သင်က အုပ်စိုးသူလား…
Vol. 93 Ch. 1278
Chapter Detail
အပိုင်း(၁၂၇၈)
သင်က အုပ်စိုးသူလား…
ခုချိန်၌ ဝမ်လင်းက ၎င်းကို ထုတ်ယူလိုက်ပေပြီ။ ယင်းပုဆိန်က သွေးရောင်ဖုံးလျက် ရှိပြီး အစိမ်းရောင်အလင်းတန်းအဖြစ် လက်ညှိုးထံ တိုးဝင်လာသည်။ လက်ညှိုးက လက်သန်းထက် ပို၍ အစွမ်းထက်၏။ သလင်းဓားပျက်စီးမှုက ၎င်းနှင့် ထိပ်တိုက်တွေ့ခိုက်တွင် ကောင်းကင်ထက်၌ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခုကို ဖန်တီးသည်။
သို့ရာတွင် ၎င်းသလင်းဓားက လက်ချောင်းကို တဒင်္ဂသာ တန့်သွားစေပြီး အက်ကွဲမသွားစေပါ။
သို့သော်လည်း ယင်းလက်ညှိုး ရပ်တန့်သွားခိုက် အစိမ်းရောင်အလင်းက နီးကပ်လာပြီး ပုဆိန်ရိုက်ချက်မှာ ၎င်းပေါ်သို့ ကျရောက်သွားသည်။ ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ တိုက်ပွဲပုဆိန်က အဖျက်အစီးအော်ရာကို ထုတ်လွှတ်၏။ ပုဆိန်ပေါ်ရှိ ချိပ်တံဆိပ်များအားလုံးက ပြေလျော့ကာ ၎င်း၏အဖျက်အစီးအော်ရာသည် တဟုန်ထိုး မြင့်တက်လာသည်။
တုန်ဟည်းသံများ လောကတွင် တဖန် ပဲ့တင်ထပ်လာပြန်၏။ သည်တိုက်ပွဲအတွင်း ဝမ်လင်းက သူ့အစွမ်းအစအားလုံးနီးပါးနှင့် အတုအပနိဗ္ဗာနလေဟာနယ်ရတနာနှစ်ခုကိုပါ အသုံးပြုခဲ့ပြီး ဖြစ်သည်။ မြည်ဟည်းသံများက ပိုကျယ်လောင်လာကာ ဖိသိပ်အားသည် လက်သန်းပျက်စီးခဲ့ချိန်ကထက် ပို၍ပင် ပြင်းထန်တော့၏။
အရှင်တိမ်စိတ်ဝိညာဉ်၏ခန္ဓာကိုယ်က ဆက်တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွား၏။ သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာပြီး ထိတ်လန့်၊ရှုပ်ထွေး၊ပြာယာခတ်ဟန် ပေါ်၏။
ဖိသိပ်အား၏ ဗဟိုချက်ရှိ လက်ညှိုးကမူ ပျက်စီးသွားခြင်း မရှိသေးပေ။ သို့သော် ၎င်းပေါ်၌ မရေမတွက်နိုင်သောအက်ကြောင်းများ ပေါ်လာပြီး ယင်းလက်ညှိုးက ဝမ်လင်းထံ ဖိချလာသည်။
ဤအခိုက်အတန့်၌ ကောင်းကင်မှာ ဤလက်ညှိုး၏ အစားထိုးခြင်း ခံလိုက်ရသည့်အလား။ လက်ညှိုးနီးကပ်လာသည်ကို တွေ့မြင်သည့်အခါ ဝမ်လင်းက မာန်သွင်း၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုအားကောင်းလာသည်။ တစ်ချက်လင်းလက်ကာ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုတစ်ခု ပေါ်လာ၏။
ဤရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုသည် သူ ပိုင်ဆိုင်သည့် ရှေးဟောင်းနတ်ဘုရားရတနာနှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ ၎င်းမှာ ထူစီကိုယ်တိုင် သန့်စင်မွန်းမံထားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းအတွက်မူ ခုချိန်ထိ သူသည် ၎င်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ နက်နဲသောအရာတစ်ခု ဖြစ်နေဆဲပင်။
သို့သော်ငြားလည်း ယခုလိုသေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်းက ၎င်းကို ထုတ်သုံးလာရပေပြီ။
“ငါသာ သေသွားခဲ့ရင် ရတနာတစ်ခုက ဘာ အသုံးဝင်တော့မှာ မလို့လဲ…။ ငါ ဒီလက်ညှိုးကို မဖျက်စီးပစ်နိုင်ဘူးဆိုတာ မယုံဘူး…” ဝမ်လင်းက မာန်သွင်းလေ၏။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက သူ့ပတ်လည်တွင် ဝန်းရံသွားပြီး လက်ညှိုးနှင့် ထိပ်တိုက်တွေ့လေပြီ။
ကျယ်လောင်စွာ ပေါက်ကွဲ၏။ ဝမ်လင်းသည် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးနှင့် သူ့ကို ရိုက်ချခြင်း ခံရသည့်အလား ခံစားလိုက်ရသည်။ သူ သွေးအန်သွား၏။သူ့မျက်နှာ ဖြူရောသွား၏။ သူ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပေပြီ။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက ပြင်းထန်စွာ တုန်ခါလျက် ဝမ်လင်း၏ခန္ဓာကိုယ်နှင့်အတူ မြေပြင်တစ်လျှောက် တရွတ်တိုက် နောက်ဆုတ်သွားလေသည်။
“ငါ့အတွက် ပျက်စီးလိုက်စမ်း…” ဝမ်လင်းက ရုတ်တရက် ရပ်၏။ ထိုစဉ်မှာပင် ကောင်းကင်ကို ကျန်သည့်လက်ချောင်းသုံးခုကို အစားထိုးနေရာယူကာ အရူးအမူး ဆင်းသက်လာကြသည်။
ဝမ်လင်း၏အမူအရာက ကြမ်းကြုတ်၏။ ရူးသွပ်ဟန် ပြည့်၏။ ကောင်းကင်ဘုံကိုဆန့်ကျင်ပစ်မည့် သူ့စိတ်ဆန္ဒ ထွက်ပေါ်၏။ သူသည် အန္တရာယ်ရောပြွမ်းသည့် ဘဝတွင် ရှင်သန်နေထိုင်ခဲ့သူဖြစ်၍ ပို၍ အန္တရာယ်များလေလေ သူက ပို၍ အလျော့မပေးချင်လေပင်။
ရှင်သန်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ သူသည် သူရဲကောင်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက ပျက်စီးစမ်း ဟု ဆိုသည့်အခါ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုက မိုးကြိုးတုန်ဟည်းသံကို ထုတ်လွှတ်လေ၏။ ၎င်းက လှည့်ပတ်လျက် ကောင်းကင်တုန်လှုပ်ဖွယ်အော်ရာတစ်ခု ထိုးထွက်လာပြီး မုန်တိုင်းတစ်ခု ဖြစ်တည်သည်။ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုမှာ မုန်တိုင်းအတွင်း ပျက်စီးသွားကာ ယင်းမုန်တိုင်းက လက်ညှိုးထံ တိုးဝင်သွားသည်။
တုန်ဟည်းသံများက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကိုပင် တုန်ခါစေ၏။ သူ့စိတ်သည်ပင် ပျက်စီးမှုအချို့ ရှိလာသည်။ ခွန်အားပြည့်လက်ညှိုးကတော့ ရုတ်တရက် ပျက်စီးသွားလေ၏။
၎င်းမှာ လက်သန်းကဲ့သို့ တစ်ဝက်တစ်ပျက်သာ ပျက်စီးသွားခြင်း မဟုတ်၊ လုံးဝအစအနအဖြစ်သို့ ပျက်စီးသွားတာ ဖြစ်၏။ ဝမ်လင်း၏စိတ်လည်း အားနည်းသွားခဲ့သည်။ သို့သော် သူ့တိုက်ပွဲဆန္ဒက ပို၍ ပြင်းထန်လာ၏။ သူသည် ပျက်စီးမှုကြောင့် နောက်လွင့်စင်သွားရပြီး သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်သည်။ သူက ဤပျက်စီးမှုအလယ်ရှိ သေလုမြောပါးဖြစ်နေသော အရှင်တိမ်စိတ်ဝိညာဉ်၏မူလစိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။
ဤအခိုက်အတန့်၌ သူသည် ခုနစ်ရောင်စုံနယ်မြေထဲ၌ တစ်ဦးတည်းသောသက်ရှိ ဖြစ်လာခဲ့သည်။
ပြင်ပနယ်မြေကနေ စေလွှတ်ခဲ့သည့် မန္တာန်ကြောင့် ခုနစ်ရောင်စုံနယ်မြေသည် လက်ဝါးအဖြစ် ပြောင်းလဲသွားခဲ့ကာ ယင်းလက်ဝါးမှ လက်နှစ်ချောင်းသည် ချိုးဖျက်ခြင်း ခံလိုက်ရပေပြီ။ သို့သော်လည်း တစစီဖြစ်သွားသော လက်ညှိုးသည်ပင် မူလစွမ်းအင်များကို အရူးအမူး စုပ်ယူ၍ မြန်ဆန်သောနှုန်းဖြင့် ပြန်ကောင်းမွန်လာနေ၏။
ဝမ်လင်းအဖို့ တွေးနေရန် အချိန်မရှိပေ။ သူက သည်ခုနစ်ရောင်စုံနယ်မြေကနေ ထွက်သွားလိုပါက သူ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရပေမည်။
ကျန်သည့်လက်ချောင်းသုံးချောင်းက ဆက်လက် နီးကပ်လာနေ၏။ သူ့နားထဲတွင် မိုးကြိုးပစ်သံအလား တုန်ဟိန်းနေ၏။ ထိုလက်ချောင်းများက ဝမ်လင်းထံ ကွေးညွတ်လာကြသည်။
ဝမ်လင်းသည် စိတ်လေးလံစွာ အသက်ရှုမိသည်။ သူက သူ့မန္တာန်များနှင့်ရတနာများအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူ့တာအိုကြောင့် ဖြစ်ပေါ်လာသည့် ကြယ်က မြန်ဆန်စွာ လှည့်ပတ်ကာ လက်သုံးချောင်းနီးကပ်လာနေစဉ် သူ့ထံ၌ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်လာသည်။ အသန်မာဆုံးလက်မက အနည်းငယ် ပိုနှေး၏။ သို့သော် လက်ခလယ်နှင့်လက်သူကြွယ်တို့က တစ်ပြိုင်နက်တည်းလိုလို ရောက်ရှိလာကြသည်။
ဝမ်လင်းသည် တစ်ပြိုနက်တည်း လက်နှစ်ချောင်းကို မရင်ဆိုင်နိုင်ပေ။
သူက မာန်သွင်းအော်ဟစ်ကာ လက်ထဲရှိ သုံးမြှောင့်ခရင်းခွကို ပစ်လွှတ်၏။ ၎င်းက လက်သူကြွယ်ထံ ပျံသန်းဝင်သွားသည်။ သုံးမြှောင့်ခရင်းခွက လက်သူကြွယ်ကို တဒင်္ဂ ပိတ်ဆို့ပေးထားစဉ် သူသည် လက်ခလယ်ထံ တိုးဝင်လေသည်။
သူ့ပုံရိပ်က ကြယ်ပျံတစ်စင်းအလား၊ သူ့မျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်က မြန်ဆန်စွာ လှည့်လည်၏။ အပြာရောင်မီးတောက်များ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ခြုံလွှမ်းလာသည်။ သူ့ဆံပင်အရင်းများတွင် ပိုများသောအပြာရောင်မီးတောက်များ ပေါ်လာသည်။ သိပ်မကြာခင်တွင် ယင်းမီးတောက်များက ဆံဖျားအထိ ပျံ့နှံ့၏။
ထိုမီးတောက်များ စတင် ကျွမ်းလောင်လာချိန်တွင် အဆုံးမဲ့မိုးကြိုးတန်းများဟာ မြွေများကဲ့သို့ ထိုးထွက်လာကြသည်။ မီးအတွင်း မိုးကြိုးက ရွှေ့လျား၏။ လက်ချောင်းများအတွင်း၌လည်း ၎င်းက ရွှေ့လျားကာ အက်ကွဲသံများကို ဖြစ်စေသည်။
ပိုပိုများပြားသောမိုးကြိုးများ ပေါ်လာကာ ဤလက်ဝါးကို လုံးဝ ခြုံလွှမ်းသည်။ ၎င်းက လှပသောမြင်ကွင်းတစ်ခုကို ဖန်တီးသည်။
ဤမြင်ကွင်းထဲ၌ ဧရာမလက်ဝါးကြီးက မိုးကြိုးပိုက်ကွန်ဖြင့် လွှမ်းခြုံထားသည့် အပြာရောင်မီးတောက်များကို ဆုပ်ကိုင်ထားပေသည်။ ဤအရာကား တွေ့မြင်ရသူတိုင်းအဖို့ မမေ့နိုင်မည့်မြင်ကွင်းမျိုးတည်း။
အပြာရောင်မီးတောက်များအတွင်းပ ဝမ်လင်းမျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်သည် ပြင်းပြင်းထန်ထန် လင်းလက်သည်။ သူ့ပတ်လည်ရှိမီးတောက်ပင်လယ်က လက်ခလယ်ထံ တိုးထွက်သွားသည်။ ၎င်းက မြန်လွန်း၏။ ချက်ခြင်းပင် လက်ခလယ်နှင့် ထိပ်တိုက်တွေ့သည်။
၎င်းတို့ ထိတိုက်သွားခိုက် ဝမ်လင်းပတ်လည်ရှိ အပြာရောင်မီးတောက်များက သူ့လက်ထဲသို့ အရူးအမူး စုစည်းလာပြီးနောက် လက်ခလယ်ထံ တဟုန်ထိုး ဝင်ရောက်လေ၏။
သေခြင်း၊ရှင်ခြင်းတိုက်ပွဲ စလေပြီ။
ထိုလက်ချောင်း ပျက်စီးသွားရင်သွား မဟုတ်ပါက ဝမ်လင်း သေရပေမည်။
နောက်ဆုတ်ဖို့ မရှိတော့ချေ။ သူက အစွမ်းကုန် အသုံးပြုလိုက်ပေပြီ။
အပြာရောင်မီးတောက်က လက်ခလယ်ထံ အရူးအမူး တိုးဝင်၏။ ဝမ်လင်း၏မျက်နှာမှာ ဖြူရောလျက် ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေသည်။ သူက ကိုယ်တိုင်ကိုယ်ကျ ယင်းလက်ခလယ်နှင့် ရင်ဆိုင်သည့်အခါ ၎င်းအတွင်းမှ စွမ်းအားကို ခံစားမိ၏။ ၎င်းစွမ်းအားသည် သူ့ခန္ဓာကိုယ်ကို တုန်ခါစေပြီး မြန်ဆန်စွာ နစ်ဝင်စေဖို့ရာ လုံလောက်နေသည်။
“ငါ ဒါကို လက်မခံနိုင်ဘူး…” ဝမ်လင်း၏ ဒေါသတကြီးအော်ဟစ်သံက ခုနစ်ရောင်စုံနယ်မြေအနှံ့ ပဲ့တင်ထပ်သည်။ သူက သည်လိုကံကြမ္မာမျိုး ကြုံရသည်ကို လက်မခံနိုင်ပေ။ သူက တာအိုသစ်သီးကို ခုမှ ဝါးမြိုပြီး သူ့ကျင့်ကြံမှုအဆင့် တဟုန်ထိုး မြင့်တက်ကာ နှစ်ထောင်သောင်းချီအချိန်ကုန်ပြီးမှ ရောက်နိုင်မည့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ရောက်ပြီးခါစ မဟုတ်လား။ သူက အခုလို ခုနစ်ရောင်စုံနယ်မြေကနေ ထွက်သွားရန် ကြံရုံရှိသေး သေခြင်းရှင်ခြင်းအန္တရာယ်ကို ရင်ဆိုင်ခဲ့ရပေသည်။
သူ ဤအရာကို လက်မခံပေ။
သူက မာန်သွင်းလျက် ကြောက်မက်ဖွယ်မိုးကြိုးများ အရူးအမူး စုဝေးလာပြီး အပြာရောင်မီးတောက်နှင့်အတူ လက်ခလယ်ထံ ဝင်ရောက်လာသည်။ ခုချိန်၌ မိုးကြိုးတုန်ဟည်းသံများက ပိုမို ပြင်းထန်လာ၍ ကောင်းကင်ထက်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ထိုအက်ကြောင်းများ ပေါ်လာသည်နှင့် ချဲ့ကားကုန်၏။
တုန်ဟည်းသံများက ကျယ်လောင်လှသော်လည်း ဝမ်လင်း၏ ဖိဆန်သည့်စကားလုံးများကိုမူ ဖုံးအုပ်သွားနိုင်ခြင်း မရှိပေ။
“ငါ ငါ့ကိုယ်ငါ ဒီလိုမျိုး သေသွားရမှာကို လက်မခံဘူး…” သူ့မျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်က ပိုမြန်ဆန်စွာ လှည့်လည်၏။ မီးနှင့်မိုးကြိုးကား လက်ခလယ်ကို ဒေါသူပုန်ထကာ ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေစဉ် ဝမ်လင်းချိပ်ပိတ်ထားသည့် စွမ်းအားက အင်နှင့်အားနှင့် ရုန်းကြွ ပေါက်ကွဲထွက်လာတော့သည်။
ထိုစွမ်းအားက အဆုံးစွန်မသန်မာပေ။ သို့သော် မီး၊မိုးကြိုးနှင့်တိုက်ပွဲနယ်ပယ်တို့ဖြင့် ပေါင်းစပ်ပြီးသည့်နောက်တွင်မူ ၎င်းက ဥပဒေသသစ်တစ်ခု ဖြစ်လာ၏။ ၎င်းက ဝမ်လင်းတစ်ယောက်သာ ပိုင်ဆိုင်သည့် ဥပဒေသ မည်၏။
ထိုဥပဒေသ ပေါက်ကွဲထွက်လာသည့်အခါ ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်လာ၏။ ထိုတွန့်ခေါက်ဧရိယာက ပို၍ ကြီးမားလာပြီး လက်ခလယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ဝမ်လင်းက ရူးသွပ်စွာ အော်ဟစ်၏။ သည်ဥပဒေသကနေ ဟင်းလင်းပြင်တွန့်ခေါက်မှု ပေါ်လာချိန်၌ သူ့ခန္ဓာကိုယ်သည် နစ်မြုပ်နေခြင်းကနေ ရပ်တန့်သွားတော့၏။
နစ်မြုပ်ခြင်း မရှိတော့ရုံသာမက ဝမ်လင်း၏သွေးကြောများသည်ပင် ဖောင်းကြွလာလျက် သူသည် လက်ခလယ်ကနေ မြောက်တက်၍ ကောင်းကင်ထက်သို့ ထိုးထွက်လာသည်။
တွန့်ခေါက်လှိုင်းဂယက်များသည် ဤလက်ခလယ်ကို ဝန်းရံထား၏။ မီးနှင့်မိုးကြိုးတို့ဖြင့် ပေါင်းစပ်နေသော ဥပဒေသစွမ်းအားက ဝမ်လင်း၏ ထိုးထွက်လာမှုနှင့်အတူ လက်ခလယ်ကို ဖျက်စီးပစ်လေသည်။
၎င်းပျက်စီးသွားချိန်၌ ဝမ်လင်းလည်း လွင့်ထွက်သွားကာ မြေပြင်ထက်သို့ ပြုတ်ကျလာ၏။ သူက လက်ဝါးပေါ်သို့ ကျဆင်းသွားခြင်းဟု ဆိုနိုင်သည်။ သူ့ခန္ဓာကိုယ်များလည်း သွေးအလိမ်းလိမ်း စွန်းထင်းနေသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ဥပဒေသကြယ်မှာ တဖြည်းဖြည်းမှိန်ဖျော့၍ ၎င်းဘာသာ ကွယ်ဝှက်သွားလေပြီ။
သူလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီ ဖြစ်၏။ သို့သော် သူ ကျဆင်းသွားခိုက်မှာပင် ဝမ်လင်းက လက်သူကြွယ်ထံ ကန်၍ တိုးဝင်လာသည်။
လက်သူကြွယ်ကို ထိုးစိုက်နေသည့် သုံးမြှောင့်ခရင်းခွက ဝမ်လင်းကို အခွင့်အရေးတစ်ခု ပေးခဲ့၏။ သို့သော် ခုချိန်၌ သူသာ လက်လျော့လိုက်ပါက သူ့ကြိုးပမ်းမှုအားလုံး အလကားဟသ ဖြစ်သွားပေလိမ့်မည်။
ယခုလိုမျိုး သေလုမြောပါး ဆိုးဝါးသည့် အခြေအနေမျိုးကို ဝမ်လင်း တစ်ကြိမ်ကြုံခဲ့ဖူး၏။ ၎င်းအကြိမ်မှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူ ရှေ့ဖြစ်ဟောသူနှင့် တိုက်ခိုက်ခဲ့စဉ်က ဖြစ်၏။ အခုကတော့ ဒုတိယအကြိမ်ပင်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ဝမ်းနည်းဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာ၏။ သူ့မျက်နှာသည် သွေးမရှိသည့်အထိ ဖြူလျောနေသည်။ သူသည် ခုလိုမျိုး ဒဏ်ရာအပြင်းအထန် ရထားစဉ်တွင်ပင် သူ့တိုက်ပွဲဆန္ဒမှာ ပျော့ညံ့သွားခြင်း မရှိပေ။ ထိုအစား ပို၍ပင် ကြမ်းတမ်းလာချေ၏။
အချို့လူများသည် တိုက်ပွဲအတွက်မွေးဖွားလာကြ၏။ အချို့လူများသည် သတ်ဖြတ်ရန်အတွက် မွေးလာခဲ့ကြ၏။ အချို့က ကောင်းကင်ဘုံကို ဖိဆန်ဖို့ငှာ မွေးဖွားလာခဲ့ကြ၏။ ဝမ်လင်းက ထိုကဲ့သို့သော လူစားမျိုးတည်း။
သူက ကျန်းရှင်းရီ၏ တိုက်ပွဲနယ်ပယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် ခုလိုပုံစံမျိုး ပိုဖြစ်လာခဲ့တော့သည်။
“အသက်ရှင်တာဟာ အဖိုးတန်လှတယ်။ ဝမ်းမြောက်ရမယ့် ကိစ္စပဲ။ ဒါပေမဲ့ ငါဟာ သေမှာလည်း ကြောက်မနေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါဟာ ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုကိုယ် လေးစားသမှုနဲ့ဘဲ သေဆုံးမယ်…” ဝမ်လင်းသည် တစ္ဆေများကိုပါ ထိတ်လန့်သွားစေလောက်မည့် ရယ်သံမျိုးနှင့် ရယ်မောလိုက်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော အမြဲတစေ မတုန်မလှုပ် ရှိခဲ့သော ဤဆန်းကြယ်သော တည်ရှိမှုသည်ပင် အနည်းငယ်မျှ လှုပ်ရှားသွားပေသည်။
“မင်း ဒီလက်ဝါးရဲ့စွမ်းအားကနေ ရှင်သန်နိုင်ခဲ့ရင် ငါ မင်းကို မသတ်တော့ဘူး…” မောပန်းနေဟန်အသံတစ်ခုက လောကတွင် ပဲ့တင်ထပ်လာသည်။
“သင်ဟာ ပြင်ပနယ်မြေက အုပ်စိုးသူလား…” ဝမ်လင်းသည် လေထဲသို့ ပျံတက်သွားရင်း လက်သူကြွယ်ထံ ဦးတည်လေ၏။
“ဒီအဘိုးအိုဟာ မြင့်မြတ်တဲ့ရှေးဟောင်းပိုးသားပြာကလန်က တာအိုသခင်အိပ်မက်ပြာပဲ…”
***