ကောင်းကင်နှင့် တစ်သားတည်း ဖြစ်ခြင်း
Vol. 27 Ch. 287
ချီလင်ဘုရင် အန်းထိုယွမ် သည် စာကို ကိုင်ထားရင်း မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
“လူငယ် ကူသခင်လေး.. ချီလင် နဲ့တူတဲ့ ကောင်လေးက အဋ္ဌမအဆင့် ဝါရင့် ပညာရှင် လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ပစ်နိုင်ခဲ့တယ် ဟုတ်လား..”
သူက တီးတိုး ရေရွတ်လိုက်သည်။
‘ဒီလောက် အံ့မခန်း ကောင်းတဲ့ လူငယ်လေး.. ပြောနေစရာတောင် မလိုဘူး.. အဲ့ဒါ သေချာပေါက် ငါ့ရဲ့ မြေးကြီးပဲ.. သံသယ ဖြစ်စရာကို မလိုတာ'
အန်းထိုယွမ် မှာ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောယှက်နေသော်ငြားလည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင်။
“ငါတို့ မျိုးနွယ်စု က နဝမ ကူနန်းတော် နဲ့ မဟာမိတ် ဖွဲ့ထားတာ ဆိုတော့ ကူသခင် လမ်းစဉ် တွေနဲ့ ပတ်သက်လာရင် ငါတို့ဘက်က ရပ်တည်ချက် တစ်ခုခု ပြသရမယ်..”
အစောင့် ဖြစ်သူက သဘောပေါက်သွားပြီး..
“ဒါဆို အဲ့ဒီကို အင်အားစု တစ်ခု လွှတ်လိုက်မလို့လား..”
“မဟုတ်ဘူး..”
အန်းထိုယွမ် က ခေါင်းခါပြလိုက်သည်။
“ငါကိုယ်တိုင် အဲ့ဒီကို သွားမယ်..”
အစောင့်မှာ…..
ဒါက ရပ်တည်ချက် ပြသတာတဲ့လား။
အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ကို လုယူဖို့ ကြိုးစားနေတဲ့ မိစ္ဆာအိုကြီးတွေတောင် မလှုပ်ရှားကြသေးတာကို အရှင်က အရင်ဆုံး ဦးဆောင်ပြီး သွားမလို့လား.. ဒါက ကိုယ့်ကိုယ်ကိုယ် အရူး လုပ်နေတာနဲ့ မတူဘူးလား။
အန်းထိုယွမ် က လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
“ငါ ပြောတဲ့ အချိန်ကျရင် အသင့် ပြင်ထားဖို့သာ လုပ်ပါ..”
“ဟုတ်ကဲ့ပါ..”
အစောင့်က အမိန့်ကို နာခံပြီး ထွက်သွားတော့သည်။
အစောင့် ထွက်သွားသည်နှင့် တစ်ပြိုင်နက် အန်းထိုယွမ် က ကုတင်ပေါ်မှ ခုန်ဆင်းလိုက်၏။
“ဟားဟားဟား.. ငါ့မြေးကြီးက တကယ့်ကို အောင်မြင်လာခဲ့ပြီပဲ.. ငါ့ရဲ့ မြေးကြီး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တယ်..”
သူသည် ဝမ်းသာအားရ ရယ်မောလိုက်ပြီး အောင်ပွဲခံ အက ကနေသော ခြင်္သေ့အိုကြီး တစ်ကောင်အလား လှုပ်ရှားနေတော့၏။
သို့သော် မကြာမီမှာပင် အန်းထိုယွမ် ၏ မျက်နှာ အမူအရာ ပြန်လည် တည်ကြည်သွားပြန်သည်။
“အဘိုးကြီး တစ်အုပ်က ငါ့မြေးကို ပြဿနာ ရှာချင်နေတယ်ပေါ့လေ..”
သူ ကျန်းနန် ရဲ့ အခြေအနေ တွေထဲမှာ ပါဝင်ရမယ်.. ကျန်းဟူ သိုင်းလောက တစ်ခုလုံးနဲ့ ရန်သူ ဖြစ်ရမယ် ဆိုရင်တောင်မှ ရှောင်လင်းအာ ကို ကာကွယ်ပေးရမယ်။
အန်းထိုယွမ် က စာကို ပြန်ယူပြီး သေချာစွာ ဖတ်ကြည့်လိုက်၏။
“လင်းအာ လေးက ကူအင်မော်တယ် ရဲ့ အမွေအနှစ် ကို ရသွားတာလား..”
“ဓားနတ်သမီး ကလည်း ကူအင်မော်တယ် ရဲ့ သမီးပဲ..”
“ဒါဆို သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုများလဲ..”
အခြေအနေများက တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပြီး အန်းထိုယွမ် မှာ သူ၏ မြေးလေးကို တွေ့ချင်ဇောများ ပြင်းပြနေတော့၏။
ကျန်းနန်နယ်။
ကျိုးရှောင် တောင်တန်း.. လင်းရှောင် ဓားဂိုဏ်း တွင်
သုံးထောင် ဆိုသော နှစ်ကာလများတိုင်အောင်.. အပြောင်းအလဲ များစွာနှင့် အနိမ့်အမြင့် ဒဏ်များကို ဖြတ်သန်းခဲ့ရပြီးနောက် ဓားဂိုဏ်း သည် မမှတ်မိ နိုင်လောက်အောင် ပြောင်းလဲသွားခဲ့ချေပြီ။
ဓားနတ်သမီး ၏ လျှို့ဝှက် ဂူစံအိမ် မှာလည်း မရှိတော့ချေ။
ဓားနတ်သမီး သည် ကျောက်ခုံ တစ်ခုပေါ်တွင် ထိုင်ကာ တစ်ခါတစ်ရံ ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးကို ငေးမောကြည့်နေပြီး တစ်ခါတစ်ရံတွင် သူမ၏ ဓားသိုင်းများကို လေ့ကျင့်နေတော့၏။
အခြေခံ အကျဆုံးနှင့် အလွယ်ကူဆုံးသော နည်းစနစ်များမှ စတင်ကာ.. ဓားကို ဆုပ်ကိုင်ခြင်း.. ဓားဆွဲထုတ်ခြင်း.. ခုတ်ပိုင်းခြင်းနှင့် အလျားလိုက် ခုတ်ပိုင်းခြင်း စသည်တို့ကို တစ်ဆင့်ချင်းစီ လေ့ကျင့်နေသည်။
ဤသို့ လေ့ကျင့်နေစဉ် အတွင်း ဓားနတ်သမီး ၏ လှုပ်ရှားမှု တိုင်းက ကောင်းကင်နှင့် မြေကြီး အကြား ပေါင်းစည်းသွားသည့် ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း လီယွမ် ခံစားသိရှိနေ၏။
သူမသည် ကောင်းကင်နှင့် မြေကြီး အကြား တစ်သားတည်း ဖြစ်နေလေ၏။
အချိန်နှင့် ဟင်းလင်းပြင် ကို ကျော်လွန်ကာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က သူမကိုယ်တိုင်နှင့် ပြန်လည် သင့်မြတ်သွားခဲ့ပြီ ဖြစ်သည်။
မှုန်ဝါးဝါး အလင်းရောင် အောက်တွင် ဓားကိုင်ဆောင်ထားသော အခြား ပုံရိပ်တစ်ခု ရှိနေသကဲ့သို့ပင်။ ငယ်ရွယ်သော ဓားနတ်သမီး သည်လည်း ဤနေရာတွင် သူမ၏ ချွေးများ ကျဆင်းခဲ့ဖူး၏။
အတိတ်က သူမသည် ယခု သူမအတွက် အရင်က တစ်ခါမှ မရှိခဲ့ဖူးသလို နောင်လည်း ဘယ်တော့မှ ရှိလာတော့မည် မဟုတ်သော ကြီးမားလှသည့် အပြောင်းအလဲကြီး တစ်ခုကို ပြီးမြောက်အောင် ကူညီပေးနေခြင်း ဖြစ်ပေလိမ့်မည်။
လီယွမ်က ခေတ္တမျှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီးနောက် လှည့်ထွက်သွားတော့၏။
ဤလုပ်ငန်းစဉ်သည် အချိန် ကြာမြင့်နိုင်သော်လည်း စောင့်ဆိုင်းရကျိုး နပ်မည်မှာ သေချာလှသည်။ ဓားနတ်သမီး ဖြတ်သန်းခဲ့ရသော အပြောင်းအလဲများက သူ့အတွက် ကြီးမားလှသော အကျိုးကျေးဇူး များကို ယူဆောင်လာပေးလေမည်။
ဓားနတ်သမီး ကြောင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ ပြောင်းလဲနေကြောင်းကိုပင် သူ အာရုံခံ သိရှိနိုင်၏။
ဤသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အခွင့်အရေး တစ်ခု ဖြစ်လာနိုင်သည်။
ကျန်းဟူ သိုင်းလောက ၏ မိစ္ဆာအိုကြီးများ အားလုံး တပ်မက်နေကြသော ‘အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်’ က ဤလောက၏ ဖွဲ့စည်း တည်ဆောက်ပုံ အခြေခံ ကို အမှန်တကယ် ပြောင်းလဲနိုင်စွမ်း ရှိပါသလား။
ဆူပွက်နေသော ခံစားချက်များကို ဖိနှိပ်ထားရင်း လီယွမ်သည် ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် တောင်ထိပ် သို့ ရောက်ရှိလာ၏။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့သော်လည်း ဓားဂိုဏ်း တစ်ခုလုံးမှာ သတိဝီရိယ အပြည့်ဖြင့် အသင့် အနေအထားတွင် ရှိနေဆဲပင်။ တပည့်များက နေ့ရောညပါ ကင်းလှည့်နေကြပြီး အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်ထားကြသည်။
လီယွမ်သည် လင်းရှောင် ဓားဂိုဏ်း ၏ အပြင်ဘက်တွင် ကူကောင် အမြောက်အမြားကို နေရာချထားပြီး ဖြစ်ရာ မည်သည့် လှုပ်ရှားမှုမျှ သူ၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
မိစ္ဆာအိုကြီးများ လည်း ထိုနည်းတူပင် ဖြစ်၏။ စိတ်အာရုံ စွမ်းအား နယ်ပယ် တွင်မူ သူသည် မိစ္ဆာအိုကြီးများ ထက် လုံးဝ နောက်ကျနေမည် မဟုတ်ပေ။
“ဦးလေး.. နောက်ဆုံးတော့ ဦးလေးနဲ့ တွေ့ရလို့ အရမ်း ဝမ်းသာတာပဲ”
မလှမ်းမကမ်းမှ ကလေးဆန်ဆန် အသံလေး တစ်ခု ထွက်ပေါ်လာပြီး ချန်နျန်ဖုန်း ပြေးလာတော့သည်။
“တောင်းပန်ပါတယ်.. ငါ နည်းနည်း အလုပ်များနေလို့”
လီယွမ်က ဆံပင်တိုတို ကောင်မလေး ကို ကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို မေ့တောင် နေပြီ.. မင်းကို ညဇီးကွက် အစောင့်တပ် စခန်းဆီ ခေါ်သွားဖို့အတွက် နောက်ထပ် ရက်အနည်းငယ်လောက် အချိန်ယူရဦးမယ် ထင်တယ်”
“ဦးလေးက အရမ်း သဘောကောင်းတာပဲ..”
ချန်နျန်ဖုန်း က ရယ်လိုက်သည်။
“ဦးလေးလို အရေးကြီးတဲ့ လူတစ်ယောက်က တောင်းပန်စကား ပြောတတ်သေးတယ်နော်..”
“ငါတို့ အားလုံးက သွေးထွက်တတ်တဲ့ လူသားတွေပဲလေ.. အားလုံး အတူတူပါပဲ”
လီယွမ်က တည်ငြိမ်စွာ ဆိုလိုက်၏။
“ခစ်ခစ်..”
ချန်နျန်ဖုန်း က သူ၏ ဘေးရှိ လှေကားထစ်များ ပေါ်တွင် ဝင်ထိုင်လိုက်သည်။ “ကျွန်မတို့ ရွာသူကြီး ကတောင် ဦးလေးထက် ပိုပြီး ဟန်ရေးပြတတ်သေးတယ်”
လီယွမ်က နောက်ပြောင်လိုက်သည်။
“ဒါဆို မင်း ညဇီးကွက် အစောင့်တပ် ဖြစ်လာတဲ့ အခါကျရင် မင်းတို့ ရွာသူကြီး က မင်းကို 'သခင်မ' လို့ ခေါ်ရတော့မှာပေါ့”
ချန်နျန်ဖုန်း က မေးကို ပင့်ကာ ဆိုသည်။
“ကျွန်မရဲ့ ရည်မှန်းချက် တွေက အဲ့ဒီလောက် မသေးပါဘူး”
“အို..”
လီယွမ်က မျက်ခုံးပင့်လိုက်၏။
“ဒါဆို ပြောပြပါဦး.. မင်း ညဇီးကွက် အစောင့်တပ် ဖြစ်လာပြီးရင် ဘာလုပ်ချင်လို့လဲ..”
“မကောင်းမှုတွေကို အပြစ်ပေးပြီး ကောင်းမှုတွေကို မြှင့်တင်မယ်.. ညဇီးကွက် အစောင့်တပ် တွေက လူဆိုးတွေ မဟုတ်ဘူး ဆိုတာကို လောကကြီးကို သက်သေပြမယ်..”
ချန်နျန်ဖုန်း က အော်ပြောလိုက်သည်။
လီယွမ် ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
ညဇီးကွက် အစောင့်တပ် များသည် ကောင်းခြင်း ဆိုးခြင်း ကို ဆုံးဖြတ်ပိုင်ခွင့် တစ်ခါမှ မရှိခဲ့ဖူးချေ။ နိုင်ငံတော် အတွက် အသက်ကို စတေးပြီး ပြည်သူများ၏ ကောင်းကျိုး အတွက် မမောမပန်း အလုပ်လုပ်ခဲ့ကြသော အသစ္စာရှိဆုံး ဝန်ကြီးများ ပင်လျှင် နန်းတွင်းမှ အမိန့်ပေးလာပါက ညဇီးကွက် အစောင့်တပ် ၏ မိသားစု တစ်ခုလုံး သုတ်သင် ရှင်းလင်း ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပေ။
ပြောင်းပြန် အားဖြင့် တော်ဝင် မိသားစု ကသာ သာမန် ပြည်သူများကို ဆင်းရဲ ဒုက္ခများ ခံစားရစေပြီး သွေးချောင်းစီးစေသော သစ္စာဖောက် လူယုတ်မာ များကို ကာကွယ်ပေးလိုပါက ညဇီးကွက် အစောင့်တပ် ကလည်း လိုက်နာရလေမည်။
ဧကရာဇ် က နဂါး ပလ္လင်ပေါ်တွင် ထိုင်နေပြီး ညဇီးကွက် အစောင့်တပ် များမှာ လူသားများ မဟုတ်ဘဲ ဓားတစ်လက် မျှသာ ဖြစ်၏။
ဓားတစ်လက် သက်သက်သာ ဖြစ်နေပြီး ၎င်း၏ အကောင်းအဆိုးကို ဘယ်လိုများ ဆုံးဖြတ်နိုင်မှာလဲ။
လီယွမ် စကားမပြောသည်ကို မြင်သောအခါ ချန်နျန်ဖုန်း က သတိထား၍ မေးလိုက်သည်။
“ဟို.. ဦးလေး.. ကျွန်မ ဦးလေးကို မေးခွန်း တစ်ခုလောက် မေးလို့ ရမလား..”
“မေးလေ..”
လီယွမ်က အလွန် စိတ်ရှည်လေ၏။
“ဦးလေး.. ဦးလေးက ကျွန်မရဲ့ နောက်ခံ သမိုင်းကြောင်း ကို သိနေလို့လား..” ချန်နျန်ဖုန်း က မေးလိုက်သည်။
“ငါ မသိဘူး..”
လီယွမ်က ခေါင်းခါပြလိုက်၏။
သူ သူမကို သေချာ လေ့လာကြည့်ရာ ချန်နျန်ဖုန်း တွင် မည်သည့် ထူးခြားသော 'သွေးမျိုးဆက်' မျှ မရှိကြောင်း တွေ့လိုက်ရသည်။ သူကိုယ်တိုင်ပင် အာရုံခံ၍ မရနိုင်သဖြင့် ကောင်မလေး သည် မွေးစားခံထားရသူ အမှန်တကယ် ဖြစ်ကြောင်း သက်သေပြနေ၏။
ချန်နျန်ဖုန်း မှာ အလွန် လိမ္မာ ပါးနပ်သူ ဖြစ်သည်။
“ဒါဆို ဦးလေး က ကျွန်မ အမေ ခွန်လွန် တောင်ကြား ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အမြဲ သွားရှာနေတဲ့ လူကိုတော့ သေချာပေါက် သိရမယ် မဟုတ်လား..”
“တစ်ခါမှ မတွေ့ဖူးပါဘူး..” လီယွမ်က ခေါင်းခါပြလိုက်သည်။
ချန်နျန်ဖုန်း က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အနည်းငယ် စိတ်ပျက်သွားပုံ ရသည်။
“ဟုတ်ကဲ့ပါ..”
သူမက စကားလမ်းကြောင်း ကို ထပ်မံ လွှဲလိုက်ပြန်သည်။
“ဦးလေး.. ပြီးခဲ့တဲ့ တိုက်ပွဲ က အရမ်း ကြောက်ဖို့ ကောင်းတာပဲ.. အဲ့ဒီ လူတွေ ထပ်လာကြဦးမလား.. ဦးလေး.. သူတို့ကို တားဆီးနိုင်ပါ့မလား..”
လီယွမ်က သူမကို ကြည့်ကာ မေးလိုက်၏။
“မင်း သေရမှာကို ကြောက်လား..”
“ကြောက်တယ်..” ချန်နျန်ဖုန်း က ခေါင်းညိတ်လိုက်သည်။
“ပုရွက်ဆိတ် တွေတောင် အသက်ရှင်ဖို့ ကြိုးစားကြသေးတာပဲ.. ကျွန်မက ကျန်းဟူ သိုင်းလောက ရဲ့ ထောင့်စွန်းလေး တစ်ခုကိုပဲ မြင်ဖူးသေးတာ.. မသေချင်သေးဘူး..”
“မှားတယ်..” လီယွမ်က ပြုံးလိုက်၏။
“မကြာခင်မှာ မင်းက ကျန်းဟူ သိုင်းလောက ရဲ့ ထောင့်စွန်းလေး ကိုတင် မကဘဲ ကျန်းဟူ သိုင်းလောက ရဲ့ နေရာ အများစုကို မြင်တွေ့ရတော့မှာ..”
“ဒါပေမဲ့ အဲ့ဒါက ကျွန်မရဲ့ ကျန်းဟူ သိုင်းလောက မှ မဟုတ်တာ..”
ချန်နျန်ဖုန်း က သရော်လိုက်သည်။
“အဲ့ဒီ အဘိုးကြီး တွေက အစ်မချောချောလေး အပေါ်ကို အရူးအမူး ဖြစ်နေကြတာ.. သူတို့က အသက်ရှင်ရတာကို ငြီးငွေ့နေကြပြီ.. သူတို့ သေဖို့ ထိုက်တန်တယ်.. ကျွန်မကတော့ ခေတ်သစ် ကြီးထဲမှာ အသက်ရှင်ပြီး ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်ကျက်သရေ တွေနဲ့ နေသွားရမှာပဲ..”
“ပြီးတော့... ဦးလေးရဲ့ မိသားစုက လောကကြီး တစ်ခုလုံးစာလောက် ကြီးတယ်လို့ ပြောခဲ့တယ် မဟုတ်လား.. ဘာလို့ ဦးလေးကို ဘယ်သူမှ လာမကူညီကြတာလဲ..”
“ဘာလို့လဲ ဆိုတော့..”
လီယွမ်က ပြုံးလိုက်သည်။
“ငါလည်း မင်းလိုပဲ အိမ်ကနေ ထွက်ပြေးလာတဲ့ ကလေးဆိုးလေး တစ်ယောက်မို့လို့လေ.. ဘာ အဆက်အသွယ်မှ မရှိဘဲ ငါ့မှာ ကျန်နေတာ ဆိုလို့ သတ္တိတွေပဲ ရှိတော့တာ..”
ချန်နျန်ဖုန်း က သက်ပြင်းချလိုက်သည်။
“ကလေး တစ်ယောက်နဲ့ အငြင်းပွားနေတာပဲ.. ဦးလေးက အရှက်ကို မရှိဘူး..”
“မဟုတ်ဘူး.. ငါ မင်းကို ကလေး တစ်ယောက်လို တစ်ခါမှ မဆက်ဆံခဲ့ဘူး..”
လီယွမ်၏ မျက်နှာက လေးနက်သွား၏။
“မင်း မြင်းလှည်းပေါ်မှာ ထိုင်လိုက်တဲ့ အချိန်ကစပြီး မင်းက ကျန်းဟူ သိုင်းလောက ရဲ့ ခရီးသည် တစ်ယောက် ဖြစ်သွားပြီ..”
“တကယ်လား..”
ချန်နျန်ဖုန်း မှာ အလွန် ဝမ်းသာသွား၏။
“အင်း..”
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“ဦးလေး.. ဦးလေးက ကျွန်မကို ကလေးပေါက်စလေး လို့ မထင်ဘဲ တကယ့် ကျန်းဟူ သိုင်းလောက က လူတစ်ယောက် လို့ ထင်တာ တကယ်ပဲလား..” ချန်နျန်ဖုန်း က အတည်ပြုသည့် အနေဖြင့် ထပ်မေးလိုက်၏။
“သေချာတာပေါ့..”
လီယွမ်က လေးနက်စွာ ဖြေကြားလိုက်သည်။
ချန်နျန်ဖုန်း က မတ်တတ် ရပ်လိုက်ရာ သူမ၏ ဆံပင်တိုလေးများက ညလေပြေထဲတွင် လွင့်ခါနေတော့၏။
“ဒါဆို ကတိပဲနော် ဦးလေး.. ဦးလေး က ကျွန်မကို ကျန်းဟူ သိုင်းလောက ထဲကို ပို့ပေးရမယ်..”
“တစ်နေ့နေ့ကျရင် မင်း ကျန်းဟူ သိုင်းလောက ထဲကနေ ထွက်ခွာသွားတဲ့ အခါ.. ငါ မင်းကို အိမ်ပြန်ပို့ပေးပါ့မယ်..”