လွန်ခဲ့သောနှစ်တစ်ရာက ကောင်းချီး
Vol. 93 Ch. 1279
သူတို့နှစ်ယောက် စကားစသပ်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက ပိုမြန်ဆန်စွာ ရွှေ့လျားသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ခြောက်လုံးသည် မြန်ဆန်စွာ လှည့်ပတ်လျက် သူ့ခန္ဓာကိုယ်တွင် ရှေးဟောင်းနတ်ဘုရားစွမ်းအား ပြည့်နှက်လာသည်။ သူ့ခန္ဓာကိုယ်က ပေထောင်ချီမြင့်မားသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ကြီးထွားလာသည်။
ဝမ်လင်းသည် မာန်သွင်း၍ သူ့ကြီးမားသည့်လက်ကို ဝေ့ယမ်း၏။ လက်သူကြွယ်သည် နီးကပ်လာနေရင်း သူက သုံးမြှောင့်ခရင်းခွကို လှမ်းဖမ်းဆုပ်ယူကာ ၎င်းလက်သူကြယ်ထံ ရိုက်ချသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါ၏။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ပျက်စီးတော့မလို ခံစားရ၏။ သူက
လက်သူကြယ်သည် ဝမ်လင်း၏ တိုက်ခိုက်မှုကြောင့် တုန်ခါသွား၏။ သို့ရာတွင် ၎င်းက ဝမ်လင်းထံ ဦးတည်လာခြင်းကိုမူ ရပ်တန့်မသွားပေ။
ဝမ်လင်း၏ဟန်ပန်က ကြမ်းကြုတ်လှ၏။ သူက သူ့မန္တာန်များ၊ ရတနာများ၊ ဥပဒေ အားလုံးအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် သူသည် လက်ဝါးအတွင်း၌သာ ရှိနေဆဲပင်။ သူ မည်မျှကြိုးစားပါစေ သူက တာအိုသခင်အိပ်မက်ပြာ၏လက်ဝါးထံကနေ မလွတ်မြောက်နိုင်တော့ဟုပင် ထင်ရသည်။
သို့ရာတွင် ထိုအဖြစ်က သူ့ကို အညံ့ခံလက်လျော့စေဖို့ရာ မလုံလောက်သေးပေ။ ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နေ၏။ ထိုလက်သူကြွယ် ဆင်းသက်လာနေစဉ် သူသည် အထက်သို့ ဆန်တက်ကာ ၎င်းကို အရူးအမူး တိုက်ခိုက်လေ၏။
သူ့တိုက်ခိုက်မှုတိုင်းတွင် ရှေးဟောင်းနတ်ဘုရားစွမ်းအား ပါဝင်ပေသည်။ ထိုတိုက်ချက်များအောက်၌ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပင် ပျက်စီးသွားနိုင်လောက်၏။ သို့သော် ဤလက်သူကြွယ်ကတော့ ဆက်၍ သက်ဆင်းလာတုန်းပင်။ ကြည့်ရသည်မှာ ၎င်းက ဝမ်လင်းကို သေဆုံးသည့်အထိ ခြေမွပစ်ချင်နေဟန် ရသည်။ တုန်ဟည်းသံများကလည်း အဆတ်မပြတ် ထွက်ပေါ်လျက် ရှိ၏။ ဝမ်လင်းက မာန်သွင်းအော်ဟစ်သည်။ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ သို့သော် သည်လက်ချောင်း၏အောက်တွင် သူက မကြုံစဖူး နောက်ဆုတ်ရသလို ခံစားနေရသည်။ သူ မည်မျှတိုက်ခိုက်ပါစေ သူသည် ၎င်းလက်သူကြွယ် ဆင်းသက်လာခြင်းကို မရပ်တန့်စေနိုင် ဖြစ်ရသည်။ အစွမ်းထက်ဆုံးလက်မသည်ပင် ဖြည်းဖြည်းချင်း သက်ဆင်းလာနေခဲ့ပေပြီ။
ဝမ်လင်းကို ပို၍ ခါးသီးစွာ ခံစားရစေသည်က ပျက်စီးသွားသည့်လက်သုံးချောင်းမှာ မူလစွမ်းအင်များကို အရူးအမူး စုပ်ယူလျက် မြန်ဆန်စွာ ပြန်ကောင်းမွန်လာနေခြင်းပင်။ ကြည့်ရသည်မှာ ၎င်းလက်သုံးချောင်း ပျက်စီးနေရာကနေ ပြန်ဖြစ်တည်လာဖို့ အချိန်သိပ်ကြာမည့်ပုံ မပေါ်ပေ။
“ဒီခုနစ်ရောင်စုံနယ်မြေက ငါ့သင်္ချိုင်း ဖြစ်တော့မလား။ ငါ ဒါကို လက်မခံနိုင်ဘူး…”
ဝမ်လင်း၏မျက်လုံးများသည် နီရဲတွတ်နေ၏။ သူက ထိုလက်သူကြွယ်ကို ဝုန်းဒိုင်းကြဲ ဆက်လက်တိုက်ခိုက်နေသည်။ သူ အံတင်းတင်းကြိတ်ကာ မာန်သွင်းအော်ဟစ်လိုက်သည်။
သူ့မျက်ခုံးကြားရှိ ကြယ်ခြောက်လုံးထဲမှ ခြောက်လုံးမြောက်ခပ်ဝါးဝါးကြယ်သည် ရှေးဟောင်းနတ်ဘုရားစွမ်းအင် ရူးသွပ်ဖွယ်ရာပမာဏကို ပေးစွမ်းလာသည်။ ထိုစွမ်းအင်သည် လက်သူကြွယ်ကိုပါ အနည်းငယ် တုန်ခါသွားစေလေ၏။
“ကြယ်…ပျက်စီးခြင်း…” ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီးနောက် သူသည် မရေမတွက်နိုင်သောအန္တရာယ်များကို တွေ့ကြုံခဲ့ရဖူးသည်။ သို့သော် သူသည် ကြယ်တစ်လုံးကို ဖျက်စီးပစ်ဖို့ ရွေးချယ်လိုက်ရသည်မှာ အခုက ပထမဆုံးအကြိမ်ပင်။ သူသည် မာန်သွင်းဟစ်ကြွေးရင်း သူ့မျက်ခုံးနှစ်ခုကြားရှိ ခြေက်ခုမြောက်ကြယ်သည် ရုတ်တရက် ပျက်စီးသွားလေသည်။
ပျက်စီးသွားသည့်ကြယ်၏စွမ်းအားက မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ အရူးအမူး စုပ်ယူတာ ခံရသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ရှေးဟောင်းနတ်ဘုရားစွမ်းအင် မြင့်တက်လာကာ သူ့ခန္ဓာကိုယ်ကို ချဲ့ကားသွားစေသည်။ သိပ်မကြာခင်တွင်ပင် ဤလက်ဝါးထဲ၌ ပေနှစ်သောင်းမြင့်မားသည့် ဧရာမဝမ်လင်း ပေါ်ထွက်လာခဲ့ပေပြီ။
ထိုပျက်စီးကြယ်၏စွမ်းအားကို ငှားယူကာ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် ကြယ်ခုနစ်လုံးတော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရွယ်အစားထိ ရောက်ရှိလာခဲ့သည်။ ဝမ်လင်းက ရှေ့သို့ တရကြမ်း တိုးဝင်သွား၏။ မြေပြင်ထုသည် တုန်ခါ၏။ ဝမ်လင်းကို ရူးသွပ်ဖွယ်အော်ရာတစ်ခု ဝန်းရံလျက် သူသည် လက်သူကြွယ်ထံ ဝင်ရောက်လာသည်။
သူက ကြယ်ငါးလုံးကိုပါ တစ်ဆက်တည်း ဖျက်စီးပစ်ဖို့ငှာ ပြင်ဆင်ထားခဲ့ပေပြီ။ ယနေ့တိုက်ပွဲသည် သူ့ဘဝတွင် အခက်ခဲဆုံးတိုက်ပွဲ ဖြစ်ပေ၏။
သည်တိုက်ပွဲ၌ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားနိုင်သည်။ သူ့မူလစိတ်ဝိညာဉ် လွင့်ပါးသွားနိုင်သည်။ သူ့တာအို လုံးဝ တစစီ ဖြစ်သွားနိုင်သည်။ နှစ်ပေါင်းနှစ်ထောင်နီးပါး သူ့ကျင့်ကြံမှုလည်း ပျောက်ကွယ်သွားနိုင်ပေသည်။ ကျင့်ကြံခြင်းလောက၌ ဝမ်လင်း ဟူသည့် အမည်တူ ရှိနိုင်၏။ သို့သော် မည်သူကမျှ သူကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ပါ။
သို့မဟုတ်ပါက သူသည် ဤလက်ချောင်းငါးခုကို ချိုးဖျက်နိုင်ကာ အသက်ရှင်ခွင့် ရကောင်း ရသွားနိုင်ပေသည်။ ထို့နောက် သူသည် သူ့သင်္ချိုင်း ဖြစ်လုနီးပါး ဤခုနစ်ရောင်စုံနယ်မြေကနေလည်း လှမ်းထွက်ကောင်း ထွက်လာနိုင်ပေမည်။
ခုနစ်ရောင်စုံနယ်မြေက ဝမ်လင်း၏ အောင်မြင်မှု ဖြစ်လာမလား၊ သို့တည်းမဟုတ် သူ့သင်္ချိုင်းနေရာ ဖြစ်သွားလေမည်လား။
ယခုလိုမျိုး ရူးသွပ်မှု၊လက်မခံနိုင်မှုတို့နှင့်အတူ ဝမ်လင်းသည် သူ့ကိုယ်သူ လောင်ကျွမ်းပစ်တော့မလား ထင်မှတ်ရသည်။ သူက ပျက်စီးသွားသည့်ကြယ်၏စွမ်းအားကို အသုံးချကာ ကြယ်ခုနစ်လုံးတော်ဝင်ရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီး လက်သူကြွယ်ထံ ဝင်ရောက်လာသည်။
“ငါ မသေနိုင်ဘူး။ ငါ သေချင်စိတ် မရှိဘူး။ ငါဟာ ဝမ်အာကို ပြန်အသက်သွင်းရဦးမယ်။ ငါ ပိုင်အာကို ပြန်မွေးဖွားလာအောင် လုပ်ရဦးမယ်။ ငါ့ရဲ့ သေသွားတဲ့မိဘနှစ်ပါးအတွက် သားတစ်ယောက်ရဲ့တာဝန်ကို မဖြည့်ဆည်းပေးရသေးဘူး။ ငါကံကြမ္မာကို ဆန့်ကျင်ရုန်းကန်တာ မပြီးမြောက်သေးဘူး…။ ငါ ပေးထားခဲ့တဲ့ ကတိတွေကိုလည်း ဖြည့်ဆည်းပေးဖို့ ကျန်သေးတယ်။ ဒါ့ကြောင့် ငါ မသေနိုင်ဘူး…” ဝမ်လင်းသည် လက်သူကြွယ်ထံ နီးကပ်လာကာ သူက သူ့ငြင်းဆန်သည့်စိတ်ဆန္ဒအားလုံးကို သယ်ဆောင်သွားမည့် လက်သီးချက်ကို ပစ်သွင်းလိုက်လေသည်။
၎င်းကား ကြယ်ခုနစ်လုံးတော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်သီးချက်တည်း။
ထိုလက်သီးချက် ပျံသန်းလာချိန်၌ လောကသည်ပင် အရောင်ပြောင်းလဲကာ မြည်ဟိန်း၏။ ပျက်စီးသွားသည့်လက်ချောင်းများ ပြန်လည်ဖြစ်ပေါ်နေခြင်းသည်ပင် တုန်ယင်သွားကာ လက်ဝါးသည်ပင် ခဏတာ တုံ့ဆိုင်းသွားရသည်။
ဝမ်လင်း၏ လက်သီးချက်က လက်သူကြွယ်ပေါ်သို့ ချက်ခြင်း ကျရောက်လာသည်။ ပျက်စီးသွားသည့်ကြယ်၏ အဖျက်စွမ်းအားက ဤလက်သူကြွယ်အတွင်းသို့ ဝင်ရောက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်က ပေသောင်းချီကနေ ပေထောင်ချီအထိ ပြန်ကြုံ့သွားလေသည်။
“ငါ့အတွက် ပျက်စီးလိုက်တော့…” ဝမ်လင်း၏ အော်ဟစ်သံက လက်သူကြွယ်ပျက်စီးသံထက်ပင် ပိုကျယ်လောင်သည်။ ချက်ခြင်းပင် လက်သူကြွယ်က အပြင်းအထန် တုန်ခါကာ ဝမ်လင်းလက်သီးချက် ကျရောက်သွားသောနေရာတွင် အက်ကြောင်းများစွာ ပေါ်လာ၏။ ဤလက်သူကြွယ်မှာ ရုတ်တရက် ပျက်စီးသွားတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်က လုံးဝ အားနည်းနေပေပြီ။ သူ့ပါးစပ်ထောင့်မှလည်း သွေးများစီးကျလျက် ရှိ၏။ သူက နာကျင်စွာ ပြုံး၍ လက်သူကြွယ်ပျက်စီးမှုအားကြောင့် နောက်သို့ လွင့်ထွက်သွားရသည်။ သည်အခိုက်အတန့်၌ အရင်လက်ချောင်းလေးခုစုပေါင်းအားနှင့် နှိုင်းယှဉ်နိုင်သော အစွမ်းထက်ဆုံး လက်မသည် ရောက်ရှိလာခဲ့ပေပြီ။
၎င်းလက်မ ကျဆင်းလာသည့်အခါ ဤလက်ဝါးအတွင်းရီ အရာအားလုံးမှာ တစစီ ဖြစ်သွားရပေမည်။
ဝမ်လင်းက သူ့ကျန်သည့်ရှေးဟောင်းနတ်ဘုရားကြယ်များကိုပါ ဖျက်စီးပစ်လျှင်ပင် ဤအစွမ်းထက်ဆုံးလက်ချက်အောက်ကနေ လွတ်မြောက်နိုင်စွမ်း မရှိတော့သည်ကို နားလည်ပေသည်။ သို့ရာတွင် သူသည် ထိုင်လျက် ခြေမွခံရမည်ကို မလိုလားပေ။
“ငါဟာ ရှင်နေတုန်းရော သေသွားတဲ့အခါမှာရော သူရဲကောင်းပဲ။ ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့အတွက် ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး။ ငါ ဝမ်လင်းဟာ နှစ်ပေါင်းနှစ်ထောင်နီးပါး ကျင့်ကြံခဲ့ပြီးပြီး။ ငါ သေသွားတော့ရော ဘာဖြစ်သေးသလဲ။ ငါ ဘာကို ကြောက်နေရမှာလဲ…”
ဝမ်လင်းသည် နာကျင်စွာ ပြုံး၏။ သူ့နှလုံးသားအတွင်းမှ လှိုက်လှိုက်လဲလဲအသံသည် ထွက်ပေါ်လာပေသည်။ သူက လက်မထံ တိုက်ရိုက် တိုးဝင်သွားလေ၏။
“အဖေနဲ့အမေ…နောင်ဘဝဆိုတာ ရှိခဲ့ရင် ထေ့ကျူးမကျင့်ကြံတော့ဘူး။ ကျွန်တော် အဖေနဲ့အမေတို့နဲ့ပဲ ရာစုနှစ်တစ်စု နေထိုင်အသက်ရှင်သွားမယ်…”
“စစ်ထူ…သင် ငါ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး…”
“စီနီယာအစ်ကိုချင်းရွှေ…ဂျူနီယာညီက သင့်ကို ကယ်တင်ပေးနိုင်စွမ်း မရှိတော့ဘူး…”
“ဝမ်အာ…ငါ နင်နဲ့အဖော်ပြုပေးဖို့ လာနေပြီ…”
“မူပင်းမေ…ငါတို့ရန်ငြှိုးဟာ ပြီးဆုံးသွားခဲ့ပြီ…”
“ဝမ်ပိုင်…ငါတို့မိသားစုဟာ ခုဆို ပြန်လည်ဆုံစည်းနိုင်ပြီ…”
“လီချန်မေ…နင်က ငါ့ကို ချစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့နှလုံးသားဟာ သေဆုံးသွားခဲ့ပြီ။ ခု ငါ သေတော့မှာဆိုတော့ နင် ငါနဲ့အတူ မရှိတော့ရော ဘာများ ဖြစ်သွားလို့လဲ…” ဝမ်လင်းသည် ပြုံး၏။ သူ့ဘယ်လက်ကို ဝေ့ယမ်းရာ သူ့ရှေ့တွင် သူ့သိုလှောင်နေရာလွတ် ပေါ်လာကာ အပြာရောင်လက်ကောက်တစ်ခု ပျံသန်းထွက်လာသည်။
ထိုလက်ကောက်က အပြာရောင်တောက်ပမှုကို ပေးစွမ်းကာ နားလည်ရခက်သည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းပေါ်လာသည်နှင့် ၎င်းက ဝမ်လင်း၏ ဘယ်လက်ကောက်ဝတ်ကြားသို့ သူ့အလိုလို ပျံသန်းလာပြီး ဝမ်လင်း၏ခန္ဓာကိုယ်ကို အပြာရောင်အလင်းတစ်ခုက ညင်သာစွာ လွှမ်းခြုံသွား၏။ ကြည့်ရသည်မှာ ထိုအလင်းထဲ၌ လွန်ခဲ့သောနှစ်တစ်ရာက နွေးထွေးမှုအရိပ်အယောင် ပါနေဟန်ပင်။
ထိုအပြာရောင်အလင်းဖြင့် ခြုံလွှမ်းလျက် ဝမ်လင်းသည် လက်မနားသို့ ချက်ခြင်း နီးကပ်လာသည်။
သို့ရာတွင် ထိုလက်ကောက် ပေါ်လာ၍ ဝမ်လင်း၏လက်ကောက်ဝတ်ထံ ပျံသန်းလာချိန်၌ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်မှုအပြည့်ဖြင့် အသံတစ်ခုသည် လောကတွင် ပဲ့တင်ထပ်သွားလေသည်။
“ဒါက…” ရှေးဟောင်းအသံက တုန်ယင်လုနီးနီးပင်၊ အံ့မခန်းစိတ်လှုပ်ရှားမှု ပေါ်နေ၏။
ဆင်းသက်လာသည့် လက်မက မြန်ဆန်စွာ ပြန်မြင့်တက်သွားပြီး ဝမ်လင်းကို ကျော်လွန်၍ မိုးကုပ်စက်ဝန်းဆီ ဦးတည်သွားလေတော့သည်။
ထိုမြင်ကွင်းက ဝမ်လင်းကို မင်သက်မိစေ၏။ သို့သော် သူက နှေးဖင့်မနေပေ။ သူက ပျံသန်းလာလျက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူက အရှင်ဟွေစုန်ထံမှ ရရှိခဲ့သည့်မှတ်ဉာဏ်များအတိုင်း တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်ရန် အက်ကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်တော့သည်။
သူ့ခန္ဓာကိုယ်က ထိုအက်ကြောင်းထဲသို့ လျှပ်စီးတန်းကဲ့သို့ ရွှေ့လျားသွား၏။ သူ မပျောက်ကွယ်ခင်လေး၌ ခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်သောလက်ဝါးမှာ သူ့နောက်သို့ လိုက်မလာတော့ဘဲ တဖြည်းဖြည်းချင်း သူ့ဟာသူ ပြန်တည်ငြိမ်အထိုင်ကျသွားလေ၏။
“သူမကို ကောင်းမွန်စွာ ဆက်ဆံပါ…” ဝမ်လင်းက အက်ကြောင်းထဲ ဖြတ်ကျော်နေခိုက် မောပန်းဟန်အသံတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာလေသည်။ ထိုအသံက ပို၍ပင် မောပန်းဟန် ပေါ်ကာ ရှုပ်ထွေးသောခံစားမှုများ အရိပ်အယောင် ပါဝင်နေပေသည်။
ဝမ်လင်း ထွက်လာသည့်နောက် ခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်လာသည့် လက်ဝါးမှာ ၎င်းကို ဖြစ်ပေါ်စေသည့် မန္တာန် ဖြည်းဖြည်းချင်း ပြန်ထွက်ခွာသွားသကဲ့သို့ ပျက်စီးသွားလေတော့သည်။
“ယွဲ့အာ…” ရှေးဟောင်းအသံလည်း ဖြည်းညင်းစွာ လွင့်ပါးပျောက်ကွယ်သွား၏။
ဤအခိုက်အတန့်၌ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အတွင်းနက်ပိုင်းတွင် ပိုးသားပြာကလန်အမည်ရ မိသားစုတစ်စု ရှိနေပေ၏။ ထိုကလန်သည် အဆုံးမဲ့ကြယ်နယ်မြေတစ်ခုကို ပိုင်ဆိုင်စိုးမိုးထားသည်။ သည်ကြယ်နယ်မြေထဲတွင် အပြာရောင်အလင်း ထွေးခြုံထားသည့် သာမန်ဆန်လှသော ဂြိုဟ်တစ်လုံးရှိသည်။၎င်းဂြိုဟ်ပေါ်တွင် တောင်တစ်လုံး ရှိ၏။ ယင်းတောင်ကို သေမျိုးများက အပြာရောင်တောင်ဟု ခေါ်ကြ၏။
ထိုတောင်ထိပ်ဖျား၌ အိမ်လေးတစ်လုံး ရှိလေ၏။ လေပြေလေညင်းတို့က ဤအိမ်ငယ်ကို ဝေ့ခတ်ကျီစယ်နေသည်။ အိမ်တံခါး ပွင့်လာကာ မောပမ်းနေဟန်ပေါက်သည့် သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာသည်။ သူက ကောင်းကင်ထက်သို့ ကြည့်လျက် သူ့အမြင်သည် မျက်ရည်များစီးကျလာသလို ဝေဝါးသွားသည်။ သူ့ဆံပင်က အပြာရောင် ရှိ၏။ သူက ကောင်းကင်ထက်သို့ အောက်မေ့ဟန်အမူအရာဖြင့် မော့ကြည့်လေ၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ နေထိုင်သူ မည်သူမဆို ဤအဖြစ်ကို တွေ့မြင်လိုက်ရပါက တုန်လှုပ်သွားမိပေလိမ့်မည်။ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ယောက်ဖြစ်သူ တာအိုသခင်အိပ်မက်ပြာက သူ့စိတ်ခံစားမှုကို မထိန်းချုပ်နိုင်သည့် အခိုက်အတန့်မျိုး ရှိလို့နေသည် မဟုတ်လား။
တာအိုသခင်အိပ်မက်ပြာသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ပိုးသားပြာကလန်က မိသားစုလေးတစ်ခုသာ ဖြစ်၏။ သို့သော် ဤလူကြောင့် ယင်းကလန်သည် မည်သူမျှ မစော်ကားဝံ့သည့် ဧရာမကလန်ကြီးတစ်ခု ဖြစ်လာခဲ့ပေသည်။
“မန်အာ…ငါတို့ရဲ့ သမီး ပြန်မွေးဖွားလာခဲ့ပြီ။ သူ့ရှိမှာ သူ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်သွားခင်က ပိုင်ဆိုင်ခဲ့တဲ့ ရှင်မရဲ့လက်ကောက် ရှိနေခဲ့တယ်။ ဒါဟာ သူမ ရှင်မဆီကနေ အမွေဆက်ခံထားတဲ့ ရှင်မတို့ရဲ့တိမ်အိပ်မက်ကလန်ရဲ့ ကောင်းချီးပေးတဲ့အရာ ဖြစ်တယ်။ သူမဟာ ဒီလက်ကောက်ကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တာ မဟုတ်ရင် အခြားတစ်ယောက်ယောက်က ဒါကို ရရှိခဲ့ရင်တောင် သူမရဲ့ကောင်းချီးပေးမှုဟာ ပေါ်လာမှာ မဟုတ်ဘူး…”
ထိုသူက သူ့ကိုယ်သူ အောက်မေ့တမ်းတမှုအပြည့်ဖြင့် ပြောနေ၏။
အချိန်အတန်ကြာပြီးနောက် လှိုင်းဂယက်များ ပေါ်လာပြီး ဆံဖြူအဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် သူက ချက်ခြင်းပင် အလွန်လေးစားမှုကို ပြသ၏။
“တာအိုသခင်…ဆရာက…” အဘိုးအိုက စကားပြောရန် ပြင်ရုံရှိသေး သက်လတ်ပိုင်းလူသည် သူ့ကို ကြည့်ပင်မကြည့်ဘဲ တစ်ခွန်းတည်း ကြားဖြတ်ပြောလိုက်သည်။
“ထွက်သွားစမ်း…”
အဘိုးအို၏စိတ်သည် တုန်လှုပ်သွား၏။ သူသည် ဆက်မပြောဝံ့တော့ပေ။ သူက အုပ်စိုးသူ၏ တပည့်တစ်ယောက် ဖြစ်နေလျှင်ပင် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ယောက်ကို မဆန့်ကျင်ဝံ့ပေ။ သူက ချက်ခြင်း နောက်ပြန်ဆုတ်ကာ လှိုင်းဂယက်များအဖြစ် ပြောင်းလဲကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
“ဒီကလေးက ယွဲ့အာနဲ့ ဘာမှ မပတ်သတ်ခဲ့ဘူးဆိုရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ ခုတော့ ငါတို့သမီးရဲ့ ပျော်ရွှင်မှုကို ယူလာပေးမယ့် တစ်စုံတစ်ယောက်ကို ငါက ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်ပါ့မလဲ။ ဒီကောင်လေးမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ။ ငါဟာ ငါ့ကျင့်ကြံမှုကို ငါကိုယ်တိုင် ရယူနိုင်တယ်။ တခြား ပစ္စည်းတစ်ခုခုအပေါ် မှီခိုနေစရာ မလိုဘူး။ အုပ်စိုးသူရဲ့ လောဘက ငါ့ကို ဘာလုပ်စေဦးမှာလဲ။ ဒါ့အပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ချိပ်ပိတ်နယ်မြေရဲ့အရှင်သခင် ပိုင်ဆိုင်ခဲ့တာ။ ငါ ချိပ်ပိတ်မှုကို မဖွင့်နိုင်မှတော့ ဒါဟာ ကောင်းချီးပေးမှု မဟုတ်တော့ဘဲ ကပ်ဘေးသာ ဖြစ်လိမ့်မယ်။ ဒီအတွက် ချိပ်ပိတ်နယ်မြေရဲ့အရှင်ဟာ အကောင်းဆုံးဥပမာတစ်ခုပဲ။ ချိပ်တံဆိပ်ကလား…အင်း…ခက်ခဲလွန်းတယ်…အရမ်းခက်လွန်းလှတယ်…”
“ချိပ်ပိတ်နယ်မြေရဲ့အရှင်သခင်ဟာ ခုနစ်ရောင်စုံနယ်မြေကိုးခုကို ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီနောက် ဒီနယ်မြေတွေဟာလည်း ငါ့လူတွေ ယူဆောင်သွားတာကို ခံခဲ့ရတယ်။ ငါလည်း လက်ဝါးတစ်ခုရဲ့ စွမ်းအားကိုပဲ ပိုင်ဆိုင်ခဲ့တယ်။ အဲ့ဒီနောက် ငါ နောက်ဆုတ်ခဲ့ရတယ်။ အုပ်စိုးသူ တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းသောင်းချီနေပေမယ့်လည်း သူ့အကြံအစည်တွေဟာ နက်ရှိုင်းလွန်းတယ်။ သူ ငါ့ကို တိုက်ခိုက်လာအောင် လုပ်တဲ့အချိန်ကျရင် တခြားရည်ရွယ်ချက်တစ်ခုခု ရှိနေမှာ ငါ စိုးရိမ်မိတယ်…”
“အတိတ်တုန်းက အုပ်စိုးသူ ချိပ်ပိတ်နယ်မြေထဲ ဝင်ရောက်ခဲ့ချိန်ကဆိုရင် သူဟာ ဒဏ်ရာအပြင်းအထန်ရပြီး ထွက်ပြေးလာခဲ့ရတယ်။ ဒီသတိပေးချက်က ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ပျံ့နှံ့ခဲ့ပြီး ဒီအကြောင်းကို တွေးမိရုံနဲ့ ကြောက်ရွှံ့ခဲ့ရတယ်…”
“ခုနစ်ရောင်စုံအပင်တွေ စိုက်ပျိုးထားတဲ့နေရာကို အုပ်စိုးသူက ချိပ်ပိတ်ထားခဲ့တာ။ အစောင့်ကလွဲလို့ ဘယ်သူကမှ သူတို့ရဲ့ခန္ဓာကိုယ်အစစ်အမှန်နဲ့ ဝင်လို့ မရနိုင်ဘူး။ ဒီနေရာမှာ တာအိုဆန္ဒတွေ နှောက်ယှက်ခံရတာကနေ တားဆီးဖို့နဲ့ အပင်တွေကြီးထွားလာတဲ့နေရာမှာ အနှောက်အယှက် မဖြစ်ဖို့အတွက်လို့တော့ သူ ပြောခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းအစစ်အမှန်က ဘာများဖြစ်မလဲ…”
“ဒါ့အပြင် ဒီကလေးဟာ မရိုးရှင်းဘူး။ သူ့စွမ်းအားက တုန်လှုပ်ဖွယ်ကောင်းသလို၊ တော်ဝင်ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ သူ့အကျင့်စရိုက်ကလည်း ငါနဲ့အတော်လေး ဆင်တူတယ်။ သူ့ ခုလက်ရှိစွမ်းအားနဲ့တောင် ငါ့လက်ချောင်းလေးချောင်းကို ချိုးဖျက်နိုင်ခဲ့တာဟာ မထင်မှတ်စရာပဲ။ ဂျူနီယာတွေအားလုံးထဲမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်းကြားမှာ ဆိုရင်တောင် သူဟာ အသန်မာဆုံးလို့ ယူဆလို့ ရနိုင်တယ်။ သူမှာသာ အချိန်လုံလုံလောက်လောက် ရခဲ့ရင် သူဟာ လေဟာနယ်နယ်ပယ်အဆင့်ကို ရောက်လာနိုင်မှာပဲ။ ဒါ့အပြင် သူဟာ ယွဲ့အာရဲ့ ကောင်းချီးနဲ့အထောက်အပံ့ကိုလည်း ရရှိထားသေးတယ်။ အတိတ်ဘဝတုန်းက ငါဟာ ယွဲ့အာအပေါ် အမှားလုပ်ခဲ့တယ်။ ခုလက်ရှိဘဝမှာတော့ သူမကို ဘယ်သူမှ ထိခိုက်နာကျင်အောင် လုပ်ခွင့် မရှိတော့ဘူး။ သူမ ထောက်ပံ့ပေးချင်တဲ့သူကို ငါလည်း ထောက်ပံ့ပေးရလိမ့်မယ်။ အုပ်စိုးသူတောင် ငါ့ကို မတားနိုင်ဘူး…”
ထိုသူသည် ကောင်းကင်ထက်သို့ မော့ကြည့်လျက် ရှိ၏။ သူ့မျက်နှာထက်သို့ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာလေသည်။
သူသည် သူ့ဇနီးကို ဆုံးရှုံးခဲ့ရမှုနှင့် သူ့သမီး သေဆုံးခဲ့ရမှုကြောင့် ရရှိခဲ့သော နောင်တကြောင့် ခြေကုန်လက်ပမ်းကျမောပန်းမှုကို ခံစားနေရပေသည်။
***