အခန်း ၅၄
Vol. 6 Ch. 54
အခန်း ၅၄ သူတော်စင် လူကြီးလူကောင်း ရွှီရှန်း
ရွှီရှန်း ထွက်သွားပြီ ဖြစ်သော်လည်း လုံးဝ ထွက်သွားခြင်းတော့ မဟုတ်သေးပေ။
ဝမ်ချောင်သည် ဤ ၂ ရက်အတွင်း ရဲစခန်း၌ သူနှင့်အတူ ရှိနေဆဲ ဖြစ်လေသည်။ အချိန်မရွေး ထွက်သွားနိုင်သော်လည်း ဆက်နေရန် ရွေးချယ်ခဲ့၏။ ဤကောင်လေးက အလွန် ပါးနပ်လွန်းလှပေသည်။ တစ်ယောက်တည်း အိမ်ပြန်သွားပါက မိခင်နှင့် အစ်မဖြစ်သူတို့၏ ဝိုင်းဝန်း ရိုက်နှက်မှုကို သေချာပေါက် ခံရမည်ကို သူ သိနေ၏။ ထို့ကြောင့် ရဲစခန်း၌သာ ဆက်နေလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးကာ ယခုအချိန်အထိ နေထိုင်နေခဲ့ခြင်း ဖြစ်ချေသည်။
ရွှီရှန်း ထိန်းသိမ်းရေးခန်း ဆီသို့ ရောက်ရှိသွားချိန်တွင် ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရလေသည်။
"အစ်ကိုကြီး... ဒီနေ့ ဘာလို့ စောစော ပြန်လာတာလဲ..."
ရွှီရှန်း အနည်းငယ် တုံ့ဆိုင်းသွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်၏။ မျက်စိရှေ့တွင် ပက်လက်ကုလားထိုင်ပေါ် မှီလျက် နေပူဆာလှုံနေသော ဝမ်ချောင်ကို ကြည့်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်း ဝင်သွားတော့သည်။
'ဒီကောင် ထိန်းသိမ်းရေးခန်းထဲမှာ အကျဉ်းချခံထားရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အပြင်ထွက် နေပူဆာ လာလှုံနေနိုင်ရတာလဲ...'
သို့သော် ရွှီရှန်း သဘောမပေါက်သေးမီမှာပင် သူစိမ်း ရဲအရာရှိ ၂ ဦးက သူ၏ ဘေးမှ ဖြတ်လျှောက်သွားပြီး ဝမ်ချောင်ကို တစ်ချက် ကြည့်ကာ လုံးဝ လျစ်လျူရှုသွားကြလေသည်။
"အို... အစ်ကိုကျန်းနဲ့ အစ်ကိုလီ... ဒီည ခင်ဗျားတို့ နှစ်ယောက် တာဝန်ကျတာလား..."
ဝမ်ချောင်က ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ပြီး တစ်ဖက်လူ၏ နာမည်များကို တိကျစွာ ခေါ်ဝေါ်လိုက်ပေသည်။
"..."
ရွှီရှန်း တစ်ယောက် ကြောင်အမ်းသွားတော့၏။ ဤကောင်လေးမှာ ပြဿနာ အနည်းငယ် ရှိနေချေပြီ။ မည်သည့် သံသယရှိသူကများ ရဲအရာရှိများနှင့် ဤမျှလောက်အထိ ရင်းနှီးကျွမ်းဝင်နေမည်နည်း ဟုသာ တွေးမိလေသည်။
ကျန်ဆန်းမြို့ အမှတ် ၆ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏ ယာယီ အတိုင်ပင်ခံ ဖြစ်သူ သူကိုယ်တိုင်ပင် ထိုရဲအရာရှိများ၏ နာမည်များကို မသိရှိပေ။
"စကားများ မနေနဲ့... အမြန် သွားမယ်... အိမ်ပြန်ရမယ့် အချိန် ရောက်ပြီ..."
ရွှီရှန်း လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မိမိ၏ ပြောဆိုချင်စိတ်ကို ဖိနှိပ်ထားကာ စကားဆိုလိုက်လေသည်။
"အခု အိမ်ပြန်ရတော့မလို့လား..."
ဝမ်ချောင် ကြောင်အမ်းသွားပြီး ကုလားထိုင်ပေါ်မှ ထလိုက်၏။
သူ၏ ဤရက်ပိုင်း ထိန်းသိမ်းရေးခန်း အတွင်း နေထိုင်ရသော နေ့ရက်များမှာ အိမ်ထက်ပင် ပို၍ သက်သောင့်သက်သာ ရှိနေပေသည်။ အလုပ်လုပ်စရာ မလိုသလို မည်သူကမျှလည်း ဆူညံစွာ အနှောင့်အယှက် ပေးမည် မဟုတ်ချေ။ စားသောက်စရာများမှာလည်း ရဲတပ်ဖွဲ့၏ စံသတ်မှတ်ချက် အတိုင်း ဖြစ်လေသည်။ ၄ ရက်တိုင်တိုင် နေထိုင်ခဲ့ရသော်လည်း အနည်းငယ်မျှပင် ပိန်ကျမသွားဘဲ ၄ ပေါင်တိတိ ပို၍ ဝလာခဲ့သေး၏။
ထို့ကြောင့် ဝမ်ချောင်သည် ထိန်းသိမ်းရေးခန်းကို အလွန် နှမြောတသစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သို့သော် သူက အခြေအနေကို ကောင်းစွာ နားလည်သူ ဖြစ်၏။ ယခု ချက်ချင်း မထွက်ခွာပါက သူ့ကို ဆီးကြိုနေမည့် အရာမှာ သေချာပေါက် ဝိုင်းဝန်း ရိုက်နှက်ခံရမှု ပင် ဖြစ်ကြောင်းကို သိရှိထားပေသည်။
"ကောင်းပါပြီဗျာ..."
ဝမ်ချောင်က လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ရွှီရှန်း၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားတော့သည်။
တံခါးဝတွင် သူတို့ကို အကြိုအပို့ လုပ်ရန် သီးသန့် ရဲကား တစ်စီး ရှိနေပေသည်။ ယာဉ်မောင်း အဖြစ် မှုခင်းရဲအရာရှိငယ် ကျန်းမိုက ယာယီ တာဝန်ယူထားလေသည်။ သူက ထိုလူနှစ်ဦးကို ဝမ်မိသားစု၏ အဝတ်အထည် စက်ရုံသို့ ရင်းနှီးဖော်ရွေစွာ လိုက်လံ ပို့ဆောင်ပေးပြီးနောက်မှသာ ကားမောင်း၍ ပြန်သွားတော့၏။
"သူဌေး... ဒါက ရှင့်ရဲ့ ပစ္စည်းတွေပါ... အကုန်လုံး ထုပ်ပိုးပြီးပါပြီ... ဘယ်အချိန် ပို့ပေးရမလဲ ဆိုတာလေး..."
ဝမ်ရှင်းက မိမိ၏ မောင်အရင်းကို စိမ်းစိမ်းဝါးဝါး တစ်ချက် ကြည့်လိုက်ပြီးနောက် အမှုနှင့် ပတ်သက်သည့် ကိစ္စများကို ပြောဆိုခြင်း မပြုတော့ချေ။
"ဒီနေ့ပဲ ပို့လိုက်ပါ... ကျွန်တော်လည်း ပြန်ဖို့ ပြင်နေတာမို့လို့..."
ရွှီရှန်း အနည်းငယ် ပင်ပန်း နွမ်းနယ်နေလေသည်။ ဤရက်ပိုင်း အတွင်း နေ့စဉ် ညဉ့်နက်သည်အထိ နေခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း တင်းမာနေခဲ့ရာ ယခုအခါတွင် လွတ်လွတ်လပ်လပ် အိပ်ရေးဝဝ အိပ်စက်ချင်နေပြီ ဖြစ်ပေသည်။
"ကောင်းပါပြီ... ကားဆရာကို သွားပြောလိုက်ပါ့မယ်..."
ဝမ်ရှင်းက ခေါင်းညိတ်ပြလိုက်၏။
အချိန် အတန်ကြာပြီးနောက် ရွှီရှန်းသည် မိမိ၏ ပစ်ကပ်ကားပေါ်သို့ တက်ထိုင်လိုက်ပြီး လီဗာကို နင်းကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။ သို့သော် ထင်မှတ်မထားဘဲ အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သော ဝမ်ချောင်က စကားစတင် ပြောဆိုလာတော့၏။
"အစ်ကိုကြီး... အောက်တိုဘာလ ကျရင် လင်ဟိုင်မြို့ကို လာဦးမှာလား..."
ရွှီရှန်း ကြောင်အမ်းသွားပေသည်။
'လင်ဟိုင်မြို့ကို လာရမယ် ဟုတ်လား...'
ရွှီရှန်း စကားမပြောနိုင်မီမှာပင် ဝမ်ချောင်က ထပ်မံ ပြောဆိုလိုက်လေသည်။
"ရှေးစကားအရ ဆိုရင်... လူကြီးလူကောင်းတွေရဲ့ မိတ်ဆွေဖွဲ့ခြင်းက ရေလိုပဲ အေးချမ်း ကြည်လင်တယ်တဲ့..."
"ကျွန်တော်တို့ရဲ့ ပတ်သက်မှုက နည်းနည်း ရှုပ်ထွေးနေပြီ... ဒါက လူကြီးလူကောင်းတွေနဲ့ သိပ်မကိုက်ညီဘူးလို့ ကျွန်တော် ထင်တယ်..."
"ဒါမှမဟုတ်..."
"ကျွန်တော်တို့ နောက်ဆို မတွေ့ကြရင်ရော..."
ဝမ်ချောင်သည် အချိန်အတော်ကြာ အောင့်အည်းထားပြီးမှ ထိုစကား အနည်းငယ်ကို အတင်း ညှစ်ထုတ် ပြောဆိုလိုက်ခြင်း ပင် ဖြစ်ချေသည်။
ထိန်းသိမ်းရေးခန်း အတွင်း နေထိုင်ရသော ဘဝမှာ အတော်လေး သက်သောင့်သက်သာ ရှိသော်လည်း အချိန်ပြည့် ထိုနေရာတွင်သာ နေထိုင်၍ မရနိုင်ချေ။ သူကဲ့သို့ ခွန်အားဗလ ပြည့်ဝသော လူငယ် တစ်ယောက် အနေဖြင့် ၁ လတာ ကာလ အတွင်း အနည်းဆုံး ၁၅ ရက်ခန့် ထိန်းသိမ်းရေးခန်း အတွင်း နေထိုင်နေရခြင်း ပင် ဖြစ်လေသည်။
'ဒါက အဓိပ္ပာယ် ရှိရဲ့လား... ယုတ္တိ တန်ရဲ့လား...'
သူ၏ စိတ်ထဲတွင် ကျိတ်၍ ညည်းတွားနေမိ၏။
"မင်း ပြောတာ အရမ်း အဓိပ္ပာယ် ရှိတယ်လို့ ငါ ထင်တယ်..."
ရွှီရှန်း မနေနိုင်ဘဲ ရယ်မောလိုက်မိပေသည်။ မျက်စိရှေ့ရှိ ဤကလေးမှာ တကယ့်ကို ကံဆိုးလွန်းလှချေသည်။ စနစ်၏ တာဝန် တစ်ခု လက်ခံရရှိတိုင်း ဤကောင်လေးက မှုခင်းဖြစ်ပွားရာ နေရာတွင် အမြဲတမ်း ရှိနေတတ်လေသည်။ ထို့အပြင် တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ကံဆိုးလာခဲ့ခြင်း ပင်။ ဤတစ်ကြိမ် ပစ္စည်း လာရောက် ဝယ်ယူရာတွင် သူတစ်ပါး၏ ဘိုးလေးကိုပါ မြေကြီးထဲမှ တူးဖော်မိသည်အထိ ဖြစ်ခဲ့ရတော့၏။
'အလွန် ထူးဆန်း အံ့ဩဖွယ် ကောင်းလွန်းတယ်...'
အမှန်တကယ်ပင် ထူးဆန်းလွန်းလှလေသည်။ ဝမ်ချောင်သည် အယူသည်းသူ တစ်ယောက် မဟုတ်သော်လည်း ဤကဲ့သို့ အဆက်မပြတ် ကြုံတွေ့နေရမှုကိုမူ ခံနိုင်ရည် မရှိတော့ချေ။ ဤ ၂ ရက်အတွင်း အိပ်မက်ထဲတွင် သူ၏ ဘိုးလေးက သူ၏ ခေါင်းကို လာခေါက်နေသည်ကိုပင် အမြဲမပြတ် အိပ်မက် မက်နေခဲ့တော့၏။
ရွှီရှန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ချောင်၏ မျက်နှာပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျဆင်းသွားသကဲ့သို့ သက်သာရာရသွားသော အပြုံးတစ်ခု ထွက်ပေါ်လာပေသည်။ သို့သော် သူတို့ ထပ်မံ တွေ့ဆုံရမည် မတွေ့ဆုံရမည်ကိုမူ မည်သူကမှ အတတ်မပြောနိုင်ပေ။
တစ်ချိန်တည်းမှာပင် လင်ဟိုင်မြို့ မှုခင်းစုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ ရုံးခန်း အတွင်း၌ ဖြစ်လေသည်။
"မင်း ပြောတာက..."
"လွန်ခဲ့တဲ့ ၁၀ နှစ် တုန်းက လင်ဟိုင်မြို့မှာ... လူကုန်ကူးတဲ့ ကွန်ရက် တစ်ခု ရှိခဲ့တယ် ဆိုတဲ့ သဘောလား..."
ယခုအချိန်တွင် မှုခင်းစုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ ရုံးခန်း အတွင်း ဖုပေါ်နှင့် အလုပ်များ ပြီးစီးသွားသော ဝါရင့်ရဲအရာရှိကြီး လီရှန်းတို့သည် စစ်ကြောရေးခန်း အတွင်းသို့ ပြန်လည် ဝင်ထိုင်လိုက်ကြလေသည်။ ထို့နောက် မျက်စိရှေ့တွင် တဆတ်ဆတ် တုန်ရီနေသော ဆပ်ကပ်အဖွဲ့ခေါင်းဆောင် ကျန်းကို မျက်လုံးများ မှေးစင်းလျက် စိုက်ကြည့်နေကြပေသည်။
နယ်လှည့်လောက တွင် အမြဲမပြတ် လှည့်လည် သွားလာနေသူများ၏ သတင်း အချက်အလက် ရရှိနိုင်စွမ်းမှာ ရဲတပ်ဖွဲ့ထက် အဆပေါင်းများစွာ သာလွန်လှချေသည်။ လူကုန်ကူးသူများ ကဲ့သို့သော ကိစ္စမျိုးများကို သူတို့က ထုတ်ဖော် မပြောဆိုရုံသာ ဖြစ်ပြီး မသိရှိခြင်း လုံးဝ မဟုတ်ပေ။
"အဲဒီ ကွန်ရက်က အခု အချိန်အထိ အဖမ်း မခံရသေးဘူးလား..."
"မခံရသေးပါဘူး... အနည်းဆုံးတော့ သူတို့ အစအန ဖျောက်သွားတဲ့ အချိန်အထိ... အဲဒီ လူကုန်ကူးသူ မိန်းမကြီး ၂ ယောက် အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ကျွန်တော် မကြားခဲ့ရပါဘူး..."
ခေါင်းဆောင်ကျန်း၏ ရင်ထဲတွင် အဆက်မပြတ် ဆဲဆို ကျိန်ဆဲနေမိတော့၏။ သူ လင်ဟိုင်မြို့သို့ လှည့်လည် ဖျော်ဖြေရန် လုံးဝ မလာသင့်ခဲ့ချေ။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ မည်သည့် အမူအရာမျှ ဖော်ပြခြင်း မရှိပေ။
ဖုပေါ်က လီရှန်းကို တစ်ချက် ကြည့်လိုက်လေသည်။ သူတို့ ၂ ဦးစလုံး ထိုသတင်း အချက်အလက် ထဲမှနေ၍ အသိအမှတ်ပြု ချီးမြှင့်ခံရမည့် အနံ့အသက်ကို အလွန် ထက်မြက်စွာ ရိပ်မိသွားကြခြင်း ပင် ဖြစ်၏။ သို့သော် ထိုအောင်မြင်မှုကို အရယူရန်မှာ အနည်းငယ် ခက်ခဲမည့် ပုံပေါ်နေချေသည်။
"အဲဒီ ကွန်ရက်က လူတွေကို ဘယ်နေရာကို ရောင်းစားတာလဲ..."
"မြောက်ပိုင်းပါ... မြောက်ပိုင်းကို ရောင်းတယ် ဆိုတာပဲ ကျွန်တော် သိတယ်... ရောင်းချတဲ့ အုပ်စု အများစုက နယ်လှည့်လောကမှာ လှည့်လည် သွားလာနေတဲ့ သူတွေပဲ... အဲဒီထက် ပိုပြီးတော့ ကျွန်တော် မသိတော့ပါဘူး..."
ခေါင်းဆောင်ကျန်းက ပြန်လည် ဖြေကြားလိုက်ပေသည်။
"နယ်လှည့်လောကမှာ လှည့်လည် သွားလာနေတဲ့ သူတွေဆီကို ရောင်းတာလား..."
လီရှန်း ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီး ဖုပေါ်နှင့် လျှို့ဝှက်စွာ အကဲခတ် ကြည့်လိုက်ကြလေသည်။ အတန်ကြာ စဉ်းစားပြီးနောက် စာရွက်စာတမ်း များကို စတင် သိမ်းဆည်းလိုက်၏။
"ကောင်းပါပြီ... ခေါင်းဆောင်ကျန်းကို ဒုက္ခပေးသလို ဖြစ်သွားပြီ... ခင်ဗျား ပြန်လို့ ရပါပြီ..."
ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ကျန်း၏ ရင်ထဲတွင် သက်သာရာ ရသွားပြီး တထိတ်ထိတ် ခုန်နေသော စိတ်မှာလည်း ငြိမ်သက်သွားတော့သည်။
"ကိစ္စမရှိပါဘူးဗျာ..."
သူက ထိုသို့ ပြောဆိုနေသော်လည်း သူ၏ ခြေလှမ်းများမှာ ယုန် တစ်ကောင်ထက်ပင် ပို၍ မြန်ဆန်နေချေပြီ။ တံခါးဝသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် ခပ်သဲ့သဲ့ အသံတစ်သံက သူ၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့လေသည်။
"ခေါင်းဆောင်ကျန်း... ခင်ဗျားရော ဝယ်ဖူးလား..."
ခေါင်းဆောင်ကျန်းမှာ ချက်ချင်းပင် ရင်ထိတ် တုန်လှုပ်သွားပြီး ပြေးချင်နေသော ခြေနှစ်ဖက်ကို အတင်းအကျပ် ရပ်တန့်လိုက်ရတော့၏။
"မဝယ်ဖူးပါဘူး..."
"ရဲအရာရှိမင်း... ကျွန်တော်တို့ အားလုံးက တရားဝင် လုပ်ကိုင်နေကြတာပါ... ကျွန်တော့်ရဲ့ ဝန်ထမ်းတွေကို သွားစစ်ဆေးကြည့်လို့ ရပါတယ်... တစ်ယောက်ချင်းစီ တိုင်းမှာ မိသားစုဝင်တွေ ရှိကြပါတယ်..."
"အဲဒီလို ဆိုရင်တော့ အကောင်းဆုံးပေါ့..."
လီရှန်း အဖြေကို ရရှိသွားပြီးနောက် ခေါင်းညိတ်လိုက်ကာ တစ်ဖက်လူကို ထွက်ခွာခွင့် ပြုလိုက်ပေသည်။ အချိန် အတော်ကြာသည်အထိ စစ်ကြောရေးခန်း အတွင်း၌ တိတ်ဆိတ် ငြိမ်သက်မှုများ လွှမ်းမိုးနေခဲ့လေသည်။
'တောက်... လွန်ခဲ့တဲ့ ၁၀ နှစ် တုန်းက ကွန်ရက် တဲ့လား...'
'မြောက်ပိုင်း ဒေသ အထိ ရောင်းချခဲ့တာ တဲ့...'
ဤကွန်ရက်ကို စုံစမ်းရန် အနည်းငယ် ခက်ခဲလှပေသည်။ သို့သော် တစ်စုံတစ်ရာကို စုံစမ်း တွေ့ရှိခဲ့မည် ဆိုပါက ဤနေရာတွင် ရှိနေသော လူတိုင်း တစ်ဦးမကျန် အထက်လူကြီးများ၏ ရာထူးတိုးမြှင့်ပေးခြင်းကို သေချာပေါက် ခံရမည် ဖြစ်ချေသည်။ လီရှန်း တပ်ဖွဲ့ ရုံးခန်း အတွင်းမှ ထွက်လာပြီး ခေါင်းမော့ကာ ညအမှောင်ထုကို ကြည့်လိုက်လေသည်။
'ရွှီရှန်းလေး အိမ်ရောက်ပြီလား မသိဘူး... သူသာ စုံစမ်းချင်တယ် ဆိုရင်... တစ်ခုခုတော့ သေချာပေါက် ရှာတွေ့နိုင်လောက်တယ်...'
'သူ့ကို တပ်ဖွဲ့ထဲ ရောက်လာအောင် တစ်နည်းနည်းနဲ့ သွေးဆောင် သိမ်းသွင်း ရမယ်...'
'ဒါမှမဟုတ် စမ်းကြည့်ရမလား...'
လီရှန်း ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် သူ၏ ခေါင်းထဲတွင် အကြံအစည် တစ်ခု ပေါ်လာတော့၏။
'မိန်းမလှ လှည့်ကွက် လား...'
'ရဲစခန်းက အသစ် ခေါ်ထားတဲ့ ရုံးတွင်း ဝန်ထမ်းတွေ ထဲမှာ... လှပတဲ့ မိန်းကလေး တချို့ ပါလာတယ် ထင်တယ်...'
'ဒါပေမဲ့ အတတ် ပြောလို့တော့ မရဘူး... ဒီကောင်လေးက စိတ်ဓာတ် ခိုင်မာ ပြတ်သားလွန်းတော့... ဒီ လှည့်ကွက်က တကယ်ကြီး အလုပ်ဖြစ်ချင်မှ ဖြစ်မှာ...'
ရွှီရှန်း အနေဖြင့် မိန်းမလှ လှည့်ကွက်မှာ မိမိအပေါ် လုံးဝ အလုပ်ဖြစ်မည် မဟုတ်ဟု ခံစားနေရပေသည်။ ယခုအချိန်တွင် သူသည် နေရောင်ခြည် အပန်းဖြေဥယျာဉ်အတွင်းရှိ မိမိပိုင် သရဲအိမ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် မိမိ၏ အခန်းတံခါးဝတွင် ရပ်နေလေသည်။ သူ ခေါင်းမော့လိုက်ပြီး မျက်စိရှေ့ရှိ ဆွဲဆောင်မှု ရှိသော လူတစ်ဦး၏ ပုံရိပ်ကို တိတ်တဆိတ် စိုက်ကြည့်နေမိတော့သည်။
ပုံမှန်အားဖြင့် အမြဲတမ်း အေပရွန် ဝတ်ဆင်ထားလေ့ရှိသော သရဲအိမ်၏ ဝါရင့်ဝန်ထမ်း ဟန်ယွဲ့သည် ယခုအခါတွင် အနက်ရောင် ဇာပါး ကြိုးတစ်ချောင်း အိပ်ရာဝင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဖြူဖွေး ဝင်းမွတ်နေသော ပခုံးသားများကို ဖော်ပြနေပေသည်။ ဖြူဖွေးနုနယ်နေသော ခြေကျင်းဝတ်လေးများကို ထပ်လျက် လှုပ်ယမ်းနေလေသည်။
ထိုအချိန်တွင် သူမသည် သူ၏ ကုတင်ပေါ်၌ ဒူးထောက်ကာ လက်ဖဝါးများကို ကုတင်ပေါ်တွင် ထောက်ထားပြီး ဇာပါးလေးက အောက်သို့ တွဲကျနေကာ သွယ်လျသော ခါးလေးကို ပိုမို ပေါ်လွင်နေစေ၏။ သူမသည် သူ၏ ကုတင်ပေါ်တွင် သန့်ရှင်းရေး လုပ်ပေးနေခြင်း ပင် ဖြစ်ချေသည်။
အမှန်အတိုင်း ပြောရလျှင် ရွှီရှန်းသည် မိမိကိုယ်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားများ ပိုင်ဆိုင်ထားသည်ဟု ယူဆထားသူ ဖြစ်လေသည်။ သူသည် ကရုဏာ တရား ထက်သန်ပြီး အမျိုးသမီး တစ်ဦး ရင်ခွင်ထဲ ဝင်ထိုင်နေလျှင်ပင် စိတ်လှုပ်ရှား တုန်လှုပ်ခြင်း မရှိကာ ဦးနှောက်ကို အမြဲတမ်း ကြည်လင် ပြတ်သားစွာ ထိန်းသိမ်းထားနိုင်ပြီး ရမ္မက် တပ်မက်မှုများကြောင့် တိမ်းညွတ်ခြင်း မရှိသလို အလှအပများ၏ လှည့်စားမှုကိုလည်း ခံရမည် မဟုတ်သော သူတစ်ယောက် ပင် ဖြစ်သည်။
ထို့အပြင် ယခင်ဘဝ တုန်းကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့၏ ရှေ့တန်း မျက်နှာစာတွင် အမြဲတမ်း တက်ကြွစွာ လှုပ်ရှားနေကာ ရှုပ်ထွေး ခက်ခဲသော အမှုအခင်း တစ်ခုပြီး တစ်ခုကို ဖြေရှင်း ပေးခဲ့သဖြင့် နစ်နာသူ မိသားစုဝင်များ၏ ကယ်တင်ရှင် ဟုပင် ခေါ်ဆိုနိုင်ပေသည်။ ထိုကဲ့သို့သော အတွေ့အကြုံများက သူသည် သူတော်စင် လူကြီးလူကောင်း တစ်ဦး ဖြစ်ကြောင်း လုံလောက်စွာ သက်သေပြနေချေပြီ။
သို့သော်ငြားလည်း သူ၏ ခန္ဓာကိုယ်ကမူ သူ၏ ထိန်းချုပ်မှုကို မနာခံတော့ချေ။
"အဟမ်း... အဟမ်း..."
"ဟန်ယွဲ့ရယ်..."
"ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ်ကို လာပြီး စိန်ခေါ်နေတယ်လို့ ထင်တယ်…”