အခန်း ၁၁၀၂
Vol. 79 Ch. 1102
အခန်း ၁၁၀၂ ငါ့ရဲ့ညာလက် (၃)
ထိုလူရုပ်သွင် လေးဦးမှာ အလွန်တရာ မြန်ဆန်လှပြီး သူတို့ပတ်လည်တွင် ဝဲလည်နေသော စွမ်းအင်များကြောင့် သူတို့အနက် နှစ်ဦးမှာ အရှင်သခင် နယ်ပယ်တွင် ရှိပြီး ကျန်နှစ်ဦးမှာ ကံကြမ္မာ နယ်ပယ်တွင် ရှိကြောင်း အခြားသူများ အလွယ်တကူ သိရှိနိုင်ကြသည်။ ထိုအထဲမှ တစ်ဦးမှာ မိမိကိုယ်ပိုင် ကံကြမ္မာ နိယာမများကိုပင် ကျွမ်းကျင် ပိုင်နိုင်ထားသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်ချေသည်။
မည်သည့် မဟာလောကသို့ပင် ဝင်ရောက်ပါစေ ဤကဲ့သို့သော လူလေးဦးမှာ အလွန်တရာ ကျော်ကြားသူများ ဖြစ်ကြမည်။ ထိုလေးဦး အတူတကွ ရှိနေချိန်တွင် သူတို့၏ တည်ရှိမှုမှာ အခြားသူများ လျစ်လျူရှုရန် ခက်ခဲသော ဒီရေလှိုင်းကြီး တစ်လှိုင်းအလား ပြင်းထန်နေမည်။
သို့သော်လည်း သူတို့လေးဦးမှာ ပုန်းကွယ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။ အရှင်သခင် နယ်ပယ်ရှိ အသူရာနဂါးကြီး အသတ်ခံရပြီး အသူရာနဂါး တစ်ထောင် သေဆုံးသွားချိန်တွင်ပင် ဖြစ်စေ အသူရာ ဧကရာဇ် မဟာလောကမှ ကျင့်ကြံသူများ မီးတောက်မိစ္ဆာ ဘိုးဘေး၏ မီးပင်လယ်အောက်တွင် စူးစူးဝါးဝါး အော်ဟစ်လျက် သေဆုံးသွားချိန်တွင်ပင် ဖြစ်စေ ထိုလေးဦးမှာ တည်ငြိမ်စွာဖြင့် တတိယမြောက် မင်းသား၏ ဘေးပတ်လည်တွင် ပုန်းအောင်းလျက် စုမင် ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။ အလင်းအကာအကွယ် ပေါ်ထွက်လာပြီး စုမင် နောက်သို့ လွင့်စဉ်သွားသည့် အခိုက်အတန့်ကျမှသာ သူတို့သည် သေစေနိုင်သော တိုက်ကွက်ကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြခြင်း ဖြစ်သည်။
စုမင် နောက်သို့ လွင့်စဉ်သွားခဲ့၏။ သူ့သွေးနှင့် စွမ်းအားများ ပြန့်လွင့် ကမောက်ကမ ဖြစ်နေဆဲမှာပင် အလင်းတန်းရှည်များက သူ့ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအလယ်အလတ်အရွယ် လူလေးဦး၏ အေးစက်သော အကြည့်များနှင့် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက် လေးခုတို့သည် အသူရာ စွမ်းအင်များ ပြည့်နှက်နေသည့် နတ်ဘုရား စွမ်းရည်လေးခုအဖြစ် ပြောင်းလဲကာ စုမင်ထံသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
သူ ရှောင်တိမ်း၍ မရနိုင်တော့ချေ။ စဉ်းစားရန်ပင် မဖြစ်နိုင်တော့ပေ။ ထိုနေရာရှိ နိယာမများမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ သီးခြား ခွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ စုမင်၏ ဆုတ်ခွာမည့် လမ်းကြောင်းအားလုံး ပိတ်ဆို့ခံလိုက်ရပြီး သူ့သွေးနှင့် စွမ်းအားများ ကမောက်ကမ ဖြစ်နေသဖြင့် ဤသည်ကား မည်သူမဆို သေဆုံးသွားနိုင်သည့် သေတွင်းကြီးတစ်တွင်း ဖြစ်နေတော့သည်။
တတိယမြောက် မင်းသားက ရူးသွပ်စွာ ရယ်မောလိုက်ပြီး ယွီရွှမ်မှာမူ သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။ သူမ မျက်ဝန်းထဲမှ ခိုင်မာသော အကြည့်များက သူမ ရင်ထဲရှိ စကားလုံးများအဖြစ် ပြောင်းလဲသွားပုံရပြီး သူမ ရှေ့မှောက်ရှိ အမျိုးသားသည် အံ့ဖွယ်အမှုအား ဆောင်ကြဉ်းပေးနိုင်မည်ဟု မိမိကိုယ်ကို အစဉ်အမြဲ သတိပေးနေခဲ့လေသည်။
ဝုန်း...
စုမင်၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရ၏။ ထိုလူလေးဦး၏ အတူတကွ တိုက်ခိုက်မှုကြောင့် သူ၏ သန်မာသော ခန္ဓာကိုယ်ကြီးပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူသည် သွေးများကို အန်ထုတ်လျက် နောက်သို့ လွင့်စဉ်သွားခဲ့သော်လည်း ထိုလေးဦးမှာမူ အေးစက်စွာ ပြုံးလျက် ရှေ့သို့ တစ်ဖန် တိုးဝင်လာကြပြန်သည်။ သူတို့သည် တိုက်ကွက်တစ်ကွက်ကို အတူတကွ ထပ်မံ ထုတ်ဖော်လိုက်ကြပြန်၏။
"သူ့ကို သတ်ပစ်၊ သူ့ဝိညာဉ်ကို ထုတ်ယူလိုက်စမ်း။ ဒီကောင်မကို ငါ ဘယ်လို ဖျက်ဆီးပစ်မလဲဆိုတာ သူ့ကို စောင့်ကြည့်ခိုင်းရမယ်..."
မိမိတွင် မည်သည့် အန္တရာယ်မျှ မရှိတော့ဘဲ အောင်ပွဲကို ရရှိတော့မည်ဟု ခံစားလိုက်ရသောအခါ တတိယမြောက် မင်းသားသည် ညာလက်အား မြှောက်လျက် အလင်းအကာအကွယ် နောက်ကွယ်ရှိ ယွီရွှမ်၏ ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
"ကောင်မ... သူက စုမင် ဟုတ်လား။ မင်း မာန်နယ်မြေမှာ သိခဲ့တဲ့ စုမင်မလား။ ဒါပေမဲ့ သူ ပေါ်လာတော့ကော ဘာဖြစ်လဲ။ သူ ဘယ်လောက်ပဲ သန်မာပါစေ မင်း မာန်နယ်မြေမှာ တွေ့ခဲ့တဲ့ စုမင်က မိုက်မဲတဲ့ အရူးတစ်ယောက်ပဲ။ သူသာ နံနက်ခင်း တာအိုဂိုဏ်းမှာ နာမည်ဝှက်နဲ့ အေးအေးဆေးဆေး နေနေရင် ငါ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ တကယ့်ကို မိုက်မဲတာပဲ"
တတိယမြောက် မင်းသားသည် တဟားဟား အော်ဟစ် ရယ်မောလိုက်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆန်းကြယ်သော တိတ်ဆိတ်မှု တစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။ ကောင်းကင်ယံမှ တိုက်ပွဲအပြင် အသူရာ ဧကရာဇ် မဟာလောကမှ တတိယမြောက် မင်းသား၏ ယခင်ကနှင့် ယခု အမူအရာများမှာ နံနက်ခင်း တာအိုဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေခဲ့ပြီး ငြိမ်သက်ခြင်းအသွင်ဖြင့် ဖော်ပြနေကြသည်။ အထူးသဖြင့် ဂိုဏ်းသခင် ရီ၊ ယွဲ့နှင့် ရင်းတို့၏ မျက်နှာထက်တွင်မူ ယခင်က တစ်ခါမျှ မပေါ်ဖူးသော ခက်ထန်မှုံမှိုင်းသည့် အမူအရာများ ပေါ်ထွက်နေခဲ့၏။
"မိုက်မဲတယ် ဟုတ်လား..."
စုမင် နောက်သို့ လွင့်စဉ်သွားစဉ် သွေးရဲရဲနီနေသော မျက်ဝန်းများဖြင့် ယွီရွှမ်က ပါးကို အုပ်ထားသည်အား မြင်တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့၏။ သူ့ဝိညာဉ်မှာ လောင်မြိုက်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆူပွက်လာခဲ့သည်။ သူ တိုးညှင်းစွာ ရေရွတ်လိုက်သည်နှင့် ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအင်ကြီး တစ်ခုမှာ သူ့ခန္ဓာကိုယ်ထံမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့တော့သည်။
စကြာဝဠာအတွင်းရှိ သက်ရှိခပ်သိမ်းကို ဖျက်ဆီးပစ်လိုသော အငွေ့အသက်များ သူ့ထံမှ ပေါက်ကွဲထွက်လာသည့် အခိုက်အတန့်၌ပင် အလွန်တရာ ဝေးကွာသော အရပ်ရှိ အင်မော်တယ် မဟာမိတ်အဖွဲ့၏ လက်အောက်ခံ နံနက်ခင်း တာအို မဟာလောကအတွင်းမှ ပျက်စီးနေသော တိုက်ကြီးများ ဝန်းရံထားသည့် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ယဇ်ပလ္လင် တစ်ခုပေါ်တွင် စုမင်၏ အစစ်အမှန် ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ တုန်ရီလာခဲ့လေသည်။
……
အရာခပ်သိမ်းကို စွန့်လွှတ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များအား ဂရုမစိုက်ဘဲ ပြုလုပ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။
မည်သည့် အကျိုးဆက်ကိုမျှ မမှုခြင်းဟူသည် အဘယ်နည်း။
တစ်ခါတစ်ရံတွင် ရူးသွပ်ခြင်းဟူသော စကားလုံးဖြင့် ဖော်ပြနိုင်သော်လည်း ထိုစကားလုံးထက် ပိုမိုအစွမ်းထက်ပြီး အကျိုးဆက်များကို မမှုခြင်း၏ မြစ်ဖျားခံရာအား အကောင်းဆုံး ဖော်ပြနိုင်သည့် အခြားစကားလုံး တစ်လုံး ရှိသေးသည်။ ယင်းကား မြတ်နိုးခြင်ပင် ဖြစ်ချေသည်။
တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို အလွန်အမင်း မြတ်နိုးလာသောအခါ ထိုမြတ်နိုးခြင်းကြောင့်ပင် လူတစ်ယောက်သည် စကြာဝဠာအား မှောက်လှန်ပစ်နိုင်ပြီး မည်သည့်အရာကိုမဆို ရပ်တန့်ခြင်းမရှိဘဲ ပြုလုပ်နိုင်စွမ်း ရှိသွားတတ်သည်။ အချို့သော လူများအတွက်မူ သူတို့ ဂရုစိုက်မြတ်နိုးရသော အရာများကို မည်သည့်အခြေအနေတွင်မျှ အထိပါးမခံနိုင်ချေ။
"မိုက်မဲတယ် ဟုတ်လား။ တကယ်တော့ ငါက အင်မတန် ထက်မြက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ငါ့ကိုယ်ငါ ထုတ်ဖော်မိရင်ကော ဘာဖြစ်လဲ။ အရာအားလုံးကို ဖွင့်ချလိုက်ရင်ကော ဘာဖြစ်မှာမို့လို့လဲ"
စုမင်၏ မျက်ဝန်းထဲမှ နီရဲသော အလင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏ နီရဲသော ဆံနွယ်များမှာလည်း ပုံမှန်အတိုင်း ပြန်လည် ပြောင်းလဲသွားခဲ့၏။ သူသည် အသိဉာဏ် ပြန်လည်ရရှိလာခဲ့သော်လည်း ရင်ထဲတွင်မူ ဆံပင်နီရောင် ပြောင်းလဲစဉ်က ခံစားခဲ့ရသော ရူးသွပ်မှုထက် အဆပေါင်းများစွာ ကြီးမားသည့် မြတ်နိုးခြင်းစိတ် ရုတ်ချည်း နိုးထလာခဲ့သည်။
သူ့တစ်သက်တာလုံးတွင် သူ အလေးအနက် ဂရုစိုက်ရသော လူအနည်းငယ်သာ ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ မိမိကို နမ်းခဲ့သည့် အခိုက်အတန့်မှစ၍ ယွီရွှမ်၏ ပုံရိပ်မှာ သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့ပြီး သူ အသက်ထက်မက မြတ်နိုးရသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
'သူက ငါ့ကို နှစ်သက်တာ။ ငါသာ သူ့ကို ကာကွယ်မပေးနိုင်ရင် ငါ နံနက်ခင်း တာအိုဂိုဏ်းကို ရောက်လာတာ ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ ငါတို့ဘဝမှာ မာနတရားတစ်ခုလို သဘောထားပြီး ဘယ်လို တုံ့ဆိုင်းမှုမှ မရှိဘဲ အရာအားလုံးကို စွန့်လွှတ်ပေးဆပ်နိုင်လောက်တဲ့ လူဆိုတာ အလွန်ပဲ ရှားပါးပါတယ်...'
ခိုင်မာပြတ်သားမှု၊ လျှော့မပေးသော သန္နိဋ္ဌာန်... စုမင်၏ မျက်ဝန်းထဲမှ နီရဲသော အရောင်များ ပျောက်ကွယ်သွားသော်လည်း ယင်းအစား ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်များဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။ ယင်းသည် စုမင်၏ နှလုံးသားကို ပြည့်နှက်သွားစေခဲ့ပြီး ထိုခဏ၌ပင် အတားအဆီးတစ်ခု ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအတားအဆီး ပြိုလဲသွားသည်နှင့် တောင်သုံးလုံးက လမင်းကို လင်းစေခြင်းဟူသော ပုံရိပ်ကြီးသည် စုမင် တမင်တကာ ဆင့်ခေါ်ခြင်း မပြုဘဲ ကျင့်ကြံသူအားလုံး၏ မျက်စိရှေ့မှောက် ကောင်းကင်ယံတွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့တော့သည်။
ကြီးမားသော လမင်းကြီးသည် သုံးရောင်ခြယ် အလင်းတန်းများဖြင့် လင်းလက်နေခဲ့ရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးကို အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားစေခဲ့ပြီး စုမင်ထံသို့ တိုးဝင်လာကြသော လူလေးဦးမှာမူ ပို၍ပင် ထိတ်လန့်သွားကြသည်။ သူတို့ တိုက်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည့် အခိုက်အတန့်မှာပင် စုမင်၏ ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ လှိုင်းလုံးကြီးများအလား ဖြာထွက်သွားခဲ့သည်။ ၎င်းသည် ထိုလူလေးဦးထံသို့ ရိုက်ခတ်သွားသောအခါ သူတို့ကို နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားစေခဲ့၏။ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
"ဒါက အရှင်သခင် နယ်ပယ်ရဲ့ ပုံရိပ်ထင်ရှားစေတဲ့ စွမ်းအားပဲ။ ဒါက တန်ခိုးရှင်တိုင်း အရှင်သခင် နယ်ပယ်ရဲ့ စွမ်းအားကို ထုတ်ဖော်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လောကရဲ့ စွမ်းအားပဲ..."
"ဒီလူက... အရင်က သူထုတ်ဖော်ခဲ့တဲ့ စွမ်းအားတွေက အရှင်သခင် နယ်ပယ်က လူတွေထက်တောင် သာလွန်နေတာ။ အခုမှ အရှင်သခင် နယ်ပယ်ရဲ့ ပုံရိပ်ကို ထုတ်ဖော်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"လကပ်ဘေး နယ်ပယ်... သူက အရှင်သခင် နယ်ပယ်က ကျင့်ကြံသူ မဟုတ်ဘူး။ သူက လကပ်ဘေး နယ်ပယ်မှာပဲ ရှိသေးတာ။ ဒီလောက် ကြီးမားတဲ့ လမင်းကြီး။ သူက ဘယ်လို ကျင့်စဉ်ကို ကျင့်ကြံနေတာလဲ။ သူက လကပ်ဘေး နယ်ပယ်မှာပဲ ရှိသေးတာကို ဘာလို့ တန်ခိုးရှင်တွေကို တန်းတူတိုက်ခိုက်နိုင်နေရတာလဲ..."
ထိုလူလေးဦး၏ အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။ သူတို့ နောက်သို့ ဆုတ်ခွာသွားစဉ် မျက်နှာထက်မှ ထိတ်လန့်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်၌ သူတို့ နှလုံးသားအစုံတွင် မယုံကြည်နိုင်မှုများနှင့်အတူ ကြောက်ရွံ့မှုကို ဆောင်ကြဉ်းပေးမည့် အတွေးတစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။
'သူက လကပ်ဘေး နယ်ပယ်မှာတင် တန်ခိုးရှင်တွေကို ယှဉ်တိုက်နိုင်နေတာ။ တကယ်လို့ ဒီလူသာ အရှင်သခင် နယ်ပယ်ကို ရောက်သွားရင် သူ ဘယ်လောက်တောင် အင်အားကြီးမားလာမလဲ...'
ထိုအချိန်တွင် ဤကဲ့သို့ တုံ့ပြန်မိသည်မှာ ထိုလေးဦးတည်း မဟုတ်ချေ။ ကျူးယိုချိုက်နှင့် တိုက်ခိုက်စဉ် တိုက်ခိုက်ရန် တွန့်ဆုတ်နေကြသော အဖိုးအို ယိုနှင့် မင်တို့၏ မျက်ဝန်းအစုံသည်ပင် အံ့ဩမှုကြောင့် ကျုံ့ဝင်သွားခဲ့ရသည်။
စတုတ္ထမြောက် မဟာလောကမှ ဆရာတော် ကျိလုံသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရုတ်ချည်း မတ်တတ်ရပ်လိုက်မိသည်။ သူ၏ အသက်ရှူသံများ ပြင်းထန်လာခဲ့၏။ ထိုအခိုက်အတန့်ကျမှသာ သူသည် စုမင်က တကယ်ပင် လကပ်ဘေး နယ်ပယ်၌သာ ရှိသေးကြောင်းကို သိမြင်သွားခဲ့တော့သည်။ စုမင်သည် ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားခဲ့ခြင်း မဟုတ်ဘဲ လကပ်ဘေး နယ်ပယ်၏ စွမ်းအားကိုသာ အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ချေသည်။
ဆရာတော် ကျိလုံ၏ ဘေးနားရှိ အပြာရောင် ဝတ်စုံနှင့် အဖိုးအို၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်း တစ်ချက် ဖြာထွက်သွားခဲ့သည်။ သူ စုမင်အား စိုက်ကြည့်လိုက်သောအခါ မျက်ဝန်းထဲတွင် လေးစား ချီးကျူးမှုများနှင့် အားကျမှုများ ပြည့်နှက်နေခဲ့၏။
နံနက်ခင်း တာအိုဂိုဏ်းတွင် စုမင်၏ လမင်းကြီးကို မြင်ဖူးသူ အချို့ ရှိကောင်းရှိနိုင်သော်လည်း ယခုအခိုက်အတန့်တွင်မူ သူ့ခန္ဓာကိုယ်ထံမှ ဖြာထွက်နေသော အရှိန်အဝါမှာ ထိတ်လန့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပိုမိုမြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းသခင် ရီ၊ ယွဲ့နှင့် ရှင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချင်းချင်း၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များကို မြင်တွေ့လိုက်ကြရသည်။
'လကပ်ဘေး နယ်ပယ်မှာတင် တန်ခိုးရှင်တွေကို ယှဉ်တိုက်နိုင်တာ။ တကယ်လို့ ဒီလူသာ အရှင်သခင် နယ်ပယ်ကို ရောက်သွားရင်...' ထိုသုံးဦး၏ အသက်ရှူသံများ တစ်ပြိုင်တည်း မြန်ဆန်လာခဲ့ပြီး သူတို့၏ မျက်ဝန်းထဲမှ အလင်းတန်းများမှာလည်း ချက်ချင်းပင် စူးရှတောက်ပလာခဲ့တော့သည်။
"မင်းသား တာအိုခုန်း..."
နဂါးပြာ တိုက်ပေါ်မှ နံနက်ခင်း တာအိုဂိုဏ်းဝင် တပည့်များသည် တတိယမြောက် မင်းသား၏ စကားများကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ကြသော်လည်း ယခုအခိုက်အတန့်တွင်မူ တစ်စုံတစ်ဦးက အားမာန်အပြည့်ဖြင့် စတင် အော်ဟစ်လိုက်လေသည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် နဂါးပြာ တိုက်ပေါ်မှ ကျင့်ကြံသူအားလုံးနှင့် အောက်ဘက်ရှိ ကိုးသန်းမကသော လူအုပ်ကြီးသည် တစ်ယောက်ပြီးတစ်ယောက် လိုက်လံ အော်ဟစ်ကြတော့ရာ တဖြည်းဖြည်းနှင့် သူတို့၏ အသံများမှာ တစ်သားတည်း ဖြစ်သွားခဲ့ပြီး ကောင်းကင်ယံသို့ ဟည်းထွက်သွားကာ ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည့် အသံလှိုင်းကြီး တစ်လှိုင်းအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
"မင်းသား တာအိုခုန်း..."
"မင်းသား တာအိုခုန်း..."
ထိုအသံများမှာ ဟင်းလင်းပြင်ထဲတွင် ဆက်လက် ပဲ့တင်ထပ်နေခဲ့သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေနိုင်သော ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်သံအဖြစ် ဖွဲ့စည်းသွားခဲ့၏။ ရာသီဥတုများ ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ လေပြင်းများ တိုက်ခတ်သွားခဲ့သည်။ စုမင်သည် ခေါင်းမော့ကာ ယခင်က တစ်ခါမျှ မရှိဖူးသော ရှည်လျားသည့် ဟိန်းဟောက်သံကြီးတစ်သံအား ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
သူ ဟိန်းဟောက်လိုက်သည်နှင့် ကျောပြင်နောက်မှ ကြီးမားသော လမင်းကြီးသည် ဝုန်းခနဲ ပြိုကွဲသွားခဲ့လေသည်။ ထိုသို့ ပြိုကွဲသွားသည်နှင့်အတူ ၎င်း၏ ရေတွက်၍မရနိုင်သော အပိုင်းအစများသည် တစ်ဖန် ပြန်လည် စုစည်းသွားခဲ့ကြသည်။ သူတို့ စုစည်းမိသွားချိန်တွင်မူ ယခင်က တစ်ခါမျှ မပေါ်ဖူးသလို နောင်အနာဂတ်တွင်လည်း လူသားများ မြင်တွေ့ရရန် မလွယ်ကူတော့သည့် ကြီးမားထည်ဝါသော ပြိုင်ဘက်ကင်း နေမင်းကြီး တစ်စင်းအဖြစ် ဖွဲ့စည်းသွားခဲ့တော့သည်။ ယင်းသည် နေကပ်ဘေး နယ်ပယ်က အခြားသော ကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့် နေမင်းများထက်ပင် အဆပေါင်းများစွာ သာလွန်ကြီးမားပေသည်။
ယင်းသည် သုံးရောင်ခြယ် အလင်းတန်းများဖြင့် တောက်ပနေဆဲ ဖြစ်သည်။ ရူးသွပ်ခြင်း အနီရောင်၊ သန့်စင်သော ရွှေရောင်နှင့် အေးစက်သော မီးခိုးရောင်တို့ကြောင့် ထိုနေမင်းကြီးမှာ ပတ်ဝန်းကျင်ရှိ လူအားလုံး၏ မျက်ဝန်းထဲတွင် အဆုံးစွန်သည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ တောင်သုံးလုံးက လမင်းကို လင်းစေခြင်း ဟူသော ပုံရိပ်သည် တောင်သုံးလုံးက နေမင်းကို လင်းစေခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
"ကာကွယ်ခြင်း... ဂရုစိုက်ခြင်း..."
စုမင်၏ ရုပ်သွင်မှာ ထိုပြိုင်ဘက်ကင်း နေမင်းကြီးအတွင်း၌ ရှိနေသည်။ သူ့ထံမှ ပေါက်ကွဲထွက်လာသော စွမ်းအားများမှာ ကောင်းကင်ယံကို တုန်ဟည်းစေခဲ့ပြီး သူ့စိတ်ထဲတွင် သဘောပေါက် နားလည်မှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် မိမိ၏ ကျင့်ကြံခြင်း အဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ခြင်းမှာ ဂရုစိုက်မြတ်နိုးခြင်း စိတ်သည်လည်း စွမ်းအားတစ်မျိုး ဖြစ်သောကြောင့်ပင်။ ယင်းသည် ကာကွယ်လိုသော ဆန္ဒကို လောင်စာကျွေးပေးမည်ဖြစ်ပြီး အရာခပ်သိမ်းအား ဖျက်ဆီးပစ်နိုင်သော ရူးသွပ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။
ဤသည်ကား သဘောပေါက် နားလည်ခြင်း တစ်မျိုး ဖြစ်ပြီး သူ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလှည့်အပြောင်းများစွာ ကြုံတွေ့ရပြီးနောက် စုမင်၏ နှလုံးသားထဲတွင် အနည်ထိုင် ကျန်ရစ်ခဲ့သော အရာပင် ဖြစ်ချေသည်။ ယခုအခိုက်အတန့်တွင် စုရွှမ်ရီ၏ ကာကွယ်ခြင်း သဘောတရားကို သူ အနည်းငယ် မျှဝေနားလည်နိုင်စွမ်း ရှိသွားစေသည့် စွမ်းအားတစ်မျိုး ဖြစ်သည်။
'စစ်မှန်တဲ့ စွမ်းအားရဲ့ အရင်းအမြစ်က စကြာဝဠာ ဒါမှမဟုတ် ဟင်းလင်းပြင်ကြီးကနေ လာတာ မဟုတ်ဘူး။ ပြင်ပက ကမ္ဘာတွေကနေ လာတာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင်က အရာတွေဆီကနေ စွမ်းအားကို ချေးငှားတာက နောက်ဆုံးတော့ ပြင်ပစွမ်းအားကို သုံးစွဲတာပဲ ဖြစ်လိမ့်မယ်။ စစ်မှန်တဲ့ စွမ်းအားဆိုတာ စိတ်နဲ့ ဝိညာဉ်ကနေပဲ ထွက်ပေါ်လာတာ။ လူသားကိုယ်တိုင်ဆီကနေပဲ မြစ်ဖျားခံတာပဲ'
'ဒါက ငါတို့ရဲ့ စွမ်းအားတွေ အပြင်ဘက်ကို ပြန့်မသွားအောင် တားဆီးဖို့အတွက် ပြင်ပစွမ်းအားတွေကို သုံးမယ့်အစား ငါတို့ရဲ့ ကိုယ်ပိုင်ဆန္ဒကို လိုအပ်တာနဲ့ တူတူပဲ။ တန်ပြန်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေဖို့ ပြင်ပက စွမ်းအားတွေကို သုံးမယ့်အစား ငါတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို လိုအပ်တာနဲ့ တူတူပဲ။ စစ်မှန်တဲ့ စွမ်းအား၊ စစ်မှန်တဲ့ မဟာတာအို... သူတော်စင် ပုန်ကန်သူ မဟာစကြာဝဠာထဲက ကောင်းကင်ဘုံ မူလအစကလည်း ဒီလိုပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ စစ်မှန်တဲ့ စွမ်းအားကို ရရှိဖို့ ငါတို့အားလုံး လျှောက်လှမ်းရမယ့် လမ်းစဉ်ကတော့ ကိုယ့်ရဲ့ စိတ်နဲ့ ဝိညာဉ်ကို လေ့ကျင့်ပျိုးထောင်ဖို့ပဲ...'
စုမင်သည် နောက်ဆုံး၌ သဘောပေါက်သွားခဲ့သည်။
သူ သဘောပေါက် နားလည်သွားသည့် အခိုက်အတန့်၌ပင် ပိုမိုအစွမ်းထက်သော စွမ်းအားလှိုင်း တစ်လှိုင်းသည် သူ့ခန္ဓာကိုယ်ထံမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ဤသို့ ပေါက်ကွဲထွက်လာခြင်းက စောစောကပင် ဖွဲ့စည်းလိုက်သော နေမင်းကြီးအား ချက်ချင်း အရည်ပျော်လုနီးပါး ဖြစ်သွားစေခဲ့၏။ တစ်ချိန်တည်းပင် အရှင်သခင် နယ်ပယ်နှင့် သက်ဆိုင်သော အရှိန်အဝါများမှာလည်း သူ့ထံမှ ဖြာထွက်လာခဲ့တော့သည်။
"အရှင်သခင် နယ်ပယ်က လက်ဖဝါး တစ်ဖက်ကို ပုံရိပ် ထင်ရှားစေတယ်။ ဘာလို့လဲဆိုတော့ လက်ဖဝါးက အရာတစ်ခုကို အပြည့်အဝ ဆုပ်ကိုင်ထားနိုင်တာကို ကိုယ်စားပြုလို့ပဲ။ ဒါပေမဲ့ လက်ဖဝါးဆိုတာ ကာကွယ်ခြင်းလည်း ဖြစ်တယ်။ ကာကွယ်ဖို့အတွက် လက်ကို သုံးရတာ။ အရေးကြီးဆုံး အရာက လက်ဖဝါးထဲမှာပဲ ရှိတာ"
စုမင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သူ ဤသို့ ရေရွတ်လိုက်သည်နှင့်အမျှ အင်မော်တယ် မဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း ပျက်စီးနေသော တိုက်ကြီးများ ဝန်းရံထားသည့် ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေသော သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကြီးသည် လက်ဖဝါးကို လက်သီးတစ်ဖက်အဖြစ် တင်းတင်းကြပ်ကြပ် ဆုပ်လိုက်တော့၏။