အခန်း ၄၅
Vol. 5 Ch. 45
အခန်း ၄၅ ဖမ်းဆီးထိန်းသိမ်းခံရခြင်း
"ဘိုးလေး..."
"ကျွန်တော့်ရဲ့ ဘိုးလေး..."
"ကျွန်တော့်ရဲ့ ဘိုးလေးရေ... သနားစရာ ကောင်းလိုက်တာ..."
အောက်တိုဘာလ နှစ်ရက်နေ့ မွန်းတည့်ချိန်တွင် ဝမ်ချောင်သည် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏ ထိန်းသိမ်းရေးစခန်းအတွင်း၌ အသံကုန်ဟစ်၍ ငိုကြွေးနေလေသည်။
ရိုးရှင်းသော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တူးဆွခံလိုက်ရသော သင်္ချိုင်းဂူမှာ ဝမ်ချောင်၏ ဘိုးလေးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေသည်။ ထိုနည်းတူစွာပင် သင်္ချိုင်းဂူအပြင်ဘက်သို့ ပေါ့ပေါ့ဆဆ ပစ်ချခံထားရသော အလောင်းမှာလည်း ဝမ်ချောင်၏ ဘိုးလေးအလောင်း ဖြစ်ကြောင်း သိရှိရလေသည်။
"ဘိုးလေးရေ... သနားစရာ ကောင်းလိုက်တာ..."
ဝမ်ချောင် ငိုကြွေးနေဆဲ ဖြစ်၏။ ထိုအသံကို ကြားရသူတိုင်း မျက်ရည်ကျချင်လောက်အောင် သနားဖွယ်ကောင်းလှသော်လည်း ရွှီရှန်းကမူ ဘေးဘက်တွင် အတင်းအောင့်အည်းထားရပေသည်။ ရွှီရှန်းအနေဖြင့် မနေနိုင်ဘဲ ရယ်မောမိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ချေသည်။
"တော်ပါတော့... မင်းရဲ့ ဘိုးလေး သေသွားတာ ငါးနှစ် ခြောက်နှစ်တောင် ရှိနေပြီ... သူက သက်တမ်းစေ့လို့ သေသွားတာ... လုံးဝ သနားစရာ မကောင်းပါဘူး..."
အပြင်ဘက်ရှိ ရဲအရာရှိမှာ ဆက်လက် နားမထောင်နိုင်တော့ချေ။
"သင်္ချိုင်းဂူ အတူးခံရပေမယ့်... မင်းရဲ့ ဘိုးလေးကို စော်ကားတဲ့ လုပ်ရပ်မျိုး ဘာမှ မလုပ်ထားပါဘူး... မငိုပါနဲ့တော့..."
"အော်..."
ဝမ်ချောင် လိမ္မာစွာဖြင့် အသံတိတ်သွားသော်လည်း ဝမ်ချောင်၏ မျက်နှာပေါ်တွင် အလွန် ဝမ်းနည်းကြေကွဲနေသည့် အမူအရာ ပေါ်လွင်နေဆဲ ပင်။
ရွှီရှန်းနှင့် ဝမ်ချောင်တို့ ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားခဲ့ကြလေသည်။ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး လုပ်ထုံးလုပ်နည်းများအရ ရွှီရှန်းနှင့် ဝမ်ချောင်တို့သည် ထိန်းသိမ်းရေးစခန်းအတွင်း၌ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများကို ပူးပေါင်းပါဝင် ဖြေကြားပေးပြီးမှသာ ထွက်ခွာခွင့် ရရှိမည် ဖြစ်ပေသည်။
အခြားသော ရွယ်တူ လူငယ်များသာ ဆိုလျှင် ယခုအချိန်တွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေမည် ဖြစ်၏။ သို့သော် ဝမ်ချောင်ကမူ မတူညီချေ။ ဝမ်ချောင် ကျင့်သားရနေပြီ ဖြစ်လေသည်။
'ထိန်းသိမ်းရေးစခန်းမှာ ထွက်ဆိုချက် ပေးရတာကို ကျင့်သားရနေပြီ တဲ့လား... တကယ်ကို ရင်နာစရာ ကောင်းတဲ့ စကားလုံးတွေပဲ...'
"မင်း အထဲဝင်ပြီး ထွက်ဆိုချက် ပေးလိုက်ရင် ရပြီ..."
ရဲအရာရှိတစ်ဦးက သံတံခါးကို ဆွဲဖွင့်ကာ အထဲရှိ ဝမ်ချောင်ကို ကြည့်၍ အလွန် တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
လက်ရှိ အချိန်ကာလမှာ အနည်းငယ် အန္တရာယ်များလှပေသည်။ အမျိုးသားနေ့ အားလပ်ရက်ဖြစ်ပြီး တစ်ဖက်မြို့တွင် နိုင်ငံတစ်ဝန်းလုံးကို တုန်လှုပ်သွားစေသည့် အလွန် ဆိုးရွားသော မှုခင်းကြီး တစ်ခု ဖြစ်ပွားထားကာ မြို့တော်၏ အာရုံစိုက်မှုများက ထိုအမှုပေါ်တွင် ကျရောက်နေဆဲ ဖြစ်လေသည်။ အချိန်သိပ်မကြာလိုက်မီမှာပင် ဤမြို့တွင်လည်း အလွန် ဆိုးရွားသော လူသတ်မှုကြီး တစ်ခု ထပ်မံ ဖြစ်ပွားလာခဲ့ချေပြီ။
လှပသော မိန်းမပျိုလေး တစ်ဦး အသတ်ခံလိုက်ရပြီးနောက် သူတစ်ပါး၏ ဘိုးဘွားသင်္ချိုင်းကို တူးဆွကာ ထိုအမျိုးသမီး၏ အလောင်းကို အခေါင်းထဲသို့ ပစ်ထည့်ထားခဲ့ခြင်း ပင်။
ဤသည်မှာ မည်သို့သော လုပ်ရပ်မျိုး ဖြစ်သနည်း။ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေသူများ၏ လုပ်ရပ်လော။
သင်္ချိုင်းများကို ဖောက်ထွင်းပြီး အလောင်းများကို စော်ကားတတ်သည့် ရာဇဝတ်ကောင်အချို့ ရှိတတ်သော်လည်း ဤကဲ့သို့ နားလည်ရခက်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးကို မှုခင်းတပ်ဖွဲ့ တပ်ခွဲမှူး မြင်တွေ့လိုက်သည်နှင့် ဤအမှုမှာ အလွန် ခက်ခဲရှုပ်ထွေးကြောင်း ကောင်းစွာ သဘောပေါက်သွားလေသည်။
ထို့ကြောင့် တိုင်ကြားလာသူ နှစ်ဦးအပေါ် ထားရှိသော သဘောထားမှာ ရွှီရှန်းနှင့် ဝမ်ချောင်တို့ထံမှ အသုံးဝင်မည့် သဲလွန်စများကို အမြန်ဆုံး ရှာဖွေပြီး မြို့တော်၏ အာရုံစိုက်မှုကို မခံရမီ အမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန်သာ ဖြစ်ပေသည်။
ခြေသံများနှင့်အတူ ဝမ်ချောင် ခေါ်ဆောင်ခံလိုက်ရလေသည်။ ဝမ်ချောင်အား စစ်ကြောရေးခန်းဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်၏။
သံတံခါးကို တွန်းဖွင့်ပြီးနောက် ဝမ်ချောင်သည် စစ်ကြောရေးခန်း အတွင်းရှိ ကုလားထိုင်ပေါ်တွင် အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ဝင်ထိုင်လိုက်လေသည်။ ထို့နောက် မျက်စိရှေ့ရှိ လူလတ်ပိုင်း ရဲအရာရှိ တစ်ဦးနှင့် လူငယ် ရဲအရာရှိ တစ်ဦးကို ကြည့်ကာ အလျင်အမြန် စကားစတင်လိုက်တော့၏။
"နာမည် ဝမ်ချောင်..."
"လိင် ယောကျာ်း..."
"နေရပ်လိပ်စာ ရှင်းဟွာကျေးရွာ အိမ်အမှတ် ခြောက်သုံးလေးနှစ်... ဇာတိက လင်ဟိုင်မြို့... အိမ်မှာ မိသားစု သုံးယောက် ရှိတယ်... အမေရယ် အစ်မရယ် ကျွန်တော်ရယ်..."
"မှုခင်း မဖြစ်ပွားခင် တစ်နာရီ အလိုမှာ ကျွန်တော့် အစ်မ ရဲ့ စက်ရုံမှာ ပစ္စည်းတွေ ကူတင်ပေးနေတာ... ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး စက်ရုံမှာပဲ ရှိနေခဲ့တာ..."
"မှုခင်း ဖြစ်ပွားတဲ့ အချိန်မှာ ထူးဆန်းတဲ့ မြင်ကွင်း ဘာမှ မတွေ့ခဲ့ရဘူး... အသံလည်း မကြားခဲ့ရဘူး... ထူးဆန်းတဲ့ လမ်းသွားလမ်းလာတွေလည်း မတွေ့ခဲ့ဘူး..."
"ကျွန်တော့် ဘိုးလေးက အသက် ရှစ်ဆယ် အရွယ်မှာ သက်တမ်းစေ့လို့ လွန်ခဲ့တဲ့ ငါးနှစ်က ကွယ်လွန်သွားခဲ့တာ... ရန်သူ ဘာညာလည်း မရှိပါဘူး..."
"ကျွန်တော်တို့ မိသားစုမှာလည်း ရန်ငြိုးဖွဲ့ထားတဲ့ ရန်သူ မရှိဘူး... အသတ်ခံရတဲ့ သူကိုလည်း ကျွန်တော် မသိဘူး... တစ်ခါမှလည်း မဆုံဖူးဘူး..."
မျက်စိရှေ့ရှိ ရဲအရာရှိ နှစ်ဦးမှာ စကားပင် မဟရသေးချေ။ ဝမ်ချောင်က တစ်ဖက်လူ မေးမြန်းလာမည့် မေးခွန်းများကို အလွန် ကျွမ်းကျင်စွာဖြင့် ကြိုတင် ခန့်မှန်းပြီး ဖြေဆိုလိုက်ခြင်း ပင်။
ရဲအရာရှိများမှာ လုံးဝ ကြောင်အမ်းသွားကြလေသည်။
"မင်း..."
အသက်ငယ်သော ရဲအရာရှိက မိမိ၏ မှတ်တမ်းစာအုပ်ကို တစ်ချက် ကြည့်လိုက်ပြီး ဝမ်ချောင်ကို ပြန်ကြည့်ကာ ပြောလိုက်၏။
"မေးစရာ တစ်ခုခု ကျန်သေးလို့လား..."
ဝမ်ချောင်က ဝင်ရောက် မေးခွန်းထုတ်လိုက်လေသည်။
'မေးစရာ ဟုတ်လား... မင်းချည်းပဲ အကုန် ပြောသွားတာကို ဘာတွေ ထပ်မေးရဦးမှာလဲ...'
ရဲအရာရှိများ၏ ရင်ထဲတွင် တွေးတောလိုက်မိပေသည်။ ထွက်ဆိုချက် ရယူသည့် အချိန်မှာ သိပ်မကြာမြင့်လိုက်ချေ။
ယခုအချိန်တွင် မြို့တော်၏ အာရုံစိုက်မှုများက တစ်ဖက်မြို့ဖြစ်သော ကျန်ဆန်းမြို့ ပေါ်တွင် ရှိနေသဖြင့် အခြေအနေများမှာ အလွန် တင်းကျပ်နေလေသည်။ ထို့ကြောင့် ရွှီရှန်းနှင့် ဝမ်ချောင်တို့ နှစ်ဦးကို အကြောင်းမဲ့ သက်သက် ဆက်လက် ထိန်းသိမ်းထားရဲဝံ့သူ မရှိသလောက် ပင်။ သို့သော်လည်း အခြေအနေ တစ်ခု ထွက်ပေါ်လာချေပြီ။
"အကြီးအကဲ... ဒီမှာ ကြည့်ပါဦး... ဒီလူနှစ်ယောက်က သံသယ ဖြစ်စရာ ကောင်းနေတယ်..."
ရုံးခန်းအတွင်း၌ အခင်းဖြစ်ပွားရာသို့ ထွက်ခွာရန် အလျင်စလို ပြင်ဆင်နေသော တပ်ခွဲမှူး ဖုပေါ်ကို လက်အောက်ငယ်သား တစ်ဦးက ရုတ်တရက် တားဆီးလိုက်လေသည်။
"ဘာပြဿနာလဲ..."
"အကြီးအကဲ... စနစ် ထဲမှာ ဖော်ပြချက် အရ... အဲဒီ လူနှစ်ယောက်က ပြီးခဲ့တဲ့လ အတွင်း ကျန်ဆန်းမြို့ ရဲတပ်ဖွဲ့ စနစ် ထဲမှာ နှစ်ကြိမ်တိုင်တိုင် မှတ်တမ်းတင် ခံထားရတယ်..."
လက်အောက်ငယ်သားက ဖိုင်တွဲတစ်ခုကို ကိုင်ဆောင်ကာ ဖုပေါ်ထံသို့ ချဉ်းကပ်လာပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ ဖုပေါ် တစ်ယောက် ကြောင်အမ်းသွားလေသည်။
ရဲတပ်ဖွဲ့၏ စနစ်အတွင်း၌ မည်သူများ မှတ်တမ်းတင် ခံရလေ့ ရှိသနည်း။ ဥပဒေချိုးဖောက်ပြီး ရာဇဝတ်မှု ကျူးလွန်သူများသာ ဖြစ်ပေသည်။ ရဲစခန်းတွင် လက်ဗွေရာ သိုလှောင်ရုံ တစ်ခု ရှိပြီး ထိုအရာကို လူအများစု သိရှိထားကြလေသည်။ ယေဘုယျအားဖြင့် မှုခင်းဖြစ်ပွားရာ နေရာမှ လက်ဗွေရာများ ကောက်ယူရရှိပါက လက်ဗွေရာ သိုလှောင်ရုံအတွင်းရှိ မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ တရားခံ၏ သရုပ်မှန်ကို တိုက်ရိုက် ဖော်ထုတ်နိုင်ခြင်း ပင်။
သို့သော် မေးစရာ ရှိလာသည်မှာ မည်သူများ၏ လက်ဗွေရာများကို သိမ်းဆည်းထားလေ့ ရှိသနည်း ဆိုသည့် အချက် ဖြစ်၏။ ခိုက်ရန်ဖြစ်ပွားသူများ သို့မဟုတ် ယာဉ်တိုက်မှု ဖြစ်ပွားသူများ ပင်။ ထိုသူများ ရဲစခန်းသို့ ရောက်ရှိလာပါက ရဲတပ်ဖွဲ့က ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်လေ့ ရှိပြီး လက်ဗွေရာမှာလည်း ထိုအထဲမှ တစ်ခု အပါအဝင် ဖြစ်လေသည်။
ယခုအခါတွင် ရွှီရှန်းနှင့် ဝမ်ချောင်တို့၏ ကိုယ်ရေးအချက်အလက်များမှာ တစ်လတာ ကာလတိုလေး အတွင်း၌ ကျန်ဆန်းမြို့တွင် နှစ်ကြိမ်တိုင်တိုင် မှတ်တမ်းတင် ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ရချေပြီ။
ဤအချက်က ဘာကို ကိုယ်စားပြုနေသနည်း။ ကိုးဆယ်ရာခိုင်နှုန်းသော အခြေအနေအရ ထိုသူတို့သည် ကျန်ဆန်းမြို့တွင် ပြဿနာ ရှာခဲ့ဖူးသူများ ဖြစ်ကြောင်း ကိုယ်စားပြုနေပေသည်။ တစ်လအတွင်း ပြဿနာ နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းမှာ အတော်လေး မြင့်မားသော နှုန်းထား တစ်ခု ပင်။
"မင်း ဆိုလိုချင်တာက... သူတို့ရဲ့ ထွက်ဆိုချက်တွေ ထဲမှာ အချက်အလက် တချို့ ဖုံးကွယ်ထားနိုင်တယ် ဆိုတဲ့ သဘောလား..."
ဖုပေါ်က မျက်မှောင်ကြုတ်လျက် မေးလိုက်ရာ မျက်စိရှေ့ရှိ ရဲအရာရှိက ခေါင်းညိတ်ပြလိုက်လေသည်။ ဤကဲ့သို့သော လူမျိုးများနှင့် ပြဿနာ ကြုံတွေ့ရသည့် အခါတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် သူတို့ကြောင့် ပြဿနာ ဖြစ်ပွားရခြင်း ဟုတ်မဟုတ်ကို အရင်ဆုံး စုံစမ်းစစ်ဆေးရလေ့ ရှိပေသည်။
ဖုပေါ်က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် စကားဆိုလိုက်၏။
"မနေ့ညက အထက်အရာရှိတွေက ကျန်ဆန်းမြို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ထားပြီးပြီ... ကျန်ဆန်းမြို့ ရဲမှူးကြီး စူးချန်က လင်ဟိုင်မြို့ ကို ကူညီဖို့ မှုခင်းစုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူတွေ စေလွှတ်ပေးမယ်လို့ ကတိပေးထားတယ်..."
"အချိန်တွက်ကြည့်ရသလောက် ဆိုရင်... မကြာခင် ရောက်လာတော့မှာပဲ..."
"အဲဒီ လူနှစ်ယောက်ကို အရင် ဖမ်းချုပ်ထားလိုက်... ကျန်ဆန်းမြို့ က လူတွေ ရောက်လာမှ နောက်တစ်ခေါက် သေချာ ပြန်စစ်ဆေးရမယ်..."
ကျန်ဆန်းမြို့နှင့် နှိုင်းယှဉ်ပါက လင်ဟိုင်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန် နောက်ကျနေလေသည်။ အဆင့်ခြောက် မြို့ငယ်လေး တစ်ခုဟု ဆိုလျှင်ပင် မမှားနိုင်ချေ။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်အပြင် ရဲတပ်ဖွဲ့တွင်လည်း အရည်အချင်းရှိသူ ဟူ၍ လုံးဝ မရှိသလောက် ပင်။
ဤကဲ့သို့သော အမှုမျိုးကို လအနည်းငယ်ခန့် အချိန်ယူ စုံစမ်းမည် ဆိုပါက ၎င်းတို့ အနေဖြင့်လည်း ဖော်ထုတ်နိုင်စွမ်း ရှိပေသည်။ သို့သော် မြို့တော်၏ စောင့်ကြည့်မှုအောက်တွင် ပြင်ပအကူအညီ မယူဘဲ အချိန်တိုအတွင်း အမှုကို ဖော်ထုတ်ရန် ဆိုသည်မှာ ၎င်းတို့အတွက် လုံးဝ အခက်တွေ့စေမည့် ကိစ္စကြီး တစ်ခု ဖြစ်လေသည်။
အထက်လူကြီးများကလည်း ထိုအချက်ကို ကောင်းစွာ နားလည်ထားသဖြင့် အမှုဖော်ထုတ်နိုင်ခြင်း၏ ဂုဏ်ကျေးဇူးကို စွန့်လွှတ်ရမည် ဆိုလျှင်တောင်မှ ကျန်ဆန်းမြို့ထံမှ လူငှားရမ်းရန် ညတွင်းချင်း ဆက်သွယ်ခဲ့ကြခြင်း ဖြစ်ချေသည်။
"လောလောဆယ်... ငါတို့ မှုခင်းဖြစ်ပွားရာ နေရာကို အရင် သွားကြမယ်..."
ဖုပေါ်က အသံကို နှိမ့်ကာ ပြောလိုက်၏။ ထို့နောက် ဦးထုပ်ကို ဆောင်းကာ အပြင်သို့ အလျင်အမြန် ထွက်ခွာသွားပြီး ရဲကားပေါ်သို့ တက်ကာ မှုခင်းဖြစ်ပွားရာ နေရာဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ဤအမှု၏ ဆိုးရွားမှု အတိုင်းအတာမှာ အနည်းငယ်မျှပင် မလျော့နည်းလှချေ။ တရားခံ၏ ဦးနှောက်မှာ ပုံမှန် မဟုတ်ပေ။ မဟုတ်သေးချေ။ ပုံမှန် မဟုတ်ခြင်းမျိုး မကဘဲ မှုခင်းဖြစ်ပွားရာ နေရာမှ တွေ့ရှိရသော ယုံကြည်နိုင်ဖွယ် မရှိသည့် သဲလွန်စများအရ ဆိုလျှင် တရားခံမှာ လူသားတစ်ဦးပင် မဟုတ်နိုင်ကြောင်း ကောက်ချက်ချနိုင်လေသည်။
သို့ဆိုလျှင် မည်သည့်အရာ ဖြစ်မည်နည်း။ မျောက်ဝံကြီးလော။ မျောက်ဝံကြီး တစ်ကောင်က အမျိုးသမီး တစ်ဦးကို သတ်ဖြတ်ပြီးနောက် သင်္ချိုင်းဂူကို တူးဆွကာ ထိုအမျိုးသမီးကို အခေါင်းထဲတွင် သွားရောက် ထည့်သွင်းထားခဲ့ခြင်း ပင်။ ဤသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။ မင်းသမီးလေးနှင့် သားရဲကြီး ပုံပြင်လော။
ဖုပေါ် အလွန် သောကရောက်နေလေပြီ။ အသက် လေးဆယ် အရွယ်ရှိ ဝါရင့် ရဲအရာရှိကြီး တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ ခေါင်းနဲ့ပန်း ခွဲမရအောင် ရှုပ်ထွေးလှသော အမှုကို မြင်တွေ့ရချိန်တွင် မျက်နှာတစ်ခုလုံး ညှိုးနွမ်းနေတော့၏။
တစ်ချိန်တည်းမှာပင် ထိန်းသိမ်းရေးစခန်း အတွင်း၌ ရုံးခန်းထဲကဲ့သို့ တည်တင်းနေသော၊ သောကရောက်နေသော လေထုမျိုး လုံးဝ မရှိချေ။ ဆန့်ကျင်ဘက် အနေဖြင့် ထိုနေရာမှာ အလွန် ဆူညံ ပွက်လောရိုက်နေပေသည်။
"နင့်ကို သေအောင် ရိုက်ပစ်မယ်..."
"ငတုံးလေး... နင့်ကို ကျန်ဆန်းမြို့ မှာ သရုပ်ဆောင် လုပ်ဖို့ လွှတ်လိုက်တာ... နင်က ကျန်ဆန်းမြို့ မှာ ဥပဒေချိုးဖောက်ပြီး ပြဿနာ ရှာလာတယ်ပေါ့... အဲဒါလည်း နှစ်ခါတောင်..."
"မိုက်မဲတဲ့ ကောင်လေး... နင့်ရဲ့ ဘိုးလေး က အဲဒီလောက် သဘောကောင်းတဲ့ သူကို... အခု နင့်ကြောင့် သင်္ချိုင်း အတူးခံလိုက်ရပြီ..."
"နင့်ကို ဧည့်သည် ကို သေချာ ဂရုစိုက်ဖို့... သူဌေး ကို သေချာ ဂရုစိုက်ဖို့ ပြောထားတာ... နင်က သူဌေး ကို ရဲစခန်း ရောက်တဲ့အထိ ဂရုစိုက်လိုက်တယ်ပေါ့..."
"ငတုံးလေး... နင့်ကို သေအောင် ရိုက်ပစ်မယ်..."
ယခုအချိန်တွင် ဝမ်ချောင် သည် မိခင်နှင့် အစ်မဖြစ်သူတို့၏ နှစ်ယောက်ပေါင်း ရိုက်နှက်မှုကို အပြည့်အဝ ခံစားနေရလေသည်။
ရွှီရှန်း ၏ ရင်ထဲတွင်လည်း ဂရင်း ညီအစ်ကို ပုံပြင်များ နှင့် ပတ်သက်၍ အသစ်စက်စက် နားလည်သဘောပေါက်မှု တစ်ခု ရရှိသွားချေပြီ။ ဥပမာပြရလျှင် မျက်စိရှေ့ရှိ ဝမ်ချောင် ကဲ့သို့ ပင်။ အရိုက်ခံရလွန်းသဖြင့် ဟိုဘက်ဒီဘက် ခုန်ပေါက် ပြေးလွှားနေရသော ပုံစံမှာ ပုံပြင်များထဲမှ ဟိုခုန်ဒီပေါက် လုပ်နေတတ်သော သစ်ပင်စောင့် နတ်သူငယ်လေး တစ်ကောင်နှင့် အလွန် တူညီနေလေတော့သည်။