အခန်း ၄၆
Vol. 5 Ch. 46
အခန်း ၄၆ - နည်းလမ်း ၃ သွယ်... ပထမအဆင့် ဂုဏ်ထူးဆောင်ဆုကြီးကို ရရှိမည့် အတွင်းခံ လက်ကားကုန်သည်ကြီး
"အစ်ကိုကြီး... ဝမ်ချောင်က ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ..."
"အမေ ရိုက်တာက ထားပါတော့... အစ်မကပါ ဘာလို့ ဝင်ရိုက်ရတာလဲ..."
ထိန်းသိမ်းရေးခန်းအတွင်း၌ ဝမ်ရှင်းနှင့် မိခင်ဖြစ်သူတို့ နှစ်ဦးစလုံး ဒေါသထွက်သမျှကို ပေါက်ကွဲပြီးနောက် ရဲအရာရှိများထံတွင် အခြေအနေအချို့ကို မေးမြန်းစုံစမ်းခဲ့ကြလေသည်။ ထို့နောက်မှသာ ဝမ်ရှင်းတို့ သားအမိနှစ်ဦး စိတ်အေးသွားပြီး ပြန်လည် ထွက်ခွာသွားကြတော့၏။
ဝမ်းနည်းကြေကွဲနေသော ဝမ်ချောင် တစ်ဦးတည်းသာ ထိန်းသိမ်းရေးခန်းရှိ ကုတင်ပေါ်တွင် မှီလျက် ကျန်ရစ်ခဲ့ပြီး ဝမ်ချောင်၏ မျက်နှာပေါ်တွင် တွေဝေငေးမောနေသည့် အမူအရာများ အပြည့်အနှက် ပေါ်လွင်နေပေသည်။
"ဘယ်သူက သိမှာလဲ..."
"အရင်းတွေဆိုတော့ ရိုက်ရတာ ပိုပြီး လက်သံပြောင်နေလို့ နေမှာပေါ့..."
ရွှီရှန်းက ဘေးဘက်မှနေ၍ ရယ်မောကာ ပြောလိုက်လေသည်။
ဝမ်ရှင်းက ဝမ်ချောင်ကို ရွှီရှန်းအား ဂရုစိုက်ရန် မှာကြားခဲ့ခြင်း ဖြစ်ချေသည်။ ဝမ်ရှင်းအနေဖြင့် ရေရှည် စီးပွားရေး လက်တွဲလုပ်ဆောင်ရန် စဉ်းစားထားခဲ့သော်လည်း ရုတ်တရက်ဆိုသလို မိမိ၏ မောင်ဖြစ်သူက ဖောက်သည် သူဌေးကို ရဲစခန်းရောက်သည်အထိ ဂရုစိုက်ပေးလိုက်ကြောင်း သတင်းရရှိခဲ့လေသည်။
ဝမ်ချောင်က ရွှီရှန်းကို လမ်းကြားလေးများထဲသို့ ခေါ်ဆောင်သွားပြီး ဖခင်လောင်းကစားလုပ် မိခင်ဖျားနာ မောင်လေးကျောင်းတက်နေရသည်ဟု အကြောင်းပြတတ်သော သနားစရာ မိန်းကလေးများကို သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်မည်ဟု ဝမ်ရှင်း အလိုအလျောက် တွေးတောမိသွားခြင်း ပင်။ ထိုသို့ တွေးတောမိသွားမည် ဆိုပါက ဝမ်ရှင်းအနေဖြင့် ဒေါသမထွက်လျှင်သာ အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။
"စိတ်ချပါ... ဝမ်ချောင်လည်း ၂ ခေါက်တောင် ရောက်ဖူးနေပြီပဲ... မကြာခင် ထွက်ရတော့မယ်ဆိုတာ သိသင့်ပါတယ်..."
ရွှီရှန်းက ဝင်ရောက် နှစ်သိမ့်ပေးလိုက်၏။ ရွှီရှန်း မနှစ်သိမ့်လျှင် တော်သေးသော်လည်း ယခုကဲ့သို့ နှစ်သိမ့်လိုက်သောအခါ ဝမ်ချောင်၏ မျက်နှာပေါ်တွင် ပို၍ပင် ဝမ်းနည်း နာကျင်မှုများ ထွက်ပေါ်လာတော့သည်။
'၂ ခေါက်တောင် ရောက်ဖူးတာလား... အခုက ၃ ခေါက်မြောက် ဖြစ်နေပြီပဲ... ဒီလို နေ့ရက်တွေက ဘယ်အချိန်မှ အဆုံးသတ်မှာလဲ...'
ရွှီရှန်းကမူ သိပ်ပြီး အများကြီး တွေးတောမနေတော့ချေ။ ရွှီရှန်းက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ မှုခင်းဖြစ်ပွားရာ နေရာမှ မြင်ကွင်းများကို ခေါင်းထဲတွင် ပြန်လည် ပုံဖော်ကြည့်လိုက်လေသည်။
'လင်ဟိုင်မြို့က မိုးများတယ်... လွန်ခဲ့တဲ့ ၂ ရက်က မိုးတစ်ပွေ ရွာထားတယ်... တူးဆွထားတဲ့ သင်္ချိုင်းက မြေကြီးတွေ လုံးဝ မခြောက်သေးဘူး... အဲဒီအပေါ်မှာ လူသတ်သမားရဲ့ ခြေရာတွေ ကျန်ခဲ့တယ်...'
'လူသတ်သမားရဲ့ ခြေဖဝါးက ရှည်တယ်... ခန့်မှန်းခြေ အနည်းဆုံး ၄၀ စင်တီမီတာလောက် ရှိတယ်... ဒါ့အပြင် လက်ဝါးရာ တစ်ခုလည်း ကျန်ခဲ့သေးတယ်... လက်ချောင်းတွေက ထူထဲပြီး ကြီးမားတယ်... အရှည်က ၃၀ စင်တီမီတာလောက် ရှိတယ်...'
ဤအရာက ပုံမှန် ဟုတ်ပါသလော။ သာမန်အားဖြင့် ထိုအရွယ်အစားကို ကောင်းစွာ တွေးတောကြည့်နိုင်မည် မဟုတ်ချေ။ တွေးတောကြည့်နိုင်မည့် အရာနှင့် နှိုင်းယှဉ်ပြရပေမည်။
ဖိနပ်ဆိုက် ၄၅ အရွယ်အစားမှာ အလွန် ကြီးမားသော်လည်း ထိုဖိနပ်ဆိုက်ပင်လျှင် အရှည် ၂၇.၅ စင်တီမီတာသာ ရှိပေသည်။ သို့သော် လူသတ်သမား၏ ခြေရာမှာ ၄၀ စင်တီမီတာ အပြည့် ရှိနေခြင်း ပင်။ သာမန် လူတစ်ယောက်၏ လက်ဝါးမှာ ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာ ကြားတွင်သာ ရှိတတ်သော်လည်း ထိုလက်ဝါးရာမှာ အနည်းဆုံး ၃၀ စင်တီမီတာခန့် ရှိနေလေသည်။
ထို့အပြင် မှုခင်းဖြစ်ပွားရာ နေရာတွင် ကျန်ရစ်ခဲ့သော လက်ဝါးရာများနှင့် ခြေရာများ၏ ဖြန့်ကျက်တည်ရှိမှုကို ကြည့်ခြင်းအားဖြင့် လူသတ်သမားမှာ ဖိနပ် ဝတ်ဆင်ထားခြင်း မရှိကြောင်း သိနိုင်၏။ လမ်းလျှောက်သည့် ပုံစံမှာလည်း ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ လျှောက်ခြင်း မဟုတ်ဘဲ မျောက်ဝံကြီး တစ်ကောင်ကဲ့သို့ ခြေလက်လေးဖက် ထောက်ကာ လျှောက်သွားခဲ့ခြင်း ဖြစ်ချေသည်။ ဤသည်မှာ လူသားတစ်ဦး ဟုတ်ပါသလော။ မျောက်ဝံကြီး တစ်ကောင်သာ ဖြစ်ရပေမည်။
"အကယ်၍ ဒါက မျောက်ဝံကြီး တစ်ကောင်သာဆိုရင်... ယုတ္တိဗေဒ သက်သေခံချက်တွေ အကုန် ပျောက်ကွယ်သွားလိမ့်မယ်... မျောက်ဝံကြီး မဟုတ်ဘဲ လူသားတစ်ဦးသာဆိုရင်တော့... လူသတ်သမားရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သေချာ စဉ်းစားဖို့ လိုအပ်လာပြီ..."
ရွှီရှန်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
အကယ်၍ မျောက်ဝံကြီးသာ ဆိုပါက သင်္ချိုင်းဂူကို တူးဆွပြီး အလောင်းကို အခေါင်းထဲတွင် သွားထည့်ကာ ငြိမ်းချမ်းစွာ အိပ်စက်နေသည့် ပုံစံမျိုး ဖန်တီးထားခဲ့သည့် ယုတ္တိမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မျောက်ဝံကြီး တစ်ကောင်တွင် ဤကဲ့သို့သော တွေးခေါ်နိုင်စွမ်းမျိုး မရှိသင့်သောကြောင့် ပင်။ ထိုသို့သာ ဆိုလျှင် မျောက်ဝံများ အုပ်စိုးသော ကမ္ဘာကြီး ဇာတ်ကားကို တိုက်ရိုက် ရိုက်ကူးပြသလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အကယ်၍ တစ်ဖက်လူမှာ မျောက်ဝံကြီး မဟုတ်ခဲ့လျှင် မေးခွန်း ၂ ခု ထွက်ပေါ်လာမည် ဖြစ်ပြီး ထိုမေးခွန်းများမှာ အားလုံး၏ မျက်စိရှေ့တွင် ဖုံးကွယ်ထားခြင်း မရှိဘဲ ပေါ်လွင်နေမည် ဖြစ်ချေသည်။
'၁... လူသတ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲ...'
'လူသတ်သမားက ဘယ်လို မြင်ကွင်းမျိုးကို ဖန်တီးချင်နေတာလဲ... အကယ်၍ ဂရင်း ညီအစ်ကို ပုံပြင်များ သာဆိုရင်... လူသတ်သမား အလိုရှိနေတာက ဘယ်ပုံပြင်လဲ... သားရဲကြီးနဲ့ မင်းသားလေး ပုံပြင်လား...'
'၂... လူသတ်သမားရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်...'
'အကယ်၍ လူသတ်သမားရဲ့ ခြေဖဝါးနဲ့ အရပ်အမောင်းက ပုံမှန် အချိုးအစား အတိုင်းသာဆိုရင်... လူသတ်သမားရဲ့ အရပ်က အနည်းဆုံး ၃ မီတာလောက် ရှိရမယ်... အဲဒီလိုဆိုရင်တော့ ဘာဖြစ်လို့ ခြေလက်လေးဖက် ထောက်ပြီး လျှောက်သွားရသလဲဆိုတာကို ရှင်းပြလို့ ရနိုင်တယ်...'
လူတစ်ယောက်၏ ခါးမှာ အလေးချိန်ကို အကန့်အသတ်မရှိ ခံနိုင်ရည် ရှိသည် မဟုတ်ချေ။ အကယ်၍ အရပ်အမောင်း အလွန် မြင့်မားနေပါက ဥပမာအားဖြင့် ၃ မီတာခန့် ရှိနေပါက ခန္ဓာကိုယ်၏ ဆွဲငင်အား ဗဟိုချက်မှာ မတည်မငြိမ် ဖြစ်သွားပြီး ဟန်ချက်ညီမှု အားနည်းသွားမည် ဖြစ်လေသည်။ မတ်တတ်ရပ်ရန်ပင် အလွန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာပြီး အချိန်ကြာမြင့်စွာ ရပ်နေပါက ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ ထို့ကြောင့် ဤမျှ အရပ်မြင့်သော လူများမှာ အချိန်အများစုတွင် ထိုင်နေတတ်ကြပြီး တွားသွားကာ လမ်းလျှောက်ခြင်းမှာမူ ဖြစ်နိုင်ချေ ရှိပေသည်။
သို့သော် ပြဿနာမှာ လူသတ်သမားသည် ထိုကဲ့သို့သော လူမျိုး ဟုတ်ပါသလော ဆိုသည့် အချက် ပင်။ ရွှီရှန်းသည် မျက်မှောင်ကြုတ်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားလေသည်။
၃ မီတာခန့် အရပ်မြင့်သော လူတစ်ဦးမှာ မည်သည့် နေရာတွင် ရှိနေပါစေ ပင်လယ်ပြင်ရှိ မီးပြတိုက်ကြီး ကဲ့သို့ အလွန် ထင်ရှားနေမည် ဖြစ်ချေသည်။ ဤကဲ့သို့သော လူမျိုးသာ ထွက်ပေါ်လာပါက မြို့နယ် သို့မဟုတ် မြို့ပြ ဧရိယာများတွင် အနည်းငယ် စုံစမ်းကြည့်ရုံဖြင့် တစ်ဖက်လူ၏ အရိပ်အယောင်ကို ရှာတွေ့နိုင်ပေသည်။ အကယ်၍ မဟုတ်ခဲ့ပါက တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ သေချာပေါက် ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေခြင်း ဖြစ်ရပေမည်။
ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေသော လူတစ်ဦးက မည်သည့်အရာကို ရှာဖွေနေသနည်း။ နစ်နာသူကို ဘာကြောင့် သတ်ဖြတ်ခဲ့သနည်း။ တစ်ဖက်လူက နစ်နာသူကို မည်သို့ သတ်ဖြတ်ခဲ့သနည်း။
"စောင့်ရမယ်... စောင့်ကြည့်ရဦးမယ်..."
ရွှီရှန်းက အတွေးများကို ရုပ်သိမ်းလိုက်ပြီး သံတံခါး ဘောင်ကို မှီကာ အပြင်ဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေလေသည်။
'အလောင်းရဲ့ သေဆုံးပုံက သံသယ ဖြစ်စရာ ကောင်းတယ်... သိသာထင်ရှားတဲ့ ပြင်ပ ဒဏ်ရာ ဘာမှ မတွေ့ရဘူး... လူသတ်သမားက တစ်ဖက်လူကို အလွန် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက် ထားသလိုပဲ...'
'ခန္ဓာကိုယ် အတွင်းပိုင်းကနေ သေဆုံးသွားတာ ဖြစ်နိုင်တယ်... ဥပမာ အဆိပ် သောက်မိတာမျိုးပေါ့...'
'ဒါက စနိုးဝှိုက်ပုံပြင်ကို အတုခိုးထားတာလား... ဒါပေမဲ့ မှုခင်းဖြစ်ပွားရာနေရာမှာ ပန်းသီးလိုမျိုး အရာဝတ္ထုတွေ ဘာမှမတွေ့ရဘူး... ဒါမှမဟုတ် လူသတ်သမားက အဆိပ်ခတ်တဲ့နေရာမှာ သေချာပေါက် ပန်းသီးဖြစ်ရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်လေးကို ဂရုမစိုက်တာများလား...'
'အကယ်၍ စနိုးဝှိုက် ပုံပြင်သာဆိုရင်... လူသတ်သမားရဲ့ မျက်စိထဲမှာ ဒါက ဘာကို အဓိပ္ပာယ် ဆောင်နေတာလဲ...'
ရွှီရှန်းအနေဖြင့် မှုခင်းဖြစ်ပွားရာ နေရာသို့ တစ်ကြိမ်သာ သွားရောက်ခဲ့ဖူးပြီး နာရီဝက်ခန့်သာ နေခဲ့ရခြင်း ဖြစ်လေသည်။ အရေးအကြီးဆုံး အချက်မှာ အလောင်းကို ခွဲစိတ်စစ်ဆေးရခြင်း မရှိသေးပေ။ ဆိုလိုသည်မှာ နစ်နာသူသည် အဆိပ်ခတ် ခံရခြင်း ဖြစ်သည်ဟူသော အချက်နှင့် စနိုးဝှိုက် ပုံပြင် ဖြစ်သည်ဟူသော ခန့်မှန်းချက်များကို အခြေခံ၍ မေးခွန်းတစ်ခု ထုတ်နိုင်စွမ်း မရှိသေးဘဲ အများဆုံး အနေဖြင့် ခန့်မှန်းချက် အဖြစ်သာ သတ်မှတ်နိုင်သေးခြင်း ဖြစ်ချေသည်။
'ငါ မှုခင်းဖြစ်ပွားရာ နေရာကို သွားမှ ရမယ်...'
'အော်... သတိရလို့... အရင်ဘဝ တုန်းက မှတ်မိသလောက်ဆိုရင် လင်ဟိုင်မြို့က မှုခင်းစုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူတွေ အကုန်လုံး အခြားကို ပြောင်းရွှေ့ခံရသူက ပြောင်း... ရာထူးတိုးသွားသူက တိုးသွားကြတယ်... အဲဒီအပြင် လူသစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ အရင်းအမြစ်တွေ မရှိတာကြောင့်... ကြီးမားတဲ့ မှုခင်းကြီးတွေနဲ့ ကြုံတွေ့ရတိုင်း အခြား မြို့နယ်တွေဆီက အကူအညီ တောင်းခံရလေ့ ရှိတယ်... ဒါဆို အခု အခြေအနေမှာရော...'
ရွှီရှန်း ရုတ်တရက် ရပ်တန့်သွားပြီး ဤရက်ပိုင်းအတွင်း နာမည်ကြီးနေသော လီရှန်းကို တွေးတောမိလိုက်လေသည်။
'အင်း... အမှုပေါ်ရင် ဂုဏ်ပြုခံရပြီး... မပေါ်ခဲ့ရင်လည်း တာဝန်ယူစရာ မလိုတဲ့ အမှုမျိုးကို... ဘယ်သူမှ ငြင်းဆန်မှာ မဟုတ်ဘူး...'
ထိုအရာကို တွေးမိလိုက်သောအခါ ရွှီရှန်းသည် တိမ်ကင်းစင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်ပေသည်။ ရွှီရှန်းက မိမိ၏ မှုခင်းစုံစမ်းထောက်လှမ်းရေး အတိုင်ပင်ခံ အဆင့်အတန်းကို ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိချေ။ အကယ်၍ ပြောဆိုလိုက်လျှင်လည်း အမှုတွင်း ဝင်ရောက် စွက်ဖက်ခွင့် ရနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ယခုကဲ့သို့ ဤနေရာတွင် ဆက်နေပြီး လီရှန်း ကိုယ်တိုင် မိမိကို လာရောက် ရှာဖွေမည့် အချိန်ကို စောင့်ဆိုင်းနေရခြင်းမျိုး ပင်။
'တပ်ခွဲမှူးလီ ဘယ်တော့လောက်မှ ရောက်လာမလဲ မသိဘူး...'
လီရှန်း ရောက်လာပြီလား ဆိုလျှင် မရောက်သေးပေ။ သို့သော် သေချာပေါက် ရောက်လာတော့မည် ဖြစ်ပြီး အချုပ်ပြောရလျှင် သူ လာနေပြီ ဖြစ်ချေသည်။
ရွှီရှန်း ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်လေသည်။ ယမန်နေ့ညက စူးချန်နှင့် လင်ဟိုင်မြို့ အထက်လူကြီးများ ဆွေးနွေး တိုင်ပင်ပြီးနောက် လီရှန်း၏ သဘောထားကို တောင်းခံခဲ့ကြပေသည်။ လူငှားရမ်းမည် ဆိုပါကလည်း ကာယကံရှင်၏ ဆန္ဒကို မေးမြန်းရမည် ဖြစ်ပြီး တစ်ဖက်လူက မလာချင်ပါက မည်သို့မျှ အတင်းအကျပ် လုပ်၍ မရနိုင်ချေ။
မူလက လီရှန်းအနေဖြင့် လာရောက်ရန် အစီအစဉ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီရှန်းသည် အငြိမ်းစားယူပြီးနောက် မည်သည့် ဘိုးဘွားရိပ်သာသို့ သွားရောက် နေထိုင်ရမည်ကိုပင် စဉ်းစားနေပြီ ဖြစ်သောကြောင့် ဖြစ်ချေသည်။ သို့သော် မတတ်နိုင်ပေ။ အထက်လူကြီးများ ပေးအပ်လာသော အကျိုးခံစားခွင့်များက အလွန် များပြားလွန်းနေလေသည်။ ဤအမှုကိုသာ အောင်မြင်စွာ ဖော်ထုတ်နိုင်ပါက မှုခင်းစုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့၏ အရင်းအမြစ်များ အားလုံးကို အသစ် လဲလှယ်ပေးမည့်အပြင် နောက်လာမည့် ရဲတက္ကသိုလ် ကျောင်းဆင်းများထဲမှ ထူးချွန်သူများကို ရွေးချယ်ခွင့် ရရှိမည် ဖြစ်၏။ ထိုအခွင့်အရေးများကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လီရှန်းလည်း ချက်ချင်း သဘောတူ လက်ခံလိုက်တော့သည်။
သို့သော် ဤအကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ လုံးဝ မဟုတ်ချေ။ လီရှန်းအနေဖြင့် ရွှီရှန်းကို ခေါ်ဆောင်သွားရန် မူလကတည်းက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရွှီရှန်းနှင့် အတူတကွ ရှိနေရခြင်းမှာ ဂိမ်းကစားရာတွင် ဖြတ်လမ်းနည်း လှည့်ကွက်များ သုံးပြီး အလွယ်တကူ အနိုင်ယူနေရသကဲ့သို့ ဖြစ်ပြီး ငွေသုံး၍ ကစားရသော ကစားသမားများထက်ပင် ပို၍ သာယာပျော်ရွှင်ဖွယ် ကောင်းလှသဖြင့် ဤကဲ့သို့သော ခံစားချက်မျိုးကို မည်သူမျှ ငြင်းဆန်နိုင်စွမ်း မရှိသောကြောင့် ပင်။
သို့သော် သရဲအိမ်မှ ဝန်ထမ်းများက ရွှီရှန်းသည် ပစ္စည်းဝယ်ရန် အပြင်ထွက်သွားကြောင်းနှင့် လောလောဆယ် အိမ်တွင် မရှိကြောင်း ပြောဆိုခဲ့ကြလေသည်။ ထို့ကြောင့် လီရှန်းလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး အမှု မအောင်မြင်ဘဲ ကျရှုံးသွားတော့မည်ဟုပင် ပြင်ဆင်ထားခဲ့တော့၏။ သို့သော် နောက်တစ်စက္ကန့်တွင် လီရှန်းက မေးခွန်းမေးသည့် နည်းလမ်းကို ပြောင်းလဲလိုက်ပေသည်။
"မင်းတို့ သူဌေးက လင်ဟိုင်မြို့ကို သွားတာ မဟုတ်လား..."
ရရှိလာသော အဖြေမှာ ဟုတ်မှန်ကြောင်း အတည်ပြုချက် ပင် ဖြစ်လေသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လီရှန်း၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားတော့၏။ အရာအားလုံးကို ကြိုတင်သိမြင်နေသော ပညာရှိကြီး တစ်ဦးကဲ့သို့ လီရှန်းသည် အလွန် တည်ငြိမ် အေးဆေးစွာဖြင့် ကားမောင်းကာ အဖွဲ့ကို ဦးဆောင်၍ လင်ဟိုင်မြို့သို့ ထွက်ခွာလာခဲ့တော့သည်။
ယခုအချိန်တွင် ညနေ ၅ နာရီ ၂၀ မိနစ် ရှိနေပြီ ဖြစ်လေသည်။ လီရှန်းသည် လင်ဟိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တားမြစ်မျဉ်းကို ကျော်ဖြတ်ကာ လင်ဟိုင်မြို့ မှုခင်းစုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ တပ်ခွဲမှူး ဖုပေါ်နှင့် စကားပြောဆို ဆွေးနွေးပြီးနောက် မှုခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးကြည့်ရှုပြီး ဖြစ်ချေသည်။
"အခု ငါ့မှာ အမှုကို ဖော်ထုတ်နိုင်မယ့် နည်းလမ်း ၃ သွယ် ရှိတယ်..."
"ပထမနည်းလမ်း ကတော့ အရင်းအမြစ် အမြောက်အမြားကို အသုံးပြုပြီး ပထမဆုံး မှုခင်းဖြစ်ပွားရာ နေရာက အချက်အလက်တွေကို အခြေခံကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို အသေးစိတ် ရှာဖွေ စစ်ဆေးဖို့ပဲ..."
"အကယ်၍ လင်ဟိုင်မြို့မှာ အရင်းအမြစ် မလုံလောက်ဘူးဆိုရင်တော့ အမှုဖော်ထုတ်နိုင်မယ့် အချိန်က အတော်လေး ကြန့်ကြာသွားနိုင်တယ်... ပြီးတော့ အဲဒီ အချိန်ကာလ အတွင်းမှာပဲ ဒုတိယမြောက် လူသတ်မှု ဖြစ်ပွားလာတာမျိုး... ဒါမှမဟုတ် လူသတ်သမားက အဲဒီ အချိန်လေးကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာမျိုး ဖြစ်နိုင်တယ်..."
မှုခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးပြီးနောက် လီရှန်းက ဖုပေါ်ကို ကြည့်ကာ ပြောလိုက်လေသည်။ ဖုပေါ် မျက်မှောင်ကြုတ်သွား၏။ လင်ဟိုင်မြို့တွင်သာ ဤကဲ့သို့သော အရင်းအမြစ်များ ရှိနေပါက ကျန်ဆန်းမြို့ထံမှ အကူအညီ တောင်းခံနေစရာ လိုအပ်မည် မဟုတ်ချေ။
"ဒုတိယ နည်းလမ်း ကတော့ ငါတို့ ကိုယ်တိုင် ဝင်ရောက် စုံစမ်းစစ်ဆေးဖို့ပဲ... အမှု ပေါ်နိုင်သလို မပေါ်ဘဲလည်း နေနိုင်တယ်... တစ်နည်းပြောရရင်တော့ သာမန် မှုခင်း စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် အတိုင်း သွားရုံပဲ..."
ဖုပေါ် တိတ်ဆိတ်သွားလေသည်။ လက်ရှိ အခြေအနေတွင် အမှုကို ဖော်ထုတ်နိုင်ရန်အတွက်သာ ၎င်းတို့အနေဖြင့် သူတစ်ပါးထံမှ အကူအညီ တောင်းခံရခြင်း ဖြစ်ပေသည်။ ဖုပေါ်၏ မျက်နှာထားကို မြင်လိုက်ရသောအခါ လီရှန်းက သွားများ ပေါ်အောင် ပြုံးလိုက်ပြီး တတိယမြောက် နည်းလမ်းကို ပြောပြလိုက်တော့၏။
"တတိယ နည်းလမ်း ကတော့ အမှုပေါ်နိုင်ဖို့ ရာခိုင်နှုန်း အတော်လေး များတယ်... ပြီးတော့ ထိရောက်မှုလည်း အရမ်း မြင့်မားတယ်... လူတစ်ယောက်ကို သွားရှာဖို့ပဲ လိုတယ်..."
"လူရှာမယ် ဟုတ်လား..."
ဖုပေါ် ကြောင်အမ်းသွားပြီး မေးလိုက်လေသည်။
"ဘယ်သူ့ကို ရှာရမှာလဲ..."
"ကျန်ဆန်းမြို့ကနေ လင်ဟိုင်မြို့ကို အတွင်းခံတွေ လာဝယ်တဲ့ အတွင်းခံ လက်ကားကုန်သည်ကြီး ကို ရှာရမှာ..."
"အဲဒီ ကောင်လေးကိုတော့ တကယ့် ပါရမီရှင် လို့ပဲ သတ်မှတ်ရမယ်... သူသာ ရဲအရာရှိ လာလုပ်မယ်ဆိုရင် သူ့ရဲ့ အနိမ့်ဆုံး အဆင့်အတန်းက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ကနေ စတင်ရမှာ..."
"အရင်က သူ အမှုတစ်ခုကို ဖော်ထုတ်ပေးခဲ့ဖူးတယ်... အခု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့တော်က သူ့ကို ပထမအဆင့် ဂုဏ်ထူးဆောင်ဆုကြီး ဘယ်လို ချီးမြှင့်ရမလဲ ဆိုတာကိုတောင် တိုင်ပင် ဆွေးနွေးနေကြပြီ..."
လီရှန်း၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပိုမို တောက်ပလာတော့၏။ ဒုတိယမြောက် အမှုမှာ အလွန် ကြီးမားလွန်းလှပြီး ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆု၏ ဘောင်ထက် အဆပေါင်းများစွာ ကျော်လွန်နေချေပြီ။ မည်သည့် ရဲအရာရှိ ဖြစ်ပါစေ ဤအမှုကိုသာ ဖော်ထုတ်နိုင်ပါက ပထမအဆင့် ဂုဏ်ထူးဆောင်ဆုကြီး ချီးမြှင့်ခြင်း မခံရလျှင် လုံးဝ အဓိပ္ပာယ်မရှိ ဖြစ်သွားပေလိမ့်မည်။
"သူ့နာမည် ဘယ်လို ခေါ်လဲ..."
ဖုပေါ် ကြောင်အမ်းသွားလေသည်။ အတွင်းခံ လက်ကားကုန်သည် ဟူသော စကားလုံးများမှာ အနည်းငယ် ရင်းနှီးနေသည်ဟု ဖုပေါ် ခံစားနေရသော်လည်း ပထမအဆင့် ဂုဏ်ထူးဆောင်ဆု ဆိုသည့် စကားကြောင့် အနည်းငယ် တွေဝေသွားပြီး အတည်မပြုရဲဘဲ ဖြစ်နေချေသည်။
"ရွှီရှန်း..."
လီရှန်းက အလွန် ပြတ်သားသော လေသံဖြင့် ပြန်ဖြေလိုက်၏။
"ရွှီရှန်း..."
ဖုပေါ် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားလေသည်။ မိမိတို့၏ ထိန်းသိမ်းရေးခန်း အတွင်း၌ ရွှီရှန်း အမည်ရှိ အတွင်းခံ လက်ကားကုန်သည် တစ်ဦး ဖမ်းဆီး ချုပ်နှောင်ခံထားရသည် မဟုတ်ပါလော။
ဖုပေါ် အလွန်အမင်း အံ့ဩမှင်တက်သွားတော့၏။ ဖုပေါ် စကားမပြောနိုင်မီမှာပင် လီရှန်းက အနီးသို့ ကပ်လာပြီး ပြောလိုက်ပေသည်။
"အခု ထိန်းသိမ်းရေးခန်း ထဲမှာ ရွှီရှန်းလို့ ခေါ်တဲ့ အတွင်းခံ လက်ကားကုန်သည် တစ်ယောက် ရှိနေတယ် မဟုတ်လား..."
ဖုပေါ်၏ မျက်နှာပေါ်ရှိ အံ့ဩမှင်တက်မှုများက ပိုမို ထင်ရှားလာလေသည်။ မိမိအနေဖြင့် တစ်ဖက်လူကို ဤကိစ္စအား ဖွင့်ဟ ပြောဆိုရခြင်း မရှိသေးဘဲ တစ်ဖက်လူက မည်သို့ သိရှိနေရသနည်း။
"ဟီး... ငါ ထင်တဲ့ အတိုင်းပဲ... တကယ်ကို သူ့လက်ချက် ဖြစ်နေတာပဲ..."
လီရှန်း၏ မျက်နှာပေါ်ရှိ အပြုံးများကို လုံးဝ တားဆီး၍ မရနိုင်တော့ချေ။ ရွှီရှန်းနှင့် ဝမ်ချောင်တို့ ဒုတိယအကြိမ် ရဲစခန်းသို့ ဝင်ရောက်လာကတည်းက ဤကြီးမားလှသော ကမ္ဘာကြီး၏ လျှို့ဝှက်ချက် စည်းမျဉ်းတစ်ခုကို လီရှန်း ခပ်ရေးရေး ရိပ်မိနေခဲ့ပြီ ဖြစ်လေသည်။
"အဆင်ပြေသွားပြီ..."
"သွားမယ်... လူသွားရှာကြရအောင်..."
ဖုပေါ် တစ်ယောက် ကြောင်အမ်းသွားလေသည်။
'ဟင်... ဟင်…’