← Chapters

လက်ချောင်းများကို ဖျက်စီးခြင်း

Vol. 93 Ch. 1277

လက်ချောင်းများကို ဖျက်စီးခြင်း

Vol. 93 Ch. 1277

ရှေ့ဆက်တိုးလာစဉ် ဝမ်လင်း ဖန်သဲချိုက်ထံမှ ရရှိခဲ့သော ကွင်းက တောက်ပလာပြီး အလင်းတန်းများ သူ့ကို ဝန်းရံသည်။ ထိုအလင်းသည် မြန်ဆန်စွာ လှည့်ပတ်ပြီး ဝမ်လင်းပတ်လည်တွင် မုန်တိုင်းတစ်ခု ဖြစ်လာစေသည်။ ဝမ်လင်းက ခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်သည့် ဧရာမလက်ဝါးကြီးထံ တိုးဝင်လာနေ၏။

အရှင်တိမ်စိတ်ဝိညာဉ်သည် ချီတုံချတုံ ဖြစ်နေသေး၏။ သို့သော် သူက အံတင်းတင်းကြိတ်ကာ ဝမ်လင်းနောက်ကနေ လိုက်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည်လည်း ဒဏ်ရာအပြင်းအထန် ရထားခဲ့ပေပြီ။ သူမသည် စဉ်းစားမနေတော့ဘဲ သည်လက်ဝါးချက်ကို ရှောင်နိုင်ရန် ပျံသန်းထွက်၏။

ခုနစ်ရောင်စုံနယ်မြေကြောင့် ဖြစ်ပေါ်သည့် ဤလက်ဝါးမှာ တုန်ဟည်း၍ လက်ငါးချောင်းသည် နီးကပ်လာသည်။ ၎င်းက ဝမ်လင်းကို အပြီးသပ်ခြေမွပစ်ချင်သည့်ပုံပင်။

အနှီမြင်ကွင်းကား လောကကို တုန်လှုပ်စေ၏။ တောင်များကနေ ဖြစ်ပေါ်လာသည့် လက်ငါးချောင်းသည် အရပ်ငါးမျက်နှာကနေ ဖိချလာ၏။ ကောင်းကင်မှာလည်း ၎င်းတောင်များ(ဝါ)လက်ချောင်းများ၏ စိုးမိုးခြင်း ခံရသည်။

အမြန်ဆုံးကက လက်ဝါး၏ လက်သန်းပင်။ ၎င်းလက်သန်း နီးကပ်လာခြင်း မရှိသေးခင်မှာပင် လေပြင်းများက အရင်ရောက်နှင့်လာသည်။ ထိုလေများက အစွမ်းထက်လှ၏။

သည်လေပြင်းကြောင့် ဒဏ်ရာရထားသော အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် သေလောက်အောင် ဖြူရောသွားသည်။ သို့ရာတွင် သူမသည် သည်လက်ဝါးလက်ကနေ လွတ်မြောက်ရန် ပိုမြင့်မြင့်ရောက်အောင် ရုန်းကန် ပျံသန်းသည်။

သူမက ထိုအံ့မခန်းလက်ဝါး၏ ပစ်မှတ်က ဝမ်လင်းမှန်း သိ၏။ ဝမ်လင်း သေသွားသည်နှင့် ယင်းလက်ဝါးမှာ ပြန်တည်ငြိမ်သွားလောက်ပေသည်။ ခုချိန်၌ သူမသည် ဤခုနစ်ရောင်စုံနယ်မြေကနေ ထွက်ခွာရန် အကြောင်းကို တွေးပင် မတွေးဝံ့ပေ။ သူမ၏စိတ်ထဲ၌ ရှိနေသည်က အသက်ရှင်ဖို့ တစ်ခုတည်းသာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူမ ရှင်သန်နိုင်ရမည်။

“လုဆိုတဲ့လူ(ဝမ်လင်း) သေသွားတဲ့ထိ ငါ တောင့်ခံနိုင်ခဲ့ရင် ငါ အသက်ရှင်နိုင်ပြီ…”

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏ ဝတ်ရုံက သွေးစွန်းနေ၏။ သူမသည် လေထဲ၌ ရုန်းကန်ကာ အမြင့်ပိုရောက်ရန် ပျံသန်းလေ၏။

ဝမ်လင်းက လက်သန်း နီးကပ်လာသည်ကို တွေ့မြင်ရသည့်အခါ သူ့မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒတို့ ပြည့်နှက်၏။ သည်လက်ချောင်းမှာ မနှိုင်းသာအောင် ကြီးမားလွန်း၍ ကောင်းကင်တစ်ဝက်နီးပါးကို ဖုံးအုပ်ထားသည်။ သည်အခိုက်အတန့်၌ ၎င်းသည် ဝမ်လင်းထံ ကွေးညွတ်ကျလာသည်။

“ဒီလူဟာ အုပ်စိုးသူလားလို့ ငါ သိချင်မိတယ်။ သူဟာ ငါ့ကို ထွက်ပြေးစေချင်တာ၊ ဒါပေမဲ့ ဘာကြောင့် ငါ ထွက်ပြေးရမလဲ။ ငါ တိုက်ခိုက်မယ်…” ဝမ်လင်းသည် ရယ်မောပစ်၏။ ဥပဒေသဖြင့် ပြုလုပ်ထားသည့် ကြယ်က လှည့်ပတ်ကာ သူ့ဘယ်လက်ကို ကောင်းကင်ထက်သို့ ညွှန်သည်။

အနက်ရောင်လေများ ကောင်းကင်ထက်တွင် ရုတ်တရက် ပြည့်နှက်လာသည်။ ထိုအနက်ရောင်လေများက သိပ်သည်းလှ၏။ ၎င်းလေများအတွင်း၌ နဂါးခြောက်ကောင်သည် ဟိန်းသံပေးလျက် လက်သန်းထံ ချက်ခြင်း တိုးဝင်သွားကြသည်။

နဂါးနက်ခြောက်ကောင် ပေါ်လာချိန်၌ ထိုအနက်ရောင်လေများအတွင်းတွင် ခုနစ်ခုမြောက်နဂါးနက်တစ်ကောင် ပေါ်လာသည်။ မူလတုန်းက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကြောင့် နဂါးခြောက်ကောင်သည် သူ့အကန့်အသတ် ဖြစ်ခဲ့သည်။သို့သော် ဥပဒေသကြယ်နှင့်အတူ သူသည် ထိုအကန့်အသတ်ကို ချိုးဖျက်နိုင်စွမ်း ရှိသွားပြီး ခုနစ်ကောင်မြောက်နဂါးကို ဆင့်ခေါ်နိုင်လာသည်။

ခုနစ်ကောင်မြောက်နဂါးနက်က အေးစက်စက်စွမ်းအင်ကို သယ်ဆောင်လျက် လက်သန်းဆီ တိုးဝင်သည်။ လက်သန်းက မိုးထိမြင့်မားသည့်တောင်ဟု ဆိုပါက သည်နဂါးနက်ခုနစ်ကောင်က ယင်းတောင်ကို ခြေမွပစ်မည့် ကောင်းကင်ဘုံနဂါးများအလား။ ၎င်းတို့သည် တောင်မပြိုမပျက်ခြင်း လက်လျော့လိမ့်မည် မဟုတ်ချေ။

လောကတွင် တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ပြင်းထန်သောဖိအားက အရူးအမူး ပြန့်ကြဲလေ၏။ ဝမ်လင်းသည် ထိုတုန်ခါလှိုင်းကြောင့် နောက်မဆုတ်သည့်အပြင် သူက ပိုတိုးဝင်ကာ ကောင်းကင်ထက်သို့ လက်ညွှန်သည်။

နဂါးများက ယင်းလက်သန်း(ဝါ)တောင်ကို ဆက်တိုက် တိုက်ခိုက်ဖျက်စီးနေလျက် တစ်ကောင်ပြီးတစ်ကောင် ပျက်စီးကာ အေးစက်စက်စွမ်းအင်တစ်ခု ပေါ်လာသည်။ ယင်းစွမ်းအင်ထဲ၌ ကျောစိမ့်စေမည့်ခံစားချက် ပါဝင်ပြီး ဖျပ်ခနဲဖြင့် မရေမတွက်နိုင်သောအလင်းများ တလက်လက် ပေါ်လာသည်။ ထို့နောက် မိုးစက်များ ချက်ခြင်း ဖွဲ့တည်သည်။

မိုးစက်များ ပေါ်လာချိန်၌ အတောမသပ်မူလစွမ်းအင်များ သိပ်သည်းလာကာ လေပြင်းကို မွှေနှောက်၍ မိုးစက်များနှင့် ပေါင်းစပ်သည်။ အဆုံးစွန်အော်ရာတစ်ခု ဤဧရိယာတွင် ရုတ်တရက် လွှမ်းခြုံလာသည်။

ဝမ်လင်းက သူ့ဘယ်လက်ကို ဝေ့ယမ်းချိန်၌ သည်မိုးစက်များမှာ ဓားများကဲ့သို့ အောက်ဘက်ရှိ လက်ဝါးထံ ဦးတည်ကြသည်။ အက်သံများ မြည်၏။ လက်ဝါးမျက်နှာပြင်ထက်တွင် အဖြူရောင်မြူခိုးများ ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ရေခဲ ဖြစ်ပေါ်သည်။

အထူးသဖြင့် လက်သန်းမှာ မိုးစက်အများစု၏ ထိမှန်ခြင်း ခံရသည်။ နှင်းမြူများသည် ၎င်းလက်သန်းပေါ်တွင် ရိုက်ခတ်ကာ တစ်လက်မချင်း ထွေးခြုံသည်။ ရေခဲသည် ထိုမျှနှင့် မရပ်တန့်သေးပေ။ ချက်ခြင်း ဖွင့်ဟ ပေါက်ကွဲ၏။ ထိုသို့ဖြစ်ရခြင်းမှာ လက်ဝါး၏စွမ်းအားကြောင့် မဟုတ်ပေ။ မိုးဆင့်ခေါ်ခြင်းမန္တာန်၏စွမ်းအားကြောင့်သာ ဖြစ်သည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့် မတိုးတက်လာခင်က ဤကဲ့သို့ ပြောင်းလဲမှုမျိုး မပေါ်ပေါက်ခဲ့ဖူးပေ။ သို့ရာတွင် သူ့ကျင့်ကြံမှုအဆင့်တိုးတက်လာပြီးနောက် တိုက်ပွဲနယ်ပယ်၏ လှုံ့ဆော်မှုနှင့်အတူ မိုးဆင့်ခေါ်ခြင်းမန္တာန်တွင် သည်လိုမျိုးပြောင်းလဲမှု ဖြစ်ပွားခဲ့တော့သည်။

မိုးသည် ရေခဲဖြစ်ပြီးနောက် ပျက်စီး၏။ ရေခဲ၏ပျက်စီးစွမ်းအား ပျက်စီးဖို့ကိုသာ ပစ်မှတ်ထားပြီး ပိုအစွမ်းထက်သည့် တိုက်ခိုက်မှုကို ဖန်တီးရန်ပင်။

ရေခဲပျက်စီးသံများက ဤခုနစ်ရောင်စုံနယ်မြေတွင် ပဲ့တင်ထပ်သည်။ လက်ငါးချောင်းနှင့်လက်ဝါးမှာ လှုပ်ခါ၏။ သို့သော် ၎င်းက တစ်စက်လေးပင် မရပ်တန့်ပေ။ ချက်ခြင်းပင် အောက်သို့ ခြေမွဖျက်စီးရန် သက်ဆင်းလာ၏။

နဂါးနက်များ သို့မဟုတ် ရေခဲပျက်စီးမှုတို့က မည်မျှပင် တိုက်ခိုက်လာပါစေ လက်သည်းသည်ပင် အနည်းငယ်သာ တုန်ခါသွားလေ၏။

ဝမ်လင်း၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ ရေခဲပျက်စီးမှုကို အသုံးချပြီးနောက် သူသည် မရပ်တန့်ပေ။ သူက သူ့ဘယ်လက်ကို ဝေ့ယမ်းကာ သူ့ပါးစပ်ကို ဖွင့်ဟ၏။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ပျံသန်းထွက်လာကာ တိုက်ပွဲစိတ်ဝိညာဉ်များစွာ ပေါ်လာ၏။ သို့သော် ၎င်းတို့ကြား၌ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ် မပါဝင်ပေ။ ကျန်သည့်တိုက်ပွဲစိတ်ဝိညာဉ်အားလုံးကတော့ အရှင်လေဟာနယ်စိတ်ဝိညာဉ် နောက်ကနေ ငြီးငြူသံများပေးလျက် လက်သန်းထံ ဦးတည်ဝင်ရောက်ကြသည်။

ဝမ်လင်းက ဤဆန်းကြယ်လက်နက်မန္တာန်ကို အသုံးပြုပြီးနောက် သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်ကာ မြေပြင်ထက်သို့ ညွှန်၍ အော်ပြောလိုက်လေ၏။

“တောင်ခြေမွခြင်း…”

မြေပြင်သည် တုန်ဟီးတုန်ခါ၍ ဝမ်လင်းရှေ့တွင် ထည်ဝါသည့်မီးတောင်ငါးခု ပေါ်လာ၏။ ယင်းမီးတောင်များထဲရှိ မီးများကား ဒေါသူပုန်ထနေ၏။ ၎င်းတောင်များက ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း တောင်များသည် ဆက်တိုက်ဆိုသလို ခြေမွလာသည်။

ထို့အပြင် ဤအခိုက်၌ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူထံမှ သူ စုပ်ယူခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင်များတည်း။ သတ်ဖြတ်ခြင်းစွမ်းအင်များက အနီရောင်ဓားတစ်လက်အဖြစ် သိပ်သည်းကာ သူ့အခြားမန္တာန်များနှင့်အတူ တိုးဝင်လာသည့် လက်သန်းထံ ထိုးထွက်သွားတော့သည်။

ထိုအရာများက လျှပ်တပြတ်အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။ ၎င်းတိုက်ခိုက်မှုများက လက်ငါးချောင်း နီးကပ်လာချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်၏။

အခုချိန်တွင် အနက်ရောင်လေများ ကောင်းကင်ထက်တွင် ပြည့်နှက်လျက်၊ နဂါးနက်များ ဟိန်းသံပေးလျက်၊ မိုးသည် နေရာအနှံ့၊ ရေခဲသည် ပျက်စီး၍၊ တိုက်ပွဲစိတ်ဝိညာဉ်များက ဟိန်းသံများ ပေးလို့၊ တောင်ခြေမွခြင်းမန္တာန်ကြောင့် ပုံရိပ်ယောင်တောင်များက ကြောက်မက်ဖွယ်အားတစ်ခုကို ဖြစ်ပေါ်စေကာ သတ်ဖြတ်ခြင်းစွမ်းအင်များမှာလည်း လေထဲတွင် ရှိနေလေသည်။

ဤအရာများအားလုံးမှာ အဆုံးစွန်အစွမ်းထက်မန္တာန်တစ်ခု ဖြစ်ကာ လက်သန်းထံ တဟုန်ထိုး တိုးဝင်လေသည်။

မီးတောင်ငါးခုသည် လက်သည်းအပေါ် ဆင့်ကာဆင့်ကာ ထပ်၏။ မြေကမ္ဘာတုန်ဟည်းသံ မြည်ဟီးလေ၏။ နဂါးနက်ခုနစ်ကောင်ကလည်း လက်သန်းနှင့် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသည်။ မိုးသည် ရေခဲအသွင် ဆက်တိုက် ဖွဲ့တည်ကာ ဆက်တိုက် ပျက်စီးပစ်နေသည်။

တိုက်ပွဲစိတ်ဝိညာဉ်များလည်း နီးကပ်လာကာ ရုတ်တရက် ပေါက်ကွဲ၍ ပြင်းထန်သောဖိသိပ်အားကို ဖန်တီးသည်။ သတ်ဖြတ်ခြင်းစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် ဓားကလည်း ထိုလက်သန်းပေါ်သို့ ထိုးစိုက်ကာ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများအဖြစ်သို့ ကွဲထွက်သည်။ ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအင်များစွာသည် လက်သန်းအတွင်း တရကြမ်း တိုးဝင်သည်။

မြေကမ္ဘာထု တုန်ခါမှုသည် အရှင်တိမ်စိတ်ဝိညာဉ်ကို သွေးအန်သွားစေဖို့၊ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ မူလစိတ်ဝိညာဉ် ပျက်စီးလုနီး ဖြစ်သွားစေဖို့ လုံလောက်ပေ၏။ သည် ကောင်းကင်တုန်လှုပ်ဖွယ် တုန်ဟည်းသံက ဤနယ်မြေတစ်ခွင် ပဲ့တင်ထပ်သည်။

တောင်ကနေ ဖြစ်ပေါ်သည့် လက်သန်းသည်လည်း ရုတ်တရက် ပျက်စီးသွားရသည်။

အက်ကွဲသံများ ပဲ့တင်ထပ်နေလျက် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာကာ လက်သန်းအပေါ်ပိုင်းသည် ပေါက်ကွဲထွက်ပြီး အဘက်ဘက်သို့ ပြန့်ကြဲသည့် မုန်တိုင်းတစ်ခုကို ဖန်တီးသည်။

ဝမ်လင်း၏မျက်နှာသည် ဖြူရောသွားကာ သူ သွေးအန်လိုက်ရသည်။ သူ့ကို ကာကွယ်ပေးထားသည့် အလင်းမှာ တစစီ ဖြစ်၍ ဖန်သဲချိုက်၏ကွင်းမှာလည်း ပျက်စီးသွားလေသည်။ ဝမ်လင်းသည် နောက်သို့ ချက်ခြင်း လွင့်ထွက်သွား၏။

အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်းနောက်တွင် ရှိနေသူပင်။ ဝမ်လင်းရှေ့မှာ ကာနေ၍ သူ ခံစားရသည့်ဖိအားက များစွာ လျော့နည်းပေသည်။ သို့သော်လည်း သူ့မူလစိတ်ဝိညာဉ်သည် တုန်လှုပ်၍ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများ ပေါက်ကွဲထွက်၏။ သူ့အရိုးများလည်း ကျိုးကြေသွားလေသည်။ သူသည် သွေးအလိမ်းလိမ်း ဖြစ်သွား၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကတော့ အတော်လှမ်းလှမ်းတွင် ရှိနေသည်။ ထို့ကြောင့် သူမသည် တုန်ခါလှိုင်းကို အများကြီး မခံစားလိုက်ရပေ။ သူမသည် ဆက်လက်ပျံသန်းနေလျက် ရှိရာ ကံကောင်း၍ လွတ်မြောက်သွားခဲ့သည်။ သို့သော် ဤတုန်ခါလှိုင်းက သူမ၏ခန္ဓာကိုယ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေဆဲပင်။

သူမသည် မူလတုန်းက သည်ကပ်ဘေးကနေ ကံကောင်း၍ လွတ်ပြီဟု ခံစားမိ၏။ သို့သော် သိပ်မကြာခင်တွင် သူမ၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားသည်။ သူမက နောက်ဆုတ်လို၏။ သို့သော် နောက်ကျလွန်းပေပြီ။ လက်ညှိုးက အံ့မခန်းအရှိန်နှုန်းဖြင့် ရွှေ့လျားလာကာ သူမကို ဝင်တိုက်သွားသည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏ ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်သွားလေ၏။ သူမ၏မူလစိတ်ဝိညာဉ်မှာ လွတ်မြောက်ရန် ရုန်းကန်သည်။ သို့သော် ဝမ်လင်းက နောက်ဆုတ်လာလျက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူမ၏မူလစိတ်ဝိညာဉ်ကို ဖမ်းယူလိုက်သည်။

ခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်သည့် လက်ဝါးမှာ လက်ငါးချောင်းရှိသော်လည်း ခုချိန်တွင်မူ လက်ချောင်းတစ်ချောင်းသည် တစ်ဝက်ပျောက်ကွယ်သွားခဲ့ပေပြီ။ သို့သော်ငြားလည်း တစ်ဝက်ပျောက်ကွယ်သွားသော လက်သန်းက လွင့်ပျောက်ကွယ်ခြင်း မရှိဘဲ လောကရှိမူလစွမ်းအင်များကို အရူးအမူး စုပ်ယူပြီး မြန်ဆန်စွာ ပြန်ဖွဲ့စည်းနေသည်။

သည်လက်ချောင်းတစ်ဝက် ပြန်ဖွဲ့စည်းသွားသည်နှင့် ဝမ်လင်း၏ အားစိုက်ထုတ်ရမှုများမှာ အဟောသိကံ ဖြစ်သွားပေလိမ့်မည်။ သည်လိုသေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒနှင့်ရူးသွပ်မှုတို့ ပြည့်လာသည်။ သူသည် အဘွားအိုကို ဝေ့တိုက်သွားသည့် လက်ညှိုးထံ ဦးတည်ဝင်ရောက်၏။

အခြားလက်ချောင်းသုံးခုကလည်း နီးကပ်လာနေ၍ သူသည် အမြန်လုပ်ဖို့ လို၏။ သူက ထိုလက်ချောင်းများသာ တစ်ပြိုင်နက်တည်း အနားရောက်လာပြီး လက်ဝါးသည် လက်သီးအသွင် ဖြစ်ပေါ်ခဲ့လျှင် သူ့အတွက် ရှင်သန်နိုင်ဖို့ အခွင့်အရေးမရှိဟု စိတ်ကူးကြည့်၍ ရသည်။

သူက သူ့ဘဝတွင် မရေမတွက်နိုင်သော သေရေးရှင်ရေးများကို တွေ့ကြုံခဲ့ဖူး၏။ သို့သော် ယခုသေရေးရှင်ရေးကို ဖြစ်စေခဲ့သည့် ပုဂ္ဂိုလ်ကတော့ သူ ရင်ဆိုင်ခဲ့ဖူးသမျှတွင် အသန်မာဆုံးလူပင်။

လက်ညှိုးနီးကပ်လာချိန်၌ ဝမ်လင်း၏ဘယ်လက်သည် လေဟာနယ်ထဲသို့ ဆန့်ထွက်၏။ ထိုအခါ အရှင်ဟွေစုန်၏ အတုအပနိဗ္ဗာနလေဟာနယ်ရတနာ သလင်းဓား ပေါ်လာသည်။

ထိုသလင်းဓားမှာ ချက်ခြင်းပင် ကောင်းကင်တုန်လှုပ်ဖွယ် ဓားတေးသံနှင့်အတူ ကြောက်မက်ဖွယ်ဓားစွမ်းအင်ကို ထုတ်လွှတ်လာသည်။ ၎င်းသည် ဓားစွမ်းအင်များ ခြုံလွှမ်းလျက် လက်ညှိုးထံ တိုးဝင်သည်။

အတုအပနိဗ္ဗာနလေဟာနယ်ရတနာများသည် ချိပ်ပိတ်နယ်မြေတွင် အလွန်တရာ ရှား၏။ သည်ရတနာများကား မြင့်မားသည့်စွမ်းအား ပိုင်ဆိုင်ကြသည် မဟုတ်လား။ ထိုဓားက ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်ပစ်မည့် စွမ်းအားနှင့်အတူ တိုးဝင်သွားကာ လက်ညှိုးနှင့်ချက်ခြင်း ထိပ်တိုက်တွေ့သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုတုန်ဟည်းသံများရှေ့တွင် ဝမ်လင်း၏မာန်သွင်းသံက ကွယ်ပျောက်နေသလား ထင်ရ၏။ သို့သော် သူ့အသံက သလင်းဓားကို ပိုမိုအစွမ်းထက်သော တိုက်ခိုက်မှုကို ထုတ်လွှတ်စေသည်။

“ဓား…ပျက်စီးခြင်း…”

ဝမ်လင်းက ထိုကဲ့သို့ ပြောလိုက်ချိန်တွင် သလင်းဓားသည် ရုတ်တရက် ပျက်စီးကာ အံ့မခန်းတုန်ခါလှိုင်းကို ဖြစ်စေလျက် လက်ညှိုးကို တန့်သွားစေသည်။

ဝမ်လင်းအဖို့ သည်ဓားပျက်စီးသွားရခြင်းကို နှမြောနာကျင်နေရန် အချိန်မရှိပေ။ သူ့ဘယ်လက်ဖြင့် သူ့သိုလှောင်နေရာလွတ်အပြင်ဘက်ကို ဝေ့ယမ်းရာ ရတနာတစ်ခု ပျံသန်းထွက်လာသည်။ ၎င်းရတနာကလည်း အတုအပနိဗ္ဗနလေဟာနယ်အော်ရာကို တူညီစွာ ပေးစွမ်း၏။

အရှင်ဟွေစုန်၏ သိုလှောင်နေရာလွတ်ထဲ၌ အတုအပနိဗ္ဗာနလေဟာနယ်ရတနာ နောက်ထပ်တစ်ခု ရှိနေခြင်းပင်။ ၎င်းမှာ အပြာရောင်တိုက်ပွဲပုဆိန် ဖြစ်၏။ ထိုပုဆိန်က အမည်မသိနည်းလမ်းအချို့ဖြင့်ပင် သန့်စင်မွန်းမံထား၍ ယင်းပေါ်တွင် ချိပ်တံဆိပ်များစွာ ရှိနေသည်။

***

All Chapters