည်ရန် ငြင်းဆန်နေခဲ့သော်ငြားလည်း သူ့ရင်ထဲတွင် ထူးဆန်းသည့် မနာလို ဝန်တိုမှုတစ်ခုက အမြစ်တွယ် ကြီးထွားလာခဲ့သည်။
သူ့ဘေးတွင်မူ ယွီရွှမ်သည် ခံစားချက် ကင်းမဲ့စွာ ရှိနေဆဲပင်။ သူမ၏ မျက်နှာအမူအရာတွင် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ တာအိုခုန်းဖြစ်စေ အခြား မည်သူပင်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။ ထိုသူတို့အထဲမှ မည်သူမျှ သူမ နှလုံးသားကို တစ်စက်ကလေးမျှပင် လှုပ်ခတ်သွားစေနိုင်စွမ်း မရှိကြချေ။
စတုတ္ထမြောက် မဟာလောကမှ လူများအကြားတွင် အဖိုးအို လျန်ရှန်းသည် မျက်နှာပေါ်၌ အပြုံးတစ်ခုကို ထိန်းသိမ်းထားသည်။ သူ့အတွေးများကို မည်သူမျှ ဖတ်ရှု၍ မရနိုင်ပေ။ သို့သော် သူ့ဘေးတွင် ရှိနေသော ဆရာတော် ကျိလုံ၏ မျက်နှာပေါ်တွင်မူ အနည်းငယ် ရှုပ်ထွေးသည့် အမူအရာတစ်ခု ပေါ်ထွက်နေပြီး သူသည် ခပ်တိုးတိုး သက်ပြင်းချလိုက်လေသည်။
နတ်ဘုရား အနှစ်သာရ နယ်မြေတွင် တပ်စွဲထားသော အစစ်အမှန် ယင်လောက တပ်ဖွဲ့များ ပျက်စီးသွားခြင်းနှင့် ပဉ္စမမြောက် မီးဖိုကြီး ပေါ်ထွက်လာခြင်းတို့သည် လုံလောက်သည်ထက်ပင် ပိုနေခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသည် ဤအရိပ်အမြွက်များကို နားမလည်ခဲ့လျှင် ထို့ပြင် ယခင်က သူ တွေ့ဆုံခဲ့ဖူးသော လူငယ်လေးသည် ယခု နာမည်ကြီးနေသည့် မင်းသား တာအိုခုန်း ဖြစ်ကြောင်းကို မသိရှိခဲ့လျှင်... သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ အချည်းနှီးသာ ဖြစ်ပေမည်။ ထို့အတူ အခြားသူများက သူ့အား ဆရာတော် ကျိလုံဟု ခေါ်ဝေါ် သမုတ်ခြင်းကိုလည်း ခံယူထိုက်မည် မဟုတ်ပေ။
ပဉ္စမမြောက် မီးဖိုနှင့် ပဉ္စမမြောက် သမုဒ္ဒရာတို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ့ဘဝတစ်သက်တာတွင် မေ့ဖျောက်ရန် ခက်ခဲသော အဖြစ်အပျက်များပင် ဖြစ်သည်။ အထူးသဖြင့် ဤမျှလောက်အထိ အင်အားကြီးမားလာသော တာအိုခုန်းနှင့် ပတ်သက်၍ ဖြစ်သည်။ သူ့နှလုံးသား နက်ရှိုင်းသော နေရာတွင် ထိုလူငယ်အပေါ် လေးစား အထင်ကြီးမှု တစ်စွန်းတစ်စပင် ဖြစ်တည်လာခဲ့သည်။
"အခုချိန်မှာ ကျွန်တော်တို့ရဲ့ ဘိသိက်ခံပွဲတော်ကို ကျင်းပနေတာမို့ အဖိုးအိုမင် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ထိန်းချုပ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ခင်ဗျား တွေ့ချင်နေတဲ့ တာအိုခုန်း ကလည်း မကြာခင် ရောက်လာတော့မှာပါ" ဂိုဏ်းသခင် ယွဲ့က အစစ်အမှန် ယင်လောကမှ ယိုနှင့် မင်တို့အား အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည်။
အဖိုးအို မင်သည် အေးစက်စက် ရယ်မောသံ တစ်ချက် လွှတ်လိုက်သော်လည်း မည်သည့်စကားမျှ မဆိုချေ။ သူ၏ ယခင် စကားများမှာ အခြားသော မဟာလောကများကို အစစ်အမှန် ယင်လောက၏ ဩဇာတိက္ကမ ကြီးမားကြောင်း ပြသရန်နှင့် ဤကိစ္စကို သူတို့အနေဖြင့် အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း ပြသရန်သက်သက်သာ ဖြစ်သည်။
ထိုသို့ ပြောဆိုလိုက်ခြင်းက ဝင်ရောက် စွက်ဖက်လိုသော အခြား မဟာလောကများကိုလည်း မလုပ်ဆောင်မီ သေချာစွာ စဉ်းစား ချင့်ချိန်သွားစေရန် ရည်ရွယ်သည်။
"ဘိသိက်ခံပွဲတော် အခမ်းအနားကို အခု စတင်ပါပြီ။ နံနက်ခင်း တာအိုဂိုဏ်းရဲ့ ကြီးမြတ်တဲ့ မင်းသား သုံးပါးကို ကြိုဆိုပါရစေ" ဂိုဏ်းသခင် ယွဲ့၏ အသံမှာ တည်ငြိမ်နေသည်။
သူ့အသံ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် လက်မောင်းများကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ လောကကြီး တစ်ခုလုံး ချက်ချင်းပင် ဟိန်းထွက်သွားတော့သည်။ ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ကောင်းကင်ယံမှ အလင်းတန်းရှည်ကြီး သုံးတန်း ထိုးဆင်းလာလေသည်။
ထိုအလင်းတန်းများသည် ထိုနေရာတစ်ဝိုက်ရှိ ကျင့်ကြံသူ အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပြီး အထူးသဖြင့် အစစ်အမှန် ယင်လောကမှ လူများပင် ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်လျက် စိုက်ကြည့်နေကြပေသည်။
အပြာရောင် ဝတ်စုံနှင့် အဖိုးအို၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်လျှင် ဆရာတော် ကျိလုံကမူ ထိုအလင်းတန်းရှည်ကြီး သုံးတန်းကို ချက်ချင်း စိုက်ကြည့်လိုက်ပြီး အလယ်ဗဟိုရှိ ခရမ်းရောင် အလင်းတန်းဆီသို့ အကြည့်အား စူးစိုက် ပို့လွှတ်လိုက်သည်။
အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသားသည်လည်း အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူ့ဘေးရှိ ယွီရွှမ်ကမူ ရှေ့တည့်တည့်သို့သာ ကြည့်နေ၏။ သူမ အကြည့်များကား ခန္ဓာကိုယ်ထဲတွင် ဝိညာဉ် ကင်းမဲ့နေသကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေပေသည်။
ဝုန်းခနဲ မြည်သံကြီးနှင့်အတူ ထိုအလင်းတန်းရှည်ကြီး သုံးတန်းလုံး ဆင်းသက်လာကြသည်။ ၎င်းတို့ ဆင်းသက်လာပြီး အလင်းရောင်များ စူးရှ တောက်ပသွားသောအခါ နဂါးပြာ တိုက်နှင့် အောက်ဘက် နေရာအနှံ့အပြားမှ အသံများ ထွက်ပေါ်လာတော့သည်။
"မင်းသားတွေကို အရိုအသေ ပေးပါတယ်ခင်ဗျာ"
တစ်ခဲနက် ထွက်ပေါ်လာသော အသံကြီးများမှာ မိုးခြိမ်းသံကိုပင် လွှမ်းမိုးသွားနိုင်စွမ်း ရှိသည်။ ထိုအသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားစဉ် နေရာအနှံ့ ဖြန့်ကြက်နေကြသော ဂိုဏ်းသခင် ခုနစ်ဆယ့်ငါးပါးတို့သည် လက်ဝါးချင်းယှက်ကာ ဆင်းသက်လာသည့် အလင်းတန်းရှည် သုံးတန်းဆီသို့ ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။
စူးရှသော အလင်းတန်းများ ပြန့်ကျဲသွားသောအခါ ခရမ်းရောင်၊ အနီရောင်နှင့် လိမ္မော်ရောင် အလင်းတန်းများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားရာ တာအိုခုန်း၊ တာအိုလင်း နှင့် တာအိုဟွာတို့ သုံးဦး ကိုယ်ထင် ပြလာကြလေတော့သည်။
တာအိုဟွာ၏ ခန္ဓာကိုယ် ပတ်လည်တွင် ကြာပန်း ကိုးပွင့် ရံရွေလျက် ရှိသည်။ နေကပ်ဘေး နယ်ပယ်၏ စွမ်းအားများသည် သူ့ထံမှ လျှံကျနေပြီး သူသည် ထိုစွမ်းအားများကို အနည်းငယ်မျှပင် ဖုံးကွယ်ထားရန် ကြိုးစားခြင်း မရှိချေ။ သူ့မျက်နှာပေါ်တွင် မာန်မာနများနှင့်အတူ စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။
တာအိုလင်းနှင့် ပတ်သက်၍မူ သူ့ပတ်လည်တွင် ကြာပန်း တစ်ဆယ့်နှစ်ပွင့် ရှိနေသည်။ အရှင်သခင် နယ်ပယ်၏ စွမ်းအားများက သူ့ထံမှ ပြန့်ထွက်လာရာ သူ့အား လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
သို့ရာတွင် သူတို့ နှစ်ဦး လူအများ၏ အာရုံကို ဖမ်းစားနိုင်စွမ်းမှာ တဒင်္ဂမျှသာ ကြာမြင့်ခဲ့ပြီး ထို့နောက်တွင်မူ လူတိုင်း၏ မျက်လုံးများကား စုမင်ထံသို့သာ ဆွဲငင်ခြင်း ခံလိုက်ရလေတော့သည်။
နီရဲနေသော ဆံပင်ရှည်ကြီးများ၊ သွေးရောင် လွှမ်းနေသော မျက်လုံးများ၊ သူ၏ ရူးသွပ်နေသော အကြည့်ထဲမှ သွေးဆာနေမှုများ... ထို့ပြင် ဖြူစင်နေရမည့် ကြာပန်း တစ်ဆယ့်ရှစ်ပွင့်မှာ ယခုအခါ သွေးရောင် ဆိုးခံထားရပြီး အခြားသူများ၏ နှလုံးသားကို ကြောက်ရွံ့ တုန်လှုပ်စေသော အနီရင့်ရောင် အလင်းတန်းများဖြင့် တောက်ပနေလေသည်။
ဤကား သူ့တစ်သက်တာလုံး ဖိနှိပ် သိမ်းဆည်းထားခဲ့သော ခံစားချက်များ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်၏ နေရာအနှံ့အပြားတွင် ဖျက်ဆီးလိုသော ဆန္ဒများ အပြည့်အဝ ဖုံးလွှမ်းနေသည့် စုမင်ပင် ဖြစ်လေသည်။ သူ့ထံမှ ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူ့ပုံပန်းသွင်ပြင်က သူ့အား ချက်ချင်းပင် အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာစေပြီး ထိုနေရာရှိ လူအားလုံး၏ အကြည့်များကို ဖမ်းစားလိုက်တော့သည်။ မည်သည့် ဥပဒေကိုမျှ ဂရုမစိုက်သော၊ ရက်စက် ကြမ်းကြုတ်၍ မာနထောင်လွှားသော အရှိန်အဝါ တစ်ခုသည် ဆံပင်နီနှင့် စုမင်ထံမှ ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ပြန့်ထွက်လာခဲ့သည်။
ထိုအာဏာရှင်ဆန်သော စိတ်ဆန္ဒကား အခြားသူများနှင့် သဘောထား ကွဲလွဲသည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်ရန် ဝန်မလေးသူများ၏ ရူးသွပ်မှုမျိုး ဖြစ်သည်။ သူ၏ မာန်မာနကား မဟာလောက တစ်ခုမှ တပ်စခန်း တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော ရူးသွပ်မှုမျိုး ဖြစ်သည်။ မည်သည့် ဥပဒေကိုမျှ ဂရုမစိုက်သော ထိုအရှိန်အဝါကား မည်သည့် နောက်ဆက်တွဲ အကျိုးဆက်ကိုမျှ ထည့်မတွက်သော ထိတ်လန့်ဖွယ်ရာ စိတ်နေသဘောထားပင် ဖြစ်လေသည်။
စုမင်၏ အကြည့်များနှင့် ဆုံတွေ့ရသူတိုင်း မိမိတို့၏ နှလုံးသားများ တုန်ရီသွားသည်ကို ခံစားလိုက်ကြရသည်။ ဖျက်ဆီးခြင်း တရားများဖြင့် ပြည့်နှက်နေသော စုမင်၏ အကြည့်သည် သူတို့၏ ရင်ထဲသို့ မြားတစ်စင်းကဲ့သို့ ထိုးဖောက် ဝင်ရောက်သွားရာ သူတို့အားလုံး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကြရလေသည်။
ဤသည်ကား နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူများ အတွက်မူ ပို၍ပင် ဆိုးရွားပေသည်။ သူတို့သည် စုမင်၏ ခရီးလမ်းတွင် ဖြစ်ပျက်ခဲ့သမျှအား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်သော်လည်း သူ့ဆံပင်များ နီရဲနေသည်ကိုမူ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ ယခုအခိုက်အတန့်တွင် သူ့ကို ထိုကဲ့သို့ မြင်တွေ့လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ အထိတ်တလန့် တုန်ခါသွားကြတော့သည်။
ယွီရွှမ်သည် ခံစားချက် ကင်းမဲ့စွာဖြင့် ရှေ့သို့ ငေးကြည့်နေဆဲပင်။ စုမင် ပေါ်ထွက်လာသည့်တိုင်အောင် သူမသည် ခေါင်းမော့ မကြည့်ခဲ့ချေ။ ဤနေရာရှိ မည်သည့် အရာကမျှ သူမ၏ ခံစားချက်များကို လှုပ်ခတ်စေနိုင်စွမ်း မရှိပေ။ သူမသည် နံနက်ခင်း တာအိုဂိုဏ်းသို့ ခြေချခဲ့ရသော်လည်း ဤနေရာမှာ အစစ်အမှန် နံနက်ခင်း တာအိုလောက ဖြစ်နေသည့်တိုင် ယင်မရဏ နယ်မြေ မဟုတ်သလို မာန်နတ်ဘုရားများ၏ နယ်မြေလည်း မဟုတ်ချေ။ သူမ ရင်းနှီးကျွမ်းဝင်ခဲ့သော နဝမမြောက် တောင်ထွတ်ကြီးလည်း ဤနေရာတွင် မရှိသကဲ့သို့... သူ လည်း ရှိမနေခဲ့ချေ။
ထို့ကြောင့်ပင် သူမ ခေါင်းမော့ မကြည့်ခဲ့ခြင်း ဖြစ်လေသည်။
သို့ရာတွင် သူမ ရှေ့၌ ရပ်နေသော အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသားသည် ခေါင်းမော့ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်သည်အား သတိပြုမိသောအခါ သူမသည်လည်း မော့ကြည့်လိုက်ရာ မွန်းတည့်နေမင်းကြီး တစ်စင်းသဖွယ် ကောင်းကင်ယံတွင် ရပ်တန့်နေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရလေသည်။ သူ့ဘေးရှိ လူနှစ်ယောက်မှာမူ သူ့ကို ပိုမို ပေါ်လွင်ထင်ရှားစေရန် တန်ဆာဆင်ပေးထားသော သစ်ရွက်စိမ်းလေးများအလား ဖြစ်နေသည်။ သူ့ကို သေချာစွာ အကဲခတ်လိုက်သောအခါ နီရဲနေသော သူ့မျက်လုံးများကို သူမ မြင်တွေ့လိုက်ရသည်။
ထိုအကြည့် တစ်ချက်ကပင် ယွီရွှမ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ရီသွားစေခဲ့သည်။ သူမသည် စုမင်ကို စူးစိုက်ကြည့်လိုက်ရာ သူမ ထံမှ ခံစားချက် ကင်းမဲ့နေမှုများ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ထိုတဒင်္ဂအတွင်း သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည် ဝင်ရောက်လာသကဲ့သို့ ဖြစ်သွားလေသည်။ သူမ မျက်လုံးထဲမှ မှေးမှိန်နေသော အကြည့်များ ပျောက်ကွယ်သွားကာ တက်ကြွမှု အရိပ်အယောင် တစ်ခုနှင့် အတူ အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။
သူမသည် သူမ မျက်စိကိုပင် မယုံရဲအောင် ဖြစ်နေခဲ့သည်။ သူမ ခန္ဓာကိုယ်လေး တုန်ရီနေ၏။ သူမသည် အင်္ကျီလက်စွန်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ ထိုအခိုက်အတန့်တွင် သူမသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် လူအားလုံးကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ သူမ မျက်လုံးထဲတွင် လူတစ်ယောက်တည်းသာ ရှိတော့သည်။ သူက စုမင် တစ်ယောက်တည်းသာ။
ထိုသူကား စိမ်းသက်နေသယောင် ရှိသော်လည်း အတိုင်းမသိ ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရသည်။ ထိုရင်းနှီးကျွမ်းဝင်မှုကား သူမ ဝိညာဉ် နက်ရှိုင်းရာ၌ ကိန်းအောင်းနေပြီး သူမ ဘဝတစ်သက်တာတွင် ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည် မဟုတ်သော အလွန်တရာ လှပသည့် အမှတ်တရတစ်ခု ဖြစ်လေသည်။
စုမင်၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုင်သော်လည်း သူ့ဝိညာဉ်ကား ပြောင်းလဲသွားခြင်း မရှိချေ။ သူ့အရှိန်အဝါကား အတိတ်ကနှင့် ကွာခြားနေကောင်း ကွာခြားနေနိုင်သော်လည်း ယွီရွှမ်၏ စိတ်ဆန္ဒတို့သည်ကား သူ့ဝိညာဉ်ကို ပြည့်စုံစေရန် အသက်သွင်းပေးခဲ့သော ထိုအနမ်းလေးထဲတွင် အမြစ်တွယ်နေဆဲပင်။ ထိုအသက်ရှူငွေ့လေးကား သူ့ဝိညာဉ်ထဲတွင် ရှိနေပြီး သူတို့ နှစ်ဦးသည် လွန်ခဲ့သော အချိန်ကတည်းက တစ်သားတည်း ပေါင်းစည်းခဲ့ပြီး ဖြစ်သည်။
သူသည် အခြားသူ အားလုံးကို လှည့်စားနိုင်ကောင်း လှည့်စားနိုင်မည် ဖြစ်သော်လည်း ယွီရွှမ်ကိုမူ ဘယ်သောအခါမှ လှည့်စား၍ ရမည် မဟုတ်ချေ။
သူမသည် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ရာ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ ဤကား လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော် ကာလတစ်လျှောက်လုံး အိပ်မက်ထဲတွင်ဖြစ်စေ နိုးကြားနေစဉ်ဖြစ်စေ သူမ မျက်နှာပေါ်တွင် တစ်ခါမျှ ပေါ်ထွက်မလာခဲ့ဖူးသော အပြုံးမျိုး ဖြစ်သည်။ ထိုအပြုံးထဲတွင် အသက်ဝင် တက်ကြွမှုများနှင့်အတူ အပြစ်ကင်းစင်သော ဆော့ကစားချင်စိတ်များ နက်ရှိုင်းသည့် လွမ်းဆွတ် တမ်းတမှုများနှင့် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်သော နူးညံ့ သိမ်မွေ့မှုများ ပါဝင်နေသည်။ ဤသည်ကား သူမ ပြန်လည် အသက်ဝင်လာပြီး ခံစားချက် ကင်းမဲ့နေသည့် အခြေအနေမှ အပြည့်အဝ နိုးထလာသကဲ့သို့ပင်။ သူမ ပြုံးလိုက်လေရာ ထိုအပြုံးကား အတိုင်းမသိ လှပလွန်းပြီး တစ်ချက်မျှ မြင်တွေ့လိုက်ရသူတိုင်း တစ်သက်တာ မေ့ဖျောက်နိုင်မည် မဟုတ်ချေ။
ဤသည်ကား ယွီရွှမ်ဟူသော မိန်းကလေးနှင့်သာ သက်ဆိုင်သည့် ဟန်အမူအရာပင် ဖြစ်သည်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အပြုံး၊ မျက်ရည်များ ရစ်သိုင်းနေသော သူမ၏ တောက်ပသည့် မျက်ဝန်းအိမ်ထဲမှ မီးရှူးမီးပန်းများကဲ့သို့ စူးရှ တောက်ပသော အပြုံးပင် ဖြစ်လေတော့သည်။
သူမသည် စုမင်အား ငေးစိုက် ကြည့်နေလေ၏။
သူမ၏ အကြည့်ထဲမှ နက်ရှိုင်းသော စွဲလမ်းတမ်းတမှုများကို ယခုလောလောဆယ် ရူးသွပ်နေသော စုမင်၏ နှလုံးသားက သတိပြုမိသွားပုံ ရသည်။ ထို့ကြောင့် သူသည် ခေါင်းကို ငုံ့ကြည့်လိုက်ရာ သူ့အကြည့်တို့ကား အသူရာနဂါး တစ်ထောင်အား ဖြတ်သန်း၍ အသူရာ ဧကရာဇ် မဟာလောကမှ လူများ ရှိနေသော အနီရောင် ဖီးနစ် တိုက်ဆီသို့ ကျရောက်သွားလေသည်။ ထိုနေရာတွင် တတိယမြောက် မင်းသား နောက်မှ သူ့ကို ငေးစိုက်ကြည့်နေသော ယွီရွှမ် ရှိနေသည်။
ထိုအကြည့် တစ်ချက်...
စုမင် တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။ ရူးသွပ်ခြင်း ဝဲသြဃထဲသို့ နစ်မွန်းနေပြီး သူ့နှလုံးသား တစ်ခုလုံး ဖျက်ဆီးလိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူ ဘယ်သောအခါမျှ မေ့ပျောက်၍ မရနိုင်သည့် ပုံရိပ်လေး တစ်ခုကို သူ မြင်တွေ့လိုက်ရပေပြီ။
သူ၏ ရူးသွပ်မှုကား သက်ရှိမှန်သမျှကို ဖျက်ဆီးပစ်လိုသော သွေးဆာနေမှု ဖြစ်သော်လည်း ထိုပုံရိပ်လေးကား သူ့စိတ်နှလုံးထဲတွင် အလွန်တရာ နက်ရှိုင်းစွာ စွဲထင်နေခဲ့ရာ စကြဝဠာကြီး ပြိုကွဲ ပျက်စီးသွားလျှင်ပင် သူ့မှတ်ဉာဏ်ထဲမှ ဖျက်ပစ်နိုင်မည် မဟုတ်ချေ။
"ငါ့ကို ဘာလို့ ယွီရွှမ်လို့ ခေါ်လဲ နင် သိလား။ ရွှမ်ရဲ့ အဓိပ္ပာယ်က လီလီပန်းလေးတဲ့။ အဲဒါက ဝမ်းနည်းမှုတွေကို မေ့ဖျောက်ပေးတဲ့ ပန်းတစ်မျိုးလေ။ ငါက မိုးရေထဲက လီလီပန်းလေး တစ်ပွင့်ပေါ့။ ဒီနာမည်ကို ငါ့အမေက ပေးခဲ့တာ။ ငါ့ဘဝရဲ့ ဝမ်းနည်းမှုတွေကို မေ့ပစ်ပြီး ထာဝရ ပျော်ရွှင်စေချင်လို့တဲ့။ အခု ငါ့အမေက ငါ့ကို ခေါ်နေပြီ။ အမေနဲ့ ပြန်ဆုံဖို့ ငါ ထွက်သွားရတော့မယ်။ ငါ မထွက်သွားခင် နင့်ကို လက်ဆောင်တစ်ခု ပေးခဲ့မယ်"
အတိတ်က အနမ်းတစ်ပွင့်ကား ယခုအခိုက်အတန့်တွင် ရှည်လျားလှသော အကြည့်တစ်ချက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ အကယ်၍ နဂါးငွေ့တန်းကြီး ပြိုကွဲပျက်စီးသွားပြီး ထိုအပျက်အစီး အစအနများကို ပန်းချီကားချပ် တစ်ချပ်အဖြစ် ပြန်လည် စီစဉ်လိုက်မည် ဆိုပါလျှင် ထိုကားချပ်ပေါ်တွင် ပေါ်ထွက်လာမည့် အရာကား သူမ၏ မျက်နှာလေးသာလျှင် ဖြစ်ပေမည်။