← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀ ဖမ်းဆီးခြင်း စတင်ပြီ

တွေးခေါ်မှု လမ်းလွဲသွားခြင်း ပင် ဖြစ်လေသည်။

လူအုပ်ကြီးမှာ မှားယွင်းသော တွေးခေါ်မှုထဲသို့ ကျဆင်းသွားခဲ့ခြင်း ပင်။

မှားယွင်းသော တွေးခေါ်မှု ဆိုသည်မှာ အလွယ်ပြောရလျှင် မဖြစ်နိုင်သည်ကို အတင်းကြိုးစားနေခြင်း ပင် ဖြစ်လေသည်။ အချို့သော စဉ်းစားတွေးခေါ်မှုများကို လျစ်လျူရှုမိပြီး ထွက်ပေါက်မရှိသော လမ်းပိတ်ကြီးထဲတွင် အဆက်မပြတ် ဝင်တိုက်နေခြင်းမျိုး ဖြစ်ချေသည်။

"တူညီတဲ့ အချက်က အနမ်းခံရပြီး နိုးထလာတာ မဟုတ်ဘူး..."

လီရှန်း ခေါင်းမော့လာပြီး မျက်နှာတစ်ခုလုံး နားမလည်နိုင်မှုများ ပြည့်နှက်နေကာ ရွှီရှန်းကို ကြည့်လိုက်လေသည်။

"တပ်ခွဲမှူးလီ... စနိုးဝှိုက်ရဲ့ ဇာတ်သိမ်းပိုင်းက ဘာလဲဆိုတာကို သိလား..."

"အိပ်မောကျနေတဲ့ အလှပန်းလေးလည်း အတူတူပဲ..."

ရွှီရှန်းသည် အလောင်းကိုသာ စိုက်ကြည့်နေပြီး လီရှန်းကို လှည့်မကြည့်ဘဲ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်၏။

စနိုးဝှိုက်၏ ဇာတ်သိမ်းပိုင်းဟု ဆိုလာလျှင် အမှောင်ခေတ် ပုံစံဖြင့် မကြည့်ဘဲ ကလေးပုံပြင် အမြင်ဘက်မှနေ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်မည် ဆိုပါက အဖြေတစ်ခုသာ ရှိပေသည်။

၎င်းမှာ ပျော်ရွှင်ဖွယ်ရာ ဘဝလေးကို ပိုင်ဆိုင်သွားခြင်း ပင် ဖြစ်လေသည်။

"အစပိုင်း ကတည်းက... လူသတ်သမားက ဘာကို ရှာဖွေနေတာလဲ... ဘာလုပ်ချင်နေတာလဲ... ဘယ်လို ရည်ရွယ်ချက်ကို အောင်မြင်ချင်နေတာလဲ ဆိုတာကိုပဲ စဉ်းစားနေခဲ့ကြတာ..."

"ဒါပေမဲ့... မှုခင်း နှစ်ခုရဲ့ တူညီတဲ့ အချက်အလက်တွေကို ရှာဖွေတဲ့ နေရာမှာတော့... တစ်ဖက်လူရဲ့ ကျရှုံးသွားတဲ့ ဖန်တီးမှုတွေ ထဲကနေ ရှာဖွေနေခဲ့ကြတယ်..."

အလောင်းကို ကြည့်ရင်း ရွှီရှန်းသည် အလွန် ရှားရှားပါးပါး ခေါင်းခါယမ်းလိုက်ပေသည်။

မည်သည့် လူသတ်သမားမဆို ရည်ရွယ်ချက် တစ်ခု ရှိစမြဲ ဖြစ်၏။ အထူးသဖြင့် မျက်စိရှေ့ရှိ အမှုမျိုးကဲ့သို့ ရည်ရွယ်ချက် အလွန် ကြီးမား ထင်ရှားသော လူသတ်သမားမျိုး ပင် ဖြစ်လေသည်။

အကယ်၍ လူသတ်သမားသည် ပထမ မှုခင်းဖြစ်ပွားရာ နေရာတွင် ရည်ရွယ်ချက်ကို အောင်မြင်ခဲ့မည် ဆိုပါက ဒုတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာ ဆိုသည်မှာ ထွက်ပေါ်လာမည် မဟုတ်ချေ။ သို့သော် ဒုတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာမှာ ပထမ မှုခင်းဖြစ်ပွားရာ နေရာနှင့် အလွန် ဆင်တူနေပြန်လေသည်။

ထို့ကြောင့် ပြောင်းပြန် ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်မည် ဆိုပါက ထိုအမှု နှစ်ခုစလုံးမှာ လူသတ်သမားကို ရည်ရွယ်ချက် မပြည့်ဝစေခဲ့ခြင်း ပင် ဖြစ်တော့၏။

သို့သော် ရဲတပ်ဖွဲ့မှာမူ ကျရှုံးမှုများဖြင့် ပြည့်နှက်နေသော မှုခင်းဖြစ်ပွားရာ နေရာ နှစ်ခုမှ မျက်မြင် အချက်အလက်များကို အခြေခံ၍ လူသတ်သမား အောင်မြင်ချင်သော မြင်ကွင်းကို ရှာဖွေရန် ကြိုးစားနေခဲ့ကြခြင်း ဖြစ်ချေသည်။

ဥပမာပြရလျှင် လူသတ်သမား မြင်တွေ့ခဲ့ရသည်မှာ တစ် အပေါင်း တစ် ညီမျှခြင်း နှစ် ဖြစ်သော်လည်း လူသတ်သမားက တစ် အပေါင်း တစ် ညီမျှခြင်း လေး ဟု ရေးသားခဲ့လေသည်။ ထို့နောက် ရဲတပ်ဖွဲ့က မသိကိန်း နှစ်ခု ပေါင်းလျှင် လေး ရမည်ဟု စဉ်းစားနေကြပြီး အဖြေမှာ တစ် နှစ်လုံး ဖြစ်နေမည်ဟု တွေးတောနေခြင်းနှင့် တူညီနေပေသည်။

တစ် အပေါင်း တစ် ဟူသော ကန့်သတ်ချက် အတွင်း၌ မရှိတော့သည်မှအပ အခြား မရှိနိုင်တော့ချေ။

"မှားနေပြီ..."

"ရဲတပ်ဖွဲ့ မြင်တွေ့နေရတဲ့ ကလေးပုံပြင်တွေဟာ... လူသတ်သမားက ဖန်တီးထားခဲ့တာတွေပဲ..."

"လူသတ်သမား မြင်တွေ့ခဲ့ရတဲ့ ကလေးပုံပြင်တွေကမှ... အစစ်အမှန် ကလေးပုံပြင်တွေ ဖြစ်နေတာ..."

"ကလေးပုံပြင်တွေပဲ ဖြစ်တယ်လို့ သတ်မှတ်လိုက်မယ်ဆိုရင်... ရဲတပ်ဖွဲ့ အနေနဲ့ ယုတ္တိဗေဒကို ဖော်ထုတ်တဲ့ နေရာမှာ... ကလေးပုံပြင်တွေ အပေါ်ကနေ တိုက်ရိုက် စတင်လို့ ရနိုင်တယ်..."

ရွှီရှန်းက အကြည့်ကို ရုပ်သိမ်းလိုက်လေသည်။

မှုခင်းဖြစ်ပွားရာ နေရာ နှစ်ခုမှ လက်ရှိအချိန်တွင် ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကိုသာ ရယူနိုင်သေးခြင်း ဖြစ်ပေသည်။ အကယ်၍ စုံစမ်းထောက်လှမ်းမှု၏ ယုတ္တိဗေဒမှာ ဤအချက်အလက်များထက် ကျော်လွန်နေမည် ဆိုပါက ဤအချက်အလက်များကိုသာ ဗဟိုပြု၍ စဉ်းစားနေ၍ မရနိုင်တော့ချေ။

"အိပ်မောကျနေတဲ့ အလှပန်းလေး ပုံပြင်က... ကျိန်စာသင့်ခံရတဲ့ မင်းသမီးလေး တစ်ပါး အိပ်မောကျသွားခဲ့ပြီး... တစ်နေ့မှာ မင်းသား တစ်ပါး ရောက်လာကာ မင်းသားရဲ့ အချစ်စစ်ကို နမ်းရှုံ့ နိုးထစေခဲ့တယ်... အဲဒီနောက် မင်္ဂလာပွဲ ကျင်းပပြီး ပျော်ရွှင်စရာ ဘဝလေးကို ဖြတ်သန်းသွားကြတယ် ဆိုတဲ့ အကြောင်းပဲ..."

"စနိုးဝှိုက် ပုံပြင်ကလည်း... မိထွေး မိဖုရားကြီးရဲ့ မနာလိုမှုကို ခံရတဲ့ မင်းသမီးလေးဟာ ပန်းသီး စားမိပြီး အိပ်မောကျသွားခဲ့တယ်... အဲဒီနောက် မင်းသား တစ်ပါး ရောက်လာပြီး စနိုးဝှိုက်ကို နမ်းရှုံ့ နိုးထစေခဲ့တယ်... အဲဒီနောက် လက်စားချေပြီး မင်္ဂလာပွဲ ကျင်းပကာ ပျော်ရွှင်စရာ ဘဝလေးကို ဖြတ်သန်းသွားကြတယ် ဆိုတဲ့ အကြောင်းပဲ..."

"လူသတ်သမားဟာ ပုံပြင် တစ်ခုတည်း အပေါ်မှာပဲ တွယ်ကပ်မနေဘူး ဆိုတဲ့ အချက်ကို ကြည့်ခြင်းအားဖြင့်... ဒီ ကလေးပုံပြင် နှစ်ခုဟာ လူသတ်သမား အတွက်တော့ တူညီတဲ့ အချက်တွေ ရှိနေလို့ပဲ..."

ရွှီရှန်းက ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင် သစ်ကိုင်း တစ်ကိုင်းဖြင့် သင်္ကေတ နှစ်ခု ရေးဆွဲလိုက်လေသည်။ သင်္ကေတ တစ်ခုက အိပ်မောကျနေသော အလှပန်းလေး ပုံပြင်ကို ကိုယ်စားပြုပြီး ကျန်တစ်ခုက စနိုးဝှိုက်ကို ကိုယ်စားပြုပေသည်။

"ပထမဆုံး အနေနဲ့... ကျိန်စာ... နာမည်... နောက်ခံသမိုင်းကြောင်း... ဒါမှမဟုတ် နန်းတော်နဲ့ ထွက်ပေါ်လာတဲ့ ပုံစံတွေက မတူညီကြဘူး... ဒါဆိုရင် အဲဒီ အချက်တွေကို ဖယ်ရှားပစ်လိုက်မယ်..."

"ဖယ်ရှားပစ်ပြီးတဲ့နောက်... ဘာတွေ ကျန်နေသေးလဲ..."

မည်သည့်အရာများ ကျန်ရှိနေသေးကြောင်းကို စဉ်းစားရန် ခက်ခဲနေဆဲ ပင်။ ဖုပေါ်မှာ တိတ်ဆိတ်စွာ ကြည့်နေမိတော့၏။

ခေတ္တမျှ ကြာပြီးနောက် ဖုပေါ်သည် အနည်းငယ် ထုံကျင်နေသော ပါးစပ်ကို ဟကာ စကားဆိုလိုက်လေသည်။

"မင်းသားက မင်းသမီးလေးကို နမ်းရှုံ့ပြီး နိုးထစေခဲ့တယ်... အဲဒီနောက် ပျော်ရွှင်စရာ ဘဝလေးကို ဖြတ်သန်းသွားကြတယ်..."

လီရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းပြန်ခါယမ်းလိုက်ကာ အနည်းငယ် လေးနက်သော လေသံဖြင့် မျက်မှောင်ကြုတ်လျက် ပြောလိုက်ပေသည်။

"များသွားပြီ..."

"နမ်းရှုံ့ပြီး နိုးထလာတယ် ဆိုတာတောင် မလိုအပ်တော့ဘူး..."

"ပုံပြင် နှစ်ခုစလုံးကို... မင်းသားက မင်းသမီးလေးနဲ့ ဆုံတွေ့ပြီးနောက် နှစ်ယောက်သား ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားကြတယ် ဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပြောင်းလဲပစ်လို့ ရတယ်..."

ယခုမှသာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အဘယ်ကြောင့် လမ်းမှားသို့ ရောက်ရှိနေခဲ့ကြောင်းကို လီရှန်း သဘောပေါက်သွားတော့၏။

ပထမနှင့် ဒုတိယ မှုခင်းဖြစ်ပွားရာ နေရာများမှာ လူသတ်သမား အတွက် အနည်းဆုံး ပုံပြင်၏ ထက်ဝက်ခန့် ပျောက်ဆုံးနေခဲ့ခြင်း ပင် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းမှာ ကျရှုံးသွားသော ဖန်တီးမှု ဖြစ်ပေသည်။

သို့သော် ရဲတပ်ဖွဲ့မှာမူ ပြီးမြောက်မှု ထက်ဝက်ခန့်သာ ရှိသော မှုခင်းဖြစ်ပွားရာ နေရာ နှစ်ခုမှနေ၍ ပြီးပြည့်စုံသော ရည်ရွယ်ချက် တစ်ခုကို ရယူရန် ကြိုးစားနေခဲ့ကြခြင်း ဖြစ်ချေသည်။

"ဒီလို ပြောရမယ်ဆိုရင်... လူသတ်သမားရဲ့ ရည်ရွယ်ချက်က... လက်တွေ့ဘဝမှာ ကလေးပုံပြင် တွေထဲကလို ဇာတ်လမ်းမျိုး ထွက်ပေါ်လာဖို့ကို လိုချင်နေတာပေါ့..."

"လူသတ်သမားက လက်တွေ့ဘဝကို ကလေးပုံပြင်လို့ ထင်နေတာလား..."

ဖုပေါ်၏ မျက်နှာတစ်ခုလုံး အလွန်အမင်း အံ့ဩမှင်တက်သွားတော့၏။ တစ်ဖက်လူမှာ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ကလေးပုံပြင် တစ်ပုဒ်ကို ရိုက်ကူးနေခြင်း ပင် ဖြစ်လေသည်။ ကလေးပုံပြင်ကို လက်တွေ့ဘဝတွင် အသက်သွင်းနေခြင်း ဖြစ်ချေသည်။

"ဒီ အချက်တွေ အရဆိုရင်... တစ်ဖက်လူက ဆက်ပြီး လှုပ်ရှားဦးမှာပဲ..."

လီရှန်း၏ တစ်ကိုယ်လုံး တုန်တက်သွားပြီး အလွန် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်ပေသည်။

အကယ်၍ သဲလွန်စများကို အိပ်မောကျခြင်း၊ မင်းသားနှင့် အနမ်းဖြင့် နိုးထခြင်း တို့တွင်သာ ကန့်သတ်ထားမည် ဆိုပါက ထိုသို့သော ကလေးပုံပြင်များ အများအပြား မရှိနိုင်ချေ။ သို့သော် သဲလွန်စများကို မင်းသားက မင်းသမီးလေးကို ရှာတွေ့ပြီး ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားကြသည် ဟူသောအချက် အပေါ်တွင်သာ သတ်မှတ်လိုက်မည် ဆိုပါက ကလေးပုံပြင် မည်မျှအထိ များပြားလာမည်ကို တွေးတောကြည့်နိုင်ပေသည်။

ထိုအခါ အလွန် များပြားသွားမည် ဖြစ်လေသည်။ ပြည်ပ နိုင်ငံများရှိ အချို့သော ရုပ်ရှင်ကုမ္ပဏီကြီးများ ပင်လျှင် မင်းသမီးလေး ဇာတ်ကောင်များကို လက်ကားဖြန့်ချိသူများ ဖြစ်လာတော့မည်ကို မြင်တွေ့ရပေလိမ့်မည်။

၎င်းတို့ ကိုယ်တိုင်ပင် ပြန်လည် ရယ်မောကာ ကယ်တင်မည့် မင်းသား တစ်ပါး ရှိနေပါက ထိုသူမှာ သေချာပေါက် မင်းသမီးလေး တစ်ပါး ဖြစ်ရမည် ဟူသော နောက်ပြောင်မှုများပင် ထွက်ပေါ်လာခဲ့ချေပြီ။

"ဒီလူက တကယ့် ငတုံးကြီးလား..."

ဖုပေါ်၏ မျက်နှာပေါ်တွင် မှင်တက်မှုများ ထွက်ပေါ်လာပြီး မျက်စိရှေ့ရှိ အလွန် သနားဖွယ်ကောင်းအောင် သေဆုံးနေသော အလောင်းကို ကြည့်လိုက်လေသည်။

အကယ်၍ လူသတ်သမားသည် ရမ္မက်စိတ်ကြောင့် ပြစ်မှုကျူးလွန်ပြီးနောက် တစ်ဖက်လူ ရဲတိုင်မည်ကို စိုးရိမ်သဖြင့် သတ်ဖြတ်လိုက်ခြင်း ဆိုပါက ဖုပေါ်အနေဖြင့် အံ့ဩမည် မဟုတ်ပေ။ သို့သော် ကလေးပုံပြင်ကြောင့် ဆိုပါက အလွန် ထူးဆန်းနေပေသည်။

ကလေးများကို လှည့်စားထားသော မင်းသားနှင့် မင်းသမီးလေး ပုံပြင်များကြောင့် ပင် ဖြစ်လေသည်။ မိမိ၏ ဖူးစာရှင် အစစ်အမှန်နှင့် တွေ့ဆုံရမည် ဆိုသည့် အချက်ကြောင့် ပင်တည်း။

ဖုပေါ်ကို ကြည့်ရင်း ရွှီရှန်း သက်ပြင်းချလိုက်မိ၏။ ဤခေတ်ကာလတွင် တုံးအသူ ဟူသော စကားလုံးများ မရှိသေးသဖြင့် ဆဲဆိုရာတွင်ပင် ဤမျှလောက် ချစ်စရာ ကောင်းနေခြင်း ဖြစ်ပေသည်။

ရွှီရှန်း ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီး လူအုပ်ကြီးကို ယုတ္တိဗေဒ အတွေးအခေါ်များမှ လက်တွေ့ ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားများ ဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားလိုက်တော့၏။

"တပ်ခွဲမှူးလီ... တပ်ခွဲမှူးဖု... ခင်ဗျားတို့ တွေ လူသတ်သမားရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို မမေ့ကြနဲ့ဦး..."

လူသတ်သမား၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွင် မည်သည့် ထူးခြားချက်များ ရှိနေသည်ကို ပြန်လည် စဉ်းစားရပေမည်။ ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေခြင်း ပင် ဖြစ်၏။ ကြီးမား ထွားကျိုင်းခြင်း ပင် ဖြစ်လေသည်။

စင်တီမီတာ လေးဆယ် ရှိသော ခြေဖဝါးမှာ အရပ်ပုသူ တစ်ဦး၏ လက်မောင်း တစ်ခုလုံးစာနှင့်ပင် ညီမျှနေချေပြီ။

"မမေ့ပါနဲ့... အများအားဖြင့် ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေတဲ့ သူတွေဟာ... ဦးနှောက်ကို ဖိနှိပ်မိပြီး... တွေးခေါ်မှု ပိုင်းမှာ ကလေးဆန်တာမျိုး... ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးတာမျိုး တွေ ဖြစ်တတ်တယ်..."

"တစ်ဖက်လူရဲ့ ခန္ဓာကိုယ်က ခြေလက်လေးဖက် ထောက်ပြီး တွားသွားရတဲ့ အထိ ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေပြီ ဆိုမှတော့... ခေါင်းထဲက ဦးနှောက်က ပုံမှန် ဖွံ့ဖြိုးနေမယ်လို့ ထင်လို့လား..."

"တွေးခေါ်မှု ပိုင်းမှာ ကလေးဆန်ပြီး ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးတဲ့ သူတစ်ယောက် ကလေးပုံပြင်တွေကို ကြည့်တဲ့ အခါ ဘယ်လို ခံစားရမလဲ..."

သယ်ဆောင်သွားခြင်း ခံရသော နစ်နာသူကို ကြည့်ရင်း ရွှီရှန်း၏ ရင်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်မိသွားလေသည်။

"တပ်ခွဲမှူးလီ... ဘယ်သူကမှ ကလေး တစ်ယောက်ကို စိတ်ကူးယဉ် အိပ်မက်တွေက အတုအယောင် တွေပဲ... ဒီတစ်သက် မင်းသမီးလေးနဲ့ ဘယ်တော့မှ ဆုံတွေ့ရမှာ မဟုတ်ဘူး... တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ရမယ့် ကံကြမ္မာပဲ ပါလာတာလို့ ဘယ်တော့မှ သွားမပြောကြဘူးလေ..."

ထိုကဲ့သို့ ပြောဆိုမှုများကို လူတွေ ယုံကြည်ကြမည်ကို စဉ်းစားကြည့်ရပေမည်။ အနည်းဆုံးတော့ စိတ်ကူးယဉ်ကြမည် သေချာပေသည်။

ဥပမာပြရလျှင် ၂၀၀၅ ခုနှစ် ဝန်းကျင်ခန့်က မူလတန်း တက်နေသော ကလေးများ အကြိုက်ဆုံး ရုပ်မြင်သံကြား ဇာတ်လမ်းများမှာ အာထရာမန်း နှင့် သံချပ်ကာ သူရဲကောင်း ဇာတ်ကားများ ပင် ဖြစ်ချေသည်။ သို့ဆိုလျှင် စိတ်ကူးယဉ်ဖူးကြသလားဟု မေးရန်ပင် မလိုအပ်ချေ။ အခြေခံအားဖြင့် လူတိုင်းလိုလို စိတ်ကူးယဉ်ဖူးကြလေသည်။

"လူသတ်သမားကတော့... ခန္ဓာကိုယ်က ထုတ်လုပ်ပေးတဲ့ ဟော်မုန်း ဓာတ်တွေရဲ့ အကျိုးသက်ရောက်မှု ကြောင့်... ကလေးငယ် တစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လက်တွေ့ဘဝမှာ စိတ်ကူးယဉ် အိပ်မက်တွေကို လိုက်လံ အကောင်အထည် ဖော်နေရုံ သက်သက်ပဲ..."

ရွှီရှန်း မတ်တတ်ရပ်လိုက်ပြီး ခေါင်းထဲတွင် ဆက်လက် စဉ်းစားခန်း ဝင်နေလေသည်။

လက်တွေ့ဘဝတွင်လည်း ဤကဲ့သို့သော သာဓကများ ရှိပေသည်။ ယခင်က လူတစ်ဦးသည် မိန်းကလေး တစ်ဦးကို ရူးသွပ်စွာ လိုက်လံ ပိုးပန်းခဲ့ပြီး တစ်ဖက်လူကို မိမိ၏ ဖူးစာရှင် အစစ်အမှန်ဟု မှတ်ယူကာ ရဲတိုင်ရသည်အထိ ပြဿနာ ရှာခဲ့ဖူးလေသည်။

လူသတ်သမားနှင့် ဆင်တူသော တွေးခေါ်မှုမျိုး ရှိသည့် ကလေးငယ် တစ်ဦး ဆိုပါကလည်း မိမိကိုယ်ကို ကာတွန်းကားများထဲမှ ကဲ့သို့ ထီးတစ်လက် ကိုင်ကာ ကောင်းကင်မှ လေထီးဆင်းသလို ဆင်းသက်လာနိုင်သည်ဟု စိတ်ကူးယဉ်ပြီး အထပ်မြင့် အဆောက်အအုံပေါ်မှ ထီးကိုင်ကာ ခုန်ချပြီး သေဆုံးသွားခဲ့ခြင်းမျိုးလည်း ရှိချေသည်။

ကလေးငယ်များမှာ ခန္ဓာကိုယ် အားနည်းသဖြင့် အချို့သော အစွန်းရောက် လုပ်ရပ်များကို မလုပ်ဆောင်နိုင်သောကြောင့် တော်သေးသည်ဟု ဆိုရပေမည်။

သို့သော် ခန္ဓာကိုယ်မှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပြီး မျောက်ဝံကြီး တစ်ကောင်နှင့် နှိုင်းယှဉ်၍ ရနိုင်ကာ တွေးခေါ်မှု ပိုင်းမှာ ကလေးဆန်နေမည် ဆိုပါက အလွန် အန္တရာယ် များလှပေသည်။

နောက်ထပ် ဥပမာ တစ်ခု ပြရလျှင် ယခု မျက်စိရှေ့တွင် နျူကလီးယား ဗုံး ခလုတ် တစ်ခု ရှိနေသည်ဟု ဆိုပါစို့။ မျက်စိရှေ့တွင် လူနှစ်ဦး ရှိနေပြီး တစ်ဦးမှာ စကားမပီတပီ ပြောတတ်စ အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကာ ကျန်တစ်ဦးမှာ တည်ငြိမ် အေးဆေးပြီး ခေါင်းထဲတွင် အကြံအစည် ဆိုးများ ပြည့်နှက်နေသော အရွယ်ရောက်ပြီးသူ တစ်ဦး ဖြစ်လေသည်။ ထိုခလုတ်ကို တစ်ဦးဦးထံ မဖြစ်မနေ ပေးအပ်ရမည် ဆိုပါက မည်သူ့ကို ရွေးချယ်မည်ကို စဉ်းစားရပေမည်။

ပတ်ဝန်းကျင်ရှိ လူများ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြတော့၏။

ဖုပေါ်သည် တံတွေး တစ်ချက် မျိုချလိုက်ပြီး တစ်စုံတစ်ရာ ပြောချင်နေသော်လည်း မည်သည့် စကားမျှ ထွက်မလာခဲ့ချေ။

စိတ်ကူးယဉ် အိပ်မက်များကို လက်တွေ့ဘဝတွင် အသက်သွင်းလိုက်သော အခါ ကလေးပုံပြင်များမှာ လှပပြီး စိတ်ကူးယဉ်ဆန်ခြင်း မရှိတော့ဘဲ အေးစက်နေသော အလောင်း တစ်လောင်းပြီး တစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

ထိုအရာ နှစ်ခုကြားရှိ အလွန် ကြီးမားလှသော ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုက လူအားလုံးကို ချက်ချင်း အဖြေ တစ်ခု မပေးနိုင်အောင် ပြုလုပ်လိုက်ခြင်း ပင် ဖြစ်လေသည်။

"ဒါဆို အခု ဘယ်လို ဖမ်းကြမလဲ..."

လီရှန်းက လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။ လီရှန်းသည် ခွေးကိုယ်လူခေါင်း အမှုနှင့် စားဖိုမှူး အမှု နှစ်ခုကို ဖြတ်သန်းခဲ့ဖူးသဖြင့် ယခုအခါ လက်ခံနိုင်စွမ်း အတော်လေး မြင့်မားနေပြီ ဖြစ်ချေသည်။ ရယ်စရာ ကောင်းလှပေသည်။ လည်ပင်းတွင် လူခေါင်း ပေါက်နေသော ခွေးကိုပင် မြင်ဖူးထားခဲ့ပြီ ဖြစ်ပေသည်။

အမှုနှင့် ပတ်သက်၍မူ လူသတ်သမား၏ ရည်မှန်းချက်ကို သိရှိထားပြီ ဖြစ်ရာ တစ်ဖက်လူ၏ နောက်တစ်လှမ်းကို သိရှိသွားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

"ဖမ်းဆီးရမယ့် လမ်းကြောင်း နှစ်ခု ရှိတယ်..."

"ပထမ တစ်ခုကတော့ မှုခင်းဖြစ်ပွားရာ နေရာကို ဗဟိုပြုပြီး ပတ်ဝန်းကျင် ကီလိုမီတာ သုံးဆယ် အထိ ဖြန့်ကျက်ပြီးတော့... ကလေးပုံပြင်တွေနဲ့ ကိုက်ညီနိုင်မယ့်... ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ နေရာ မှန်သမျှကို ရှာဖွေရမယ်..."

"တစ်ဖက်လူရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အရမ်း နိမ့်ပါးလွန်းတော့... ပြစ်မှု ကျူးလွန်နေတယ် ဆိုတာကိုတောင် သတိထားမိချင်မှ ထားမိလိမ့်မယ်... ရဲတွေက လိုက်လံ ဖမ်းဆီးနေတယ် ဆိုတာကိုတောင် သိချင်မှ သိလိမ့်မယ်... ဒါကြောင့် ရာခိုင်နှုန်း ရှစ်ဆယ် လောက်က ထွက်ပြေးမှာ မဟုတ်ဘဲ ဆက်ပြီး အမှု ကျူးလွန်နေနိုင်တယ်..."

ရွှီရှန်းက ဖြည်းညင်းစွာ ပြောလိုက်လေသည်။ ထိုစကားများက ပတ်ဝန်းကျင်ရှိ လူများ၏ ရင်ကို လေးလံသွားစေတော့၏။

ဤကဲ့သို့ အန္တရာယ်ကို ကြိုတင် မသိမြင်နိုင်သော လူသတ်သမားမျိုးမှာ ပုန်းအောင်းနေမည် မဟုတ်ကြောင်း ကိုယ်စားပြုနေပေသည်။ ပုန်းအောင်းနေမည် မဟုတ်ဘဲ အန္တရာယ်ကို ကြိုတင် မသိမြင်နိုင်သော လူသတ်သမားမျိုးမှာ အလွန် လျင်မြန်စွာ ပြစ်မှု ကျူးလွန်တတ်ကြောင်း ကိုယ်စားပြုနေပြန်လေသည်။

တတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာမှာ ယနေ့တွင်ပင် ထွက်ပေါ်လာနိုင်ချေ ရှိပေသည်။

"မင်းသားနဲ့ မင်းသမီးလေး ပါတဲ့ ကလေးဆန်တဲ့ ပုံပြင် မျိုးတွေကို ဆက်ရှာရဦးမှာလား..."

လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဖုပေါ်ဘက်သို့ လှည့်ကာ စကားဆိုလိုက်၏။

"တပ်ခွဲမှူးဖု... ကီလိုမီတာ သုံးဆယ် အတွင်းမှာ ကလေးပုံပြင်နဲ့ ကိုက်ညီမယ့် နေရာ ဘယ်နှနေရာလောက် ရှိနိုင်လဲ..."

စနိုးဝှိုက်နှင့် အိပ်မောကျနေသော အလှပန်းလေး တို့၏ ဖန်အခေါင်းများကို မြေကြီးထဲမှ အခေါင်းများဖြင့် အစားထိုးခဲ့လေသည်။ သို့ဆိုလျှင် အခြားသော ကလေးပုံပြင်များကို မည်သည့် နေရာများဖြင့် အစားထိုးလာမည်ကို စဉ်းစားရပေမည်။

ထို့အပြင် နောက်ထပ် လမ်းကြောင်း တစ်ခု ကျန်ရှိနေသေး၏။

"ဒုတိယ အနေနဲ့... လူအင်အား တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး လူကုန်ကူး ဂိုဏ်းတွေနဲ့ သူတောင်းစား ဂိုဏ်းတွေကို အင်တိုက်အားတိုက် ရှာဖွေရမယ်..."

ရွှီရှန်းက ရုတ်တရက် ထပ်မံ ပြောဆိုလိုက်ပေသည်။

"အင်အား တစ်စိတ်တစ်ပိုင်းကိုပဲ ခွဲထုတ်လိုက်ပါ... ပထမ ကိစ္စ အပေါ်ကို ထိခိုက်မှု မရှိစေနဲ့..."

လူကုန်ကူးဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီး ကြောင်အမ်းသွားကြပြီး ထိုအရာ နှစ်ခုကို မည်သို့ ဆက်စပ်ရမည်မှန်း မသိအောင် ဖြစ်သွားကြလေသည်။

"ကျွန်တော် အမြဲတမ်း စဉ်းစားနေမိတဲ့ ကိစ္စ တစ်ခု ရှိတယ်..."

"ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးတဲ့ သူတစ်ယောက်က အိပ်ဆေး သောက်ရင် အိပ်မောကျသွားနိုင်တယ် ဆိုတာကို ဘယ်လို သိနေရတာလဲ..."

"တစ်ဖက်လူက ဘယ်နေရာ ကနေများ အိပ်ဆေးတွေကို ရှာတွေ့ခဲ့တာလဲ... အနီးအနားက ဆေးဆိုင် တွေကို အကုန် လိုက်စစ်ပြီးပေမယ့် တစ်ဖက်လူရဲ့ အရိပ်အယောင် ကိုတောင် မတွေ့ခဲ့ရဘူး..."

ရွှီရှန်းက လေးနက်သော လေသံဖြင့် ပြောလိုက်ပြီး လူအုပ်ကြီး၏ တွေးခေါ်မှုများကို အခြားသော အစွန်းတစ်ဖက်ဆီသို့ ဆွဲခေါ်သွားလိုက်တော့၏။

"ပြီးတော့ လူသတ်သမားရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေတာက... မွေးရာပါလား... ဒါမှမဟုတ် လူလုပ် ဖန်တီးထားတာလား..."

"ဒါမှမဟုတ် မွေးရာပါလည်း ဖြစ်တယ်... လူလုပ် ဖန်တီးထားတာလည်း ပါနေတာလား..."

"မေးခွန်း တစ်ခု မေးမယ်... ဆုတော့ မရှိဘူး..."

"ကလေး တစ်ယောက်ကို လျှပ်စစ်ကြိုးတွေ မီးတောက်တွေက အန္တရာယ် ပေးနိုင်တယ် ဆိုတာကို ဘယ်လို သိအောင် လုပ်မလဲ..."

"အဖြေကတော့..."

ရွှီရှန်း စကားစလိုက်ပြီး ခေါင်းမော့ကာ လင်းထိန်နေပြီ ဖြစ်သော ကောင်းကင်ကြီးကို တစ်ချက် ကြည့်လိုက်လေသည်။

"မီးနဲ့ လျှပ်စစ်ကို ကလေး အပေါ် တစ်ကြိမ်လောက် အန္တရာယ် ပေးခိုင်းလိုက်ရုံပဲ... ဒါဆိုရင် အဲဒီ ကလေးဟာ အဲဒီ အရာ နှစ်ခုရဲ့ အကျိုးသက်ရောက်မှုကို ထာဝရ မှတ်မိသွားလိမ့်မယ်..."

"တစ်ဖက်လူက အိပ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို ဘယ်လို သိခဲ့တာလဲ... ကိုယ်တိုင် စားကြည့်ဖူးလို့ သိခဲ့တာလား..."

"အိပ်ဆေးတွေကို တစ်ကြိမ်တည်းနဲ့ အများကြီး စားလိုက်မိမယ် ဆိုရင်..."

"လူတစ်ယောက်ကို ဉာဏ်ရည်ချို့တဲ့ သွားစေနိုင်တယ်..."

ဤနေရာသို့ ရောက်သောအခါ ပတ်ဝန်းကျင်ရှိ လူများ အားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြတော့၏။

ဒုတိယမြောက် အတွေးအခေါ်ကိုသာ အတည်ပြုနိုင်မည် ဆိုပါက လင်ဟိုင်မြို့တွင် မကြာမီ ကာလအတွင်း ပြင်းထန်သော နှိမ်နင်းမှုများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ချေသည်။ သို့သော် ယခု လောလောဆယ်တွင်မူ ထိုအရာများကို ဘေးဖယ်ထားလိုက်ကြပေသည်။

လီရှန်းနှင့် ဖုပေါ်တို့ နှစ်ဦး အပြန်အလှန် ကြည့်လိုက်ကြပြီး လေပြင်းပြင်း တစ်ချက် ရှူသွင်းကာ လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်ကြလေသည်။

"အမိန့်ကို အကောင်အထည် ဖော်ကြ…”

All Chapters