အခန်း ၅၈
Vol. 6 Ch. 58
အခန်း ၅၈ အမြန်ဖြတ်ကျော်တာ သွားသေလိုက်
ကျန်းချန်က သူ၏ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ပြီး ယခင်က အောင်မြင်စွာ ဖြတ်ကျော်ခဲ့သော နည်းလမ်းအတိုင်း ကစားမည်ဆိုပါက အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟု တွေးတောခဲ့ဖူးလေသည်။
ထိုနည်းလမ်းက အွန်လိုင်းဂိမ်းများတွင်ဖြစ်စေ လက်တွေ့ဘဝရှိ သရဲအိမ်တွင်ဖြစ်စေ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် အသုံးဝင်သည်သာ ဖြစ်ပေသည်။
သို့သော်လည်း သူက မပြောင်းလဲခဲ့သော်လည်း သရဲအိမ်ကမူ ပြောင်းလဲသွားခဲ့လေပြီ။
"ဒါက... ပြကွင်းအသစ်တစ်ခုကို ပြောင်းလိုက်တာလား..."
ကျန်းချန်က တံတွေးမျိုချလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်လာခဲ့လေသည်။
ယခင်က အိမ်ပြန်ချိန် ပြကွင်း က တိတ်ဆိတ်လွန်း၍ လူကို ကြောက်လန့်စေခဲ့သည်ဆိုလျှင် ယခု မြင်ကွင်းကမူ ရှုပ်ပွလွန်း၍ လူကို ကြက်သီးထစေသည်သာ ဖြစ်ပေသည်။
ရိုးရာ ခြံဝင်းအိမ်၏ ခြံဝင်းအတွင်းရှိ အခန်းအချို့တွင် ဖြစ်သည်။
စက္ကူရုပ် အားလုံးမှာ အမည်မသိ အရာတစ်ခုခု၏ ဆုတ်ဖြဲခြင်းကို ခံထားရလေသည်။ မြေပြင်ပေါ်တွင်လည်း စက္ကူရုပ် အပိုင်းအစများက ပြန့်ကျဲနေလေသည်။
ထိုစက္ကူရုပ်များမှာ အဖြူရောင်များ မဟုတ်ဘဲ အပြာရင့်ရောင် နာရေးဝတ်စုံကို ဝတ်ဆင်ကာ အနက်ရောင်ဦးထုပ်ကို ဆောင်းထားသော ရွှေယောက်ျားလေးနှင့် ပန်းရောင်အဝတ်အစား ဝတ်ဆင်ကာ ပါးပြင်ပေါ်တွင် အနီရောင်အဝိုင်း နှစ်ကွင်း ခြယ်သထားသော ကျောက်စိမ်းမိန်းကလေးတို့ပင် ဖြစ်ပေသည်။
ထိုစက္ကူရုပ်များမှာ အသက်ရှင်နေသော လူအစစ်များနှင့် တူညီနေလေသည်။
ပေါင်တံများ ဆုတ်ဖြဲခံထားရပြီး ခေါင်းများမှာ လည်ပင်းမှ ပြုတ်ထွက်နေကာ မြေပြင်ပေါ်ရှိ နေရာအနှံ့အပြားတွင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြန့်ကျဲနေပေသည်။
မြေပြင်ပေါ်တွင်သာ ရှိနေခြင်း မဟုတ်ချေ။
ကျန်းချန်က ခြောက်ကပ်နေသော လည်ချောင်းမှ တံတွေးကို မျိုချလိုက်ပြီး သူ၏ ကြောင်အမ်းနေသော မျက်လုံးများကို ထောင့်တစ်နေရာဆီသို့ ရွှေ့လိုက်လေသည်။
လူတစ်ဝက်ခန့် မြင့်သော ရေစည်ပိုင်းထဲတွင် စက္ကူရုပ် တစ်ရုပ်၏ ခေါင်းတစ်ဝက်က ထွက်ပေါ်နေပြီး အမှောင်ထဲမှနေ၍ သူ့အား ခိုးကြည့်နေသကဲ့သို့ ရှိနေပေသည်။
ခြံဝင်း၏ ထောင့်တစ်နေရာတွင်မူ တောင့်တင်းနေသော မျက်နှာနှင့် အနက်ရောင်ပေါ်တွင် အနီရောင်အမောက်ပါသော ဦးထုပ်ကို ဆောင်းထားကာ ပါးပြင်နှစ်ဖက်တွင် အနီရောင်များ ခြယ်သထားသော သွေးရောင်မဲ့နေသည့် ခေါင်းအချို့က ထောင့်ပေါင်းစုံတွင် ထိုးသိပ်ခံထားရလေသည်။
ခြံဝင်းထဲ အမိုးပေါ် သစ်ကိုင်းနှင့် ပြတင်းပေါက် ဘောင်များ စသဖြင့် မျက်စိတစ်ဆုံး မြင်ရသမျှ နေရာတိုင်းတွင် သွေးရောင်မဲ့နေသော ခေါင်းတစ်ခုစီ ထွက်ပေါ်နေပြီး ၎င်းတို့၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေကြလေသည်။
ထိုခဏတွင် လူ ၈ ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်၌ ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ခံစားလိုက်ကြရပေသည်။
'ဒီလိုမျိုး မလှုပ်မယှက် နေနေလို့တော့ အဆင်မပြေဘူး...'
ကျန်းချန်က သွားကိုကြိတ်လိုက်ပြီး ခြေလှမ်းကို လှမ်းလိုက်လေသည်။
သို့သော်လည်း သူ တစ်လှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် နေရာ၌ အေးခဲသွားခဲ့ပေသည်။
သူ ဘာကို မြင်လိုက်ရသနည်း ဆိုသော် ဘာမျှမရှိပေ။ သူ၏ ကျောဘက်တွင် မရေမတွက်နိုင်သော အကြည့်များက သူ့အား စိုက်ကြည့်နေသည်ဟု ခံစားရခြင်းမှလွဲ၍ ခေါင်းတလား တစ်လုံး ရှိနေခြင်းပင် ဖြစ်လေသည်။
ကျန်းချန် ရပ်တန့်သွားပြီး သူ၏ နှလုံးခုန်နှုန်းက တစ်ချက်မျှ ရပ်တန့်သွားခဲ့ပေသည်။ ထိုအရာက ခေါင်းတလား တစ်လုံးပင် ဖြစ်ချေသည်။
သူ၏ အကြည့်များက အမှောင်ကျနေသော ခြံဝင်းကို ဖြတ်သန်းသွားကာ စက္ကူကပ်ထားသော ပြတင်းပေါက်၏ စုတ်ပြဲနေသော ထောင့်တစ်နေရာမှတဆင့် အဓိက အိမ်ဆောင်အတွင်းရှိ အလယ်တည့်တည့်တွင် ချထားသော ခေါင်းတလား တစ်လုံးဆီသို့ ကျရောက်သွားခဲ့လေသည်။
ခေါင်းတလား၏ အရောင်မှာ အညိုရောင်ဖြစ်ပြီး နှစ်ကာလ အတော်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိသာလှပေသည်။ သို့သော် ထိုအရာက အဓိက မဟုတ်ချေ။
အဓိကအချက်မှာ ထိုခေါင်းတလားက ပိတ်မထားခြင်းပင် ဖြစ်လေသည်။
ခေါင်းတလား အဖုံးက အောက်ခြေပိုင်းတွင် ထောင့်တစ်နေရာမှ ပွင့်ဟနေပြီး အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်နေကာ ထိုအက်ကွဲကြောင်းမှတဆင့် ခေါင်းတစ်ဝက်ခန့် ထွက်ပေါ်နေပေသည်။
တစ်ဖက်လူက ခေါင်းတလားထဲတွင် ပုန်းကွယ်နေပြီး သွေးရောင်မဲ့နေသော အသားအရေကို ဖော်ပြကာ အနက်ရောင် ဦးထုပ်ကို ဆောင်းထားပြီး အမှောင်ကျနေသော မျက်လုံးများဖြင့် ထောင့်တစ်နေရာရှိ ခေါင်းတလားထဲမှနေ၍ ပြတင်းပေါက် အက်ကွဲကြောင်းမှတဆင့် ကျန်းချန်တို့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
ပြုံးနေသည်လားဟု တွေးမိလိုက်ပေသည်။
တစ်ဖက်လူက ပြုံးနေခြင်းပင် ဖြစ်ပေသည်။
ထိုခဏတွင် ကျန်းချန်၏ ကျောပြင်တစ်ခုလုံး ကြက်သီးများ ထလာပြီး ချွေးစီးများ စီးကျလာခဲ့လေသည်။
"ချီးပဲ..."
သူက သည်းမခံနိုင်တော့ဘဲ အသံထွက်လာခဲ့ပြီး ဤဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ အမြင်အာရုံကို ရွံရှာမိသွားခဲ့ပေသည်။
"ဘာဖြစ်လို့လဲ..."
ပတ်ဝန်းကျင်ရှိ လူများက ထိုလှုပ်ရှားမှုကြောင့် လန့်သွားကြပြီး ကျန်ရှိနေသော လူအချို့က မျက်နှာပျက်ယွင်းစွာဖြင့် ကျန်းချန်အား ကြည့်လိုက်ကြလေသည်။
ခြံဝင်းအတွင်းရှိ မြင်ကွင်းက လူတိုင်းကို ရှေ့သို့ တစ်လှမ်းမျှ မတိုးရဲအောင် ပြုလုပ်ထားနိုင်သည်မှာ အမှန်ပင် ဖြစ်ပေသည်။
အင်တာနက်ဖိုရမ်ရှိ လမ်းညွှန်ချက်ထဲတွင် ဖော်ပြထားသော အဆောက်အအုံ ပတ်ဝန်းကျင်နှင့် ဆင်တူသော်လည်း ယခု လက်ရှိ လေထုနှင့် မြင်ကွင်းက စားဖိုမှူး ပြကွင်း ထက် အနည်းငယ်သာ ပိုခက်ခဲသည်ဟု ဖိုရမ်ခေါင်းဆောင်က ခန့်မှန်းထားခဲ့သည်မှာ တကယ်ပဲလားဟု တွေးမိကြလေသည်။
"အထဲမှာ တစ်ခုခု ရှိနေတယ်..."
ကျန်းချန်က ခေါင်းမာမာဖြင့် ပြောဆိုလိုက်လေသည်။ သူ ယခင်က လေ့ကျင့်ထားခဲ့သော ခံနိုင်ရည်များက ယခုအခါတွင် အသုံးမဝင်တော့သကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရပေသည်။
"ဘာတွေလဲ..."
လူတိုင်းက ဝိုင်းမေးလိုက်ကြလေသည်။
ကျန်းချန်က ကိုယ်ကို စောင်းလိုက်ပြီး လူတိုင်းကို ထိုအက်ကွဲကြောင်းမှတဆင့် ကြည့်စေလိုက်ပေသည်။
ထိုသို့ ကြည့်လိုက်ချိန်တွင် လူတိုင်းမှာ ချက်ချင်းပင် ကြောင်အမ်းသွားကြပြီး သတ္တိနည်းသော လူအချို့မှာ ခြေထောက်များပင် ပျော့ခွေသွားကြလေသည်။
ခေါင်းတလား တစ်လုံး ဖြစ်နေလေသည်။ လမ်းညွှန်ချက်ထဲတွင် ပြကွင်းအတွင်း၌ ခေါင်းတလား တစ်လုံး ရှိနေသည်ဟု လုံးဝ ဖော်ပြထားခြင်း မရှိခဲ့ချေ။
"အထဲမှာ တစ်ခုခု ရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်... မင်းတို့ အထဲကို လိုက်ဝင်မလား ဒါမှမဟုတ် ဒီမှာပဲ နေခဲ့မလား..."
ကျန်းချန်က ခေါင်းမာမာဖြင့် ဆက်လက် ပြောဆိုလိုက်လေသည်။ ခံနိုင်ရည်များ မရှိတော့သော်လည်း မည်သို့ အောင်မြင်စွာ ဖြတ်ကျော်ရမည်နည်း ဆိုသည်နှင့် ပတ်သက်၍ သူ၏ နားလည်သဘောပေါက်မှုက ရှိနေဆဲပင် ဖြစ်ပေသည်။
"ငါ... ငါ ဒီမှာပဲ နေခဲ့တာ ကောင်းမယ်..."
"ငါလည်း နေခဲ့မယ်လေ... ဖိုရမ်ခေါင်းဆောင် မင်းက အမြန်ဖြတ်ကျော်မယ့် ကစားသမား မဟုတ်ဘူးလား... ငါတို့တွေ မင်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ဘူး..."
လူအချို့က နောက်ဆုတ်သွားကြလေသည်။
ယခင်က အားကိုးရသော ဖိုရမ်ခေါင်းဆောင်မှာ ယခုအခါတွင် သိပ်ပြီး အားကိုး၍ မရတော့သကဲ့သို့ သူတို့ ရုတ်တရက် ခံစားလိုက်ကြရပေသည်။
အကယ်၍ အားကိုး၍ မရတော့ဘူးဆိုလျှင် အမြန်ဖြတ်ကျော်မည့် ပုံစံကလည်း ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။
"ကောင်းပြီ... ငါတို့ အထဲဝင်မယ်... မင်းတို့တွေ လျှောက်မသွားကြနဲ့..."
ကျန်းချန်နှင့် သူ့နောက်သို့ လိုက်ပါလိုသော လူသုံးယောက်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကြလေသည်။ ထို့နောက် ခေါင်းမာမာဖြင့် ခြေလှမ်းများကို လှမ်းကာ အဓိက အိမ်ဆောင်ဆီသို့ လျှောက်သွားကြပေသည်။
နေရာတွင် လူ ၄ ယောက်သာ ကျန်ရစ်ခဲ့ပြီး ထို ၄ ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။ လူနည်းသွားချိန်တွင် သူတို့က မလိုက်သွားခဲ့မိသည်ကို ပြန်လည် နောင်တရလာကြပေသည်။ မတတ်နိုင်ပေ။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းက အလွန်တရာ ကျောချမ်းဖွယ် ကောင်းနေခဲ့လေသည်။
"ဒီပြကွင်းထဲကို တစ်ခုခု ဝင်လာတာများလား..."
လမ်းညွှန်ချက်ကို ဖတ်ဖူးသော ဧည့်သည်တစ်ဦးက ဘေးဘက်ရှိ ဖျက်ဆီးခံထားရသော အခန်းကို ကြည့်ရင်း ခေါင်းတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
"မင်းတို့ ကြည့်စမ်း... ဒီတံခါးတွေက အကြမ်းဖက်ပြီး တိုက်ချိုးခံထားရတဲ့ ပုံပဲ..."
"ပြီးတော့... ဒီစက္ကူရုပ်တွေကလည်း ဒေါသထွက်ပြီး ဆုတ်ဖြဲခံထားရတဲ့ ပုံစံပဲ..."
"ဆက်မပြောပါနဲ့တော့... သူဌေးက တမင်တကာ ဖန်တီးထားတာ ဖြစ်နိုင်တယ်... ဒီရက်ပိုင်းအတွင်း ဇာတ်လမ်းကို ပြောင်းထားတာနေမှာပေါ့..."
အခြားလူတစ်ဦးက ကမန်းကတန်းပင် စကားဖြတ်ပြောလိုက်လေသည်။
ယခု မြင်ကွင်းက ထိုကဲ့သို့သော စကားများကို အများကြီးပြောရန် မသင့်တော်ချေ။
ဤစက္ကူရုပ်များမှာ တစ်ရုပ်ချင်းစီက ကလေးငယ်များနှင့် တူညီနေပြီး သာမန် ကလေးငယ်များသာ ဖြစ်လျှင် ကိစ္စမရှိပေ။
သို့သော်လည်း ဤ ကလေးငယ် များမှာ သွေးရောင်မဲ့နေသော မျက်နှာ ရှိပြီး အနီရောင်များ ခြယ်သထားကာ အပြာရင့်ရောင် နာရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုဝတ်ဆင်ထားသော နာရေးဝတ်စုံပေါ်တွင် မှိုင်းညို့နေသော ရွှေရောင် ကြေးပြားအချို့ကို ရေးဆွဲထားလေသည်။
လူတစ်ဦးက ခေါင်းမော့ကြည့်လိုက်လေသည်။ ထိုအခါ သစ်ကိုင်းပေါ်တွင် ခေါင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရပေသည်။
တစ်ဖက်လူ၏ တောင့်တင်းနေသော မျက်လုံးများက သူ့အား ကြည့်နေသကဲ့သို့ ရှိပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ ထိုတောင့်တင်းနေသော နှုတ်ခမ်းထောင့်များက ပြုံးနေသကဲ့သို့ ရှိနေပေသည်။
ထိုခဏတွင် ထိုလူမှာ ခေါင်းတစ်ခုလုံး ထုံကျဉ်သွားပြီး ကမန်းကတန်း ခေါင်းငုံ့ပစ်လိုက်လေသည်။
လူတိုင်း၏ ရင်ထဲတွင် ပိုမို အေးစက်လာချိန်၌ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ချီးပဲ..."
လူအချို့က အသံထွက်ပေါ်လာသူဆီသို့ ကမန်းကတန်း လှမ်းကြည့်လိုက်ကြပေသည်။
"ဘာဖြစ်လို့လဲ..."
ထိုသူမှာ သာမန် ဧည့်သည်တစ်ဦး ဖြစ်ပြီး ယခုအခါ သူ၏ မျက်နှာတစ်ခုလုံး ဖြူရော်နေကာ မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလျက် လက်ကိုဆန့်ထုတ်ကာ မလှမ်းမကမ်းကို လက်ညှိုးထိုးပြနေလေသည်။
အဝေးတွင် ဘာရှိနေသနည်း ဆိုသော် လူခေါင်းတစ်ခု ရှိနေလေသည်။ ခြေသလုံးလောက် အမြင့်ရှိသော နေရာတွင် ယိမ်းထိုးကာ မိမိဆီသို့ လျှောက်လာနေသော လူခေါင်းတစ်ခုပင် ဖြစ်ပေသည်။
ထိုခဏတွင် ကျန်ရှိနေသော လူ ၄ ယောက်လုံး၏ မျက်နှာများ တပြိုင်နက်တည်း ဖြူရော်သွားကြလေသည်။
"မ... မကြောက်ကြနဲ့..."
"ဒါကို ငါ သိတယ်... ဒါက ပြကွင်းထဲက သရုပ်ဆောင်တွေထဲက တစ်ကောင်ပဲ... မိတ်ကပ်လိမ်းထားတဲ့ ခွေးတစ်ကောင်ပဲ..."
"ငါ ကြိုတင် ပြင်ဆင်ထားပြီးသား... ဝက်အူချောင်း တစ်ချောင်း ထုတ်ပေးလိုက်ရုံနဲ့ ရပြီ..."
လူတစ်ဦးက သူ၏ အကြောက်တရားကို ဖိနှိပ်ထားကာ မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖော်ဆောင်လိုက်လေသည်။ သူက ခေါင်းလှည့်ကာ ကျန်ရှိနေသော သုံးဦးကို ကြည့်ရင်း စိတ်ရှည်လက်ရှည် ရှင်းပြနေပေသည်။
လူသုံးယောက်က ထိုစကားကို ကြားသောအခါ သက်ပြင်းချရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏတွင် သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများက တောင့်တင်းသွားခဲ့လေသည်။
"ဟို... ဟို... ဟို... ဟိုဟာ..."
သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ဆန့်ထုတ်ကာ အမျိုးသား၏ ကျောဘက်ကို တုန်ယင်စွာဖြင့် လက်ညှိုးထိုးပြနေကြပေသည်။
'ကျောဘက် ဟုတ်လား…ကျောဘက်က ဘာဖြစ်လို့လဲ..’
လမ်းညွှန်ချက်ထဲတွင် လူခေါင်းနှင့် ခွေး တစ်ကောင်ဟု ဖော်ပြထားသည် မဟုတ်ပါလော။
အမျိုးသားမှာ ကြောင်အမ်းသွားပြီး မသိစိတ်အရ ခေါင်းလှည့်ကြည့်လိုက်သော်လည်း ခေါင်းလှည့်ကြည့်ပြီးနောက် သူ၏ မျက်နှာပေါ်ရှိ အမူအရာကလည်း တောင့်တင်းသွားခဲ့လေသည်။
အမှောင်ထဲတွင် လမ်းညွှန်ချက်ထဲ၌ ရေးသားထားသော လူခေါင်းနှင့် ခွေး မဟုတ်ဘဲ လူခေါင်း တစ်လုံးသာ ရှိနေသည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပေသည်။
လူခေါင်း တစ်လုံးတည်းသာ ဖြစ်ပြီး လည်ပင်း ပြတ်ရှရာက ရှင်းလင်းစွာ မြင်တွေ့နေရကာ ဝက်သားသုံးထပ်သားကဲ့သို့ ဖြစ်နေပြီး မျက်ထောင့်နှင့် နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျနေကာ ဖြူရော်နေသော သူငယ်အိမ်က လူတိုင်းကို စိုက်ကြည့်နေလေသည်။ အသံက "တောက်... တောက်" ဟု ထွက်ပေါ်လာကာ သွေးများက လည်ပင်းမှတဆင့် မြေပြင်ပေါ်သို့ စီးကျနေပေသည်။
ထိုခေါင်းက မကောင်းဆိုးဝါး တစ်ကောင်၏ လက်ထဲတွင် ဆွဲကိုင်ထားခြင်း ခံရခြင်းပင် ဖြစ်ချေသည်။
တစ်ဖက်လူ၏ အရပ်အမောင်းမှာ အနည်းဆုံး ၂.၃ မီတာခန့် ရှိပြီး ခန္ဓာကိုယ်မှာ အလွန်တရာ ကြီးမားကာ အစွယ်များက ပါးစပ်အပြင်သို့ ထွက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး သွေးများပေကျံနေလေသည်။ ယခုအခါတွင် သူ၏ ရှေ့၌ ရပ်နေပေသည်။
လမ်းညွှန်ချက်ထဲတွင် ဤသရုပ်ဆောင် ရှိနေကြောင်း လုံးဝ ဖော်ပြထားခြင်း မရှိခဲ့သလို ထိုခေါင်းကလည်း လူအစစ်နှင့် တူနေသည် မဟုတ်ပါလော။
ထိုခေါင်းကို မြင်လိုက်ရချိန်တွင် အမျိုးသား၏ ဦးနှောက်ထဲတွင် ဗလာဟင်းလင်း ဖြစ်သွားပြီး နေရာတွင် ကြောင်တောင်တောင်လေး ရပ်နေမိလေသည်။
သူက ထွက်ပြေးရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏတွင် သူ၏ ခြေထောက်များကို လှမ်း၍ မရတော့ကြောင်း သတိထားမိလိုက်ပေသည်။
ခေါင်းငုံ့ကြည့်လိုက်လေသည်။ မည်သည့်အချိန်ကတည်းကမှန်း မသိရဘဲ လက်တစ်ဖက်က သူ၏ ခြေကျင်းဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပေသည်။
ထိုလက်ပိုင်ရှင်မှာ စက္ကူရုပ်များထဲမှ တစ်ရုပ်ဖြစ်ပြီး ယခုအခါ မြေပြင်ပေါ်တွင် မှောက်လျက်နေကာ ခေါင်းမော့ပြီး သူ့အား တောင့်တင်းစွာဖြင့် ကြည့်နေလေသည်။
ခြေကျင်းဝတ်မှ အေးစက်မှုကို ခံစားလိုက်ရလေသည်။
အမျိုးသား၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပေသည်။
သူက အကူအညီတောင်းချင်သော်လည်း အခြား သုံးယောက်မှာ စောစောစီးစီးကတည်းက အရိပ်အယောင်ပင် မကျန်တော့အောင် ထွက်ပြေးသွားခဲ့ကြလေပြီ။
သူသည် ဖြူရော်ကာ သွေးရောင်မရှိတော့သော မျက်နှာဖြင့် ဤစက္ကူရုပ်က လက်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်း တက်လာကာ တောင့်တင်းနေသော ရုပ်သေးရုပ်ကဲ့သို့ အပြုံးမျက်နှာဖြင့် သူ၏ မျက်နှာဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မျက်လုံးပြူးကာ ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။
သူသည် တံတွေးများ စီးကျနေသော မကောင်းဆိုးဝါးက လက်နှစ်ဖက်ကို မြေပြင်တွင် ထောက်ကာ မိမိဆီသို့ ချဉ်းကပ်လာသည့် မြင်ကွင်းကို ကြည့်ရင်း ခေါင်း မိုက်ခနဲ မူးဝေသွားသည်ဟု ခံစားလိုက်ရလေသည်။
သူက အသံထွက်ချင်သော်လည်း မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ကြောင်း ရုတ်တရက် သတိထားမိလိုက်ပေသည်။
မျက်စိရှေ့တွင် ထင်ယောင်ထင်မှား မြင်ကွင်းများ ထွက်ပေါ်လာပြီး ဘဝ၏ အတိတ်မှ မြင်ကွင်းများက တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်လာရာ ဤအရာကို ဇာတ်သိမ်းခန်း မြင်ကွင်း ဟု ခေါ်သည် မဟုတ်ပါလော။
သူ ထိုအရာတွင် နစ်မြောနေချိန်၌ ယောင်ဝါးဝါးဖြင့် ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် မျက်နှာပေးကာ သူ့အား ပြောဆိုနေသည်ကို မြင်လိုက်ရသကဲ့သို့ ရှိလေသည်။
"အမြန်ဖြတ်ကျော်မယ့် ကစားသမား..."
ထိုခဏတွင် သတိလစ်တော့မည့် အသိစိတ်က ရုတ်တရက် အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့ပေသည်။ သူက တစ်ကိုယ်လုံးရှိ အင်အားများကို အသုံးချကာ ရင်ထဲမှနေ၍ အော်ဟစ်လိုက်လေသည်။
"အမြန်ဖြတ်ကျော်တာ ဟုလား သွားသေလိုက်..."
နောက်တစ်စက္ကန့်တွင် အသိစိတ်များ လွင့်စင်သွားခဲ့လေတော့သည်။
တစ်ချိန်တည်းမှာပင် အဓိက အိမ်ဆောင်အတွင်း၌ ဖြစ်သည်။
သူတို့ ဝင်လာသည်မှ ယခုအချိန်အထိ ၅ မိနစ်သာ ကြာမြင့်သေးပြီး ကျန်းချန်က အဝေးမှ မြင်ကွင်းကို သတိမထားမိခဲ့ချေ။
သူတို့က မိမိတို့ ရှေ့တွင်ရှိသော ခေါင်းတလားကို ကြည့်ရင်း ခြေဖနောင့်မှနေ၍ ဦးခေါင်းထိပ်အထိ အေးစက်မှု တစ်ခုက တိုးဝင်လာခဲ့လေသည်။
"စက္ကူရုပ်ရော..."
"အဲဒီ စက္ကူရုပ်က ဘယ်လိုလုပ် ပျောက်သွားတာလဲ..."
"ချီးပဲ... ဒီအရာက အသက်ရှင်နေတာတော့ မဟုတ်ပါဘူးနော်..."
"တိတ်တိတ်နေကြ..."
"ငါက အမြန်ဖြတ်ကျော်မယ့် ကစားသမားပဲ... ငါ့ရဲ့ အမိန့်ကို နားထောင်ရင် ရပြီ…”