← Chapters

အထွတ်အထိပ် သူတော်စင်များကို ရင်ဆိုင်ခြင်း

Vol. 27 Ch. 289

အထွတ်အထိပ် သူတော်စင်များကို ရင်ဆိုင်ခြင်း

Vol. 27 Ch. 289

အထွတ်အထိပ် သူတော်စင် (၈) ပါး၏ ပူးပေါင်း အင်အားကို သူ ယှဉ်နိုင်မည် မဟုတ်ကြောင်း လီယွမ် ကောင်းကောင်း သိ၏။ သို့ဖြစ်သော်ငြားလည်း ထို သူတော်စင် (၈) ပါးသည်ပင် သူ၏ နည်းလမ်းများကို တားဆီးနိုင်စွမ်း မရှိချေ။

သတ်ဖြတ်မှုကို သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်မည်။ ၎င်းမှာ သူ စဉ်းစားနိုင်သော အကောင်းဆုံး နည်းလမ်းပင် ဖြစ်တော့သည်။

မှိုပွင့်သဏ္ဌာန် မီးခိုးတိမ်တိုက် (၈) ခု ထွက်ပေါ်လာသော နေရာမှာ အင်အားကြီး ဂိုဏ်း (၈) ခုမှ ထိပ်တန်း တပည့်များ စခန်းချရာ နေရာများ ဖြစ်နေ၏။

ကြီးမားလှသော ပေါက်ကွဲမှုကြီးက အထွတ်အထိပ် သူတော်စင် (၈) ပါးကို တုန်လှုပ်သွားစေသည်။ ထို့နောက် ဒေါသအမျက် ထွက်သွားစေတော့၏။

"မိုက်ရိုင်းလှချည်လား ကောင်စုတ်လေး... မင်း ဘယ်လိုများ ရဲတင်းနေရတာလဲ"

လင်းရှောင် ဓားဂိုဏ်းမှ လူများပင်လျှင် ကြက်သေ သေသွားကြ၏။

'ဒါက ကူလမ်းစဉ်ရဲ့ ပါရမီရှင်လား... တကယ့် အရူး တစ်ကောင်ပဲ'

အထွတ်အထိပ် သူတော်စင် (၈) ပါး၏ ပူးပေါင်း အင်အားကို ရင်ဆိုင်ရချိန်တွင် ပထမဆုံး စတင် တိုက်ခိုက်ရဲသော ထို သတ္တိ တစ်ခုတည်းကပင် သာမန် လူများနှင့် မယှဉ်သာအောင် ပြိုင်ဘက်ကင်း နေပါပြီ။

"ဘာကို ကြောက်စရာ လိုလို့လဲ"

လီယွမ်သည် ဒေါသထွက်နေသော သူတော်စင် (၈) ပါးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

"ဒီနေ့ ခင်ဗျားတို့ရဲ့ စခန်း ထဲမှာ ပေါက်ကွဲကူ တွေ အများကြီးကို တိတ်တဆိတ် ချထားနိုင်ရင်... မနက်ဖြန် ကျရင်လည်း ခင်ဗျားတို့ရဲ့ အသိုက်အမြုံ ထဲအထိ သွားပြီး ဖောက်ခွဲပစ်နိုင်တယ်"

"ကူနန်းတော် က လူတစ်ယောက်တည်း ရှိတယ်လို့ ခင်ဗျားတို့ ထင်နေတာလား"

"မဟုတ်ဘူး..."

လီယွမ် ခေါင်းခါပြလိုက်၏။

"ကျွန်တော် တစ်ယောက်တည်းက စစ်တပ် တစ်တပ်ပဲ... ဒီနေ့ ခင်ဗျားတို့ ကျွန်တော့်ကို သုတ်သင်နိုင်မှာ မဟုတ်ဘူး လို့ ကံကြမ္မာ က သတ်မှတ်ထားပြီးသား... ဒါပေမဲ့ တစ်နေ့ကျရင် ခင်ဗျားတို့ကို ကျွန်တော် သေချာပေါက် သုတ်သင်ပစ်မယ်"

ယခုအချိန်သည် နောက်ဆုတ်ရမည့် အချိန် မဟုတ်ကြောင်း သူ သိထားပြီး သူ၏ သဘောထားမှာ အလွန်တရာ ပြတ်သားနေ၏။

ပို၍ အလျှော့ပေးလေလေ ပို၍ အနိုင်ကျင့် ခံရလေလေပင်။ ကြံ့ကြံ့ခံရမည့် အချိန်တွင် မည်သည့် အားနည်းချက်မျှ မရှိစေရချေ။

အထွတ်အထိပ် သူတော်စင် (၈) ပါးသည် တစ်ယောက်ကို တစ်ယောက် အကဲခတ်လိုက်ကြ၏။ သူတို့၏ ဒေါသများ မည်မျှပင် ဆူပွက်နေစေကာမူ ဒုတိယ အကြိမ် တိုက်ခိုက်မှုကို အလောတကြီး မစတင်ဝံ့ကြတော့ပေ။

'ဒီ ကူသခင်... တော်တော် ရက်စက်တာပဲ...'

"အခု ငါတို့ ဘယ်လို လုပ်ကြမလဲ"

အထွတ်အထိပ် သူတော်စင် (၈) ပါး အကြားတွင် အချို့မှာ တုံ့ဆိုင်း သွားကြ၏။

"လေးကြိုးပေါ် ရောက်နေတဲ့ မြှားကတော့ ပစ်လွှတ်ရမှာပဲ"

ကျွင်မို က ပြောလိုက်၏။

"အင်မော်တယ် ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက် ကို ရရှိသရွေ့ ဂိုဏ်းရဲ့ အနာဂတ် တစ်ခုလုံး ကောင်းချီး ရလိမ့်မယ်... ထိခိုက် သေဆုံးမှု တချို့ ဆိုတာကတော့ ရှောင်လွှဲလို့ မရပါဘူး"

"ချီလင် က လိမ်နေပုံ မရဘူး"

ကျင်းချန် ကျောင်းတော်မှ ယွမ်ဟွေ့က ဆို၏။

"သူက တကယ်ပဲ အဆက်မပြတ် ပြန်တိုက်ခိုက်နေမယ် ဆိုရင်... ငါတို့ ဘယ်လို ဖြေရှင်းကြမလဲ"

"ဘာကို ကြောက်နေကြတာလဲ"

နေမင်းဂိုဏ်းခွဲ ခေါင်းဆောင် ယင်ယိုကျွယ် က ပြောလိုက်၏။

"လင်းရှောင် ဓားဂိုဏ်း ကို အရင်ဆုံး ရှင်းပစ်ကြစို့... သူက ဓားနတ်သမီး ကို ပစ်ထားပြီး ထွက်ပြေးလို့ မရပါဘူး"

"သူ နောက်တစ်ခါ ပြဿနာ ထပ်ရှာရဲရင် ငါတို့ အားလုံး တောင်ပိုင်း နယ်စပ် ကို သွားမယ်... ကူသခင် လမ်းစဉ် တစ်ခုလုံး ကို ရှင်းလင်းပစ်မယ်... လာချင်လည်း လာပါစေ... ကျန်းဟူ သိုင်းလောက ရဲ့ စည်းမျဉ်းတွေ ပျက်စီးနေတာ ကြာလှပြီ"

"သူက ရူးနေတာလား... ဒါဆိုရင် ငါတို့က သူ့ထက် ပိုရူးပြလိုက်မယ်"

အင်မော်တယ် ဖြစ်ခြင်း၏ လျှို့ဝှက်ချက် မှာ သူတို့၏ မျက်မှောက်တွင် ရှိနေပြီး မည်သူကမျှ ယခုအချိန်တွင် နောက်မဆုတ်လိုကြတော့ချေ။

"သတ်"

ခေတ္တမျှ ဆွေးနွေးပြီးနောက် အထွတ်အထိပ် သူတော်စင် (၈) ပါး သည် သူတို့၏ လှုပ်ရှားမှုကို စတင်လိုက်ကြတော့၏။

"ဝီ..."

ပုစဉ်းရင်ကွဲ တစ်ကောင်၏ မြည်သံ က မျက်စိတစ်မှိတ် အတွင်း ထွက်ပေါ်လာသည်။

မဟာ သူတော်စင် (၈) ပါး ကို ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုပေ။ လီယွမ် သည် သူတို့ကို ရှောင်ကွင်းသွား၏။ သူတို့၏ နောက်ကွယ်တွင် ပေါ်လာသည်။ ထို့နောက် ကျိုးရှောင် တောင်၏ အပြင်ဘက်တွင် စခန်းချနေသော ထိပ်တန်း တပည့်များ ဆီသို့ တည့်တည့် ဦးတည်သွားတော့၏။

"ဝူမေ့"

"ရှောင်ချိုက်"

အကောင်လေး နှစ်ကောင် မှာ တစ်ပြိုင်နက်တည်း ခေါင်းပြူ ထွက်လာကြ၏။

ရှောင်ချိုက် က ဧရာမ မီးလုံးကြီး တစ်ခုကို ဖန်တီးလိုက်၏။ ဝူမေ့ က မရေမတွက်နိုင်သော အာရုံကြော အဆိပ်များကို ထုတ်လွှတ်လိုက်သည်။

"ဘုန်း..."

ပေ (၁၀၀၀) ရှည်လျားသော မီးလုံးကြီး တစ်ခုသည် ထျန်းဝေ့ထျန်း မှ ထိပ်တန်း တပည့်များ၏ စခန်း အတွင်း ပေါက်ကွဲသွားကာ မုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုနေရာကို မြေကြီးနှင့် တစ်ပြေးတည်း ဖြစ်သွားစေကာ စွန့်ပစ် နယ်မြေ တစ်ခု အဖြစ် လောင်ကျွမ်းသွားစေတော့၏။

ဝူမေ့ ၏ အာရုံကြော အဆိပ် သည် ဂိုဏ်း (၈) ဂိုဏ်း မှ တပည့် အမြောက်အမြား ကို ထိန်းချုပ်လိုက်ပြီး သူတို့ အချင်းချင်း ပြန်လည် သတ်ဖြတ်စေတော့သည်။

"ငါ သွားပြီး သူ့ကို ဖမ်းမယ်"

နဂါးကျား တောင်မှ အလင်းငါးဖြာ နတ်ဆရာ က ပြောလိုက်၏။

"ကောင်းပြီ"

အခြား (၇) ယောက် က ခေါင်းညိတ်လိုက်ကြသည်။ သူတို့ အထဲတွင် အလင်းငါးဖြာ နတ်ဆရာ မှာ အမြန်ဆုံး ဖြစ်၏။

"ဝှီး..."

အလင်းငါးဖြာ နတ်ဆရာ သည် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လီယွမ် ထံသို့ တည့်တည့် ဦးတည်သွားတော့သည်။

"နယ်ပယ်... အလင်းငါးဖြာ နယ်မြေ"

သူသည် သူတော်စင် နယ်မြေကို တိုက်ရိုက် ထုတ်လွှတ်လိုက်၏။ အရောင် (၅) မျိုး ရှိသော အလင်းတန်း များ ကျဆင်းလာသည်။ ပေါင်းစပ် စီးဆင်းသွားပြီး သီးခြား ကမ္ဘာ တစ်ခုကို ဖန်တီးလိုက်၏။

ဓာတ်ကြီး (၅) ပါး ဖွဲ့စည်းပြီးနောက် ၎င်းတို့ အတွင်းရှိ အလင်းတန်း များမှာ အလင်းရောင် တောက်ပ လာသကဲ့သို့ လျင်မြန်စွာ ဆက်လက် ကျယ်ပြန့်လာတော့သည်။

မျက်စိတစ်မှိတ် အတွင်း လီယွမ် မှာ နယ်ပယ် အတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရ၏။

သူတော်စင် နယ်မြေ အတွင်းတွင် အလင်းငါးဖြာ နတ်ဆရာ သည် စိတ်ကြိုက် လှုပ်ရှားနိုင်ပြီး လီယွမ် ၏ အရှေ့သို့ ခြေ တစ်လှမ်းတည်း ဖြင့် ရောက်ရှိသွားသည်။

"အဆင့် (၈) မှာ မင်းက အရမ်း အစွမ်းထက်ပါတယ်... ဒါပေမဲ့ အထွတ်အထိပ် သူတော်စင် နဲ့ ယှဉ်ရင်တော့ နည်းနည်း လိုနေသေးတယ်... ဒီ ပြက်လုံး ကို ဒီမှာပဲ အဆုံးသတ် လိုက်ကြစို့"

အလင်းငါးဖြာ နတ်ဆရာ သည် မန္တန်

တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ ဓာတ်ကြီး (၅) ပါး နတ်ဘုရား အလင်းတန်း များ ပျံသန်းထွက်ပေါ်လာကာ လီယွမ် ထံသို့ ရိုက်ခတ်သွားတော့၏။

"အိုး..."

လီယွမ် က သရော်တော်တော် ပြုံးလိုက်၏။

အလင်းငါးဖြာ နတ်ဆရာ ၏ အနောက်တွင် ပေါ်လာကာ လက်သီး တစ်လုံး ရုတ်တရက် ပစ်သွင်းလိုက်သည်။

အလင်းငါးဖြာ နတ်ဆရာ မှာလည်း အလွန် မြန်ဆန်ပြီး အလွယ်တကူ ရှောင်တိမ်းသွား၏။

သူ အနည်းငယ် အံ့အားသင့် သွားရ၏။

"ငါ့ရဲ့ သူတော်စင် နယ်မြေ ထဲမှာ မင်းက ကူနည်းစနစ် ကို သုံးပြီး နေရာ ရွှေ့ပြောင်းနိုင်တယ်ပေါ့... မင်းမှာ တကယ်ပဲ စွမ်းရည် တချို့ ရှိတာပဲ"

"ကံဆိုးစွာနဲ့ပဲ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းနေတယ်"

"မင်းက ပါရမီရှင် တစ်ယောက်ပါ... ဒါပေမယ့် ငါလည်း အရင်က ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်...သူတော်စင်နယ်မြေ ထဲမှာ မင်းရဲ့ ကောင်းကင် ဖြစ်စဉ် တွေကိုတောင် ထုတ်လွှတ်လို့ မရဘဲနဲ့... ငါ့ကို မင်း ဘယ်လို လုပ်ပြီး အနိုင်ယူနိုင်မှာလဲ"

"ဝှီး..."

အလင်းငါးဖြာ နတ်ဆရာ ၏ ပုံရိပ်သည် မရေမတွက်နိုင်သော နတ်ဘုရား အလင်းတန်း များ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားတော့၏။

လီယွမ် သည် နယ်မြေ မှ အတင်းအကျပ် ရုန်းထွက်နိုင်သော်လည်း သူ မလုပ်ခဲ့ပေ။ ယင်းအစား သူသည် အခြားသူများကို သတိပေးသည့် အနေဖြင့် အလင်းငါးဖြာ နတ်ဆရာ ဖြင့် အခြေအနေကို စမ်းသပ်ကြည့်ချင်နေ၏။

အထွတ်အထိပ် သူတော်စင် (၈) ပါး ၏ ပူးပေါင်း အင်အားကို အနိုင်ယူရန် သူ့တွင် အခွင့်အရေး မရှိချေ။

သို့သော် တစ်ယောက်တည်း ကိုသာ သတ်ဖြတ်ရန် ဆိုသည်မှာ မဖြစ်နိုင်သော အရာ မဟုတ်ပေ။

လီယွမ် ၏ မျက်လုံးများ တွင် အဖြူရောင် မျက်လုံးအိမ်များ ပေါ်လာပြီး မျက်လုံး နှစ်ထပ် အဖြစ် ပြောင်းလဲသွားသည်။

ဖန်သား မျက်လုံး နှစ်ထပ် ဖြင့် စိတ်ကူးယဉ် အမြင်များကို ဖောက်ထွင်း မြင်နိုင်၏။ အလင်းငါးဖြာ နတ်ဆရာ သည် မည်မျှပင် ကောင်းစွာ ဖုံးကွယ်ထားစေကာမူ ဖန်သား မျက်လုံး နှစ်ထပ် ၏ အမြင်အာရုံ မှ လွတ်ကင်းအောင် မပုန်းရှောင်နိုင်ချေ။

"ဝှီး..."

မရေမတွက်နိုင်သော နတ်ဘုရား အလင်းတန်းများ နှင့်အတူ အလင်းငါးဖြာ နတ်ဆရာသည် အတင်း ဝင်ရောက် လာ၏။

လီယွမ် လက်သီး အားလှိုင်း တစ်ခု ပစ်သွင်းလိုက်၏။ ၎င်းက အလင်းငါးဖြာ နတ်ဆရာ ကို တိကျစွာ ထိမှန်သည်။ သို့သော် အလင်းငါးဖြာ နတ်ဆရာ မှာ မြန်ဆန်လွန်းလှ၏။ မျက်စိတစ်မှိတ် အတွင်း အဝေးသို့ ဆုတ်ခွာသွားတော့သည်။

"မင်း တကယ်ပဲ ရှာတွေ့သွားတာလား"

အလင်းငါးဖြာ နတ်ဆရာ မှာ အတော်လေး တုန်လှုပ်သွားပြီးနောက် ရယ်စရာ အဖြစ် သဘောထားကာ ပြောလိုက်၏။

"မင်းရဲ့ ကောင်းကင် ဖြစ်စဉ် တွေ အားလုံး ဝါးမျိုခံလိုက်ရတာ နှမြောစရာပဲ... ဒါကြောင့် မင်းရဲ့ အစွမ်းအစ အပြည့်အဝ ကို ထုတ်လွှတ်လို့ မရဘူးလေ... မင်း ငါ့ကို ထိရင်တောင် အပေါ်ယံ ဒဏ်ရာ လောက်ပဲ ရမှာပါ"

လီယွမ် တိတ်ဆိတ်စွာ နေလိုက်ပြီး သူ၏ စိတ်ထဲတွင် ဆက်လက် တွက်ချက်နေ၏။

အထွတ်အထိပ် နယ်ပယ် သည် ကောင်းကင် ဖြစ်စဉ် များကို ဝါးမျိုထားသဖြင့် သတင်းအချက်အလက် တစ်စုံတစ်ရာ ပေါက်ကြားခြင်း မှ တားဆီးထားနိုင်ကာ.. ၎င်းက သူ့ကို ကောင်းကင် ဖြစ်စဉ် လျှို့ဝှက် နည်းစနစ် အများအပြား ထုတ်လွှတ်ရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း အသေအချာ သတ်ဖြတ်နိုင်မည့် ယုံကြည်ချက် မရှိဘဲ သူ၏ အဓိက လှည့်ကွက် ကို မထုတ်ဖော်ဝံ့ပေ။

သူ၏ လျှို့ဝှက်ချက် များကို လောကကြီး သို့ ထုတ်ဖော်လိုက်သည် နှင့် ဆူညံပွက်လောရိုက်မှု မှာ ဓားနတ်သမီး ၏ 'အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်' ထက် မလျော့နိုင်ချေ။

"ငါကတော့ စောင့်နိုင်ပါတယ်... မင်းကော စောင့်နိုင်လို့လား"

လီယွမ် တိတ်ဆိတ် နေသည်ကို မြင်သောအခါ အလင်းငါးဖြာ နတ်ဆရာ မှာ ပို၍ ဝင့်ကြွားလာသည်။ ဤအရာကို အသုံးပြုကာ ပြိုင်ဘက်၏ စိတ်ဓာတ်ကို ကျဆင်းစေရန် နှင့် သူ့ကို အနိုင်ယူရန် အခွင့်အရေး ရှာဖွေလိုနေ၏။

အလင်းငါးဖြာ နတ်ဆရာမှာ အထင်သေးသည့် ပုံစံ ပေါက်နေသော်လည်း အတွင်းစိတ် ထဲတွင်မူ လီယွမ် ကို လုံးဝ အထင်မသေးဝံ့ဘဲ အနည်းငယ် ကြောက်ရွံ့ နေသေးသည်။

ချီလင် သည် မိမိ၏ နယ်မြေစွမ်းအား အတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း ဆိုသည့် အချက်ကပင် ပြိုင်ဘက် ၏ ပါရမီ မည်မျှ ကြီးမားကြောင်း သက်သေပြရန် လုံလောက်နေပြီပင်။

အကယ်၍ ဤ ဘေးဆိုး ကို မဖယ်ရှားပါက တစ်နေ့တွင် မိမိတို့ သွေးချောင်းစီး သုတ်သင် ခံရမည့် အလားအလာ အလွန် များပြားပေသည်။

နယ်မြေ ၏ အပြင်ဘက် တွင် အခြား အထွတ်အထိပ် သူတော်စင် (၇) ပါး သည် အလင်းငါးဖြာ နတ်ဆရာ နှင့် လီယွမ် တို့၏ တိုက်ပွဲကို သိပ်ဂရုမစိုက်ကြဘဲ လင်းရှောင် ဓားဂိုဏ်း ဆီသို့ ဆက်လက် ချဉ်းကပ်သွားကြ၏။

သူတို့ အလိုချင်ဆုံး အရာမှာ ဓားနတ်သမီး ကို အမြန်ဆုံး ထွက်ပေါ်လာစေရန် ဖိအားပေးဖို့ ပင်။ အင်မော်တယ် ဖြစ်ခြင်း၏ လျှို့ဝှက်ချက် ကို ဖော်ထုတ်ရေး သည် သူတို့၏ ထိပ်တန်း ဦးစားပေး ဖြစ်သည်။

"ဟေး... ခင်ဗျားတို့ လွန်လွန်းနေပြီ မဟုတ်ဘူးလား"

ကောင်းကင်ယံ မှ ကွေ့ဟွာ ပန်းပွင့်များ ကျဆင်းလာ၏။ ဓား တစ်လက် ကိုင်ဆောင်ထားသော အမျိုးသမီး တစ်ဦး သည် ပန်းပွင့်များ ဖြင့် ဖွဲ့စည်းထားသော လမ်းကြောင်း အတိုင်း လျှောက်လှမ်း လာသည်။

မဟာ သူတော်စင် (၇) ပါး မှာ ခေတ္တမျှ ရပ်တန့်သွားပြီး ရောက်လာသူကို ငေးကြည့်လိုက်ကြသည်။

"ဆူရှင်း စံအိမ် ရဲ့ အရှင်သခင် မုန့်ချင်းစီ... စီနီယာ ဓားသူတော်စင်... ရှင်က ဓားတာအို ရဲ့ သူတော်စင် တစ်ပါး ဖြစ်ပြီး လူသား မျိုးနွယ် ရဲ့ သူရဲကောင်း တစ်ယောက်ပါ..."

ပန်းဓား သူတော်စင် ဖူချူ က မေးခွန်းထုတ်လိုက်၏။

"ဓားကျင့်ကြံသူ တစ်ယောက် အနေနဲ့ ရှင်က ညစ်ညမ်းတဲ့ လူတစ်စု နဲ့ ပူးပေါင်း ကြံစည်နေတာလား... ရှင် ကိုင်ထားတဲ့ ဓား နဲ့ ရှင် သင်ယူခဲ့တဲ့ လမ်းစဉ် တွေ အတွက် ရှင် ထိုက်တန်ရဲ့လား"

"မင်း နားမလည်ပါဘူး..."

မုန့်ချင်းစီ ခေါင်းခါလိုက်၏။

"ဆူရှင်း စံအိမ် အတွက် ကျန်းဟူ သိုင်းလောက က လူတွေ ဒီလို လုပ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူးလေ"

“ရှင့်လို လူလိမ်... နှလုံးသား မရှိတဲ့ လူယုတ်မာ... ရှင့်ရဲ့ ဉာဏ်ရည် တွေ အလကား ဖြစ်သွားပြီ... ရှင်နဲ့ ခေတ်ပြိုင် လူလာဖြစ်ရတာကို ကျွန်မ ရွံတယ်”

ဖူချူ က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဖယ်စမ်းပါ... မင်း ငါ့ကို မတားနိုင်ဘူး"

မုန့်ချင်းစီ က ခေါင်းခါပြလိုက်၏။

ဖူချူ သည် ဒေါသတကြီး ဓားကို ဆွဲထုတ်လိုက်၏။

"အနည်းဆုံးတော့ ကျွန်မရဲ့ ဓားဝိညာဉ် နဲ့ ထိုက်တန်အောင် ကျွန်မ နေထိုင်ခဲ့တယ်... တိုက်ကြစို့"

"ဟူး..."

မုန့်ချင်းစီ က အခြားသူများကို ကြည့်လိုက်၏။

"ခင်ဗျားတို့ လမ်းဆက်သွားကြပါ... ဒါကို ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်"

"ကောင်းပြီ"

အခြား (၆) ယောက် က ခေါင်းညိတ်လိုက်ကြသည်။

သို့သော်…. ခြေ တစ်လှမ်းမျှ မလှမ်းရသေးမီ အဝေးမှ နောက်ထပ် လူ တစ်ယောက် ချဉ်းကပ်လာပြန်၏။

အသက် (၁၅) ၊ (၁၆) နှစ်ခန့် အရွယ် ကောင်လေး တစ်ယောက်။

အဖြူရောင် ဆံပင်များ ရှိ၏။

လက်ကို နောက်ပစ်၍ လျှောက်လှမ်း လာသည့် သူက အသက်ကြီးပြီး မောက်မာသည့် ပုံစံ ပေါက်နေတော့သည်။

All Chapters