အခန်း ၅၂
Vol. 6 Ch. 52
အခန်း ၅၂ လူသတ်သမား နှင့် ဆံပင်ရှည် မင်းသမီးလေး
ရွှီရှန်းသည် တဲအတွင်းသို့ ဝင်ရောက်လာပြီး လီရှန်းနှင့် ဖုပေါ်တို့ကို လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်လေသည်။
"လောလောဆယ် လူသတ်သမားရဲ့ သဲလွန်စတွေ ရပြီလား..."
"တတိယမြောက် နစ်နာသူက ဒီနေ့ မွန်းလွဲပိုင်းမှာ ပျောက်ဆုံးသွားခဲ့တယ်... ကျွန်တော်တို့တွေ ရှာဖွေရမယ့် လမ်းကြောင်းအတိုင်း နေရာအနှံ့ အသေးစိတ် ရှာဖွေခဲ့ပေမယ့် အသုံးဝင်မယ့် သတင်းအချက်အလက် ဘာမှ မရသေးဘူး..."
ဖုပေါ်က သက်ပြင်းချကာ ပြန်လည် ဖြေကြားလိုက်၏။
ရွှီရှန်း ပေးအပ်ထားသော သတင်းအချက်အလက်များအရ ၎င်းတို့အနေဖြင့် နစ်နာသူ၏ မိဘများနှင့် ယနေ့မှ ပျောက်ဆုံးသွားသော နစ်နာသူကို အလွန် လျင်မြန်စွာ ရှာဖွေ တွေ့ရှိခဲ့ခြင်း ပင် ဖြစ်လေသည်။
မည်ကဲ့သို့သော သတင်းအချက်အလက်များ ဖြစ်သနည်းဆိုလျှင် ပထမဦးစွာ အလွန် ငယ်ရွယ်ပြီး လှပရမည် ဖြစ်ပေသည်။ ထို့အပြင် မြို့ပြနှင့် အလှမ်းဝေးသော နေရာတွင် ရှိနေရမည် ဖြစ်ပြီး လူသတ်သမား လှုပ်ရှားသွားလာနိုင်သော ဧရိယာအတွင်း နေထိုင်သူ ဖြစ်ရမည် ဖြစ်၏။ အကောင်းဆုံး အနေအထားမှာ တောအုပ် အနီးအနားနှင့် မှုခင်းဖြစ်ပွားရာ နေရာ ပတ်ဝန်းကျင်တွင် ဖြစ်လေသည်။ တတိယမြောက် မှုခင်းဖြစ်ပွားရာ နေရာမှာ ကျောင်းသူ တစ်ဦး ဖြစ်ပြီး ကျောင်းမှာ တောအုပ်နှင့် အလွန် နီးကပ်နေချေသည်။
"ကျောင်းက မြေနေရာ ဈေးပေါတာကို မက်မောခဲ့တာ... အခုတော့ အဲဒီ ဈေးပေါတာကို မက်မောမှုကြောင့် ပြဿနာ တက်ပြီ..."
ဖုပေါ်ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာပြန်လေသည်။ ကျေးလက်ဒေသများတွင် အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း အများအပြားမှာ တောအုပ်များ၏ အနီးအနားတွင် တည်ဆောက်ထားလေ့ ရှိပြီး ပတ်ဝန်းကျင်တွင် လူသူ ကင်းမဲ့နေတတ်ပေသည်။ ၎င်းမှာ လေကွယ်ရေရ နေရာကောင်း ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ ဈေးနှုန်း သက်သာသောကြောင့် သက်သက်သာ ဖြစ်၏။ အဘယ်ကြောင့် ဈေးနှုန်း သက်သာရသနည်းဆိုလျှင် ကျောင်း မဆောက်လုပ်မီ အချိန်က ထိုနေရာမှာ လူသူကင်းမဲ့သော သင်္ချိုင်းဟောင်း တစ်ခု ဖြစ်နေနိုင်သောကြောင့် ပင်။
"အကယ်၍ တတိယမြောက် နစ်နာသူသာ သေဆုံးသွားခဲ့မယ်ဆိုရင်... ဘယ်လို ပုံစံမျိုးနဲ့ သေဆုံးသွားနိုင်မလဲ..."
လီရှန်းမှာ ဆက်လက် သည်းမခံနိုင်တော့ချေ။ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေသော အမူအရာများ ပေါ်လွင်နေပြီး စကားဆိုလိုက်လေသည်။
နေ့လယ်ပိုင်းကမှ ဖမ်းဆီး ခေါ်ဆောင်ခံလိုက်ရခြင်း ဖြစ်ရာ ယခုအချိန်နှင့် ဆိုလျှင် သုံးနာရီခန့်သာ ကွာဝေးသေးပေသည်။
လူသတ်သမားက ပေါင်းသတ်ဆေး ကဲ့သို့သော အရာမျိုးကို အတင်းအကျပ် မတိုက်သွင်းသရွေ့ နစ်နာသူများအပေါ် အလွန် ဂရုတစိုက် ဆက်ဆံတတ်သော လူသတ်သမား၏ အပြုအမူများအရ ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နေသေးကြောင်း သေချာလှ၏။ သို့သော် ယခုအချိန်အထိ ရှာမတွေ့သေးပါက သေချာပေါက် သေဆုံးသွားတော့မည် ဖြစ်လေသည်။
"ပတ်ဝန်းကျင် ကီလိုမီတာ သုံးဆယ် အတွင်းမှာ... ဧရိယာ ဘယ်လောက် အထိ ရှာဖွေ ပြီးသွားပြီလဲ..."
ရွှီရှန်း၏ မျက်မှောင်များ စုကြုံ့သွားတော့၏။
"အရမ်း နည်းလွန်းသေးတယ်... ရှာဖွေမှု နှုန်းထားက တကယ့်ကို နှေးကွေး လွန်းနေတယ်..."
လီရှန်း၏ မျက်နှာ တစ်ခုလုံး နီရဲနေလေသည်။ ဤကဲ့သို့ အကျပ်ရိုက်ရခြင်းမှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ပင် ဖြစ်ချေသည်။ ဤအမှုမှာ ခွေးကိုယ်လူခေါင်း အမှုနှင့် လုံးဝ မတူညီပေ။ ခွေးကိုယ်လူခေါင်း အမှုမှာ အနည်းဆုံးတော့ ဖိအားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ယခု အကြိမ်တွင်မူ အလွန် ဆိုးရွား ပြင်းထန်သော ဒုက္ခကို မြိုသိပ် ခံစားနေရခြင်း ပင်။
"ကျန်ဆန်းမြို့ကနေ ခေါ်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထဲမှာ... ဒီဒေသရဲ့ မြေပြင် အနေအထားကို သိတဲ့သူ သိပ်မပါဘူး..."
"ဒါတင်မကသေးဘူး... ကလေးပုံပြင် တွေကို သိတဲ့သူကလည်း အနည်းအကျဉ်းပဲ ရှိတာ... အမှုကို စုံစမ်းရင်းနဲ့ ကလေးပုံပြင် စာအုပ်တွေကိုပါ တစ်ဖက်က ဖတ်နေရတယ်..."
ဤကမ္ဘာကြီး၏ ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်နေမှုကို လီရှန်း အပြည့်အဝ ခံစားလိုက်ရလေသည်။ နှစ်ထောင့်သုံးခုနှစ် ကာလရှိ ရဲတပ်ဖွဲ့ဝင်များ အနက် အငယ်ဆုံးသူမှာ ရှစ်ဆယ် ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့သူများ ဖြစ်ပေသည်။ အသက်အကြီးဆုံး သူများမှာ ငါးဆယ် သို့မဟုတ် ခြောက်ဆယ် ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့သူများ ပင် ဖြစ်ချေသည်။ ထိုလူအုပ်ကြီး အနေဖြင့် ဂရင်း ညီအစ်ကို ပုံပြင်များ ဆိုသည်ကို မည်သို့ လုပ်၍ သိရှိနိုင်မည်ကို စဉ်းစားရခက်လှပေသည်။
"လင်ဟိုင်မြို့က ရဲတပ်ဖွဲ့ဝင်တွေ ကတော့ သိကြတယ်... ဒါပေမဲ့ အချိန်က မီတော့ဘူး... တာဝန် စတင်ချိန်ကနေ အခု အချိန်အထိ ကလေးပုံပြင်တွေကို အတင်းအကျပ် ဖတ်ရှု လေ့လာ ပြီးသွားရင်တောင်မှ... ရှာဖွေ စစ်ဆေးဖို့ အချိန် သိပ်မကျန်တော့ဘူး..."
ဖုပေါ်ကလည်း သက်ပြင်း ချလျက် ဝင်ရောက် ပြောဆိုလိုက်၏။
"အဆိုးဆုံးက ကလေးပုံပြင် စာအုပ် ထဲက ဇာတ်လမ်းတွေမှာ... မင်းသမီးလေး တစ်ပါးတည်းကိုပဲ လုံးဝ သက်ဆိုင်မှု မရှိတဲ့ ဇာတ်ကွက် နှစ်ခုတောင် ပါနေသေးတယ်..."
ကလေးပုံပြင် တစ်ပုဒ်၏ ဇာတ်လမ်းသွားမှာ တစ်ခုတည်းသာ မဟုတ်ချေ။ ဥပမာ အားဖြင့် အိပ်မောကျနေသော အလှပန်းလေး ပုံပြင်တွင် လုံးဝ ကွဲပြားခြားနားသော ဇာတ်လမ်းသွား အများအပြား ရှိနေပေသည်။ ထိုအချက်ကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် ရေကန်များကို ရှာဖွေ စစ်ဆေးကာ ဖားမင်းသား ပုံပြင် ရှိမရှိ စုံစမ်းရလေသည်။ သို့သော် မည်သည့် အရာမျှ မတွေ့ရှိသဖြင့် ထွက်ခွာသွားချိန်တွင် လူသတ်သမားက ဖားမင်းသမီးလေး ပုံပြင်ကို ဖတ်ရှုထားမည် ဆိုပါက အလွန် ပြဿနာ ကြီးသွားတော့မည် ဖြစ်၏။
ရွှီရှန်း မျက်မှောင်ကြုတ်သွားလေသည်။ သတင်းအချက်အလက် အများအပြားကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ရာ တစ်ဖက်လူကို ဖမ်းဆီး၍ မရနိုင်မည်ကို သူတို့ စိုးရိမ်နေကြခြင်း မဟုတ်ပေ။ အခက်ခဲဆုံး အပိုင်းမှာ တတိယမြောက် နစ်နာသူ သေဆုံးခြင်း မခံရမီ အချိန်မီ ဖမ်းဆီးနိုင်ရန် ပင် ဖြစ်လေသည်။ ရွှီရှန်း၏ ရင်ထဲတွင် လေးလံသွားပြီး ဦးနှောက်ဆဲလ်များ အဆက်မပြတ် သေဆုံးနေရချေပြီ။ အချိန် အတန်ကြာမှသာ ရွှီရှန်းက ရုတ်တရက် စကားဆိုလိုက်၏။
"ကျွန်တော်တို့ရဲ့ လက်ရှိ နေရာက အနောက်တောင်ဘက်မှာ မဟုတ်လား..."
ရွှီရှန်းက ရုတ်တရက် မေးမြန်းလိုက်ခြင်း ပင်။ လီရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ်... အနောက်တောင်ဘက်က တောအုပ် ဧရိယာ ဖြစ်ပြီး... တောင်ဘက်က ကျန်ဆန်းမြို့နဲ့ လင်ဟိုင်မြို့ရဲ့ နယ်စပ် ဒေသ ဖြစ်တယ်... အဲဒီဘက်မှာ စောင့်ကြည့် ကင်မရာတွေနဲ့ လူတွေ အများကြီး ရှိတယ်... မြောက်ဘက်က မြို့ပြ ဧရိယာ ဖြစ်ပြီး... အဲဒီဘက်မှာ လူ ပိုများတယ်..."
"တစ်နည်းအားဖြင့် ပြောရရင်... တစ်ဖက်လူဟာ အရှေ့ဘက်မှာ ပုန်းအောင်းနေတာ... ဒါမှမဟုတ် သူ့ရဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်နေတာ ဖြစ်နိုင်ခြေ ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိတယ်ပေါ့..."
ရွှီရှန်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
လူသတ်သမား အနေဖြင့် အရှေ့ဘက် ဧရိယာ၏ မည်သည့် နေရာတွင် လှုပ်ရှားနေမည်ကို ရွှီရှန်း မသိရှိသလို ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးသူ တစ်ဦး၏ တွေးခေါ်မှုများကို လေထဲမှနေ၍ ခန့်မှန်းရန်လည်း လုံးဝ မဖြစ်နိုင်ချေ။ သို့သော် ပျောက်ဆုံးသွားသူ၏ အခြေအနေမှ တစ်ဆင့် ပြောင်းပြန် ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်၍ ရနိုင်ပေသည်။
ရွှီရှန်း အလုံးစုံကို သဘောပေါက်သွားပြီးနောက် ခေါင်းငုံ့ကာ ဘေးဘက်ရှိ စားပွဲခုံကို လှမ်းကြည့်လိုက်၏။ စားပွဲခုံပေါ်တွင် မိသားစုဝင်များက ပေးအပ်ထားသော ပျောက်ဆုံးသူ၏ ဓာတ်ပုံ အချို့ကို တင်ထားလေသည်။
ဓာတ်ပုံထဲတွင် အနည်းငယ် ရိုးအသော အငွေ့အသက် ရှိသော်လည်း အလွန် လှပ သေသပ်သော မျက်နှာပေါက် ရှိသည့် အသက် ဆယ့်ခုနစ်နှစ် အရွယ် မိန်းမပျိုလေး တစ်ဦး၏ ပုံကို မြင်တွေ့ရပေသည်။
ထိုမိန်းကလေးမှာ အဝတ်အစား ဆင်ယင်ပုံ အလွန် တတ်ကျွမ်းပြီး အခြား မိန်းကလေးများနှင့် လုံးဝ မတူညီဘဲ ခေတ်သစ် မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ နောက်ကောက်ကျ ဖြစ်မနေချေ။ သူမ၏ ဆံပင်များမှာ အလွန် ရှည်လျားပြီး ခါးအထိပင် ရောက်ရှိနေကာ အနက်ရောင် ဆံကေသာများမှာ အလွန် နူးညံ့ ပျော့ပျောင်းနေလေသည်။ မျက်နှာသွင်ပြင်မှာ အလွန် နုနယ် ပျော့ပျောင်းပုံ ရပြီး ကြည်လင် တောက်ပသော မျက်လုံး အစုံမှာ အလွန် ရိုးသား ဖြူစင်ပုံ ပေါက်နေပေသည်။ ၎င်းမှာ တတိယမြောက် ပျောက်ဆုံးသွားသူ ပင် ဖြစ်လေသည်။
ပထမနှင့် ဒုတိယ နစ်နာသူများ၏ ရုပ်ရည် သွင်ပြင်နှင့် အငွေ့အသက်များမှာ အိပ်မောကျနေသော အလှပန်းလေး နှင့် စနိုးဝှိုက် တို့နှင့် အတော်လေး ကိုက်ညီနေသည်ကို ကြည့်ခြင်းအားဖြင့် လူသတ်သမားသည် မှုခင်းဖြစ်ပွားရာ နေရာကို ကျပန်း ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ နစ်နာသူ၏ ရုပ်ရည် သွင်ပြင် အပေါ် မူတည်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။ သို့ဆိုလျှင် အရှေ့ဘက်တွင် နစ်နာသူနှင့် ကိုက်ညီမည့် မည်သည့် နေရာများ ရှိနေသနည်း။ အရှေ့ဘက်တွင် ပင်လယ် ရှိပြီး ပင်လယ်ပြင်ပေါ်တွင် သင်္ဘောများ၊ သဲသောင်ပြင်များ နှင့် မီးပြတိုက် တစ်ခု ရှိလေသည်။
"ပင်လယ်နဲ့ ပတ်သက်တဲ့ ကလေးပုံပြင်..."
"ဆင်နှာမောင်း ကမာကောင် မိန်းကလေး ပုံပြင် ကရော အကျုံးဝင်လား..."
လီရှန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားရင်း ပြောလိုက်၏။
"အဲဒါက အရှေ့တိုင်းက ပုံပြင်လေ..."
ကျန်းမိုက မိမိ၏ ဆရာဖြစ်သူကို တိုးတိုးလေး သတိပေးလိုက်ပေသည်။
"အဲဒီအပြင်... အဲဒီ ပုံပြင်ရဲ့ နာမည်က ရေချို ကမာကောင် မိန်းကလေး လို့ ခေါ်တာ..."
"ဒါဆို ပင်လယ်နဲ့ ပတ်သက်တဲ့ တခြား ဘာပုံပြင်တွေ ရှိသေးလဲ..."
"အဘိုးအိုနဲ့ ပင်လယ် ဇာတ်လမ်းလား..."
"အဲဒါက နာမည်ကြီး ဂန္ထဝင် စာအုပ်လေ... ကလေးပုံပြင်နဲ့ နည်းနည်းလေးတောင် မဆိုင်ဘူး..."
ပင်လယ်နှင့် ပတ်သက်သော ကလေးပုံပြင် ဟူသည်မှာ အလွန် ခေါင်းစားစရာ ပင်။ အခြားသော ဝါရင့် မှုခင်းရဲအရာရှိများက မျက်မှောင်ကြုတ်လျက် စကားဆိုလိုက်ကြလေသည်။
"ဖားမင်းသား ပုံပြင်ကရော ပင်လယ်နဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်လို့ ရမလား..."
"အဲဒီ ဇာတ်လမ်းက သဘာဝလွန် ဖြစ်စဉ်တွေ ပါနေတာ... လက်တွေ့မှာ လုပ်လို့ မရဘူး... ပြီးတော့ ဖားက ပင်လယ်ထဲမှာ လုံးဝ အသက်ရှင် နိုင်တာ မဟုတ်ဘူး..."
တစ်စုံတစ်ဦးက ဝင်ရောက် ချေပလိုက်၏။
"တောက်... စနိုးဝှိုက် ပုံပြင် ထဲမှာတောင် ဖန်အခေါင်းကြီး ပါသေးတာပဲ..."
"ဒါဖြင့် လူသတ်သမားက ဖန်အခေါင်း သွားရှာခဲ့လို့လား..."
"အဲဒါက မတူဘူးလေ..."
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ တဲအတွင်းရှိ လေထုမှာ ပိုမို တင်းမာလာပြီး လူအားလုံး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပိုမို ဂနာမငြိမ် ဖြစ်လာတော့၏။
နှစ်ဖက် လူအုပ်စု အချင်းချင်း စကားများ ငြင်းခုံတော့မည့် ဆဲဆဲ အချိန်လေးတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာလေသည်။
"မုန်လာထုပ်... မုန်လာထုပ် မိန်းကလေး..."
ရွှီရှန်းသည် ဓာတ်ပုံထဲရှိ အနက်ရောင် နူးညံ့ ပျော့ပျောင်းနေသော ဆံပင်ရှည်များကို စိုက်ကြည့်ကာ ပြောလိုက်ခြင်း ပင်။ သူ၏ အသံက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး လူအုပ်ကြီးက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြကာ မျက်မှောင်များ စုကြုံ့သွားကြတော့သည်။
"ဘာ မုန်လာထုပ် မိန်းကလေးလဲ..."
"မုန်လာထုပ် မိန်းကလေးရဲ့ မျှော်စင်မြင့်ကြီးလေ..."
ရွှီရှန်း အလုံးစုံကို သဘောပေါက်သွားချေပြီ။ သူ၏ ခေါင်းထဲတွင် ဤနေရာသို့ လာစဉ်က မြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို ရုတ်တရက် ပြန်လည် အမှတ်ရသွားလေသည်။ ၎င်းမှာ ပင်လယ်ကမ်းရိုးတန်း ဘေးတွင် တည်ဆောက်ထားသော မီးပြတိုက်ကြီး ပင် ဖြစ်၏။
"လူသတ်သမားက ပတ်ဝန်းကျင် အနေအထားကို ဂရုမစိုက်ဘူး... မရှိမဖြစ် လိုအပ်တဲ့ ကလေးပုံပြင် ဇာတ်ကွက် မြင်ကွင်းကိုပဲ ဂရုစိုက်တာ..."
"ဥပမာ အားဖြင့် စနိုးဝှိုက်ရဲ့ ဘေးနားမှာ လူပုလေး ခုနစ်ယောက် မရှိခဲ့တာမျိုး... သစ်သား အခေါင်းက ဖန်အခေါင်း မဟုတ်ခဲ့တာမျိုးတွေ လိုပေါ့..."
"ပင်လယ်က ကလေးပုံပြင်ရဲ့ အဓိက အချက် မဟုတ်ဘူး... မီးပြတိုက်ကမှ အဓိက အချက်ပဲ..."
ထိုဓာတ်ပုံကို စိုက်ကြည့်ရင်း ရွှီရှန်း၏ ရင်ထဲတွင် အလွန်အမင်း အလျင်စလို ဖြစ်မှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ အကယ်၍ မုန်လာထုပ် မိန်းကလေး ပုံပြင်သာ ဆိုပါက ကလေးပုံပြင် ဇာတ်လမ်းသွားနှင့် မီးပြတိုက်၏ အမြင့် အနေအထားများအရ နစ်နာသူ အတွက် အသက်အန္တရာယ် အလွန် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီ ပင် ဖြစ်တော့၏။
"မုန်လာထုပ် မိန်းကလေး... မဟုတ်သေးဘူး... ဆံပင်ရှည် မင်းသမီးလေး..."
ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာထားများကို ကြည့်ရင်း ရွှီရှန်းက လူအများ ရင်းနှီးကျွမ်းဝင်သော နာမည် တစ်ခုကို အလျင်အမြန် ပြောင်းလဲ ပြောဆိုလိုက်ပေသည်။
ဆံပင်ရှည် မင်းသမီးလေး ဟူသည်မှာ မည်သို့သော ပုံပြင်နည်း။ ဇာတ်လမ်းသွားမှာ ဆံပင်ကို လှေကား အဖြစ် အသုံးပြုပြီး မျှော်စင်မြင့် ပေါ်သို့ တွယ်တက်ခြင်း ပင် ဖြစ်လေသည်။ ကလေးပုံပြင်ထဲတွင် ဤအရာမှာ အလွန် ပုံမှန် ဖြစ်ပေသည်။ သို့သော် လက်တွေ့ဘဝတွင် ဆယ်မီတာ ကျော် မြင့်သော နေရာရှိ ပြတင်းပေါက်မှနေ၍ ဆံပင်ကို အဆွဲခံရမည် ဆိုပါက မည်သို့ ဖြစ်လာမည်ကို စဉ်းစားကြည့်ရုံဖြင့် ကြက်သီးမွေးညင်း ထစရာ ပင်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူအားလုံး၏ ရင်ထဲတွင် အသက်ရှူ ကျပ်လာသကဲ့သို့ ခံစားလိုက်ရတော့၏။ ထိုအရာနှင့်အတူ အလွန်အမင်း အလျင်စလို ဖြစ်မှုများလည်း ပေါ်ပေါက်လာချေပြီ။
"ရဲကား... ရဲကားတွေ အမြန် အသင့်ပြင်..."
"ပင်လယ် ကမ်းရိုးတန်း အနီးအနားက ကင်းလှည့် ရဲတပ်ဖွဲ့ဝင်တွေကို ချက်ချင်း အကြောင်းကြားပြီး... မီးပြတိုက် ဆီကို အမြန်ဆုံး သွားခိုင်းလိုက်..."
"ကျန်တဲ့ သူတွေ အားလုံး ဝိုင်းရံ ပိတ်ဆို့တဲ့ ပုံစံ ယူထား... ဖမ်းဆီးမှု အောင်မြင်ပြီ ဆိုတဲ့ အမိန့် မရမချင်း... ဧရိယာကို တဖြည်းဖြည်း ကျုံ့လာပြီး အရှေ့ဘက် ဝိုင်းရံ ပိတ်ဆို့မှု ဧရိယာကို ကျဉ်းသထက် ကျဉ်းအောင် လုပ်ရမယ်..."
"တောက်... ဥဩ ဆွဲပြီး အမြန် မောင်း..."
ဆံပင်ရှည် မင်းသမီးလေး၏ ကလေးပုံပြင်မှာ မည်သို့ ဖြစ်သနည်း ဆိုလျှင် ထူးထူးခြားခြားတော့ မရှိလှချေ။ သို့သော် ဇာတ်သိမ်းပိုင်းတွင် မင်းသားက မျက်စိ အလင်း ပြန်လည် ရရှိသွားပြီး ဆံပင်ရှည် မင်းသမီးလေးကို တိုင်းပြည်သို့ ပြန်လည် ခေါ်ဆောင်သွားကာ ဘဝတစ်သက်တာလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းသွားကြသည် ပင် ဖြစ်လေသည်။ ဇာတ်လမ်း အစမှ အဆုံးတိုင်အောင် ဤပုံပြင်မှာ အလွန် ယုတ္တိ မတန်လှပေ။
သို့သော် ရဲတပ်ဖွဲ့ဝင်များ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာပြီး လျှောက်လမ်းကို ဖြတ်သန်းကာ တောင်ကမ်းပါးယံပေါ်ရှိ မီးပြတိုက်သို့ ရောက်ရှိလာချိန်တွင် ပို၍ ယုတ္တိမတန်သော မြင်ကွင်း တစ်ခုကို မြင်တွေ့လိုက်ကြရတော့၏။
လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး၏ ပုံရိပ်မှာ မြေပြင်ပေါ်တွင် သတိလစ် မေ့မြောနေပြီး သေချင်သေ ရှင်ချင်ရှင် အနေအထားမျိုး ဖြစ်နေကာ ဤနေရာတွင် ကင်းလှည့်ဖူးသူများက ထိုသူမှာ မီးပြတိုက် စောင့်ရှောက်သူ ဖြစ်ကြောင်း သိရှိကြပေသည်။ အလွန် ရှည်လျားသော ဆံပင် အစုအဝေး တစ်ခုမှာ မီးပြတိုက် အထက်ပိုင်းရှိ လက်ရန်းပေါ်မှနေ၍ အောက်ဘက်သို့ တွဲလောင်းကျနေလေသည်။
"မသေသေးဘူး..."
ရဲအရာရှိ တစ်ဦးက တိတ်တဆိတ် ရှေ့သို့ တိုးသွားပြီး အခြေအနေကို စစ်ဆေး ကြည့်ရှုပြီးနောက် ပြောလိုက်ခြင်း ပင်။
"လူသတ်သမား ရော..."
"မီးပြတိုက် ထဲမှာ ရှိနေတာလား..."
လီရှန်းက အလျင်အမြန် ထပ်မံ မေးမြန်းလိုက်၏။ အကယ်၍ တစ်ဖက်လူသာ မီးပြတိုက် အတွင်း၌ ရှိနေပြီး နစ်နာသူကို ဓားစာခံ အဖြစ် ဖမ်းဆီးထားမည် ဆိုပါက နှစ်ဖက် ရင်ဆိုင်ရမည့် အနေအထားမှာ အတော်လေး အကျပ်ရိုက်စရာ ဖြစ်သွားတော့မည် ဖြစ်လေသည်။
သို့သော် မျက်စိရှေ့ရှိ ရဲအရာရှိ စကားပြန်မပြောနိုင်မီမှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာချေပြီ။
ခလစ် ဟူသော အသံ ပင် ဖြစ်၏။ လူအုပ်ကြီး ကြောင်အမ်းသွားကြပြီး အလိုအလျောက် ခေါင်းမော့ ကြည့်လိုက်ကြလေသည်။
ဘေးဘက်တွင် မီးပြတိုက်နှင့် ကပ်လျက် တည်ဆောက်ထားသော အိမ်ငယ်လေး တစ်လုံး ရှိပြီး ထိုအိမ်မှာ မီးပြတိုက် စောင့်ရှောက်သူ အတွက် သီးသန့် တည်ဆောက်ပေးထားသော တောစောင့်အိမ် ကဲ့သို့သော နေရာမျိုး ဖြစ်ပေသည်။
ထိုအချက်က အဓိက မကျလှချေ။ အဓိက အရေးကြီးဆုံး အချက်မှာ လရောင် အောက်တွင် မျောက်ဝံကြီး တစ်ကောင်နှင့် တူသော အရိပ်မည်းကြီး တစ်ခုက ခေါင်မိုးပေါ်တွင် မတ်တတ်ရပ်နေခြင်း ပင် ဖြစ်လေသည်။
တစ်ဖက်လူက အောက်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်များကို လုံးဝ ဂရုမစိုက်ဘဲ ခြေလှမ်းများကို အနည်းငယ် ရွှေ့လိုက်ပြီး ခေါင်းမော့ကာ မီးပြတိုက် အထက်ပိုင်းရှိ လက်ရန်းပေါ်တွင် အဆက်မပြတ် တုန်ရီနေသော ဆံပင် အစုအဝေးကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့၏။
တစ်ဖက်လူက အထက်သို့ ခုန်တက်ပြီး ထိုဆံပင်များကို ဆွဲကိုင်တော့မည် ဟူသော အဓိပ္ပာယ်လော။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲတပ်ဖွဲ့ဝင်များ အားလုံး၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကြချေပြီ။
လီရှန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ဆက်လက် ပုန်းကွယ် မနေတော့ဘဲ သေနတ်ကို ဆွဲထုတ်ကာ ခေါင်မိုးပေါ်ရှိ အရိပ်မည်းကြီးကို ချိန်ရွယ်လိုက်တော့သည်။
"လက်မြှောက်ထား... မြေကြီး ပေါ် ဝပ်ချလိုက်စမ်း…”