နိုးထခြင်း
Vol. 37 Ch. 516
အခန်း (၅၁၆) နိုးထခြင်း
ရန်ကျောက်ကဲစကားကိုကြားတော့ ဖန်းခန်းက ဒေါသထွက်စွာဖြင့် ရယ်မောရင်း...
“အတော်မာနကြီးတာပဲ...”
ရယ်သံဆုံးသွားသည်နှင့် သူ့များဝန်းများက အေးစက်သွားသည်။
“မင်းက မိစ္ဆာသူတော်စင်ဂိုဏ်းက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီအဘိုးကြီး ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်မယ်”
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော အစစ်အမှန်သိုင်းကိုယ်ခွဲက နဖူးထက်တွင် မျက်လုံးတစ်ဖက်တည်းရှိသော နတ်ကြံ့ကြီးတစ်ကောင် အသွင်သဏ္ဌန် ဖြစ်သည်။
ထို နတ်ကြံ့ကြီး မျက်လုံးပွင့်လာသည်နှင့် မိုးမြေတစ်ခွင်မှ စိတ်ခံစားချက်များနှင့် နက်နဲသောအရာများအားလုံးကို ထိုးဖောက်ဝင်ရောက်ကြည့်ရှုနိုင်သည့်အလား ထင်မှတ်ရသည်။
ဖန်းခန်းကိုကြည့်ရင်း ရန်ကျောက်ကဲက အနည်းငယ်ခေါင်းညိတ်လျှက်...
“ကြံ့ဝိညာဉ်လက်ဝါးသိုင်းမှာ သူက သူ့သားထက်အများကြီးသာတယ် ၊ အင်း... သူတို့နှစ်ယောက်က ကျင့်ကြံခြင်းအဆင့်လည်း ကွာခြားတာကိုး”
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်တွင် နှစ်ပေါင်းအတန်ကြာ ရပ်တည်ခဲ့ပြီး ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသော ဖန်းခန်းက ယခု ကြံ့ဝိညာဉ်ကိုယ်ခွဲကို ဖန်းဆင်းလိုက်သည့်အခါ သူ့အရှေ့မှ ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ကို ဖောက်ထွင်းမြင်နေရသည့်အလား ထင်မှတ်ရသည်။
သူတို့၏ သိုင်းကွက်အပြောင်းအလဲများကို မဆိုထားနှင့် သူတို့စိတ်ထဲမှ အတွေးများကိုပင် ဖန်းခန်းက သိမြင်နေဟန်ပင်။
ဖန်းကျောက်ဟုန်၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းကို ရင်ဆိုင်ရန် ရန်ကျောက်ကဲတွင် နည်းလမ်းများစွာရှိသော်လည်း ဖန်းခန်းကို ရင်ဆိုင်ရန်ကတော့ ထိုနည်းလမ်းများအားလုံးက အချည်းနှီးသာပင်။ ဖန်းကျောက်ဟုန်ကို ရင်ဆိုင်ချိန်တွင် ရန်ကျောက်ကဲသည် ဖန်းကျောက်ဟုန်၏ကြိုတင်ခန့်မှန်းမှုများအားလုံးကို လျစ်လျူရှုပြီး စွမ်းအားအပြည့်ဖြင့် ဖိနှိပ်တိုက်ခိုက်နိုင်သည်။
သို့သော် ယခု သူရင်ဆိုင်ရသောပြိုင်ဘက်က သန့်စင်သောစွမ်းအားကိုပိုင်ဆိုင်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားသူလည်း ဖြစ်လေရာ ထိပ်တိုက်ရင်ဆိုင်ရန်ကြိုးစားပါက သေတွင်းရောက်သွားနိုင်သည်။
ဖန်းကျောက်ဟုန်ကို တိုက်ခိုက်ရာတွင် ရန်ကျောက်ကဲက တိုက်ကွက်အပြောင်းအလဲများစွာဖြင့် ဖန်းကျောက်ဟုန်နားမလည်အောင် လှည့်စားနိုင်ခဲ့သည်။ ဖန်းခန်း၏ ကြံ့ဝိညာဉ်ကိုယ်ခွဲကတော့ ရန်ကျောက်ကဲ၏ သိုင်းကွက်အလှည့်အပြောင်းအားလုံးကို ပုံဖော်နိုင်စွမ်း ရှိသည်။
ဖန်းကျောက်ဟုန်ကိုတိုက်ခိုက်စဉ်က ရန်ကျောက်ကဲက ပင်လယ်ငြိမ်သက်လက်သီးသိုင်းကို အသုံးပြုခဲ့ပြီး သူ့စိတ်က ပင်လယ်နက်ရှိုင်းရာနေရာကဲ့သို့ လှိုင်းတစ်ချက်မထဘဲ တည်ငြိမ်နေသဖြင့် ဖန်းကျောက်ဟုန်သည် သူ၏ အလှည့်အပြောင်းများကို ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ဖန်းခန်း၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းက ရန်ကျောက်ကဲ၏ အမျိုးမျိုးသော လှုပ်ရှားမှုများ၏ အပြောင်းအလဲများကို ခန့်မှန်းနိုင်စွမ်း ရှိသည်။
ထို့ပြင် ကျင့်ကြံခြင်းအဆင့်ကွာခြားလွန်းသဖြင့် ဖန်းခန်းက ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။
သို့သော် ဖန်းခန်းစိတ်ထဲမှာ ကြိတ်ပြီး အံ့အားသင့်မိသည်မှာ...
“အမတလက်ဖွဲ့ ကနဦးအဆင့်က ဒီလောက်တောင် တော်သလား”
ဟူ၍ပင်။
အကယ်၍ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့် ယခုထက်ပိုမိုမြင့်မားမည်ဆိုပါက သူ့အနေဖြင့် ရန်ကျောက်ကဲ၏ တိုက်ကွက်များကို ခန့်မှန်းနိုင်စွမ်း ရှိပါဦးမည်လား။
ဖန်းခန်း ထိုမေးခွန်းကို နောက်ထပ်မစဉ်းစားဝံ့တော့ပေ။
အမှန်ဆိုလျှင် အမတလက်ဖွဲ့ ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်ကို သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်အနေဖြင့် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ရမည်ပင်။ သို့သော် အဘယ့်ကြောင့် ထိုသို့ ဖြစ်မလာခဲ့ပါသနည်း။
သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများကတော့ မြင်ကွင်းကို မှင်တက်စွာကြည့်နေကြရင်း ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပေ။
အစောပိုင်းကပင် အစွမ်းထက်သောအသွင်အပြင်ကို ပြသခဲ့သော ရန်ကျောက်ကဲက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာခသင် ဖန်းခန်းနှင့် ရင်ဆိုင်ရသည့်တိုင် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။
သို့ပေသိ...
အရာအားလုံးက မကြာခင် ပြီးသွားတော့မည်ပင်...။
ရန်ကျောက်ကဲကိုကြည့်ရင်း ကျန်းဟောက်ချန်နှင့် လီချန်တို့ ကရုဏာသက်သွားမိသည်။
ကမ္ဘာပေါ်တွင် ပါရမီရှင်များအကြောက်ဆုံးမှာ အမြင့်ဆုံးအဆင့်သို့ မတက်လှမ်းနိုင်ခင် သူတို့ထက် အစွမ်းထက်သော သိုင်းကျင့်ကြံသူများကို ရန်စမိပြီး အသက်ငယ်ရွယ်စဉ် သေဆုံးသွားရခြင်းမျိုး ဖြစ်၏။
ရန်ကျောက်ကဲသည် သူတို့တွေ့ဖူးသမျှ အတော်ဆုံး ပါရမီရှင်ဖြစ်သည်။ စိတ်မကောင်းစရာမှာ အနှီလူငယ်သည် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖန်းခန်းနှင့် ရင်ဆိုင်ရသဖြင့် ဘဝအဆုံးသတ်ကာ ပျောက်ကွယ်သွားရပေတော့မည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်သာ ယခုထက်ပိုပြီး အနည်းငယ်မြင့်မားပါက ဖန်းခန်းနှင့် ရင်ဆိုင်တွေ့သည့်တိုင် အသက်ရှင်လျှက် လွတ်မြောက်နိုင်သော အခွင့်အရေး ရှိမည်ပင်။
သို့သော် အလားအလာကောင်းများစွာရှိသော ရန်ကျောက်ကဲသည် အသက်သေဆုံးသွားပါလျှင် အနာဂတ်တွင် မည်မျှအောင်မြင်နိုင်မည်ကို သိခွင့်ရနိုင်တော့မည် မဟုတ်ပေ။
ဖန်းခန်းစိတ်ထဲတွင်လည်း အလားတူအတွေးမျိုး စီးဆင်းလျှက် ရှိသည်။
ထို့ကြောင့် သူက ပို၍ပင် ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချခဲ့သည်။
အဆုံးမရှိသော အလားအလာများဖြင့်ပြည့်နေသော ပါရမီရှင် ရန်သူတစ်ယောက်ကို အသက်ရှင်လျှက် ထား၍မဖြစ်ဆိုသော သန္နိဋ္ဌာန်ပင် ဖြစ်၏။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ဖန်းခန်းကို စူးစိုက်ကြည့်နေသည်။ သူ့ပုံစံက ကြောက်ရွံ့ခြင်းမရှိသလို ပျာယာခတ်နေခြင်းလည်း မရှိပေ။
ဖန်းကျောက်ဟုန်ကို တိုက်ခိုက်သည့်နည်းလမ်းများဖြင့် ဖန်းခန်းကို အသုံးမပြုနိုင်၍လည်း ဘာမှမဖြစ်ပေ။ သူ့တွင် အခြားသောနည်းလမ်းများစွာ ရှိသေး၏။
ရန်ကျောက်ကဲ ရုတ်တရက် ရယ်မောလိုက်ပြီး သူ့ပုံစံက စိတ်ကြွရူးသွပ်နေသူတစ်ယောက်ပမာ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းပင် ဖန်းခန်း၏အစစ်အမှန်သိုင်းကိုယ်ခွဲဖြစ်သော နတ်ကြံ့ကြီး၏ နဖူးအလယ်တည့်တည့်မှ တစ်ခုတည်းသောမျက်လုံးသည်လည်း ပရမ်းပတာဖြစ်သွားသည့်အလား တုန်ခါသွားသည်။
“ဟင်...”
ဖန်းခန်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
ရန်ကျောက်ကဲ၏ သိုင်းကွက်အပြောင်းအလဲများနှင့် အတွေးလမ်းကြောင်းများကို သူ မဆုပ်ကိုင်နိုင်တော့ဘဲ ယခင်ကထက် နားလည်ရခက်လာကြောင်း အာရုံခံမိသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း အလွန်သိချင်လာ၏။
နဂိုက တည်ငြိမ်နေသော သိုင်းကွက်ဖွဲ့စည်းမှုက ရုတ်တရက် ဖရိုဖရဲဖြစ်သွားပြီး ရူးသွပ်မှုများဖြင့် ပြည့်နက်သွားသည်။ သာမန်လူကောင်းတစ်ယောက် ရုတ်တရက် စိတ်ဖောက်ပြန်သွားသလိုမျိုးပင်။
သာမန်လူကောင်းတစ်ယောက်၏ နိစ္စဓူဝ အတွေးများနှင့် လုပ်ရပ်များကို မည်သူမဆို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်။ သို့သော် အရူးတစ်ယောက်၏ နေ့စဉ်အလုပ်နှင့် စိတ်နေစိတ်ထား မည်သို့ရှိမည်ကို ခန့်မှန်းနိုင်ရန်က ခဲယဉ်းသည်။
ယခု ဖန်းခန်းမှာ ထိုသို့ခံစားနေရသည်။ ရန်ကျောက်ကဲ၏ သိုင်းကွက်အပြောင်းအလဲ သဲလွန်စများကို ရှာဖွေရန် ခဲယဉ်းနေပြီး အတွေးများနှင့် ခံစားချက်များပါ ရှုတ်ထွေးသွားသည်။
ရန်ကျောက်ကဲဘေးနားတွင်ရှိနေသော ဖူအန်းစုသည်ပင် အပြောင်းအလဲများကို ခံစားမိပြီး အံ့အားသင့်သွားရ၏။
ရန်ကျောက်ကဲမျက်နှာထက်တွင် အတော်လေးပုံပျက်ပန်းပျက် အပြုံးတစ်ခု ပေါ်လာသည်။
ရန်ကျောက်ကဲ၏ အတွေးအာရုံထဲတွင် ကြည်လင်ရှင်းလင်းသော စီးကြောင်းငယ်လေးတစ်ခုရှိနေကြောင်း ဖန်းခန်း သတိထားမိသည့်တိုင် ထိုအရာက ရူးသွပ်မှုများဖြင့် ဖုံးလွှမ်းထားခြင်း ခံရသဖြင့် ခန့်မှန်းနိုင်စွမ်း မရှိခဲ့ပေ။
ဤသည်က...
ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုမှ ချီလင်မိစ္ဆာလက်သီးသိုင်း။
ချီလင်သားရဲသည် ဖြောင့်မတ်တည်ကြည်ပြီး မကောင်းမှုအားလုံးကို နှိမ်နင်းပေးကာ ကိုယ်ကျင့်တရားဖြစ်ပြည့်စုံသော သားရဲဖြစ်သည်။
သို့သော် ချီလင်မိစ္ဆာလက်သီးသိုင်းကတော့ ထိုအချက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်၏။
ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုတွင် ချီလင်မိစ္ဆာလက်သီးသိုင်းက အပြင်းထန်ဆုံး ၊ အကြမ်းတမ်းဆုံးဖြစ်ပြီး အခြားသော လက်သီးသိုင်းများထက် ပိုမိုရူးသွပ်ကာ ရိုင်းစိုင်းကြောက်မက်ဖွယ် ဖြစ်သည်။ ရူးသွပ်မှုများကြားမှာပင် ကြီးမားသောစွမ်းအားများပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း ပရမ်းပတာဖြစ်ကာ ပြိုလဲသွားသည်အထိ အဖျက်စွမ်းအားကလည်း ပြင်းထန်သည်။
သို့သော် ဤလက်သီးသိုင်းက သူ၏စရိုက်နှင့်မကိုက်ညီသဖြင့် ရန်ကျောက်ကဲက အသုံးပြုခြင်း မရှိပေ။ ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုမှ အခြားလက်သီးသိုင်းများကို အသုံးပြုခဲ့သော်လည်း ချီလင်မိစ္ဆာလက်သီးသိုင်းကို ဘေးဖယ်ထားခဲ့သည်။
ထိုသို့ဘေးဖယ်ထားသည့်အတွက် ထိုလက်သီးသိုင်းကို မတတ်မြောက်ခြင်းတော့ မဟုတ်ပါပေ။
ယခုတိုက်ပွဲတွင် မူလက ရန်ကျောက်ကဲအသုံးပြုနေသော ပင်လယ်ငြိမ်သက်လက်သီးသိုင်းကြောင့် သူ့စိတ်အခြေအနေက တည်ငြိမ်နေသည်။ ယခု ချီလင်မိစ္ဆာလက်သီးသိုင်း ပြောင်းလဲအသုံးပြုလိုက်သည့်အခါ စိတ်အခြေအနေသည်လည်း ရူးသွပ်ခြင်းသို့ ပြောင်းလဲသွား၏။ သူက ထိုလက်သီးသိုင်းများကို ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့် တွဲဖက်အသုံးပြုနေခြင်းပင်။
ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့၏ သိုင်းကွက်အပြောင်းအလဲနှင့် အတွေးအာရုံများကို ပုံဖော်ကြည့်နေသည့် ဖန်းခန်းမှာ ရုတ်တရက် ရန်ကျောက်ကဲ၏ ပရမ်းပတာ ပြောင်းလဲသွားမှုကြောင့် သူ့ကိုယ်သူ ချောက်နက်ထဲပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
သူ့စိတ်အာရုံထဲတွင် ရုတ်တရက် ပေါင်းပင်အစုအဝေးကြီး ပေါက်လာသည့်အလား ရှုတ်ထွေးစွာ ခံစားလိုက်ရ၏။
ဖန်းခန်းက အေးစက်စွာ ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားကာ ရှုတ်ထွေးမှုများအားလုံးကို ဖြည်းညင်းစွာ ဖယ်ရှားပစ်လိုက်သည်။
ပရမ်းပတာပုံရိပ်များကို ဖြည်းဖြည်းချင်း အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ရန်ကျောက်ကဲ စိတ်အာရုံအတွင်းမှ ရှင်းလင်းပြတ်သားပြီး ကျိုးကြောင်းဆီလျော်နိုင်စွမ်းရှိသော အရိပ်အယောင်တစ်ခုကို သူ ဖမ်းဆုပ်လိုက်နိုင်သည်။
ဖန်းခန်းက အေးစက်စွာဖြင့်...
“အချိန်ဆွဲတာ အသုံးမဝင်ဘူး ၊ မင်းစောင့်နေတဲ့လူက ရောက်လာနိုင်မှာ မဟုတ်ဘူး”
ဖန်းခန်းစကားမှန်ကန်ကြောင်း သက်သေပြသည့်အလား အဝေးတစ်နေရာမှ ပြင်းထန်သော စွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်ကို လူတိုင်း ခံစားလိုက်ကြရ၏။
အဝေးတစ်နေရာရှိ ဝင်္ကပါပင်လယ်ဆီတွင် ကြီးမားသောစွမ်းအားရောင်ဝါနှစ်ခု ထိပ်တိုက်တွေ့ခြင်းက အလွန်တရာ ပြင်းထန်လွန်းသဖြင့် ဖန်းခန်းနှင့် ရန်ကျောက်ကဲတို့ ရှိနေသော ပင်လယ်နက်စင်္ကြံဆီသို့ပင် နောက်ဆက်တွဲ ငလျင်လှိုင်းလုံးများ ရိုက်ခတ်လာသည်။
ထိုစွမ်းအားရောင်ဝါနှစ်ခုအနက် တစ်ခုက ထက်ရှသည့်ဓားချီဖြစ်ပြီး အသံတစ်သံသည်လည်း ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“မိစ္ဆာသူတော်စင်... မင်း တကယ်ပဲ ရောက်လာတာကိုး”
ထိုဓားချီက သမုဒ္ဒရာကမ္ဘာမှ ကျင့်ကြံသူတိုင်းနှင့် ရင်းနှီကျွမ်းဝင်လေသည်။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင် အပါအဝင်ဖြစ်သော ဓားအသင်္ချေရေကန်မှ ဓားချီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဓားအသင်္ချေရေကန်မှ အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော “မျောလွင့်ဓား” မှ ပြင်းထန်သောဖိအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ကြရ၏။
ထိုစကားသံကိုကြားတော့ သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများ၏ မျက်နှာအမူအရာများပြောင်းလဲသွားပြီး ရန်ကျောက်ကဲနှင့် ဖူအန်းစုကို တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။
မူလက ရန်ကျောက်ကဲနှင့် ဖူအန်းစုကို မိစ္ဆာသူတော်စင်ဂိုဏ်းမှဖြစ်ကြောင်း မယုံကြည်ခဲ့ကြသော်လည်း ယခုတော့ သူတို့အားလုံးစိတ်ထဲ သံသယများ ပြည့်နက်လာသည်။
“သူတို့က တကယ်ပဲ မိစ္ဆာသူတော်စင်ဂိုဏ်းကလူတွေလား...”
ဖန်းခန်းက ရန်ကျောက်ကဲထံသို့ လက်ဝါးဖြင့် ထိုးဆောင့်ရိုက်နှက်ချလိုက်ပြီး...
“မင်းကို သတ်ချင်တယ်ဆိုရင် ဒီအဘိုးကြီးက မိစ္ဆာသူတော်စင်ကို သတိမထားဘဲ နေပါ့မလား ၊ မိစ္ဆာသူတော်စင်ကို ရင်ဆိုင်ဖို့အတွက် ဓားအသင်္ချေရေကန်က ‘မျောလွင့်ဓား’ ကို တောင်ပေါ်က ခဏဆင်းခဲ့ဖို့ အထူးဖိတ်ကြားထားခဲ့တယ်လေ”
ဖန်းခန်းက ချီလင်မိစ္ဆာလက်သီးသိုင်း၏ လျှို့ဝှက်ဆန်းကျယ်မှုကို ရိပ်မိသွားပြီဖြစ်လေရာ ရန်ကျောက်ကဲက ချက်ချင်းပင် ထိုသိုင်းပညာကို ရုတ်သိမ်းလိုက်သဖြင့် သူ့မျက်ဝန်းများက ပြန်လည်တည်ငြိမ်သွားသည်။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...
“ငါ စောင့်နေတာ သူ မဟုတ်ဘူး”
ထိုအချိန်...
လူတိုင်း၏စိတ်နှလုံးတုန်လှုပ်သွားပြီး “ပင်လယ်နက်စင်္ကြံ” တွင် တန်ခိုးစွမ်းအားကြီးမားသော တစ်စုံတစ်ရာ နိုးထာသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလှုပ်ရှားသွားလေ၏။