အခန်း ၄၉
Vol. 5 Ch. 49
အခန်း ၄၉ စနိုးဝှိုက်
ဒုတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာတွင် လူသတ်သမား မည်သို့ ပြစ်မှုကျူးလွန်ခဲ့သနည်း ဆိုသည်ကို ရွှီရှန်း ဤနေရာသို့ မလာမီက မသိခဲ့ချေ။ သို့သော် ရွှီရှန်း ဤနေရာသို့ ရောက်ရှိလာပြီးနောက် ချက်ချင်း သဘောပေါက်သွားလေသည်။
ရွှီရှန်း တစ်ယောက်တည်း သာမက ရဲအရာရှိများ အားလုံး ဤအတွေးအခေါ်ကို လက်ခံလိုက်ပြီးနောက် ကောင်းမွန်စွာ ကျန်ရစ်နေခဲ့သော သဲလွန်စများကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်း သဘောပေါက်သွားကြတော့၏။ သာမန် အချိန်ဆိုလျှင် မည်သူမျှ ဤဘက်သို့ ဆက်စပ် တွေးတောမိကြမည် မဟုတ်ပေ။ သို့သော် ဆက်တိုက် ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားလာသောအခါ တိုက်ဆိုင်မှု လုံးဝ မဟုတ်တော့ချေ။
"တောက်... အရူးပဲ... ဒီကောင်က တကယ့် အရူးပဲ..."
လီရှန်း က လက်အိတ်များကို စွပ်လိုက်ပြီး ပန်းသီးကို တစ်ချက် ကြည့်လိုက်ကာ အလွန် မှိုင်းညို့နေသော မျက်နှာဖြင့် ဒေါသတကြီး ခပ်တိုးတိုး အော်ဟစ်လိုက်လေသည်။
"ပန်းသီးထဲမှာ အဆိပ် ရှိတယ်... မှုခင်းဖြစ်ပွားရာ နေရာမှာ ပယ်ချောင်ခူလို့ ခေါ်တဲ့ ပေါင်းသတ်ဆေးနဲ့ တီတီဝေ့လို့ ခေါ်တဲ့ ပိုးသတ်ဆေး ပုလင်းအဖုံးတွေ ရှိနေတယ်..."
"မခြောက်သေးတဲ့ ပုလင်းထဲက အနေအထားအရ... နစ်နာသူ သေဆုံးသွားတဲ့ အချိန်နဲ့ ကိုက်ညီနေတယ်... ပန်းသီးထဲက အဆိပ်တွေဟာ ဒီစိုက်ပျိုးရေးသုံး ဆေးရည် ၂ မျိုးကနေ လာတယ်လို့ အခြေခံအားဖြင့် ကောက်ချက်ချလို့ ရတယ်..."
ပေါင်းသတ်ဆေးနှင့် ပိုးသတ်ဆေး ပုလင်းများကို ရွှီရှန်း ကြည့်လိုက်လေသည်။ ထို့နောက် အလွန်အမင်း နာကျင်နေသော်လည်း အတင်းအကျပ် ငြိမ်းချမ်းနေသည့် ပုံစံမျိုး ဖန်တီးခံထားရသော နစ်နာသူကို ရွှီရှန်း ဆက်လက် ကြည့်ရှုလိုက်ရာ ရွှီရှန်း ၏ မျက်နှာမှာ မှိုင်းညို့သွားတော့၏။
လူအများစုမှာ ပိုးသတ်ဆေး၏ အစွမ်းကိုသာ သိရှိကြပြီး ပေါင်းသတ်ဆေး အမည်ကို ရင်းနှီးကျွမ်းဝင်မှု မရှိကြသဖြင့် ပိုးသတ်ဆေး၏ အဆိပ်ပြင်းအားက ပိုမို ကြီးမားသည်ဟု အလိုအလျောက် ထင်မှတ်ထားတတ်ကြပေသည်။ သို့သော် အမှန်တကယ်တွင် ထိုသို့ မဟုတ်ချေ။ ပိုးသတ်ဆေးကို သောက်မိပါက အစာအိမ် ဆေးကြော၍ အသက်ကယ်နိုင်စွမ်း ရှိသေးလေသည်။ သို့သော် ပေါင်းသတ်ဆေးကို သောက်မိပါက သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ၁၀၀ အပြည့် ရှိပေသည်။ လက်မ လက်သည်းခွံ အရွယ်အစားလောက် ပမာဏကို သောက်မိရုံဖြင့် ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ အသက်ကို ကယ်တင်နိုင်စွမ်း ရှိမည် မဟုတ်တော့ချေ။
ထိုဆေးရည်မှာ ခန္ဓာကိုယ် အတွင်းရှိ ကလီစာများကို ပြန်လည် ကုစား၍ မရနိုင်သော အမျှင်ဓာတ်များအဖြစ် ပြောင်းလဲသွားစေပြီး အသက်ကယ်တင်ရန် ကြိုးစားခြင်းမှာ ကျက်နေအောင် ပြုတ်ထားသော ကြက်ဥကို အစိမ်း ပြန်ဖြစ်အောင် လုပ်ကာ ကြက်ပေါက်လေးများ ပေါက်ဖွားလာအောင် လုပ်ဆောင်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ချက်ချင်း အစာအိမ် ဆေးကြော၍ အသက်ကယ်နိုင်ခဲ့လျှင်တောင်မှ ခေတ္တခဏမျှသာ ဖြစ်ပြီး ဆေးကုသစရိတ် အကုန်ခံနေစရာ မလိုဘဲ အခေါင်း တစ်လုံး ဝယ်ကာ သေမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ ရှိပေသည်။ ဤသည်မှာ ခြောက်လှန့်နေခြင်း လုံးဝ မဟုတ်ပေ။ အနည်းဆုံးတော့ ၂၀၀၃ ခုနှစ် ကာလတွင် ထိုအရာကို ကုသ၍ မရနိုင်သေးချေ။
ထိုဆေးရည်မှာ သီးနှံများကို အန္တရာယ် မပေးဘဲ ပေါင်းပင်များကိုသာ ပစ်မှတ်ထားသဖြင့် အကောင်းဆုံးသော စိုက်ပျိုးရေးသုံး ဆေးရည် ဖြစ်ပြီး ပိုးသတ်ဆေးထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှပေသည်။ သို့သော် လူသားများ အပေါ် ပြန်လည် ကုစား၍ မရနိုင်သော ဆိုးကျိုးများကို သက်ရောက်စေနိုင်သောကြောင့် နောက်ပိုင်းတွင် ရောင်းချခွင့် ပိတ်ပင်ခံခဲ့ရလေသည်။ ၂၀၂၄ ခုနှစ် ကျေးလက်ဒေသများတွင်ပင် ရှာတွေ့နိုင်တော့မည် မဟုတ်ဘဲ အကယ်၍ ရှိနေလျှင်လည်း အရင်က ဝယ်ယူထားပြီး အသုံးမပြုဘဲ ကျန်ရစ်နေသော ဆေးဟောင်းများသာ ဖြစ်ပေလိမ့်မည်။
"နှမြောစရာ ကောင်းလိုက်တာ..."
လှပသော မိန်းကလေးကို ကြည့်ရင်း ရွှီရှန်း သက်ပြင်းချလိုက်လေသည်။
"လွန်ခဲ့တဲ့ ၂ ရက်လောက်က သေဆုံးသွားတာ ဖြစ်ဖို့ များတယ်... ဒီရက်ပိုင်း အတွင်းက တိုင်ကြားထားတဲ့ ဖုန်းမှတ်တမ်းတွေကို စစ်ဆေးပြီး... မိသားစုဝင်တွေကို အမြန်ဆုံး ရှာဖွေပါ..."
"မိသားစုဝင်တွေက အနီးအနား ကီလိုမီတာ အနည်းငယ် အတွင်းမှာ နေထိုင်တာ ဖြစ်နိုင်တယ်... ရဲအရာရှိတွေကို အရင် လွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ..."
အနောက်ဘက် တောင်ကုန်းရှိ ဒုတိယ မှုခင်းဖြစ်ပွားရာ နေရာမှာ ပထမ မှုခင်းဖြစ်ပွားရာ နေရာနှင့် သိပ်မဝေးလှချေ။ ၇ ကီလိုမီတာခန့်သာ ကွာဝေးပေသည်။ သို့သော် နစ်နာသူ ၂ ဦး၏ သေဆုံးချိန်မှာ ၂ ရက်တိတိ ကွာခြားနေလေသည်။ ပထမ နစ်နာသူမှာ လွန်ခဲ့သော ၄ ရက်က သေဆုံးခဲ့ပြီး ဒုတိယ နစ်နာသူမှာ လွန်ခဲ့သော ၂ ရက်က သေဆုံးခဲ့ခြင်း ပင်။ ၂ ရက် ဆိုသော အချိန်အတွင်း လူသတ်သမား ထွက်ပြေးချင်ပါက ခြေနှစ်ချောင်းကို အားကိုး၍ တောင်လမ်း အတိုင်း လျှောက်သွားလျှင်တောင် ကီလိုမီတာ ဆယ်ဂဏန်းကျော်အထိ ရောက်ရှိသွားနိုင်ပေသည်။
သို့သော် လူသတ်သမား မထွက်ပြေးခဲ့ချေ။ တစ်နည်းအားဖြင့် ပြောင်းပြန် တွေးတောကြည့်ပါက လူသတ်သမား သည် ထိုနေရာမှ ထွက်ခွာမသွားသေးကြောင်း ပင်။ လူသတ်သမား သည် သူ လှုပ်ရှားနိုင်သော ဧရိယာ အတွင်း၌သာ ရှိနေဆဲ ဖြစ်လေသည်။
အနည်းဆုံး ခန့်မှန်းချက် အရ လူသတ်သမား သည် အချင်းဝက် ၁၅ ကီလိုမီတာ နှင့် အချင်း ၃၀ ကီလိုမီတာ အဝန်းအဝိုင်း အတွင်း၌ ရှိနေပေသည်။ ၃၀ ကီလိုမီတာ။ ဤဂဏန်းမှာ အလွန် ကြီးမားကျယ်ပြန့်လှချေပြီ။ တောတောင်များ၊ မြေရိုင်းများ၊ ကျေးရွာများ၊ မြို့ပြများ နှင့် ပင်လယ်ကမ်းစပ် အပြင် ရွှီရှန်း လာစဉ်က တွေ့ခဲ့ရသော မီးပြတိုက်ကြီး ပင်လျှင် ဤအဝန်းအဝိုင်း အတွင်း၌ ပါဝင်နေလေသည်။
ဘေးဘက်ရှိ လီရှန်း ကမူ ထိုမျှလောက်အထိ တွေးတောမိခြင်း မရှိသေးချေ။ လီရှန်း ၏ တွေးခေါ်နိုင်စွမ်းမှာ သိသာစွာ တိုးတက်လာပြီး ရွှီရှန်း ၏ တွေးခေါ်မှု အတိုင်း မှုခင်းဖြစ်ပွားရာ နေရာကို အလွန် ချောမွေ့စွာ ခန့်မှန်းနိုင်စွမ်း ရှိလာသော်လည်း မှုခင်းဖြစ်ပွားရာ နေရာ အပေါ်တွင်သာ ကန့်သတ်ထားနိုင်သေးလေသည်။ လီရှန်း သည် ငယ်စဉ်က မြို့ပေါ်သို့ တက်လာခဲ့ရချိန်များကို အားထုတ်၍ ပြန်လည် စဉ်းစားနေမိ၏။ လီရှန်း မှာ ၆၀ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့သူ ဖြစ်ရာ ကလေးပုံပြင် များကို ကြားဖူးရခြင်းမှာပင် အလွန် ကံကောင်းနေပြီ ဖြစ်ပေသည်။
"ဘာတွေ ဆက်စပ်နေတာလဲ..."
လီရှန်း က မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေသည်။
အမှောင်ခေတ် ပုံစံအရ မိထွေး မိဖုရားကြီး က မခံမရပ်နိုင် ဖြစ်လာပြီးနောက် စနိုးဝှိုက် ကို နှင်ထုတ်ကာ မုဆိုးကို လျှို့ဝှက်စွာ လွှတ်၍ လိုက်လံ သတ်ဖြတ်ခိုင်းခဲ့ပေသည်။ ထို့နောက် စနိုးဝှိုက် မသေသေးကြောင်း သိရှိသွားသောအခါ မိဖုရားကြီး က ထပ်မံ လိုက်လံ သတ်ဖြတ်ရန် အဆိပ်လူး ပန်းသီး တစ်လုံးကို ပေးခဲ့လေသည်။ ဤနေရာမှ စတင်၍ ကလေးပုံပြင် အဖြစ် ပြောင်းလဲသွားခြင်း ပင်။
"ကလေးပုံပြင် အရ ကြည့်မယ်ဆိုရင်... စနိုးဝှိုက် က သူ့ရဲ့ ပျော်ရွှင်မှုကို ရှာတွေ့သွားခဲ့တယ်..."
"အိပ်မောကျနေတဲ့ အလှပန်းလေး လည်း သူ့ရဲ့ ပျော်ရွှင်မှုကို ရှာတွေ့သွားခဲ့တာပဲ..."
"ဒါပေမဲ့ လက်တွေ့မှာတော့ ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ..."
လီရှန်း က မျက်မှောင်များကို တင်းကျပ်စွာ စုကြုံ့ထားပြီး ထိုအရာများကြားရှိ ဆက်စပ်မှုကို စဉ်းစားနေလေသည်။
"အချစ်စစ်ကို ရှာတွေ့ရမယ့် မင်းသမီးလေးတွေ ဟုတ်လား..."
လီရှန်း က အလောင်း ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး လက်ချောင်းများဖြင့် နစ်နာသူ၏ မျက်လုံးများကို လှန်ကြည့်လိုက်ပေသည်။ ထို့နောက် ပါးစပ်ကို ဟခိုင်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လေကို ယပ်ခတ်လိုက်ရာ အလောင်းနံ့များက အဆုတ်ထဲသို့ ဝင်ရောက်လာတော့၏။ အလွန် နံစော်နေပြီး သေဆုံးသွားသည်မှာ သေချာနေပြီ ဖြစ်လေသည်။
"လူသတ်သမား က ကလေးပုံပြင်တွေ အတိုင်း လူသတ်နေတာလား..."
ဖုပေါ် က လက်ပိုက်ကာ စကားဆိုလိုက်၏။ ဖုပေါ် မွေးဖွားလာသော ခေတ်ကာလမှာလည်း သိပ်မနီးကပ်လှသဖြင့် အများဆုံး သိရှိထားသည်မှာ ကလေးပုံပြင် ၃ ပုဒ် ၄ ပုဒ်ခန့်သာ ရှိပေသည်။ လူအုပ်ကြီး အနေဖြင့် ဤအမှုနှင့် ကြုံတွေ့ရချိန်တွင် ပညာရှိက စစ်သားနှင့် တွေ့ဆုံရသကဲ့သို့ ဖြစ်နေပြီး အကျိုးအကြောင်း ပြသ၍ ရှင်းပြရန် လုံးဝ မဖြစ်နိုင်အောင် ခက်ခဲနေကြချေသည်။
ရွှီရှန်း က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီး နစ်နာသူ၏ မျက်နှာပေါ်ရှိ စေးကပ်နေသော အမည်းရောင် အကွက်များကို ကြည့်လိုက်လေသည်။ အနမ်းခံထားရသော အရာများမှာ နှုတ်ခမ်းပေါ်တွင် ဖြစ်ပေသည်။ ကလေးပုံပြင် ၂ ခု၏ တူညီသော အချက်မှာ မင်းသမီးလေး ကို နမ်းရှုံ့၍ နိုးထစေခဲ့ခြင်း ပင်။ သို့သော် ထိုအချက်က အမှန်တကယ်ပင် တူညီသော အချက် ဟုတ်မဟုတ်ကို စဉ်းစားရမည် ဖြစ်လေသည်။
"ဂရင်း ညီအစ်ကို ပုံပြင်များ ထဲမှာ... အနမ်းခံရပြီး နိုးထလာတဲ့ တခြား မင်းသမီးလေးတွေ ရှိသေးလား..."
လီရှန်း က အလောင်း၏ မျက်နှာပေါ်ရှိ အနမ်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဘေးဘက်ရှိ လူငယ် ရဲအရာရှိ ကို လှမ်းကြည့်လိုက်လေသည်။
"အင်း... အိပ်မောကျနေတဲ့ အလှပန်းလေး နဲ့ စနိုးဝှိုက် ပဲ ရှိမယ် ထင်တယ်..."
လူငယ် ရဲအရာရှိ က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မံ ပြောဆိုလိုက်၏။
"ဖားမင်းသား ပုံပြင် ကရော အကျုံးဝင်လား..."
"ထူးဆန်းတယ်... အကယ်၍ မင်းသမီးလေး အိပ်မောကျနေပြီး မင်းသား က နမ်းရှုံ့လို့ နိုးထလာတဲ့ ပုံပြင် ဆိုလို့ ဒီ ၂ ခုပဲ ရှိတယ် ဆိုရင်..."
"ဒီအမှုမှာ တတိယမြောက် နစ်နာသူ ထပ်ရှိလာမှာ မဟုတ်တော့ဘူး လို့ ဆိုလိုတာလား..."
ဖုပေါ် က ခေတ္တမျှ စဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်ပေသည်။
ယခင် မှုခင်း ၂ ခု၏ တူညီသော အချက်များကို ကြည့်ခြင်းအားဖြင့် ကလေးပုံပြင်များ အတိုင်း မင်းသမီးလေး အိပ်မောကျနေပြီး မင်းသားက နမ်းရှုံ့၍ နိုးထစေခြင်း ပင်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ လူသတ်သမား က ဤပြစ်မှု ကျူးလွန်ခြင်း ၂ ကြိမ်တွင် သူ၏ ရည်ရွယ်ချက် ကို မပြည့်ဝခဲ့ကြောင်း သိသာ ထင်ရှားလှပေသည်။
အကယ်၍ မပြည့်ဝသေးပါက တတိယမြောက် မှုခင်း ထပ်မံ ဖြစ်ပွားလာမည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာ၏။ အကယ်၍ ဖြစ်ပွားလာပါက တတိယမြောက် မှုခင်းသည် ယခင် မှုခင်း ၂ ခု အတိုင်း ထပ်မံ ကျူးလွန်မည်လား သို့မဟုတ် မင်းသမီးလေး အိပ်မောကျနေခြင်း မရှိသော အခြား ပုံပြင် တစ်ခု ဖြစ်လာမည်လား။
အကယ်၍ မင်းသမီးလေး အိပ်မောကျနေခြင်း မရှိပါက ထိုပုံပြင် ၃ ခု၏ တူညီသော အချက်မှာ မည်သည့်အရာ ဖြစ်မည်ကို စဉ်းစားရပေမည်။ လူသတ်သမား သည် နစ်နာသူများကို ရွေးချယ်ရာတွင် မည်သည့် ရည်ရွယ်ချက် ကို အောင်မြင်ချင်နေသနည်း ဆိုသည်မှာ ပဟေဠိဖြစ်နေဆဲ ပင်။ မှုခင်းဖြစ်ပွားရာ နေရာ တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားပြီး နက်ရှိုင်းသော စဉ်းစားခန်း ဝင်သွားကြတော့၏။
အတန်ကြာမှသာ ရွှီရှန်း က ရုတ်တရက် စကားဆိုလိုက်လေသည်။
"မဟုတ်ဘူး... မှားနေပြီ..."
"တူညီတဲ့ အချက်က မင်းသမီးလေး အိပ်မောကျနေတာ မဟုတ်ဘူး..."
ရွှီရှန်း သည် မျက်စိရှေ့ရှိ လှပသော မိန်းကလေး၏ အလောင်းကို တိတ်ဆိတ်စွာ ကြည့်ရင်း ရုတ်တရက် ပြောလိုက်၏။
"တူညီတဲ့ အချက်က အနမ်းခံရပြီး နိုးထလာတာ လည်း မဟုတ်ဘူး..."
"လှပတဲ့ ဇာတ်သိမ်းလေး ပဲ ဖြစ်ရမယ်…”