တစ်ယောက်တည်း လမ်းပိတ်ခြင်း
Vol. 27 Ch. 295
အန်းထိုယွမ် သည် ချီလင် ပလ္လင် ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေရင်း တစ်လက်မလေးမျှ နောက်ဆုတ်ခြင်း မပြုပေ။
“မင်း..”
မိစ္ဆာအိုကြီးများမှာ အလွန်တရာ အလျင်လိုနေကြသည်။
သူတို့သည် ဓားနတ်သမီး ကို မတွေ့ရသေးခင်မှာပင် ချီလင်ဘုရင် နှင့် အသေအလဲ တိုက်ခိုက်နေရလေပြီ။ ဒါက သူတို့ မျှော်လင့်ထားသည့် အခြေအနေ မဟုတ်ပေ။
“ဒီနေ့ မင်းတို့ နောက်ဆုတ်ရင် ဆုတ်၊ မဟုတ်ရင် ငါ့ အလောင်းကို နင်းပြီးမှ သွားရမယ်.. တတိယ ရွေးချယ်စရာ လုံးဝ မရှိဘူး”
အန်းထိုယွမ် က ပြတ်သားစွာ ပြောဆိုလိုက်၏။
ကောင်းကင်ယံတွင် ကောင်းကင်စွမ်းအင်များ အဆက်မပြတ် တဟုန်ထိုး ထွက်ပေါ်နေသည်။
တစ္ဆေဘုရင် ကူချန်ချန် မှာလည်း အဝေးသို့ နောက်ဆုတ်သွားတော့၏။ သူသည် မိစ္ဆာအိုကြီးများကို လင်းရှောင် ဓားဂိုဏ်း ကို စမ်းသပ်ခိုင်းရန်သာ သဘောတူခဲ့ခြင်း ဖြစ်ပြီး အသေအလဲ တိုက်ခိုက်မည်ဟု မပြောခဲ့ပေ။
“ငါတို့ နောက်ဆုတ်လို့ မဖြစ်ဘူး..”
အသံ တစ်ခုက အော်ဟစ်လိုက်သည်။
“အခုသာ ထွက်သွားမယ် ဆိုရင် ငါတို့မှာ ဘာမျက်နှာနဲ့ နေရမလဲ.. အရင်က ဆုံးရှုံးမှု တွေကကော..”
အန်းထိုယွမ် က မျက်ခုံးပင့်လိုက်၏။
“ပထမဆုံး တစ်ချက်က မင်းတို့မှာ ရှက်တတ်တဲ့ စိတ် မရှိတာပဲ.. ဒုတိယ တစ်ချက်က မင်းတို့က ကံဆိုးနေတာလေ”
“ဝုန်း..”
နောက်ဆုံးတွင် မိစ္ဆာအိုကြီး တစ်ဦး သည် မထိန်းနိုင်တော့ဘဲ လှုပ်ရှားလိုက်တော့သည်။
အဝေးမှ လက်နက်ပေါင်းစုံ တို့သည် ပြိုင်ဘက်ကင်း ထက်မြက်မှုဖြင့် ကောင်းကင်ယံကို ဖောက်ထွက်လာပြီး သူ့ဆီသို့ ဦးတည်လာကြ၏။
“ရေခဲမြစ်”
အန်းထိုယွမ် က တိုးညှင်းစွာ ဆိုလိုက်သည်။
ရေခဲမြစ်မှာ အေးခဲသွားပြီး လက်နက် အရိပ်အယောင် ပေါင်းများစွာမှာ ရေခဲပြင်ကို ဖောက်ထွက်လာသော်လည်း တဖြည်းဖြည်း အားနည်းသွား၏။ နောက်ဆုံး ဓားအရိပ် မှာ အန်းထိုယွမ် နှင့် သုံးပေ အကွာတွင် ရောက်ရှိချိန်၌ အေးခဲသွားတော့သည်။
သူက ကောင်းကင်ကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်၏။
“မင်းတို့ ချီဓာတ် ချို့တဲ့နေရင် လက်လျှော့လိုက်ကြတော့.. ပြန်လည် ရှင်သန်ချင်ရင် ပြန်ဝင်စားဖို့ပဲ လုပ်ကြ.. မင်းတို့က သိပ်အားနည်းလွန်းတယ်.. မင်းတို့တွေက ဒီလောက်နဲ့ မထိုက်တန်သေးဘူး”
အခင်းအကျင်း အတွင်း၌
လီယွမ်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
သူ၏ မောက်မာမှု များမှာ ရစ်ပတ် နတ်ဘုရားကူ ၏ အမှား မဟုတ်ဘဲ သူ၏ မိခင်ဘက်မှ ဆင်းသက်လာသော သွေးမျိုးဆက် ကြောင့် ဖြစ်မှန်း သူ ရုတ်တရက် သဘောပေါက်သွားသည်။
အဘိုးဖြစ်သူမှာလည်း လှောင်ပြောင်မှုများ ပြည့်နှက်နေသူ ဖြစ်သည်။
သူ စိတ်သက်သာရာ ရသွား၏။
အဘိုး ဖြစ်သူ၏ တာဝန်ယူမှု၊ လင်းရှောင် ဓားဂိုဏ်း ၏ ဂိုဏ်းချုပ် နှင့် ပြန်လည် ရှင်သန်လာသော ဓားနတ်သမီး တို့ ရှိနေသဖြင့် ယနေ့ ပြဿနာများမှာ သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်။
“ချီလင်ဘုရင်.. တကယ်ပဲ အသေအလဲ တိုက်တော့မှာလား..”
တစ္ဆေဘုရင် ကူချန်ချန် က သက်ပြင်းကြီး ချလိုက်သည်။
“ဘယ်လို လုပ်ရမလဲ..”
အန်းထိုယွမ် က မျက်ခုံးပင့်လိုက်၏။
“မင်းက ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အကြောက်တရား ကြီးမားတဲ့ မိစ္ဆာအိုကြီး တွေ အတွက် တိုက်ပေးချင်နေတာလား.. သူတို့နဲ့အတူ ရေမြောင်းထဲမှာ ပုန်းအောင်းပြီး သက်တမ်း ကုန်ဆုံးရတာကို မငြီးငွေ့ဘူးလား”
“မင်းရဲ့ အတွေးတွေကို ငါ သိတယ်”
ကူချန်ချန် က ဆိုသည်။
“မင်းက ငါတို့ အသေအလဲ မတိုက်ရဲဘူးလို့ ထင်နေတာ.. ဒါပေမဲ့ အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် က ဘယ်လောက်တောင် အရေးကြီးလဲ ဆိုတာ မင်း အထင်သေးနေတာပဲ.. ငါတို့က အခြေအနေ ဆိုးဝါးသွားမှာကို မလိုလားတာပါ”
“တကယ်လို့သာ အသေအလဲ တိုက်ရမယ့် အခြေအနေထိ ရောက်သွားရင် ကျန်းဟူ သိုင်းလောက တစ်ခုလုံး အားနည်းသွားလိမ့်မယ်”
“ဓားနတ်သမီး လည်း ဒီလို ရလဒ်မျိုးကို မမြင်ချင်ဘူး ဆိုတာ သေချာတယ်.. ငါတို့ တောင်းဆိုတာက ဓားနတ်သမီး ထွက်လာပြီး စကားပြောပေးဖို့ပဲ.. ဒါဆိုရင် သူ့ရဲ့ အသက်ကိုလည်း မထိခိုက်စေရဘူး”
“အားလုံး ပျော်ရွှင်ရမယ့် အဆုံးသတ်မျိုးက မကောင်းဘူးလား”
ရုတ်တရက် တစ္ဆေဘုရင် ၏ နောက်တွင် ပန်းချီ စာလိပ် တစ်ခု ဖွဲ့တည်လာ၏။ ပန်းချီတွင် တစ္ဆေများ၏ ငိုကြွေးသံများကို ပုံဖော်ထားသည်။ သူ တပ်ဆင်ထားသော 'ဝမ်းနည်းခြင်း' လူရေခွံ မျက်နှာဖုံးမှာ 'ပြုံးနေသော မျက်နှာ' အဖြစ်သို့ ပြောင်းလဲသွားသည်။
“ချီလင်ဘုရင်.. မင်း လင်းရှောင် ဓားဂိုဏ်း က လူတွေနဲ့ မင်းရဲ့ ရေခဲပြင် မျိုးနွယ်စု တွေ ဒီပုံထဲက လူတွေလို ဖြစ်သွားတာကို မလိုချင်ဘူး မဟုတ်လား”
ပုံထဲက တစ္ဆေများ အားလုံးမှာ ကောင်းကင်ကို ဆန့်ကျင်သူများနှင့် ထျန်းဝေ့ထျန်း ကို ဆန့်ကျင်သူများ ဖြစ်ကြသည်။ တစ္ဆေဘုရင် ကိုင်ဆောင်ထားသော မီးခွက်မှာ 'ကပ်ဘေး မီးခွက်' ဖြစ်၏။ ဤမီးခွက် ငြိမ်းသွားပါက တစ္ဆေ တစ်သောင်း စာလိပ် အသက်ဝင်လာပြီး မိစ္ဆာ များ ပေါ်ထွက်လာကာ လောကကြီးကို ဝါးမျိုသွားလိမ့်မည်။
“သူတို့က...”
“သူတို့က ငါ့ရဲ့ ထျန်းဝေ့ထျန်း ရဲ့ ထိန်းချုပ်မှု အောက်မှာ ထာဝရ ရှိနေလိမ့်မယ်.. ဒီဘဝမှာ သူတို့ရဲ့ အပြစ်တွေကို ဆပ်သွားကြရမှာ.. သူတို့က လူတွေရဲ့ နှလုံးသားထဲက အနက်ရှိုင်းဆုံး မနာလိုမှု တွေပဲ.. ငြိမ်းချမ်းနေတဲ့ လူတွေကို ငရဲ ထဲ ဆွဲခေါ်သွားကြလိမ့်မယ်”
“အူး ဝါး..”
ကပ်ဘေး မီးခွက် ထဲမှ ဝမ်းနည်းဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”
အန်းထိုယွမ် ၏ အသံမှာ လေးနက်နေသည်။
“ငါ ဘာမှ မတတ်နိုင်ဘူးလေ.. မင်းက လူတွေ အများကြီးရဲ့ လမ်းကြောင်းကို ပိတ်ထားတာ.. တခြား ကိစ္စ ဆိုရင်တော့ ငါ မျက်နှာသာ ပေးနိုင်ပေမယ့် ဒီကိစ္စအတွက်တော့ မရဘူး”
ကူချန်ချန် က ပြောလိုက်၏။
“စဉ်းစားပြီးပြီလား”
မေးခွန်းအဆုံး၌ အန်းထိုယွမ် ၏ နက်ပြာရောင် မျက်ဝန်းများမှ နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာသည်။
“ချီလင်ဘုရင် လည်း စဉ်းစားပေးဖို့ တောင်းဆိုပါတယ်”
ကူချန်ချန် က သူ့ကို တည့်တည့် စိုက်ကြည့်နေ၏။
“မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု တစ်ခုလုံးရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်နေတာလို့ ငါ သတ်မှတ်လို့ ရမလား”
အန်းထိုယွမ် က မေးလိုက်သည်။
“ခြိမ်းခြောက်တာ မဟုတ်ဘူး.. အဆင်မပြေမှု တစ်ခုပါ”
ကူချန်ချန် က သက်ပြင်းချလိုက်သည်။
“မင်းမှာ အခွင့်အရေး ရှိရင်လည်း မင်း စွန့်လွှတ်မှာ မဟုတ်ပါဘူး.. အင်မော်တယ် ဖြစ်ချင်တဲ့ ငါတို့ရဲ့ တပ်မက်မှုကို နားလည်ပေးပါ”
“သိုင်းနတ်ဘုရား တစ်ပါးတောင် ဒီလောက ထဲ မရောက်လာတာ ထောင်ချီ ရှိပြီ”
“သာမန် လူတွေ အတွက်တော့ ဒါက ထူးဆန်းတာ မဟုတ်ပေမယ့်.. နဝမအဆင့် ကို ရောက်နေတဲ့ မင်း နားလည်သင့်တယ်.. ကောင်းကင်ဘုံ ကို ကျော်လွန်သွားဖို့ မျှော်လင့်ချက်က တဖြည်းဖြည်း နည်းပါးလာနေပြီ”
“လူတိုင်းက ဒီ အခွင့်အရေး တစ်ခုတည်းကို လောင်းကြေး ထပ်ချင်နေကြတာ”
“ဒါက နှစ်တစ်ထောင်မှာ တစ်ခါ မြင်ဖူးတဲ့ အခွင့်အရေး တစ်ခုပဲ”
ကူချန်ချန် ၏ အသံမှာ ပိုမို ပြင်းထန်လာပြီး သူ၏ စစ်မှန်သော ဆန္ဒများကို ထုတ်ဖော်ပြသလိုက်တော့သည်။
“ဟဲဟဲ”
အန်းထိုယွမ် ၏ အေးစက်သော ရယ်မောသံသာ ပြန်လည် တုံ့ပြန်လာသည်။ “မင်းရဲ့ ညစ်ပတ်ပြီး ရုပ်ဆိုးတဲ့ လုပ်ရပ်တွေကို အကြောင်းပြချက် ပေးမနေပါနဲ့တော့”
“မင်းတို့တွေက အလင်းရောင်ကို မမြင်ရတာ ကြာပြီ ဆိုတော့.. သေခြင်းတရား ကို မကြောက်ရွံ့တဲ့ အရွယ်တုန်းက မောက်မာမှုကို မေ့သွားကြပြီပေါ့”
ဤအချက်မှာ နှစ်ဖက်စလုံး အနေဖြင့် သဘောတူညီမှု ရရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည့် အချိန်ပင်။
ကူချန်ချန် ၏ နောက်မှ စာလိပ်မှာ အပြည့်အဝ ဖြန့်ကျက်သွား၏။
အဝေးဆီတွင် ပုံရိပ် ခုနစ်ခု၏ အသွင်သဏ္ဍာန် များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ထွက်လာသည်။
“ချီလင်ဘုရင် က ငါတို့ကို တားဆီးဖို့ ဆုံးဖြတ်ထားရင်တော့..”
“တိုက်ကြစို့”
မိစ္ဆာအိုကြီးများ၏ ချီစွမ်းအင်များ တဟုန်ထိုး တက်လာပြီး သူတို့၏ အထွတ်အထိပ် အဆင့် သို့ ပြန်လည် ရောက်ရှိသွားသည်။
အင်အားကြီး သူတော်စင် ရှစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်နေရသော်ငြားလည်း အန်းထိုယွမ် မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ အဝတ်အစားများကို ဆွဲဖြဲလိုက်တော့၏။
သူ မတ်တတ် ရပ်လိုက်၏။
နှင်းနှင့် ရေခဲများမှာ ကခုန်နေပြီး သူ ဝတ်ဆင်ထားသော ရွှေရောင် ဘုရင့်ဝတ်ရုံက တဟူးဟူး လွင့်နေသည်။
ခါးပတ်တွင် လက်သည်းငါးချောင်းပါ နဂါးကိုးကောင် ကို ထွင်းထုထားပြီး ချီလင် ပုံစံ နှင့် လိုက်ဖက်နေ၏။
ယခင်က ရေခဲပြင် မျိုးနွယ်စု သည် သန့်ရှင်းသော ကျန်းဟူ သိုင်းလောက အင်အားစု အဖြစ် သတ်မှတ်ခံထားရသော်လည်း ဤခေတ်ကာလတွင်မူ သူတို့မှာ ထူးခြားသော အမှတ်အသား ရှိနေပြီ ဖြစ်သည်။
“မဂ်လာပါ..သခင် ယင်း..”
အန်းထိုယွမ် က ကောင်းကင်ထက်မှ ပုံရိပ်ကို မော့ကြည့်လိုက်သည်။
“ တော်ဝင် မိသားစု အဖွဲ့ဝင် တွေကို သတ်ဖြတ်ခြင်းက ဘာရာဇဝတ်မှု လဲ..”
“ညဇီးကွက် အစောင့်တပ် က တာဝန်ယူမှာလား.. ဒါမှမဟုတ် လျစ်လျူရှုမှာလား”
ထိုစကားကို ကြားသောအခါ တက်ရောက်လာသူ အားလုံးမှာ အံ့အားသင့်သွားကြသည်။
‘မဟုတ်မှလွဲ..ဒီလိုလည်း ကစားလို့ ရတာလား’
သွေးချောင်းစီးတော့မည့် အရှိန်အဝါ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
သော့ချက်မှာ...အန်းထိုယွမ် ၏ စကားမှာ အလွန်တရာ ကျိုးကြောင်း ဆီလျော်နေပြီး ချေပရန် ခက်ခဲလှသည်။
ရုတ်တရက် ဖြစ်ပေါ်လာသော အနှောင့်အယှက် က လီယွမ်ကို တုန်လှုပ်သွားစေ၏။ ဒါက သူ လုံးဝ မျှော်လင့်မထားသော အခြေအနေ တစ်ခုပင်။
“တကယ်ပဲ အသက်ကြီးမှ ပိုပြီး ပညာရှိလာတာပဲ.. ငါ အများကြီး ထပ်သင်ယူဖို့ လိုသေးတယ်”
လီယွမ်က ခါးသီးစွာ ပြုံးလိုက်သည်။
“အဘိုး နဲ့ ယှဉ်ရင် ငါကတော့ အရမ်း နုနယ်နေသေးတယ်”
တော်ဝင် မိသားစု အဖွဲ့ဝင် တစ်ဦးကို လုပ်ကြံ သတ်ဖြတ်မှု မှာ တကယ်ပင် ပြင်းထန်သော ပြစ်မှု တစ်ခု ဖြစ်သည်။
တိမ်တိုက် လင်းယုန် မှာ အံ့အားသင့်သွားရ၏။ သူက ပျော်ပွဲစား လာရုံ သက်သက် ဖြစ်သော်ငြားလည်း အသုံးချခံ လိုက်ရပြီ မဟုတ်ပါလော။
“တော်ဝင် မိသားစု အဖွဲ့ဝင် တွေကို သတ်ဖြတ်သူတိုင်းကို သေဒဏ် အပြစ်ပေးရမယ်”
လျှို့ဝှက်မြို့စား တစ်ဦး အနေဖြင့် ယွင်ရှန်းယင်း မှာ ဤစကားကို မပြောမဖြစ် ပြောလိုက်ရသည်။
“အားလုံး ကြားလိုက်ကြပြီ မဟုတ်လား”
အန်းထိုယွမ် က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒီနေ့ မင်းတို့ နိုင်နိုင် ရှုံးနိုင်.. အင်မော်တယ် မဖြစ်ရင်တော့ ညဇီးကွက် အစောင့်တပ် ရဲ့ အရေးယူမှုကို ခံရမှာပဲ”
“ငါက မင်းတို့ကို မနိုင်ရင်တောင်.. ညဇီးကွက်ဘုရင် ကတော့ မင်းတို့ကို သေချာပေါက် ကိုင်တွယ်နိုင်မှာပါ”
အစစ်အမှန် မျက်နှာဖုံး ကို ထုတ်ပြရန် ပြင်နေကြသော မိစ္ဆာအိုကြီး များ အားလုံး ရပ်တန့်သွားကြ၏။
လူတိုင်း သိကြသည့်အတိုင်း ညဇီးကွက်ဘုရင် ၏ လူသတ်မှုကို စွဲချက်တင်သည့် နည်းလမ်းမှာ ‘ခိုင်လုံသော အထောက်အထား’ ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ညဇီးကွက် အစောင့်တပ် က တစ်စုံတစ်ယောက်ကို လက်ထဲ ရသွားပြီ ဆိုလျှင် ထိုသူမှာ သတ်ခံရမည့် သိုးတစ်ကောင်နှင့် ဘာမျှ မခြားနားတော့ပေ။
ခေတ္တခဏ အကြာတွင် မိစ္ဆာအိုကြီး များ ပျောက်ကွယ်သွားပြန်သည်။
တစ်ယောက်သာလျှင် ဖောက်ထွက်ရန် ကြိုးစားလိုက်၏။
“ဆက်စောင့်နေရင် သေဖို့ပဲ ရှိတော့တယ်.. ဒီနေ့ ငါ အရင်ဆုံး သေပေးမယ်..မင်းတို့ အားလုံး အတွက် အင်မော်တယ် လမ်းကြောင်း ကို ဖွင့်ပေးလိုက်မယ်…”
Book 27 end.