တုန်လှုပ်ဖွယ်ပြောင်းလဲမှု
Vol. 93 Ch. 1275
ပထမလှိုဏ်ဂူအတွင်း၌ ဝမ်လင်းသည် ထိုသိုလှောင်အိတ်ကို ဖွင်၏။ သိုလှောင်အိတ်ထဲ၌ မူလသလင်းကျောက်များစွာ ရှိနေပေသည်။ ချန်ထျန်ကျွင်းက ၎င်းသလင်းကျောက်များကို အမှန်တကယ် စုဆောင်းပေးခဲ့ပုံရ၏။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ သိုလှောင်အိတ်ထဲမှ သလင်းကျောက်အားလုံးကို ပတ်ဝန်းကျင်ရှိ အတားအဆီးများပေါ်တွင် ကျရောက်စေသည်။
မူလသလင်းကျောက်များထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး မူလစွမ်းအင်အားလုံး ကုန်ခမ်းကာ ဖုန်မှုန့်အဖြစ် ပျောက်ကွယ်သွားလေ၏။
မူလစွမ်းအင်မြောက်များစွာမှာ အတားအဆီးများကနေ ဖြတ်၍ ခြင်သားရဲထံ တိုးဝင်သည်။ အသက်ဓာတ်များစွာ ခြင်သားရဲ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပြီး ၎င်းသည် အားနည်းနေသည့်အခြေအနေကနေ တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်။
၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်သည်လည်း ပျောက်ကွယ်ကာ ခပ်ဖျော့ဖျော့ရွှေရောင်တောက်ပ လာတော့သည်။
ထိုရွှေရောင်အလင်းက မှိန်ဖျော့လွန်း၏။ သို့သော် ၎င်းပေါ်လာသည်နှင့် ခြင်သားရဲ၏ခန္ဓာကိုယ်ထံမှ ဖိအားကို ထုတ်လွှတ်လာသည်။
နှစ်ပေါင်းတစ်ရာလောက် မူလသလင်းကျောက်များနှင့် သန့်စင်မွန်းမံခြင်းသည် မည်သည်ကလန်ကိုမဆို နှလုံးကိုက်ခဲသွားစေနိုင်သည်။ အထူးနည်းလမ်းတစ်ခုနှင့်အတူ နောက်ဆုံးတွင် ခြင်သားရဲမှာ အောင်အောင်မြင်မြင်ဆင့်ကဲပြောင်းလဲ ခဲ့ပေပြီ။
မူလစွမ်းအင်များ ၎င်းထံ ဆက်လက် ဝင်ရောက်နေလျက် ခြင်သားရဲသည် ပို၍ အခြေအနေ ကောင်းသထက် ကောင်းလာ၏။ ၎င်းက စတင်ရုန်းကန်ကာ ဟိန်းသံ ပေးသည်။ သိုလှောင်အိတ်ထဲရှိ မူလသလင်းကျောက်(၇၀)ရာခိုင်နှုန်းကိုလည်း သုံးစွဲပြီး ချိန်၌ ခြင်သားရဲသည် ဟိန်းသံပေးကာ ပိုးအိမ်ထဲကနေ ထိုးထွက်လာတော့သည်။ ၎င်း ပျံသန်းထွက်လာချိန်၌ ၎င်း၏ချွန်မြမြနှုတ်သီးဖြင့် ပိုးအိမ်ထဲ ထိုးစိုက်ကာ ယင်းပိုးအိမ်ကို ခြောက်ခမ်းသည့်အထိ စုပ်ယူပစ်သည်။
လှိုဏ်ဂူထဲကနေ ကျယ်လောင်သောဟိန်းမြည်သံ ပဲ့တင်ထပ်၏။ ရွှေရောင်ခပ်ဖျော့ဖျော့ခြင်သားရဲက အလွန်ပျော်မြူးလျက်ရှိကာ ဝမ်လင်းကို လှည့်ပတ်ပျံသန်းသည်။ ၎င်း၏ ပါးစပ်ကြီးဖြင့်လည်း ဝမ်လင်းကို လျက်၏။ ၎င်းမှာ အလွန်စိတ်လှုပ်ရှား နေသည်။
ခြင်သားရဲ၏အရွယ်အစားကလည်း ပြောင်းလဲသွားခဲ့ပေပြီ။ ၎င်းသည် ခုချိန်၌ ပေသုံးဆယ်ခန့် ရှည်လျား၏။ ၎င်းထံမှလည်း နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူများသာ ထုတ်ဖော်နိုင်သည့် အော်ရာမျိုး ပေးစွမ်းနေသည်။
ဝမ်လင်းက ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းပြီး ခြင်သားရဲကို သိမ်းဆည်းလိုက်၏။ ခြင်သားရဲမှာ သူ့ဝှက်ဖဲတည်း။ သူက ကိုယ်ပိုင်ခြင်သားရဲအုပ် မပိုင်ဆိုင်သေးခင်၌ အနှီခြင်သားရဲကို အခြားလူများအား တွေ့မြင်ခွင့် ပြုလိမ့်မည် မဟုတ်ပါ။
လှိုဏ်ဂူထဲကနေ လှမ်းလျှောက်ထွက်လာပြီးနောက် ဝမ်လင်းက အနည်းငယ်စဉ်းစားပြီး လှိုဏ်ဂူများအတွင်းမှ ဧရာမဆေးမီးပြင်းဖိုတစ်ခုအပါအဝင် အရာအားလုံးကို ယူဆောင်၏။ အသိမဲ့သူများနှင့်ဉာဏ်အလင်းရသူများ၏ လှိုဏ်ဂူများထဲတွင်တော့ ခုချိန်၌ ဗလာနတ္တိ ဖြစ်နေပေပြီ။ ထိုသူတို့အားလုံးမှာ သူနှင့်ဆံဖြူအဘိုးအိုတို့ကြား တိုက်ပွဲအတွင်း ထိုအဘိုးအိုက သူတို့၏တာအိုဆန္ဒများကို ဆင့်ခေါ်ခဲ့ချိန်က သူတို့ဟာ သေဆုံးသွားခဲ့ကြပေပြီ။
ရှစ်ခုမြောက်လှိုဏ်ဂူအတွင်းရှိ ဖိဆန်သူအဘိုးအိုသည်ပင် သဲလွန်စမရှိ ပျောက်ကွယ်နေခဲ့သည်။ ခုချိန်တွင် ထိုလှိုဏ်ဂူမြေပြင်ထက်၌ သူ့အရိုးနှင့်ပြာများသာ ကျန်ခဲ့တော့သည်။
စစ်မာမိုက သူ့ကလန်ဝင်များ၏ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့သော်လည်း မည်သူကမျှ ပြန်နိုးထလာနိုင်ခြင်း မရှိဘဲ သူတို့အားလုံး ပျောက်ကွယ်ခဲ့ကြပေပြီ။ ဝမ်လင်းက သက်ပြင်းချ၏။ သူက ခြောက်ခုမြောက်လှိုဏ်ဂူအပြင်တွင် ရပ်ကာ သူ့လက်ကို လှိုဏ်ဂူဝရှိ ကျောက်တုံးပေါ်သို့ ဖိချသည်။
အချိန်အတားအဆီးသည် လှိုင်းဂယက် ထသွားသည်။ ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူ့ညာလက်သီးဖြင့် ၎င်းပေါ်သို့ ခပ်ကြမ်းကြမ်း ထိုးချ၏။ ပြင်းထန်သောအားတစ်ခု ဝမ်လင်းထံကနေ ထွက်ပေါ်၍ ကျောက်တုံးပေါ်သို့ ကျရောက်သွားသည်။
ထို့အတူ ဝမ်လင်း၏ဥပဒေသဖြင့် ပြုလုပ်ထားသော ကြယ်ကလည်း ဤအခိုက်၌ လက်ခနဲ ဖြစ်သွား၏။ သူ့လက်သီးချက်အောက်ရှိ ကျောက်တုံးကား တုန်ဟည်း၍ ပျက်စီးသွားလေသည်။
ချန်ထျန်ကျွင်းက ထိုအခြင်းအရာကို ကိုယ်တိုင်ကိုယ်ကျ မြင်ရ၏။ သူသည် ပင့်သက်ရှိုက်မိကာ ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်မိသည်။ တောင်ကြားအပြင်ဘက်ရှိ အရှင်တိမ်စိတ်ဝိညာဉ်သည်ပင် ၎င်းလက်သီးချက်ကို သတိပြုမိကာ သူ့စိတ်မှာ တုန်ယင်ရလေ၏။
ဝမ်လင်းက ကျောက်တုံးကို ဖွင့်လှစ်ပြီးနောက် သူသည် အရင်ထက် ပိုသန်မာလာပြီဟု ရှင်းလင်းစွာ ခံစားမိသည်။ ထိုခံစားချက်က သိပ်ကောင်းပေ၏။
ဝမ်လင်း လှိုဏ်ဂူထဲ ဝင်ကာ အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ကောက်ယူပြီး သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်သည်။ သူ မျှော်လင့်ထားသလိုပင် ၎င်းကျောက်စိမ်းပြားက အချိန်အတားအဆီးနည်းလမ်း ပါဝင်နေ၏။
တူညီသောနည်းလမ်းကို အသုံးပြု၍ ဝမ်လင်းက ခုနစ်ခုမြောက်လှိုဏ်ဂူကို ထပ်ဖွင့်ပြီး အတွင်းမှ ကျောက်စိမ်းပြားကို ယူသည်။ သူက ၎င်းကိုလည်း သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်၏။ အချိန်အတားအဆီးကို မှတ်သားပြီးနောက် သူက ထိုကျောက်စိမ်းပြားကို ချေမွပစ်လိုက်သည်။
အချိန်အတားအဆီးသည် မဟာအတားအဆီးလေးခုထဲမှ တစ်ခု ဖြစ်၏။ စစ်မာမိုသည်ပင် ၎င်းကို သင်ယူနိုင်ရန် နှစ်တစ်ရာအချိန် ယူခဲ့ရသည်။ သည်အတားအဆီးက ဂရုတစိုက် သေချာလေ့လာဖို့ လိုပြီး နက်ရှိုင်းပေ၏။ အစွမ်းလည်း ထက်သည်။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သာ များစွာ တိုးတက်လာခဲ့ခြင်းမရှိပါက၊ သို့တည်းမဟုတ် သူ့ထံ၌ အတားအဆီးများအပေါ် ကောင်းစွာ နားလည်မှု ရှိမနေပါက၊ သို့မဟုတ် သူသာ ပျက်သုဉ်းခြင်းအတားအဆီးအမွေအနှစ်ကို မပိုင်ဆိုင်ထားပါက သူသည် ဤအချိန်အတားအဆီးကို လွယ်ကူစွာ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် အရေးကြီးသည်က စစ်မာမိုသည် အချိန်အတားအဆီး၏အစစ်အမှန်အနှစ်သာရကို သင်ယူခဲ့ခြင်း မဟုတ်တာပင်။ တကယ်တော့ သူသည် အချိန်လုံလုံလောက်လောက် မရခဲ့ဘဲ ဤနည်းစနစ်ကို သင်ယူနိုင်ရုံမျှသာ တတ်မြောက်ခဲ့ပေသည်။
ဝမ်လင်းသည် သူ့ပေါ့ဆမှုကြောင့် အခြားသူများ ဤကျောက်စိမ်းပြားကနေ သည်အချိန်အတားအဆီးနည်းစနစ်ကို သင်ယူခွင့် ရစေမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် သူက ၎င်းနည်းစနစ်ကို မှတ်သားပြီးသည်နှင့် ဖျက်စီးပစ်ခဲ့ခြင်းပင်။
ကိုးခုမြောက်လှိုဏ်ဂူတွင်တော့ အတားအဆီးအများဆုံး ရှိနေ၏။ ၎င်းလှိုဏ်ဂူမှာ စစ်မာမို၏လှိုဏ်ဂူများကြားတွင် အဆန်းကြယ်ဆုံးလည်း ဖြစ်သည်။ ဝမ်လင်းက ယင်းလှိုဏ်ဂူအတွင်း၌ ခုနစ်ရောင်စုံမြူများကို မြင်၏။ သို့သော် သူက ထိုမြူအတွင်းကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပေ။
ရှေ့သို့ဆက်လျှောက်လာပြီး သူက ကိုးခုမြောက်လှိုဏ်ဂူအပြင်ဘက်သို့ ရောက်လာခဲ့သည်။ သူက သူ့ညာလက်ကို ကျောက်တုံးပေါ်သို့ တင်၍ ဖိချ၏။ ထိုကျောက်တုံးတစ်လျှောက်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားကာ တဖြည်းဖြည်းဖြင့် ၎င်းကျောက်တုံးသည် ကြည်လင်ပြတ်သားလာသည်။ ဝမ်လင်းက လှိုဏ်ဂူအတွင်းဘက်ကို ကြည့်၏။ သူက ထာဝရအလား တည်ရှိခဲ့ဟန်ရသည့် ခုနစ်ရောင်စုံမြူကို တွေ့မြင်လိုက်ရသည်။
ခုနစ်ရောင်စုံအလင်းက ထိုလှိုဏ်ဂူထဲကနေ စိမ့်ထွက်နေသလား ထင်မှတ်ရပြီး သည်နက်မှောင်သောတောင်ကြားကို လင်းထင်းစေသည့်အလား။
လှိုဏ်ဂူအတွင်းမှ ခုနစ်ရောင်စုံမြူများကို ကြည့်ကာ ဝမ်လင်းသည် တစ်ခုခုကို ခပ်ရေးရေး တွေ့မြင်၏။ ခုနစ်ရောင်စုံမြူ၏ အလယ်ဗဟိုတွင် အရိုးစုတစ်ခု ရှိနေသည်။
၎င်းက သားရဲတစ်ကောင်၏အလောင်းပင်။ ကြည့်ရသည်မှာ သမင်ငယ်တစ်ကောင်နှင့် တူသည်။ သို့ရာတွင် ထိုသားရဲ၏အရိုးများထဲ၌ ဓားတိုတစ်လက် ထိုးစိုက်ဝင်နေသည်။
ဝမ်လင်းက ထိုဓားတိုကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူက ခုနစ်ရောင်စုံနယ်မြေ၌ အရင်က သည်လိုမျိုးအရာတစ်ခုခုကို တွေ့မြင်ခဲ့ဖူးသည်အား ရှင်းလင်းစွာ ပြန်မှတ်မိသည်။
သူက ယခုကဲ့သို့ အရိုးများထဲ ဓားတိုထိုးစိုက်နေခြင်း၏ အဓိပ္ပာယ်ကို နားမလည်ပေ။ အချိန်အတန်ကြာစဉ်းစားပြီးနောက် ဝမ်လင်းက သူ့ညာလက်သီးဖြင့် ကျောက်တုံးကို ထိုးချသည်။ တစီစီအသံများ ပဲ့တင်ထပ်သည်။ သို့သော် ကျောက်တုံးကတော့ ပျက်စီးမသွားသေးပေ။
ဝမ်လင်း မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူက အေးစက်စက် နှာခေါင်းရှုံ့ကာ နောက်ထပ် ထပ်ထိုးချသည်။ ကျယ်လောင်စွာ မြည်ဟည်းသွား၏။ တောင်ကြားတစ်ခုလုံးပါ တုန်ခါသွားသလား မှတ်ရသည်။ ကျောက်တုံးပေါ်တွင် အက်ရာများ ထင်းလာကာ မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ် ပျက်စီးသွားတော့သည်။
ထိုကျောက်တုံးပျက်စီးသွားမှုကြောင့် ခုနစ်ရောင်စုံမြူက ပြောင်းလဲမသွားပေ။ ၎င်းက ထူးဆန်းစွာပင် ရွှေ့လျားသေး၏။ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်ကာ သူသည် လှိုဏ်ဂူထဲ ဖြည်းဖြည်းချင်း လှမ်းဝင်လာသည်။ သူက မြူအပြင်ဘက်တွင် ရပ်ကာ ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် ဂရုတစိုက် စစ်ဆေးကြည့်သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွားသည်။ သူက သဲလွန်စအချို့ကိုပါ တွေ့မြင်၏။ သည်မြူက သမင်အရိုးစုထံမှ ထွက်ပေါ်လာနေဟန် တူသည်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးတို့က တောက်ပ၏။ သူက ညာလက်ကို မြူထဲသို့ ဆန့်သွင်းသည်။ သို့သော် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ညာလက်ကို ရပ်လိုက်၏။ ဤအခိုက်တွင် သူက ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲမှ ရှေ့ဖြစ်ဟောသူ၏မူလစိတ်ဝိညာဉ်ဟာ ရုန်းကန်နေသည်ကို ခံစားမိပေသည်။
ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း ချိပ်ပိတ်ခံထားရသည့် စိတ်ဝိညာဉ်က ဆင့်ခေါ်ခြင်းမရှိပါဘဲ ရုန်းကန်သည့် အရိပ်အယောင် ပြသလာခြင်းပင်။
ဝမ်လင်း၏စိတ်က ထိုတံဆိပ်တုံးအတွင်းသို့ ချက်ခြင်း ဝင်ရောက်၏။ သူ့စိတ်က ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ် ရှိနေသော နေရာထိ ရောက်သွားပြီး ၎င်းနှင့် တုံ့နှေးခြင်းမရှိ ပေါင်းစပ်သည်။
ဝမ်လင်း၏အော်ရာက တဖြည်းဖြည်း တိုက်ရိုက် ပြောင်းလဲလာ၏။ သူသည် ဝမ်လင်းနှင့် မတူတော့ဘဲ ရှေ့ဖြစ်ဟောသူ ဖြစ်လာတော့သည်။ သူက တည်ငြိမ်၏။ လောကရှိအရာအားလုံးမှာ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား၊ မည်သည့်အရာကမျှ သူ့ကို မလှုပ်ရှားစေနိုင်သည့်အလား။
ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကို ခံစားလျက် ဝမ်လင်းသည် ထိုစိတ်ဝိညာဉ်၏ ခုနစ်ရောင်စုံမြူအပေါ် လိုအင်ဆန္ဒကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။ ထိုလိုချင်ဆန္ဒက အားကောင်းလွန်း၏။ ၎င်းစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအတွင်းကနေ ချိုးဖျက်ရန် တာဆူနေသည်မှာ သိသာပေသည်။
“ဆန္ဒ…ဒီခုနစ်ရောင်စုံမြူက သင့်အတွက် ဘာများ အသုံးဝင်မလဲ ငါ မြင်ချင်မိတယ်…”
ဝမ်လင်း၏မျက်လုံးထဲမှ ခုနစ်ရောင်စုံအလင်း လှစ်ပေါ်၏။ သူ့ညာလက်ကိုလည်း မြူအတွင်းသို့ ဆန့်ထုတ်သည်။
ချက်ခြင်းပင် ခုနစ်ရောင်စုံမြူသည် တဝီဝီလှည့်ပတ်ပြီး ဝမ်လင်း၏ညာလက်ထဲသို့ ဝင်ရောက်သည်။ သိပ်မကြာခင်တွင် ခုနစ်ရောင်စုံမြူအားလုံး ပျောက်ကွယ်သွား၏။ သို့သော် သားရဲအရိုးထံမှ ပိုများပြားသည့် မြူများ ထပ်ပေါ်လာသည်။ အသစ်ဖြစ်ပေါ်လာသည့် မြူတို့သည်လည်း ဝမ်လင်းညာလက်၏ စုပ်ယူခြင်း ခံရသည်။
မြူများက ဝမ်လင်း၏မူလစွမ်းအင်အတွင်းသို့ ဝင်ရောက်လာပြီး ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံ တိုက်ရိုက် သွား၏။ ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်က ၎င်းကို အရူးအမူး စုပ်ယူသည်။ သူသည် စုပ်ယူနေရင်း အသွေးအသားပိုင်ဆိုင်လာသည့် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာချေ၏။ ဝမ်လင်းက သူသည် အစစ်အမှန်ရှေ့ဖြစ်ဟောသူကို ကြည့်နေရသည့်အလား ခံစားမိသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် သားရဲအရိုးသည် ခုနစ်ရောင်စုံမြူကို ဆက်၍ မပေးစွမ်းတော့ပေ။ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့် မြူများအားလုံးကတော့ ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံရသည်။ ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်သည် ယင်းတို့ကို အသားကျရန် ကျင့်ကြံနေသကဲ့သို့ ထိုင်ချလိုက်၏။
“တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပြီ…” ဝမ်လင်းက ခဏတာ စူးစမ်းသေးသည်။ ထို့နေက် သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းသည်။ သူ့အကြည့်က သားရဲအရိုးပေါ်ရှိ ဓားတိုပေါ်သို့ ကျရောက်သွားလေသည်။
ဝမ်လင်းက ဓားတိုကို ဆွဲနှုတ်ကာ သေချာ ကြည့်ရှုသည်။ ၎င်းဓားပေါ်တွင် ချိပ်ပိတ်မှုတစ်ခုလည်း ရှိ၏။ ၎င်းချိပ်တံဆိပ်က သူ အရင်က ရရှိခဲ့သော ဓားပေါ်ရှိ ချိပ်ပိတ်မှုနှင့် အတူတူပင် ဖြစ်သည်။ သူ ဓားတိုကို ဆွဲနှုတ်လိုက်ချိန်၌ သားရဲအရိုးသည် ပြာမှုန့်ဖြစ်သွားလေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အခုချိန်သည် ထိုချိပ်ပိတ်မှုကို ဖြေလျော့ရမည့်အခါ မဟုတ်သေးမှန်း သိ၏။ သူက ဓားတိုကို သိမ်းဆည်းကာ လှိုဏ်ဂူထဲကနေ ပြန်လှမ်းထွက်လာတော့သည်။
နက်မှောင်သောကောင်းကင်ထက်ကို ကြည့်ကာ ဝမ်လင်းသည် ခပ်တိုးတိုး ပြောသည်။ “ငါတို့ ထွက်သွားကြစို့…” ထိုသို့ပြောပြီးနောက် သူက ရှေ့ဆက်သွားကာ ချန်ထျန်ကျွင်းကို ခေါ်၍ တောင်ကြားထဲကနေ ထွက်လာသည်။ အရှင်တိမ်စိတ်ဝိညာဉ်လည်း လိုက်လာ၏။ သူတို့က ခုနစ်ရောင်စုံနယ်မြေ၏အစွန်းအဖျားထံ ဦးတည်နေကြသည်။
သူတို့သည် ဝမ်လင်း၏ဦးဆောင်မှုနှင့်အတူ မြန်ဆန်စွာ သွားနေကြ၏။ အကွာအဝေးတစ်ခုတွင် အော်ရာတစ်ခု ရုတ်တရက် ပေါ်လာ၏။ ထိုသူမှာ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးပင်။ သူမသည် တုံ့ဆိုင်းတွေဝေနေဟန် ရပြီး အနားသို့ မလာဝံ့ပေ။ ထိုအစား သူမသည် သူတို့နောက်ကနေ အကွာအဝေးတစ်ခုခြား၍ လိုက်လာတော့၏။
အလင်းတန်းလေးခုသည် ကောင်းကင်ထက်တွင် ပျံသန်းလျက် ခုနစ်ရောင်စုံနယ်မြေ၏အစွန်းအဖျားထံ ရောက်လာကြသည်။ သူတို့က သူတို့ ဤနေရာကို ရောက်ရှိလာခဲ့သည့် စင်မြင့်နေရာထံ ရောက်လာလေပြီ။ သို့သော် ထိုစင်မြင့်က ပျက်စီးနေခဲ့ပေပြီ။
ထိုနေရာတွင် ရပ်လျက် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ အရှင်ဟွေစုန်၏မှတ်ဉာဏ်များထဲကနေ ရရှိခဲ့သော ဤနေရာက ထွက်ခွာနိုင်မည့် နည်းလမ်းသည် သူ့ စိတ်ထဲတွင် ပေါ်လာသည်။ သူ့လက်နှစ်ဖက်ကို မြန်သထက်မြန်မြန် လှုပ်ရှားကာ ချိပ်ဟန်များသည် လေဟာနယ်အတွင်း ပေါ်လာလေ၏။ ၎င်းသည် နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းလျက် ကွယ်ဝှက်နေသောအက်ကြောင်းတစ်ခုမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။
သို့ရာတွင် ဤအခိုက်၌ ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွားသည်။ သူ့လက်နှစ်ဖက် လှုပ်ရှားမှုကိုလည်း ရပ်၏။ သူက နက်မှောင်သောကောင်းကင်ထက်သို့ မော့ကြည့်သည်။ သည်အခိုက်အတန့်၌ ကောင်းကင်ထက်တွင် ဝဲကတော့ကြီးတစ်ခု ပေါ်လာလေသည်။ ၎င်းဝဲကတော့ ပေါ်လာသည်နှင့် နက်မှောင်သောကောင်းကင်က ပြိုလဲပျက်စီးကာ ယင်းကောင်းကင်ပျက်စီးမှုအစအနများမှာလည်း ဝဲကတော့၏ အစိတ်အပိုင်း ဖြစ်လာသည်။
ထိုဝဲကတော့အတွင်းမှ ရက်စက်မည့်၊အချိန်တိုက်စားမှုကို ဖြတ်သန်းပြီးပုံရသော အကြည့်နှစ်ခုသည် ဝမ်လင်းပေါ်သို့ ကျရောက်လာတော့၏။
“မင်းဟာ ငါ့တာအိုသစ်သီးကို ဝါးမြိုခဲ့ပြီး ဒီလိုမျိုး ထွက်သွားချင်တယ်ပေါ့…”
***