ချီလင်ဘုရင် ပေါ်ထွက်လာခြင်း
Vol. 27 Ch. 294
ကောင်းကင်ယံမှ ပုံရိပ်တစ်ခု တရွေ့ရွေ့ လျှောက်လှမ်းလာ၏။
လာရောက်သူမှာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝမ်းနည်းခြင်း မျက်နှာဖုံးကို တပ်ဆင်ထားကာ မီးခွက်တစ်ခုကို ကိုင်ဆောင်ထားလေ၏။
သူ၏ ပတ်လည်တွင် နဂါးပုံစံ အရှိန်အဝါ်များ ရစ်ဝဲနေကာ အဆက်မပြတ် ဟိန်းဟောက်နေသော အနက်ရောင် ချီဓာတ်များမှာ အဝီစိ ငရဲမှ လွတ်မြောက်လာသော တစ္ဆေဝိညာဉ် တစ်ခုအလား ထင်မှတ်ရသည်။
“ထျန်းဝေ့ထျန်းရဲ့ မဟာသခင်ကြီး..”
“တစ္ဆေဘုရင်.. ကူချန်ချန်..”
ရောက်လာသူကို မြင်လိုက်ရချိန်တွင် ယန်တျန်က အက်ကွဲသော အသံဖြင့်ပြောလိုက်သည်။
ဤခေတ်ကာလတွင် အလယ်ပိုင်း လွင်ပြင် ၌ အင်အားကြီး အဖွဲ့အစည်း ခုနစ်ခု ရှိ၏။ ထျန်းဝေ့ထျန်း သည် ထိပ်ဆုံးမှ ဦးဆောင်ရန် အလားအလာ အရှိဆုံးအချက်မှာ သွေးချီ လျော့နည်းမှု ဒဏ်ကို မခံစားရသေးသော နဝမအဆင့် ပညာရှင် တစ်ဦး ထျန်းဝေ့ထျန်း တွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။
“သူတို့ သဘောတူညီချက် တစ်ခုခု ရယူလိုက်ကြပြီ ထင်တယ်..”
ယန်တျန် ၏ မျက်နှာ အမူအရာမှာ လေးနက်နေ၏။
ဤကဲ့သို့သော မြေခွေးအိုကြီးများ၏ သဘောသဘာဝအရ အကျိုးအမြတ် မရှိဘဲ မိမိတို့၏ အသက်ကို စတေးကြမည့် သူများ မဟုတ်ချေ။ လျှို့ဝှက်စွာ ပုန်းအောင်းနေပြီး အသက်ရှင်ရန် ကြိုးစားနေသော မိစ္ဆာအိုကြီးများ သည် ယခုအခါတွင် ပိုမို ကြီးမားသော စျေးနှုန်း တစ်ခုကို ပေးဆပ်ရမည် ဖြစ်သဖြင့် တစ္ဆေဘုရင် ကို ရှေ့ဆုံးမှ လွှတ်လိုက်ခြင်း ပင်။
တစ္ဆေဘုရင် ကူချန်ချန် သည် ဓားနတ်သမီး ကို သတိထားနေရသော်လည်း သူသည် စစ်မှန်သော နဝမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သွေးချီ လျော့နည်းမှု ဒဏ်ကိုလည်း နောက်ဆုံး အဆင့်အထိ မခံစားရသေးသဖြင့် သိပ်ပြီး မကြောက်ပေ။
“လီယွမ်.. ဓားနတ်သမီး.. ဘိုးဘေးကြီး အခြေအနေက ဘယ်လိုလဲ..”
ယန်တျန် မေးလိုက်သည်။
“ဒီလောက်ဆို ရပါပြီ..”
လီယွမ် က ခေါင်းညိတ်လိုက်ပြီး ဓားနတ်သမီး ကို နိုးထစေရန် ပြင်ဆင်လိုက်၏။
“ဓား အခင်းအကျင်း ရဲ့ အကူအညီနဲ့ အမွှေးတိုင် တစ်တိုင်စာ အချိန်လောက်တော့ ငါ ခုခံထားပေးနိုင်မယ်”
ယန်တျန် က ဆိုလိုက်သည်။
“ကောင်းပြီ.. စီနီယာဦးလေး ကို ကူညီပေးပါ့မယ်”
“ဓားဂိုဏ်း က တပည့်လေးတို့.. အလကား အပင်ပန်း မခံကြပါနဲ့တော့”
အခင်းအကျင်း အပြင်ဘက်တွင် တစ္ဆေဘုရင် က ပတ်ဝန်းကျင်ကို မထီမဲ့မြင် ပြုလျက် ကြည့်လိုက်၏။
“ဓားနတ်သမီး ပြန်လည် ရှင်သန်လာတာက ကျန်းဟူ သိုင်းလောက တစ်ခုလုံး အတွက် ကောင်းချီး တစ်ခုပဲ.. တစ်ယောက်တည်း ရဲ့ အောင်မြင်မှု နဲ့ ဓားဂိုဏ်း တစ်ခုတည်း ကြိုးစားမှု မဟုတ်ဘူး.. ဓားနတ်သမီး ကို အပြင်ထုတ်ပြီး ငါတို့နဲ့ တန်းတူ ဆွေးနွေးခွင့် ပြုတာက အကောင်းဆုံး နည်းလမ်းပဲ”
“မင်းတို့က ကျန်းဟူ သိုင်းလောက ရဲ့ အခွင့်အရေးကို တစ်ဦးတည်း ပိုင်ဆိုင်ချင်နေတာလား.. ဘာလို့ အများပြည်သူ ကို ဒေါသထွက်အောင် လုပ်နေတာလဲ”
စကားပြော အပြီးတွင် ကူချန်ချန် က လက်ညှိုးဖြင့် ထိုးပြလိုက်၏။ သူ၏ ပတ်လည်မှ အနက်ရောင် ချီဓာတ်များ ထွက်ပေါ်လာပြီး ဓား အခင်းအကျင်း ပေါ်သို့ ပြင်းထန်စွာ ထိမှန်သွားတော့သည်။
“ထွီ..ငါ ရှက်ရမ်းရမ်းတဲ့ သူတွေကို တွေ့ဖူးပေမယ့် မင်းလောက် ရှက်ဖို့ကောင်းတဲ့ သူကိုတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး..” ယန်တျန် က ဒေါသတကြီး ကျိန်ဆဲလိုက်၏။
“ဓားနတ်သမီး ဘိုးဘေးကြီး ရဲ့ ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ”
“ယန်တျန်.. မင်းက အဋ္ဌမအဆင့် သက်သက်ပါ.. ငါနဲ့ ဆွေးနွေးဖို့ အရည်အချင်း မရှိသေးဘူး.. ချီယန် ကို သာ လာခဲ့ဖို့ ပြောလိုက်”
ကူချန်ချန် က အေးစက်စက် ပြောလိုက်သည်။
“ဘိုးဘေးသာ လာခဲ့ရင် မင်း ဒီလို ပြောရဲဦးမလား” ယန်တျန် က လှောင်ပြောင်လိုက်၏။
“သူက သေခါနီး လူပဲ.. ငါ သူ့ကို ဘာလို့ ကြောက်ရမှာလဲ.. ဖယ်စမ်း”
ကူချန်ချန် က လက်ညှိုးထိုးလိုက်ရာ အနက်ရောင် စက်လုံး အမြောက်အမြား ထွက်ပေါ်လာတော့၏။
“အုန်း..”
ဓား အခင်းအကျင်း မှာ အဆက်မပြတ် ထိုးနှက်ခံနေရပြီး အက်ကြောင်းများ ပေါ်လာတော့သည်။
လီယွမ်သည် ဓားနတ်သမီး ကို နိုးထစေပြီး ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် ကူချန်ချန် က အနက်ရောင် လက်နက်များကို ပိုမို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ယံတွင် အနက်ရောင် ချီဓာတ်များ စုစည်းနေပြီး ငရဲ တစ်ခုအလား ဓားဂိုဏ်း တစ်ခုလုံးကို ဝါးမျိုရန် ပြင်ဆင်နေ၏။
ဓားဂိုဏ်း မှ တပည့်များ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်ငြား မည်သူမျှ နောက်မဆုတ်ကြချေ။
လီယွမ်က အပြစ်အနာအဆာ ကင်းစင်သော ဓားကြီးကို ဆွဲထုတ်လိုက်၏။ ဓားက ဓား အခင်းအကျင်း ကို ထိမိသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးအကြား ရေခဲများ ဖွဲ့တည်နေသည့် အသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ဓားပေါ်တွင် ရေခဲလွှာများ အလျင်အမြန် ရစ်ပတ်သွားသည်။
အဝေးမှနေ၍ ချီလင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီး တစ်ဦး ဖြည်းညင်းစွာ ချဉ်းကပ်လာ၏။ သူ၏ ခြေလှမ်းတိုင်းတွင် ရေခဲ ကြာပန်း များ ပွင့်လန်းနေပြီး သူ၏ နောက်တွင် နှင်းခဲလမ်းကြောင်း များက ရှေးဟောင်း ရေခဲမြစ် တစ်ခုအလား ရစ်ဝဲနေသည်။ အဘိုးကြီး မှာ ခြင်္သေ့ တစ်ကောင်အလား ခန္ဓာကိုယ် တောင့်တင်းပြီး မျက်နှာတွင် အမွှေးအမျှင်များ ထူထပ်နေ၏။
သူတော်စင် ခုနစ်ပါးမှာ လည်ချောင်းထဲတွင် တံတွေးများ မျိုချလိုက်ပြီး ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။
“မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု.. ချီလင်ဘုရင် အန်းထိုယွမ်..”
“သူလည်း ရောက်လာပြီလား..”
နောက်ထပ် နဝမအဆင့် ပညာရှင် တစ်ဦး ထွက်ပေါ်လာခဲ့ပြီ။ သူတော်စင် များကို အလွန်တရာ ကြောက်ရွံ့သွားစေသည်မှာ ဤပုဂ္ဂိုလ်၏ ရောက်ရှိလာမှုမှာ ရုတ်တရက် ဆန်လွန်းခြင်းပင် ဖြစ်ပြီး အင်အားကြီး ဂိုဏ်း ရှစ်ခု ၏ မဟာမိတ် အစီအစဉ်တွင် မပါဝင်ဘဲ လူသတ်မည့် အရှိန်အဝါ်များဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
အရင်က တစ္ဆေဘုရင် က စမ်းသပ်မှု တစ်ခုအနေဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း.. ဤလူမှာမူ အမှန်တကယ်ပင် အသေအလဲ လုပ်ဆောင်မည့် ပုံပေါ်နေသည်။
ကောင်းကင်ယံ အထက်တွင်
ယွင်ရှန်းယင်း ၏ အမူအရာမှာ လေးနက်သွား၏။
“ချီလင်ဘုရင် ပါ ရောက်လာတာလား..”
“ဒါ..”
နဝမ ကူနန်းတော် သည် မြောက်ပိုင်း ဒေသတွင် ကူလမ်းစဉ် ဖွံ့ဖြိုးတိုးတက်စေရန် ရေခဲပြင် မျိုးနွယ်စု များနှင့် မဟာမိတ် ဖွဲ့ထားကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သို့သော် ဤမျှအထိ ထောက်ပံ့ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အန်းထိုယွမ် ၏ ပေါ်ထွက်လာမှုက မင်းသားလေး သည် နဝမ ကူနန်းတော် ထဲတွင် ပုန်းအောင်းနေသည် ဆိုသော ဘုရင်ကြီး ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သလိုပင်။ မဟုတ်ပါက အန်းထိုယွမ် တွင် ဤမျှ အထိ လုပ်ဆောင်စရာ အကြောင်း မရှိပေ။
“ဟားဟား.. အရာအားလုံးက စိတ်ဝင်စားဖို့ ကောင်းလာပြီ”
တိမ်တိုက် လင်းယုန် သည် အံ့ဩရသလို ဝမ်းသာသွားပြီး ဘုရင်ကြီး၏ နောက်ထပ် အစီအစဉ် ကို စောင့်မျှော်နေတော့သည်။
ဓား အခင်းအကျင်း အတွင်း၌ဓားဂိုဏ်း သားများ အားလုံး စိတ်ရှုပ်ထွေးနေကြပြီး လာရောက်သူမှာ မိတ်ဆွေလား ရန်သူလား ဆိုသည်ကို မခွဲခြားနိုင်ကြပေ။ ယန်တျန် ပင်လျှင် နားမလည်နိုင် ဖြစ်နေရသည်။
‘အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက်’ အတွက်ဆိုလျှင် ကူ နန်းတော် နှင့် ရေခဲပြင် မျိုးနွယ်စု တို့၏ မဟာမိတ် က ဤမျှ အထိ ခိုင်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“အဘိုး.. အဘိုးလည်း ရောက်လာတာလား..”
လီယွမ် တစ်ယောက်တည်းသာ ဘိုးဘေး ဘာကြောင့် လာရသလဲ ဆိုသည်ကို သိရှိထားသည်။
ယခုအခါ သတင်းများ ပျံ့သွားပြီ ဖြစ်ရာ ဘိုးဘေး ထံသို့ သတင်းရောက်သွားပါက ဘိုးဘေး မှာ သေချာပေါက် ရောက်လာမည်မှာ အသေအချာပင်။
ဤသည်မှာ ညဇီးကွက်ဘုရင် ၏ ယခင် ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ပြီး နဝမ ကူနန်းတော် ကို သူ အမှန်တကယ်ပင် ပိတ်လှောင်ထားလိုက်ပြီ ဖြစ်သည်။
“ကိစ္စ မရှိဘူး.. လုပ်ချင်တာ လုပ်တော့”
လီယွမ် အနေဖြင့် ခိုင်မာသော အခြေခံ အုတ်မြစ် တစ်ခု ရှိနေပြီ ဖြစ်သည်။ လိုအပ်ချက်များ တိုးပွားလာသည်နှင့်အမျှ အမှတ်အသား အချို့မှာ ပေါ်ထွက်လာရန် ရှောင်လွှဲ၍ မရနိုင်တော့ပေ။ သူ၏ အဓိက အထောက်အပံ့ ကို ထိန်းသိမ်းထားနိုင်သရွေ့ အရာအားလုံး အဆင်ပြေသည်။
မျက်လုံးပေါင်း များစွာက လေထဲတွင် လွင့်ခါနေသော အဖြူရောင် ဆံပင်များဖြင့် အဘိုးကြီး ပေါ်သို့ စုပြုံကျရောက်နေ၏။
“အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် ဆိုတဲ့ ကြီးမားလှတဲ့ ကိစ္စကြီးကို ဘာလို့ ငါ့ကို မခေါ်ရတာလဲ”
အန်းထိုယွမ် က ကောင်းကင်ယံကို ခွဲထွက်သွားသည့် ရေခဲမြစ် ကို ဆွဲခေါ်ကာ တစ္ဆေဘုရင် ကူချန်ချန် ၏ ဘေးနားတွင် ရပ်တန့်သွားသည်။
“ချီလင်ဘုရင်..”
ကူချန်ချန် က ဒေါသကို ဖိနှိပ်ကာ ပြောလိုက်သည်။
“မင်းက လင်းရှောင် ဓားဂိုဏ်း ကို ကာကွယ်ပေးမလို့လား..”
“မင်း ဘယ်လို ထင်သလဲ”
အန်းထိုယွမ် က အေးစက်စွာ ပြုံးလိုက်၏။
“နဝမ ကူနန်းတော် နဲ့ မဟာမိတ် ဖွဲ့ထားရုံ သက်သက်နဲ့လား..” ကူချန်ချန် က မေးလိုက်သည်။
“ငါ ချီလင် နတ်ဘုရားကို ကတိပေးထားတယ်.. ကူလမ်းစဉ် နဲ့ အတူတူ သေအတူရှင်မကွာ ပေါင်းစည်းမယ် ဆိုပြီး.. သူတို့ ဒုက္ခ ရောက်ရင် ငါ အကူအညီ မပေးဘဲ မနေနိုင်ဘူးလေ”
အန်းထိုယွမ် မှာ အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်း၏။ အဝတ်အစားများက သူ၏ အရိုင်းဆန်သော ကြွက်သားများကို ပေါ်လွင်စေ၏။ ကြွက်သားများက အချိန်မရွေး သူ၏ အဝတ်အစားများကို ဆွဲဖြဲကာ သူ၏ သက်ကြီးပိုင်း အားမာန်များကို ထုတ်သုံးရန် အသင့် ဖြစ်နေသည်။
“မင်း တစ်ယောက်တည်းနဲ့ ဂိုဏ်း ရှစ်ခု စလုံးကို ရင်ဆိုင်မလို့လား”
ကူချန်ချန် က အေးစက်စက် ပြောလိုက်သည်။
“ဂိုဏ်း ရှစ်ခု လား.. မင်းတို့ တစ်ယောက်ကို ဂိုဏ်းတစ်ခုလို့ ဘယ်သူက သတ်မှတ်ပေးလိုက်တာလဲ”
အန်းထိုယွမ် က လှောင်ပြောင်လိုက်၏။
“အဘိုးကြီး အားလုံး ထွက်လာပြီး ကြည့်ကြပါဦး.. သူတို့က မျက်နှာတောင် မပြရဲဘူး ဆိုရင် အင်မော်တယ် ဖြစ်ခြင်း ရဲ့ လျှို့ဝှက်ချက် အကြောင်း ပြောမနေကြနဲ့တော့”
သူ ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
ရေခဲပုံဆောင်ခဲ အမြောက်အမြား စုစည်းသွားပြီး ဧရာမ ချီလင် ပလ္လင်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။
အန်းထိုယွမ် သည် သူ၏ ဝတ်ရုံ လက်စအား ဝှေ့ယမ်းလိုက်ပြီး ပလ္လင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။
“ဘာပဲဖြစ်ဖြစ် ငါက နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုကို ခံထားရပြီး ပုန်းအောင်းနေလို့ မရတော့ဘူး.. သက်တမ်း ကလည်း ကုန်ခါနီးပြီလေ.. မင်းတို့ အဘိုးကြီး တွေထဲက ဘယ်နှစ်ယောက်က အသံထွက်ရဲလဲ ဆိုတာ ငါ ကြည့်ချင်တယ်”
ကောင်းကင်ယံတွင် ပုံရိပ် အချို့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။
မိစ္ဆာအိုကြီး များသည် များစွာသော ငွေကြေးများကို အသုံးပြုကာ တစ္ဆေဘုရင် ကူချန်ချန် ကို တိုက်ခိုက်ခိုင်းထားခဲ့သည်။ အရေးကြီးသော အဆင့်သို့ ရောက်ရှိချိန်မှ ချီလင်ဘုရင် က ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
“ချီလင်ဘုရင်.. မင်း တကယ်ပဲ အဆုံးထိ လုပ်တော့မှာလား”
အက်ကွဲနေသော အသံ တစ်ခုက ကောင်းကင် တစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ငါ အလွန်အမင်း လုပ်တာ မဟုတ်ဘူး.. မင်းတို့တွေက အလွန်အမင်း လုပ်နေကြတာ” အန်းထိုယွမ် က ပြန်ဖြေလိုက်၏။
“တစ်ယောက်ယောက် ရဲ့ အင်မော်တယ် ဖြစ်မယ့် လမ်းကြောင်း ကို ပိတ်ဆို့တာက ပြန်ဆပ်လို့ မရတဲ့ သွေးကြွေးပါ.. အသေအလဲ တိုက်ခိုက်ရမှာပဲ..သေရမှာ မကြောက်ရင်တောင် မင်းတို့ရဲ့ မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု တွေပါ အတူတူ အကျုံးဝင်သွားမှာ မကြောက်ဘူးလား”
အသံ တစ်ခု ပဲ့တင်ထပ်လာပြန်၏။
“ငါ အရမ်း ကြောက်တာပဲ”
အန်းထိုယွမ် က လှောင်ပြောင်ရင်း ဆိုသည်။
“မြောက်ပိုင်း ရေခဲပြင် ကို လာခဲ့ကြပါ.. အင်္ကျီ အများကြီး ဝတ်လာဖို့ မမေ့နဲ့နော်.. မဟုတ်ရင် အေးခဲပြီး သေသွားလိမ့်မယ်”