← Chapters

သူတော်စင် ရှစ်ပါး ရောက်ရှိလာခြင်း

Vol. 27 Ch. 288

သူတော်စင် ရှစ်ပါး ရောက်ရှိလာခြင်း

Vol. 27 Ch. 288

အရှေ့ပိုင်းယူနယ်မြေ။

နဝမ ကူနန်းတော် ဂိုဏ်းခွဲ။

ယူဘုရင် ၏ နန်းတော် ရတနာတိုက် အောက်တွင် မျက်လုံး မှိတ်ကာ တရားထိုင်နေသော ဒုတိယ နန်းတော်သခင် ယန်တျန် သည် တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

သူက အရှေ့သို့ ကြည့်လိုက်ရာ လူတစ်ယောက် သူ့ဆီသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

“တတိယ ညီလေး.. ဘာကိစ္စ ရှိလို့ ဒီကို ရောက်လာတာလဲ”

ယန်တျန် အံ့အားသင့်သွား၏။ ရောက်လာသူမှာ ကူ နန်းတော် ၏ တတိယမြောက် နန်းတော် ကို အုပ်ချုပ်သူ ရှင်းဝူယိုင် ပင် ဖြစ်လေ၏။

“မကြာသေးခင်ကမှ ကိစ္စကြီး တစ်ခု ဖြစ်ခဲ့တယ်.. မင်း နေရာမှာ အစားထိုးဖို့နဲ့ မင်းကို အလယ်ပိုင်း လွင်ပြင်.. ကျန်းနန် ဆီ သွားခိုင်းဖို့ ဘိုးဘေးကြီး က ငါ့ကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးလိုက်တယ်”

ရှင်းဝူယိုင် က ဖြေကြားလိုက်သည်။

“ဘယ်လို အရေးကြီးတဲ့ ကိစ္စမို့လို့လဲ..” ယန်တျန် က တွေးတောလိုက်သည်။

“ဘိုးဘေးကြီး ကိုယ်တိုင်တောင် စိုးရိမ် ပူပန်နေရတဲ့ ကိစ္စဆိုတော့.. ဟို ချီလင် ဆိုတဲ့ ကောင်လေး နဲ့ သက်ဆိုင်နေတာ မဟုတ်လား”

“အင်း”

ရှင်းဝူယိုင် က ခေါင်းညိတ်လိုက်၏။

“ချီလင် မှာ နောက်ထပ် အမှတ်အသား တစ်ခု ရှိနေပုံရတယ်.. သူက ဘိုးဘေးကြီး ရဲ့ တံခါးပိတ် တပည့် မဟုတ်ဘဲ ကူအင်မော်တယ် ရဲ့ အမွေအနှစ် ဆက်ခံသူ ဖြစ်နေတာတဲ့”

“ဓားနတ်သမီး ပြန်လည် ရှင်သန်လာတာကလည်း သူ့ရဲ့ လက်ရာပဲ.. သူက ကူအင်မော်တယ် ရဲ့ အလိုဆန္ဒကို အကောင်အထည် ဖော်နေတာ”

“အခု သူက ဓားနတ်သမီး ကို ကျန်းနန် က လင်းရှောင် ဓားဂိုဏ်း ဆီ ပြန်ပို့ပေးရင်း ပြဿနာ တွေ့နေလို့ မင်းရဲ့ အကူအညီ လိုအပ်နေတယ်”

သူတို့ နှစ်ဦးစလုံးက ဘယ်လို ပြဿနာမျိုးလဲ ဆိုတာကို အတိအကျ သိနေကြသဖြင့် ဆက်ပြောရန် မလိုအပ်တော့ချေ။

“ဒီနေရာက နတ်ဆိုး အင်အားစုတွေက ရိုးရှင်းတာ မဟုတ်ဘူးနော်.. မင်း ကိုင်တွယ်နိုင်ပါ့မလား”

ယန်တျန် က မေးလိုက်၏။

“သိပ်ပြီး ပြဿနာ မရှိပါဘူး”

ရှင်းဝူယိုင် က ပြုံးလိုက်ပြီး ဆိုသည်။

“မကြာသေးခင်က ကူသခင် လမ်းစဉ် က အရှိန်အဟုန် နဲ့ တိုးတက်လာပြီး ကံကြမ္မာ အရှိန်အဝါ တွေလည်း အားကောင်းလာတယ်.. ဒီ အခွင့်အရေးကို အသုံးချပြီး ငါလည်း အဋ္ဌမအဆင့် ရဲ့ အထွတ်အထိပ် ကို ရောက်သွားပြီ”

“ပြိုင်ဘက်ကင်း အဋ္ဌမအဆင့် ဖြစ်တဲ့ မင်းလောက်တော့ မသန်မာပေမယ့်.. နတ်ဆိုး တစ်ကောင်ကို စောင့်ကြပ်ဖို့ ကတော့ ပြဿနာ မရှိပါဘူး”

အဋ္ဌမအဆင့် အထွတ်အထိပ် နှင့် ပြိုင်ဘက်ကင်း အဋ္ဌမအဆင့် တို့သည် ကျင့်ကြံခြင်း နယ်ပယ် တွင် တူညီသော အဆင့်၌ ရှိနေကြ၏။

ကွာခြားချက်မှာ.. တူညီသော နယ်ပယ်ရှိ အစွမ်းထက်သော ပြိုင်ဘက်များကို သတ်ဖြတ်နိုင်ပြီး တူညီသော အဆင့်ရှိ မည်သူ့ကိုမျှ မရှုံးနိမ့်ဖူးသူများ သာလျှင် ‘ပြိုင်ဘက်ကင်း’ ဟု ခေါ်ဆိုခံရရန် အရည်အချင်း ပြည့်မီခြင်းပင်။

ယန်တျန် က မတ်တတ် ရပ်လိုက်ပြီး အကြောဆန့်လိုက်သည်။

“ကူသခင် လမ်းစဉ် ကို အသက်ဝင်လာအောင် လုပ်ပေးပြီး ကူသခင် တွေ ကျန်းဟူ သိုင်းလောက ထဲ ဝင်လာနိုင်အောင် လမ်းဖောက်ပေးခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ချီလင် ကို ငါလည်း တွေ့ချင်နေတာ အတော်ပဲ.. သူက ဘယ်လို ပုံစံမျိုး ရှိမလဲ ဆိုတာ သိချင်တယ်”

ရှင်းဝူယိုင် က သတိပေးလိုက်၏။

“ဒီခရီးစဉ်က လွယ်ကူမှာ မဟုတ်ဘူးနော်.. ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတဲ့ မိစ္ဆာအိုကြီး တစ်အုပ်က ပြဿနာ ရှာနေကြပြီး သိုင်းပညာရှင် တွေလည်း အများကြီး ရှိတယ်.. ကျန်းဟူ သိုင်းလောက ရဲ့ ခေါင်းဆောင် တွေ အားလုံး နီးပါး စုဝေးနေကြတာ.. မင်း အရမ်း သတိထားရမယ်”

အလယ်ပိုင်း လွင်ပြင် တွင် သိုင်းပညာကသာ လွှမ်းမိုးထားလေ၏။

နဝမ ကူနန်းတော် သည် တောင်ပိုင်း နယ်စပ်တွင် မည်မျှပင် ဩဇာတိက္ကမ ကြီးမားနေပါစေ.. အလယ်ပိုင်း လွင်ပြင် နှင့် ကျန်းနန် သို့ ရောက်သွားပါက လုပ်နိုင်သည့် အရာများက အမြဲတမ်း ကန့်သတ်ချက် ရှိနေလေမည်။

ဘိုးဘေးကြီး ကိုယ်တိုင် လာရောက်နိုင်မည် မဟုတ်သဖြင့် ခြိမ်းခြောက်နိုင်စွမ်းက လုံးဝ လုံလောက်မည် မဟုတ်ချေ။

ပြိုင်ဘက်ကင်း အဋ္ဌမအဆင့် ဖြစ်သော ယန်တျန် ပင်လျှင် ထို မိစ္ဆာအိုကြီးများနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ် အားနည်းနေသေး၏။

“ဘာမှ မဖြစ်ပါဘူး”

ယန်တျန် က ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ဆိုသည်။

“ဓားနတ်သမီး က အရူး မှ မဟုတ်တာ.. သူမမှာ ယုံကြည်မှု တစ်ခုခု မရှိဘဲနဲ့ ဒီလို လုပ်ရဲပါ့မလား.. ရှန်းဟိုင်ကွမ် စစ်ပွဲကြီး ဖြစ်နေတဲ့ အချိန်မှာ သူမက ချီလင် နဲ့ အတူ ကျန်းနန် ကို သွားခဲ့တာ သေချာပေါက် အစီအစဉ် တစ်ခု ရှိလို့ ဖြစ်ရမယ်”

“ပြီးတော့...”

“ငါ ကူအင်မော်တယ် ကို လေးစားတယ်.. ကံတရားကိုလည်း ယုံကြည်တယ်”

“ဟား ဟား ဟား ဟား”

ယန်တျန် က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အပြင်သို့ လျှောက်ထွက်သွားတော့၏။

“ကူလမ်းစဉ် က ကျန်းဟူ သိုင်းလောက ထဲကို ဝင်လာပြီး လမ်းကြောင်းသစ် တွေ ဖောက်လုပ်လိုက်တယ်.. ကံကြမ္မာ အရှိန်အဝါ တွေ တဟုန်ထိုး တက်လာတယ်.. ငါလည်း အဲ့ဒီကနေ အကျိုးအမြတ် လေးနည်းနည်း ရချင်သေးတယ်”

“တတိယ ညီလေး.. ငါ့ကိုယ်စား ထောင်ကျခံပေးလို့ ကျေးဇူးပဲနော်”

“ကျန်းနန်.. ငါ လာပြီဟေ့”

လင်းရှောင် ဓားဂိုဏ်း။

လီယွမ် က တောင်ထိပ်တွင် ထိုင်ကာ ကောင်းကင်ယံသို့ မော့ကြည့်နေလေ၏။

“ဂလု.. ဂလု..”

အလယ်ပိုင်း လွင်ပြင် သို့ ရောက်ရှိပြီးနောက် အပျော်ရွှင်ဆုံး သူမှာ ရှစ်ခွင်လွှမ်း ကံကြမ္မာကူ ရွှေရောင် ရတနာလေး ပင် ဖြစ်တော့၏။

အလယ်ပိုင်း လွင်ပြင် သည် စစ်ဘေးစစ်ဒဏ် မှ လွတ်ကင်းနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး တောင်ပိုင်း နှင့် အနောက်ပိုင်း နယ်စပ် ဒေသကြီး နှစ်ခုနှင့် လုံးဝ ခြားနားသော ကမ္ဘာ တစ်ခု ဖြစ်လေ၏။ လူအများစု၏ အမြင်တွင် လောကကြီးက ငြိမ်းချမ်းနေပြီ ဖြစ်သည်။

ဒီနေရာက ကံကြမ္မာ အရှိန်အဝါ က သဘာဝကျကျ ပိုပြီး ထင်ရှားနေသည်။

ယခုလို ပတ်ဝန်းကျင်မျိုးတွင် ရွှေရောင် ရတနာလေး သည် အလွန်တရာ အာဟာရ ပြည့်ဝနေတော့၏။

“မင်းကိုမင်း ကြည့်ပါဦး.. အရမ်းကို အသုံးမကျတာပဲ”

လီယွမ်က ရယ်မောလျက် ဆူပူလိုက်သည်။

“မင်း တကယ် ဧကရာဇ် ဖြစ်လာတဲ့ အချိန်ကျရင် လမ်းတောင် လျှောက်လို့ မရအောင် ဝလာလောက်တယ်”

“ဂလု.. ဂလု..”

ရွှေရောင် ရတနာလေး က ပျော်ရွှင်စွာဖြင့် လိမ့်နေတော့၏။

ထိုစဉ် မိုးကုတ်စက်ဝိုင်းဆီမှ ရွှေရောင် တိမ်တိုက်များ လှုပ်ရှားသွားပြီး လီယွမ်၏ မျက်မှောင်များ ရုတ်တရက် တွန့်ချိုးသွားကာ ရွှေရောင် ရတနာလေး လည်း နောက်သို့ ဆုတ်သွားတော့သည်။

“သူတို့ ရောက်လာပြီ”

လီယွမ်၏ အာရုံခံစားမှု တွင် အဋ္ဌမအဆင့် ချီ အရှိန်အဝါ ရှစ်ခုက တစ်ပြိုင်နက်တည်း ချဉ်းကပ်လာပြီး သူတို့ အားလုံးသည် အထွတ်အထိပ် သူတော်စင် များ ဖြစ်ကြ၏။

“တစ်ယောက်မှတောင် ပြန်မလှည့်သွားဘူးလား”

အရင်က သူ ခြိမ်းခြောက်လိုက်ခြင်းကြောင့် အင်အားစု အချို့ နောက်ဆုတ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အင်အားကြီး အဖွဲ့အစည်း ရှစ်ခုစလုံးက မည်သူမျှ ပြန်မသွားကြသည်ကို သူ မျှော်လင့်မထားခဲ့ချေ။

“အရာအားလုံးက သူတို့ပိုင်တယ် လို့များ ထင်နေကြတာလား”

လီယွမ် ဤကဲ့သို့ ဒေါသထွက်ခဲလှ၏။

၎င်းက သူ အနှစ်သက်ဆုံး ဓားနတ်သမီး နှင့် သက်ဆိုင်နေသဖြင့် လီယွမ် အလွန်တရာ ဒေါသ ထွက်နေတော့သည်။

ဓားနတ်သမီး သည် ပြန်လည်နိုးထလာမှု့ အတွင်း၌ ရှိနေဆဲ ဖြစ်ပြီး အချိန် အနည်းငယ် လိုအပ်သေး၏။ သူ သူမကို မနှောင့်ယှက်ခဲ့ဘဲ ပြီးပြည့်စုံသော ဓားနတ်သမီး ၏ ပြန်လည် ရောက်ရှိလာမှုကို မြင်တွေ့လိုသည်။

လီယွမ် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး ဓားဂိုဏ်း ၏ တံခါးဝသို့ ရောက်ရှိသွား၏။

ယွင်မိုဝမ် ၏ ညွှန်ကြားမှု အောက်တွင် ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း ကို အသက်သွင်းထားပြီး ဖြစ်သည်။

သို့သော်လည်း လင်းရှောင် ဓားဂိုဏ်း တွင် အထွတ်အထိပ် သူတော်စင် တစ်ဦးမျှ မရှိဘဲ မဟာအကြီးအကဲ သာလျှင် တာဝန်ယူထားရ၏။ ဤသို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူတို့ အနေဖြင့် ခုခံနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

အထွတ်အထိပ် သူတော်စင် ရှစ်ပါးက ဘယ်ကမှန်း မသိ ပေါ်ထွက်လာပြီး သူတို့၏ စွမ်းအားများမှာ ပြိုင်ဘက်ကင်းကာ သူတို့၏ အရှိန်အဝါများက ချောက်နက်ကြီး တစ်ခုအလား နက်ရှိုင်းလှ၏။

ဓားဂိုဏ်း ၏ အကြီးအကဲများနှင့် တပည့်များ၏ လက်များမှာ ဓားကို ကိုင်ထားရင်း တုန်ယင်နေကြပြီး သူတို့၏ အရှိန်အဝါများက လုံးဝ တူညီသော အဆင့်တွင် မရှိကြောင်း ရှင်းလင်းနေတော့သည်။

ဟိန်းဟောက်သံ တစ်ခုက နောက်ဘက်မှ ထွက်ပေါ်လာ၏။

“ထျန်းဝေ့ထျန်း က ကျွင်မို..”

“နေလ ဂိုဏ်း က ယင်ယိုကျွယ်..”

“ပိုင်လျန်ဂိုဏ်း က မိုရွှမ်ကျီ..”

“ဆူရှင်းစံအိမ် က မုန့်ချင်းစီ..”

“ကျင်းချန် ကျောင်းတော် က ယွမ်ဟွေ့..”

“နဂါးကျားတောင် က အလင်းငါးဖြာ နတ်ဆရာ..”

“ချင်ချန်တောင် က မြောင်ယွီ..”

“ရှူတောင် က ချန်ယွမ်..”

“ငါတို့ အားလုံး ဓားနတ်သမီး ဘိုးဘေးကြီး ကို လာရောက် ဂါရဝပြုတာပါ.. ကျေးဇူးပြုပြီး ဓားဂိုဏ်း က မိတ်ဆွေတွေ တံခါး ဖွင့်ပေးပြီး ဆွေးနွေးခွင့် ပြုပါ..”

အထွတ်အထိပ် သူတော်စင် ရှစ်ပါးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး သူတို့ မလှုပ်ရှားရသေးခင်မှာပင် လင်းရှောင် ဓားဂိုဏ်း ၏ ဂိုဏ်း ကာကွယ်ရေး ဓား အခင်းအကျင်း က ယိမ်းယိုင်နေသော လက္ခဏာများကို ပြသနေပြီ ဖြစ်၏။

“လင်းရှောင် ဓားဂိုဏ်း က တောင်ကို ပိတ်ထားပါတယ်.. ဘိုးဘေးကြီး က ဘယ်သူ့ကိုမှ တွေ့မှာ မဟုတ်ဘူး.. ကျေးဇူးပြုပြီး အိမ်ပြန်ကြပါတော့”

ယွင်မိုဝမ် က သူ၏ အတွင်းစိတ် တုန်လှုပ်မှုများကို ဖိနှိပ်ထားပြီး တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။

“ဓားနတ်သမီး ဘိုးဘေးကြီး က ငါတို့ကို မတွေ့ချင်ရင်တောင် ရပါတယ်”

ဆူရှင်းစံအိမ် ၏ မဟာသခင်ကြီး မုန့်ချင်းစီ က ဝင်ရောက် ပြောဆိုလိုက်သည်။

“ဒါဆိုရင် မင်းတို့ ဂိုဏ်းက နဝမ ကူနန်းတော် က ချီလင် ကို ထုတ်ပေးပါ.. ဒီလူက တောင်သုံးလုံး နဲ့ ဆူရှင်းစံအိမ် က သိုင်းသူတော်စင် လေးယောက်ကို သတ်ခဲ့တယ်.. အဲ့ဒီအတွက် ဖြေရှင်းချက် တစ်ခု ပေးရမယ်”

ယွင်မိုဝမ် က လှောင်ပြောင်လိုက်သည်။

“အဲ့ဒီ လူလေးယောက်က ငါတို့ ဓားဂိုဏ်း ထဲကို အတင်း ဝင်လာခဲ့တာလေ.. သူတို့ သေဖို့ ထိုက်တန်တယ်.. ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

ကျင်းချန် ကျောင်းတော် မှ ယွမ်ဟွေ့ က အော်ဟစ်လိုက်သည်။ “လူသတ်သမားတွေက အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

ရှူတောင် မှ ချန်ယွမ် က သက်ပြင်းချလိုက်သည်။

“ချီလင် က ဓားနတ်သမီး ရဲ့ နောက်လိုက် ဆိုတာ ငါတို့ အားလုံး သိကြပါတယ်.. ဓားဂိုဏ်း က မင်းတို့ မျိုးဆက်သစ် တွေက ဆုံးဖြတ်လို့ မရဘူးလေ.. ဓားနတ်သမီး ကိုပဲ ပြောခိုင်းလိုက်ပါ”

ယွင်မိုဝမ် မှာ လီယွမ်ကို ကြည့်ကာ ချွေးစေးများ ပြန်လာတော့၏။

လီယွမ်က ရှေ့သို့ ထွက်လာပြီး ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။ သူက အထွတ်အထိပ် သူတော်စင် ရှစ်ပါးကို အရင်ဆုံး ဝေ့ကြည့်လိုက်ပြီးနောက် လက်ကို မြှောက်ကာ အဝေးသို့ လက်ညှိုးထိုး ပြလိုက်၏။

ထိုနေရာသည် အင်အားကြီး အဖွဲ့အစည်း ရှစ်ခု ၏ လက်ရွေးစင် တပည့်များ တပ်စွဲထားသော အင်အားစုကြီး ရှစ်ခု၏ နေရာပင် ဖြစ်တော့၏။

ထျန်းဝေ့ထျန်း ၏ ကောင်းကင် သခင်လေး ကျွင်မို က ဝင်ပြောလိုက်သည်။

“ကူ နန်းတော် က မျိုးဆက်သစ် ကောင်လေး.. အခုချက်ချင်း ထွက်လာခဲ့စမ်း.. မင်းကြောင့် ဓားဂိုဏ်း တစ်ခုလုံးကို အသေခံခိုင်းမလို့လား”

“အို..”

လီယွမ်၏ နှုတ်ခမ်းများ ကွေးတက်သွားသည်။

“မင်း ဆိုလိုတာက.. ငါ တစ်ယောက်တည်း တောင်းပန်လိုက်ရင် မင်းတို့ ထွက်သွားကြမယ်ပေါ့..”

“မင်း အဲ့ဒီလို သဘောပေါက်လို့ ရပါတယ်”

ကျွင်မို က တုံ့ပြန်လိုက်၏။

“သဘောပေါက်ပြီ” လီယွမ်က ခေတ္တမျှ ရပ်တန့်လိုက်သည်။

“ဒါဆို ငါ မင်းကို မေးခွန်း တစ်ခု မေးမယ်.. 'ကူအိမ်' ဆိုတာ ဘာကို ဆိုလိုတာလဲ.. မင်း သိလား”

သူတော်စင် ရှစ်ပါးမှာ မျက်မှောင်ကြုတ်သွားကြပြီး လီယွမ် ဘာပြောနေသည်ကို နားမလည်ကြချေ။

“မင်းက ငါတို့နဲ့ အငြင်းပွားဖို့ ကြိုးစားနေတာလား.. အချိန်ဆွဲဖို့လား”

ကျွင်မို က လှောင်ပြောင်လိုက်သည်။

“ဟင့်အင်း.. ငါတို့က မင်းရဲ့ ကစားပွဲမှာ ဝင်ကစားဖို့ စိတ်မဝင်စားဘူး”

လီယွမ်က သူ့ဘာသာ ဆက်ပြောနေသည်။

“‘ကူအိမ်’ ရဲ့ အဓိပ္ပာယ် က.. ခေါင်မိုး တစ်ခုတည်း အောက်မှာ နေတဲ့ ကူကောင် တွေနဲ့ ကူသခင် တွေ အားလုံးက မိသားစု တစ်ခုတည်းပဲ ဆိုတဲ့ အဓိပ္ပာယ်ပဲ”

သူတော်စင် ရှစ်ပါး၏ နှလုံးသားထဲတွင် မကောင်းသော ကြိုတင် ခံစားချက် တစ်ခု ပေါ်လာတော့၏။

“သူနဲ့ ဆက်ငြင်းမနေနဲ့တော့.. သတ်လိုက်”

ကျွင်မို က နှိုးဆော်လိုက်သည်။

စကားဆုံးသည်နှင့် တစ်ပြိုင်နက် အထွတ်အထိပ် သူတော်စင် ရှစ်ပါး က တညီတညွတ်တည်း တိုက်ခိုက်လိုက်ကြပြီး လင်းရှောင် ဓားဂိုဏ်း ၏ ဓား အခင်းအကျင်း ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ကြ၏။ တိုက်ခိုက်မှု တစ်ချက်တည်းနှင့်ပင် ဓား အခင်းအကျင်း မှာ ကျိုးပဲ့တော့မည့် လက္ခဏာများ ပြသလာတော့သည်။

လီယွမ်၏ အသံကလည်း လေးနက်သွားသည်။

“ကျုပ်ရဲ့ ကူကောင် တွေ အများကြီးကို ခင်ဗျားတို့ သတ်ခဲ့တယ်.. အသက်နဲ့ ပြန်ပေးဆပ်စေရမယ်”

“ပေါက်ကွဲစမ်း”

"ဝုန်း"

အဝေးဆီတွင် ဧရာမ မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ရှစ်ခုက ကောင်းကင်ယံသို့ တဟုန်ထိုး မြင့်တက်လာတော့၏။

All Chapters