လက်ဝါး
Vol. 93 Ch. 1276
ထိုအသံသည် ကောင်းကင်ထက်ကနေ မိုးကြိုးပစ်ချသည့်အလား သက်ဆင်းလာကာ မြေပြင်ထုကို တုန်ခါသွားစေသည်။ မြေပြင်ထက်၌ အက်ကြောင်းများစွာ ပေါ်လာပြီး ပျက်စီးပြိုပျက်တော့မည့်အလား။
ယင်းအသံပေါ်လာချိန်၌ အဘက်ဘက်ကနေ ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ဖိအားဆင်းသက်နေရင်း ခုနစ်ရောင်စုံနယ်မြေသည် လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်လာသည့်အလား။ အရပ်မျက်နှာအနှံ့ကနေလည်း အတောမသပ်နိုင်သည့်စွမ်းအားများ တဟုန်ထိုး ဖြစ်ပေါ်လာနေသည်။
ချန်ထျန်ကျွင်းသည် ဤနေရာရှိလူများထဲတွင် အားအနည်းဆုံးသူ ဖြစ်၏။ ထိုဖိအားအောက်တွင် သူ့မူလစိတ်ဝိညာဉ်ပါ တုန်ယင်ကာ သူ့ပါးစပ်ထောင့်ကနေ သွေးများစီးကျလာတော့သည်။ သူသည် နောက်သို့ ခြေလှမ်းများစွာ အလိုလို ဆုတ်မိ၏။ သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် ထိုဖိအားကို ခုခံနိုင်ဖို့ငှာ ဆေးလုံးများကို ထုတ်ယူ၍ သောက်သုံးလိုက်ရသည်။
အရှင်တိမ်စိတ်ဝိညာဉ်၏မျက်နှာက ဖြူရောနေ၏။ သူက ကောင်းကင်ထက်ကို စူးစိုက် ကြည့်နေမိသည်။သူက မျက်လုံးတစ်စုံကို ကြည့်မိရာ ထို့အကြည့်အောက်၌ သူဟာ အဝတ်ဗလာဖြစ်သွားသည့်အလား ခံစားရသည်။ သူ့ခန္ဓာကိုယ်မှလည်း တစီစီအသံများ ထွက်ပေါ်လျက် သူ့မျက်နှာသည် ပို၍ပင် ဖြူရောလာသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏မျက်လုံးသူငယ်အိမ်လည်း ကြုံ့သွားမိ၏။ သူမ၏မျက်နှာမှာလည်း ဖြူရောလာသည်။ သူမဘေးပတ်လည်၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာလျက် သူမသည် အဘွားအိုတစ်ယောက် အသွင်ဖြစ်လိုက်၊လှပသောသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် အသွင် ဖြစ်လိုက် ရှိချေ၏။
ဝမ်လင်းတစ်ယောက်သာ မားမားရပ်နေ၏။ ထိုဖိအား သူ့ထံဆင်းသက်လာချိန်၌ သူ့ဘေးပတ်လည်ရှိ ဧရိယာမှာ တွန့်ခေါက်သွားလေ၏။ သူ့ဘေးပတ်လည်တွင် ဥပဒေသတစ်ခု ပေါ်လာသည့်အလား။
သူက ဝဲကတော့အတွင်းမှ မျက်လုံးတစ်စုံကို စူးစိုက်ကြည့်လျက် ငြိမ်သက်စွာ ရှိ၏။ သို့သော် သူ့ညာလက်ကိုမူ တဖြည်းဖြည်းချင်း လက်သီးစုပ်ဟန် ပြင်သည်။
“ငါ မင်းကို အနိုင်မကျင့်ပါဘူး။ မင်း ဒီလက်ဝါးချက်မှာ ရှင်သန်နိုင်ခဲ့ရင် ငါ မင်းကို အသက်ရှင်ခွင့်ပြုမယ်…”
ဝဲကတော့အတွင်းမှ ပင်ပန်းဟန်ရသောအသံတစ်ခုက ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။ ထိုအသံ ကျဆင်းလာသည့်အခါ ကောင်းကင်ထက်ရှိဝဲကတော့သည် မြန်ဆန်စွာ လှည့်လည်၏။
လှည့်ပတ်နှုန်းက ချက်ခြင်းလိုလို အထွတ်အထိပ်သို့ ရောက်၏။ ၎င်းသည် ကောင်းကင်ထက်တွင် တဝီဝီလှည့်ပတ်ရင်း မျက်လုံးတစ်စုံသည်ပင် ဝဲကတော့အတွင်း၌ ကွယ်ဖုံးလေသည်။ ဝဲကတော့သည် ကျယ်လောင်စွာ မြည်ဟီး၏။ ဝမ်လင်းရှေ့တွင်ပင် လောကသည် စတင်ပျက်စီးပြိုပျက်လာဟန် ရသည်။
ချက်ခြင်းလိုလိုပင် ဝဲကတော့မှာ လောကကို ဖျက်စီးနိုင်သည့်စွမ်းအားနှင့်အတူ သက်ဆင်းလာပေပြီ။
ဝဲကတော့ ဆင်းသက်လာနေလျက် မြေပြင်ထုသည် အပြင်းအထန် တုန်ခါကာ အမှောင်ထုအတွင်း စုတ်ပြဲသံများ ပဲ့တင်ထပ်လေသည်။
ချန်ထျန်ကျွင်းက သွေးအန်ရ၏။ ဝဲကတော့ ဆင်းသက်လာနေရင်း သူ့မူလစိတ်ဝိညာဉ်မှာ အပြင်းအထန် တုန်ခါသည်။ အရှင်တိမ်စိတ်ဝိညာဉ်နှင့်အစိမ်းရောင်ဝတ်စုံဖြင့် အဘွားအိုတို့သည်လည်း တုန်ယင်ရ၏။ သူတို့မျက်လုံးထဲ၌လည်း အလွန်အမင်းကြောက်လန့်မှုတို့ ပြည့်နှက်ကုန်သည်။
ဝဲကတော့ ဆင်းသက်လာမှုက ပိုမြန်ဆန်လာ၏။ ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူက လေထဲသို့ ကြယ်ပျံတစ်စင်းကဲ့သို့ ခုန်တက်၏။ သူသည် ကောင်းကင်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်ကာ ကောင်းကင်ထက်ရှိ ဝဲကတော့ထံ တုန်လှုပ်ဖွယ်လက်သီးချက်ကို ပစ်သွင်းလိုက်သည်။
ခုနစ်ရောင်စုံနယ်မြေတစ်ခု တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ဟည်းသံတို့ ဖြစ်ပေါ်ကုန်၏။ ဤလက်သီးချက်နှင့်အတူ မရေမတွက်နိုင်သောမိုးကြိုးများက ကောင်းကင်ထက်၌ တလက်လက် တဖျပ်ဖျပ် ဖြစ်ကာ လောကကို လင်းထိန်စေသည်။
ဝမ်လင်း၏လက်သီးချက်ကြောင့် မရေမတွက်နိုင်သောမိုးကြိုးတန်းများ ပေါ်လာခဲ့ပေပြီ။ ထိုလက်သီးချက် ကျရောက်လာချိန်၌ မိုးကြိုးအားလုံးမှာ ဝမ်လင်း၏ညာလက်သီးပေါ်တွင် စုဝေးကြပြီး အံ့မခန်းဖိသိပ်အားကို ဖြစ်စေ၍ ကောင်းကင်ထက်သို့ တရှိန်ထိုး ဝင်ရောက်သွားသည်။
မိုးကြိုးတုန်ဟိန်းသံများ ဆက်လက် ပဲ့တင်ထပ်နေ၏။ သို့သော် ဝဲကတော့မှာ တစ်စက်လေးပင် ရပ်တန့်မသွားဘဲ ဝမ်လင်းပေါ်သို့ ကြမ်းတမ်းစွာ ဖိချလာ၏။ ဝမ်လင်း၏ဝတ်ရုံစသည်ပင် လူးလွန့်လေ၏။ သူက ဝဲကတော့အတွင်းမှ သူ့မူလစိတ်ဝိညာဉ်ကို စုပ်ယူပစ်ချင်သည့်၊ သူ့မူလစွမ်းအင်ကို စုပ်ယူပစ်ချင်သည့် စုပ်အားတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။
“မင်းတို့အားလုံး သေချင်လို့ စောင့်နေကြတာလား။ ဒါမှမဟုတ် ငါနဲ့အတူ ထိုးထွက် တိုက်ခိုက်ကြတော့…” ဝမ်လင်း၏စကားသံများက သူ့အောက်ရှိ သုံးယောက်ထံ အေးစက်စက်လေပြင်းအလား တိုးဝင်သွားလေ၏။ အရှင်တိမ်စိတ်ဝိညာဉ်က အံတင်းတင်းကြိတ်ကာ ဝမ်လင်းနောက်သို့ လိုက်၍ လေထဲသို့ ခုန်တက်သည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မရေမတွက်နိုင်သောစိတ်ဝိညာဉ်အပိုင်းအစများကိုလည်း ပေါ်လာစေသည်။ ယင်းစိတ်ဝိညာဉ်အပိုင်းအစများက စူးရှရှငြီးသံများအော်မြည်ကြ၏။ အရှင်တိမ်စိတ်ဝိညာဉ်၏အမူအရာမှာ ကြမ်းကြုတ်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း တုံ့နှေးမနေတော့ဘဲ ထိုးထွက်လာပြီး ဝမ်လင်း ညာဘက်တွင် ဝင်ရပ်သည်။ သူမလက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ သူမဘေးပတ်လည်တွင် မြူလွှာတစ်ခု ပေါ်လာ၏။ ထိုမြူမှာ သွေးနီရောင် ရှိ၍ ရှင်ခြင်း၊သေခြင်းအော်ရာ ပါဝင်သည်။ ၎င်းမြူအတွင်း၌ အတားအဆီးမြောက်များစွာ လင်းလက်လေ၏။
ချန်ထျန်ကျွင်းက နောက်ဆုံးမှ ပျံသန်းလာသည့်သူပင်။ သူက ဝမ်လင်းအောက်တွင် ရပ်၏။ သူက သူ့လက်ကို ဝေ့ယမ်းကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒွာရပေါက်များကို ဖွင့်လှစ်သည်။ သားရဲစိတ်ဝိညာဉ်များ၏ အော်ရာ ပေါ်လာကာ သားရဲစိတ်ဝိညာဉ်ဆယ်ခုကျော်သည် သူ့အား ဝန်းရံသည်။ ၎င်းတို့ကြား၌ အဆင့်ဆယ့်နှစ်သားရဲစိတ်ဝိညာဉ်နှစ်ကောင်ပင် ပါဝင်သေး၏။ ၎င်းတို့သည် အသက်ရှင်တုန်းကလောက်တော့ စွမ်းပကား မရှိတော့သော်လည်း တုန်လှုပ်စရာ ကောင်းနေဆဲ ဖြစ်သည်။
ဝမ်လင်းက သူ့ပတ်လည်ရှိ သုံးယောက်ကို မကြည့်ပေ။ ဥပဒေသဖြင့် ပြုလုပ်ထားသည့် ကြယ်က သူ့မျက်ခုံးနှစ်ခုကြားတွင် လင်းလက်၏။ ထို့နောက် သူက ညာလက်ကိုဝေ့ယမ်းရာ သုံးမြှောင့်ခရင်းခွပေါ်လာသည်။ သူက ၎င်းကို တင်းကြပ်စွာ ကိုင်ဆွဲလိုက်၏။
“လက်ဝါးတစ်ခုရဲ့ စွမ်းအားဆိုတောရော ဘာဖြစ်သလဲ…” ဝမ်လင်းသည် ရယ်မော၍ ဤကောင်းကင်မှ ဆင်းသက်လာသော ဝဲကတော့ထံ တရကြမ်း တိုးဝင်လာသည်။ ၎င်းဝဲကတော့သည် ကောင်းကင်တစ်ခု ပြိုဆင်းကျလာခြင်းနှင့်တူလေ၏။
ဝမ်လင်းသည် ရှေ့ဆက်တိုးလာရင်း သူ့ဘေးပတ်လည်ရှိ မိုးကြိုးတို့မှာ တဖျပ်ဖျပ် ဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲ၌ တိုက်ပွဲစိတ်ဆန္ဒတို့ ပြည့်နှက်သည်။ လောကကို ဆန့်ကျင်မည့် မထင်မှတ်ဖွယ်စိတ်ဆန္ဒတစ်ခု စတင် ဖြစ်တည်လာသည်။ ကောင်းကင်သည် ပျက်စီးပြိုကျလျှင်ပင် သူက နည်းလမ်းတစ်ခုရှာကာ ထွင်းဖောက်၍ ကောင်းကင်ဘုံကိုပါ သတ်ဖြတ်ပစ်မည်။
ထိုတိုက်ပွဲဆန္ဒအောက်၌ အရှင်တိမ်စိတ်ဝိညာဉ်က မာန်သွင်းကာ သူ့ဘေးပတ်လည်မှ စိတ်ဝိညာဉ်အပိုင်းအစများကို စတင် စုစည်းသည်။ သူက စူးနက်တစ်ချောင်းကို ထုတ်ကာ ၎င်းပေါ်သို့ သွေးများ ထွေးထုတ်သည်။ ထိုအခါ စူးနက်က ရှေးဟောင်းအော်ရာတစ်ခု ပေးစွမ်းလာပြီး ဝမ်လင်းနောက်ကနေ သူသည် ဝဲကတော့ထံ တရကြမ်း တိုးဝင်လာသည်။
အရှင်တိမ်စိတ်ဝိညာဉ်၏သွေးတို့မှာ ဆူပွက်လာသလား ထင်ရ၏။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏မျက်နှာထက်တွင် သွေးမရှိတော့ပေ။ သို့သော် သူမ၏မျက်လုံးတို့က တောက်ပကာ ပြတ်သားဟန် ပေါ်၏။ သူမက ညာလက်ကို ဝေ့ယမ်းကာ သူမပတ်လည်ရှိမြူကို နှစ်ခြမ်းခွဲပစ်သည်။ တစ်ခုက ရှင်ခြင်း၊တခြားတစ်ခုက သေဆုံးခြင်းတည်း။ ၎င်းရှင်ခြင်း၊သေဆုံးခြင်းမြူတို့က နဂါးနှစ်ကောင်ကဲ့သို့ သူမအား ရစ်ခွေသည်။ ရှင်ခြင်းနှင့်သေခြင်းနဂါးနှစ်ကောင်သည် သူမနှင့်အတူ ထိုးထွက်လာကာ ဝမ်လင်းနောက်သို့ လိုက်ပါလာသည်။
ချန်ထျန်ကျွင်းကလည်း သားရဲစိတ်ဝိညာဉ်များ သူ့အား ဝန်းရံစေလျက် လိုက်ပါလာ၏။ ဝမ်လင်း၏ဦးဆောင်မှုနှင့်အတူ သူတို့လေးယောက်သည် ကောင်းကင်ထက်ရှိ ဝဲကတော့နှင့် နီးလာ၏။
ခဏအကြာတွင် သူတို့သည် ထိပ်တိုက်တွေ့လေပြီ။ ဝမ်လင်းက တိုက်ပွဲစိတ်ဆန္ဒအပြည့်ဖြင့် သုံးမြှောင့်ခရင်းခွကို ဝေ့ယမ်းကာ ဝဲကတော့ကို စတင် တိုက်ခိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏စွမ်းအားဖြင့် ပြည့်နှက်နေသည်။
သူက ဝဲကတော့ထဲတွင် အပေါက်တစ်ခု ဖြစ်သွားစေအောင် တိုက်ခိုက်၏။
သို့ရာတွင် ဤဝဲကတော့က ကြီးမားလွန်း၏။ ၎င်းက သူတို့ကို ခြုံလွှမ်းလာချိန်၌ အရင်ဆုံးတောင့်မခံနိုင်သည့်သူမှာ ချန်ထျန်ကျွင်းပင်။ သူ့ပတ်လည်ရှိ သားရဲစိတ်ဝိညာဉ်များလည်း ပျက်စီးကာ သူ့ခန္ဓာကိုယ်သည် တုန်ခါပြီးနောက် ပေါက်ကွဲထွက်ကာ ဝဲကတော့၏စုပ်ယူခြင်း ခံရသည်။ သူ့မူလစိတ်ဝိညာဉ်က လွတ်မြောက်ရန် ရုန်းကန်၏။ သို့သော် ဝဲကတော့မှာ သန်မာလွန်း၏။ သူသည် အတွင်းသို့ ဆွဲငင်ခံရပေတော့မည်။
“သင် ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ သင် ကတိတည်တော့…” ချန်ထျန်ကျွင်း၏မူလစိတ်ဝိညာဉ်က ထိတ်လန့်တကြားနတ်ဘုရားအာရုံဖြင့် ဆို၏။
သူ့ နတ်ဘုရားအာရုံစကားသံ ထွက်ပေါ်လာခိုက် ဝမ်လင်းသည် ရုတ်တရက် လှည့်ကာ သူ့ညာလက်ကို ဆန့်ထုတ်သည်။ သူက ချန်ထျန်ကျွင်း၏ မူလစိတ်ဝိညာဉ်ကို ဖမ်းယူကာ ဝဲကတော့၏စွမ်းအားနှင့် စတင် တိုက်ခိုက်သည်။
ဘန်းခနဲ ပေါက်ကွဲကာ ချန်ထျန်ကျွင်း၏မူလစိတ်ဝိညာဉ်သည် နှစ်ပိုင်းကွဲထွက်သည်။ တစ်ပိုင်းက ဝဲကတော့၏စုပ်ယူခြင်း ခံရပြီး ကျန်တစ်ပိုင်းက ဝမ်လင်း၏ ယူဆောင်ခြင်းကို ခံရသည်။ ဝမ်လင်းက ဝဲကတော့ရှိအဟထဲသို့ တိုးဝင်လိုက်လေသည်။
အရှင်တိမ်စိတ်ဝိညာဉ်က ဝဲကတော့ထဲ ဝင်လာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာပြီး သူက သွေးအန်လိုက်ရသည်။ သူ့ပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစအားလုံးလည်း သေဆုံးသွားပြီး အံ့ဖွယ်ရတနာစူးပင် ပျက်စီးသွား၏။ သို့သော် သည်ရတနာက သာမန်မဟုတ်ပေ။ ထိုပျက်စီးမှုကို အသုံးချကာ သူက ဝမ်လင်းဖွင့်လှစ်ခဲ့သော ဝဲကတော့အဟထဲသို့ တရကြမ်း ဝင်ရောက်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း အံတင်းတင်း ကြိတ်၍ အဟထဲသို့ ဝင်ရောက်၏။ ပြင်းထန်သောစုပ်အားအောက်၌ သူ၏သေခြင်းရှင်ခြင်းအတားအဆီးအားလုံးမှာ ပျက်စီးသွားရပြီး သူမ သွေးအန်လိုက်ရသည်။ ဝဲကတော့၏စုပ်အားက တိုးလာကာ အဟသည် မြန်ဆန်စွာ ပြန်ပိတ်ဆို့နေသည်ကို တွေ့မြင်သည့်အခါ သူမက ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ ထို့နောက် သူမသည် သူမ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်ကာ သူမ၏ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ သူမ၏ ညာဘက်ခြမ်းတွင် ပုံရိပ်တစ်ခု၊ ဘယ်ဘက်ခြမ်းတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
တစ်ခုမှာ အဘွားအိုတစ်ယောက်၊ အခြားပုံရိပ်ကတော့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးပင်။
ထိုပုံရိပ်နှစ်ခုက ပေါ်လာသည်နှင့် ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်းကို ရွေးချယ်သည်။ သူမက ဤကဲ့သို့ အန္တရာယ်အခိုက်အတန့်၌ ရှင်သန်နိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာနိုင်စွမ်း ရှိနေသေးသည်။ ပုံရိပ်နှစ်ခုဖျက်စီးပစ်သည့် စွမ်းအားဖြင့် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် ဝဲကတော့ထဲရှိအဟထဲ ဝင်သွားလိုက်နိုင်သည်။
သို့သော်ငြားလည်း ဤဝဲကတော့က မပြီးပြတ်သေး၊ ခုမှ အစပြုရုံသာ ဖြစ်သည်။
ဝဲကတော့ကို လူတိုင်း ဖြတ်ကျော်လာပြီးနောက် မြေပြင်ထက်သို့ ဆင်းသက်ကြ၏။ မြေပြင်သည် တုန်ခါလာကာ စတင် ရွှေ့လျားလာ၏။ ရုတ်တရက် မိုးထိမြင့်မားသည့်တောင်ကြီးငါးလုံး ပေါ်လာလေသည်။
ဝမ်လင်းသည် သူ ရှိနေသောနေရာကနေ ငုံ့ကြည့်ပါက အရာအားလုံးကို ရှင်းလင်းစွာ တွေ့မြင်ရ၏။
“ဒါ…ဒါက…” သူ့ပါးစပ်ထောင့်ကနေ သွေးများ ဆက်တိုက် စီးကျနေ၏။ သူသည် ဝဲကတော့ထဲကနေ လွတ်မြောက်လာသည်ကို မပျော်နိုင်အားပါ။ သူက မြေပြင်ထက်ကို စူးစိုက်ကြည့်နေလျက် သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့်ကြောက်ရွှံ့မှုတို့ ပေါ်ထွက်လာလေ၏။
သူ့ဘေးရှိအဘွားအိုကလည်း ဒဏ်ရာအပြင်းအထန် ရထားပြီး ဖြစ်သည်။သူမ၏မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ အထင်းသားပင်။
သည်အခိုက်အတန့်၌ ဤမြေပြင်ထုတစ်ခုလုံးသည် မထင်မှတ်စွာဖြင့် ဧရာမလက်ဝါးကြီးတစ်ခု ဖြစ်လာခဲ့ပေသည်။ မိုးထိမြင့်မားသည့်တောင်ငါးလုံးကတော့ ထိုလက်ဝါး၏ လက်ငါးချောင်းပင်။ မြေပြင်ထက်ရှိ အက်ရာများက ဤလက်ဝါး၏ လက္ခဏာရာများသာ။
လက်ဝါး၏အရွယ်အစားက စိတ်ကူးကြည့်၍ပင် မရပေ။ ခုနစ်ရောင်စုံနယ်မြေနှင့် ပြုလုပ်ထားသည့် ဤလက်ဝါးက ဝဲကတော့ထက် ပိုမိုအစွမ်းထက်သည့် အော်ရာတစ်ခုကို ဖြည်းဖြည်းချင်း ပေးစွမ်းနေသည်။
“လက်ဝါးတစ်ဝါးရဲ့ စွမ်းအားလား…” ခုချိန်၌ ခုနစ်ရောင်စုံနယ်မြေသည် လက်ဝါးတစ်ခု ဖြစ်နေပေပြီ။ ၎င်းမှာ အစောပိုင်းက ရှေးဟောင်းအသံ ဖော်ညွှန်းခဲ့သည့် လက်ဝါးပင်။
သည်အခိုက်အတန့်၌ ဝမ်လင်း၊အရှင်တိမ်စိတ်ဝိညာဉ်၊ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုတို့သည် ခုနစ်ရောင်စုံနယ်မြေလက်ဝါးအတွင်း၌သာ ရှိနေကြသေး၏။
မောပန်းဟန်ရသည့် ရှေးဟောင်းစကားလုံးများက ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ထိုစကားလုံးများ၏ အဓိပ္ပာယ်မှာ ထင်ရှားလွန်းသည်။ လက်ဝါးထဲကနေ လွတ်မြောက်သည်နှင့် သူတို့ အသက်ရှင်ပေမည်။
ဤအခိုက်အတန့်၌ ခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်သည့် လက်ဝါးက တဖြည်းဖြည်း နီးကပ်လာ၏။ ထည်ဝါခမ်းနားသည့်အော်ရာတစ်ခု ပျံ့နှံ့ကာ လက်ချောင်းများ နီးကပ်လာနေလျက် တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ရှိမနေတော့ပေ။ သူ့ခန္ဓာကိုယ်၌ တိုက်ပွဲဆာလောင်စိတ်နှင့် ပြည့်နှက်ကာ သွေးများ ဆူပွက်လာ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးက မြန်ဆန်စွာ လှည့်လည်လျက် သူ့နယ်ပယ်ဥပဒေသဖြင့် ပြုလုပ်ထားသည့် ကြယ်ကတော့ ဗဟိုချက်တွင် ရှိ၏။ ထိုအခါ သူသည် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
“တိုက်ခိုက်ကြစို့…” ဝမ်လင်းက သုံးမြှောင့်ခရင်းခွကို ဆွဲကိုင်ကာ သူ့ဘေးတစ်ဖက်သို့ ဝေ့ယမ်း လွှဲရိုက်၏။ သူသည် တိုက်ပွဲကောင်းကင်ဘုံသားကဲ့သို့ ဖြစ်နေပြီး အောက်သို့ တရကြမ်း တိုးဝင်လာသည်။
***