ဒီအဘိုးအိုနာမည်က လျိုကျင်းပြောင်ပဲ…
Vol. 93 Ch. 1280
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် တစ်ရာစုလောက် ငြိမ်သက်ခဲ့ပြီးနောက် အဆင့်ရှစ်ကလန်များ၏ လက်အောက်ခံကလန်ခွဲများကြားမှ မဟာပြိုင်ပွဲကြီးသည် စတင်ပေတော့မည်။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ထိုပြိုင်ပွဲကို နှစ်ပေါင်းတစ်ထောင်တိုင်း တစ်ခါ ကျင်းပသည်။
အဆင့်ရှစ်ကလန်တစ်ခုမျှသာ မဟုတ်ဘဲ အဆင့်ရှစ်ကလန်များအားလုံးက တစ်ပြိုင်နက်တည်း ကျင်းပခြင်းပင်။ လက်အောက်ခံကလန်များသည် ပင်မကလန်သို့ ရောက်လာကြပြီး စမ်းသပ်မှုများကို ဖြတ်ကျော်ရမည် ဖြစ်သည်။ အနိုင်ရသည့်ကလန်က ဆုလဒ်များ ချီးမြင့်ခံရပြီး ပင်မကလန်၏အာရုံစိုက်မှုကို ရရှိမည်။ ထူးချွန်သောတပည့်များက ပင်မကလန်တွင်သာ ဆက်ကျန်ခဲ့၍ ပင်မကလန်၏ ပျိုးထောင်စောင့်ရှောက်ပေးတာ ခံရမည် ဖြစ်သည်။
ရှုံးနိမ့်သူများကတော့ လာမည့်နှစ်တစ်ထောင်အတွင်း သူတို့၏ အဆင့်အတန်းမှာ နိမ့်ကျသွားပေလိမ့်မည်။ ကျန်သည့်တပည့်များကတော့ ကလန်ခွဲများတွင်သာ ပျံ့၍ ဆက်ရှိနေလိမ့်မည်။
မူလကလန်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် နိမ့်ကျခဲ့ရသော ကလန် ဖြစ်၏။ သည်တစ်ကြိမ်က နောက်ဆုံးအခွင့်အရေးပင်။ သူတို့သာ အရင်တိုင်းပဲ ဖြစ်နေခဲ့ပါက မူလကလန်သည် ပင်မကလန်၏ ဖျက်သိမ်းခြင်း ခံရမည် ဖြစ်သည်။ လုယန်ဖေနှင့်အခြားသူများ အပါအဝင် မူလကလန်၏ တပည့်များသည် တခြားလက်အောက်ခံကလန်များထံသို့ စေလွှတ်ခြင်း ခံရပေမည်။ ထိုချိန်စ၍ မူလကလန်သည် ဆက်တည်ရှိတော့မည် မဟုတ်ပါ။ ထို့နောက် ပင်မကလန်က တပည့်များကို ကောက်ယူရွေးချယ်ကာ လက်အောက်ခံကလန်ပမာဏအတိုင်း ရှိနေစေရန် ကလန်သစ်တစ်ခုကို ဖွဲ့စည်းပေလိမ့်မည်။
မူလကလန်သည် ထိုအချက်ကို လက်မခံနိုင်ပေ။ သို့သော် သူတို့က မငြင်းဆန်ဝံ့ပေ။ သူတို့သည် ငြင်းဆန်ခဲ့ပါက သုတ်သင်ခြင်း ခံရပေလိမ့်မည်။ တကယ်တော့ မူလကလန်သည် လက်အောက်ခံကလန်လေးမျှသာ ဖြစ်ပေ၏။
ထိုရက်စက်သည့်နည်းလမ်းကို အဆင့်ရှစ်ကလန်များ၏ခွန်အားကို ဆက်တိုက်မြင့်တက်နေစေဖို့အတွက် အသုံးပြုပေသည်။ သည်လိုနည်းဖြင့် တနေ့တွင် သူတို့က နတ်ဘုရားကလန်၏ အသိအမှတ်ပြုသော အဆင့်ကိုးနိုင်ငံတစ်ခု ဖြစ်လာနိုင်ပေမည်။
ပြောကြသည်က ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နှင့် တစ္ဆေကလန်တို့လည်း ဤနည်းဖြင့် ကြီးထွားခဲ့သည်ဟု ဆို၏။
အဆင့်ရှစ်ဒေသတွင် စုစုပေါင်းကလန်ငါးခု ရှိ၏။ ယင်းတို့မှာ ထာဝရကလန်၊ လေအရိပ်ကလန်၊ သက်တံလမ်းကလန်၊ ကောင်းကင်ဘုံအဖြေကလန်နှင့် ငြိမ်သက်စိတ်ဝိညာဉ်ကလန်တို့ ဖြစ်ကြသည်။
မူလကလန်နှင့် ခရမ်းရောင်တာအိုကလန်တို့ကိုတော့ အဆင့်ရှစ်ထာဝရကလန်က ပိုင်ဆိုင်ပေ၏။
ဤမြင့်မြတ်သောအခမ်းအနားပြိုင်ပွဲက ဗရမ်းဗတာ မဟုတ်ပေ။ တိုက်ပွဲများကနေသာ ကောက်နှုတ်ပေမည်။ ကလန်အားလုံးကို သူတို့၏ဒေသများအလိုက် ခွဲခြားထားပြီး အဆင့်လေးမှ အဆင့်ခုနစ် ဒေသများရှိ အားအကောင်းဆုံးကလန်များကို ရွေးချယ်ထားခြင်းပင်။
တကယ်တော့ သူတို့သည် အထက်အဆင့်ရှိကလန်များကိုလည်း စိန်ခေါ်နိုင်ကြသေး၏။ ဥပမာ လွန်ခဲ့သောနှစ်တစ်ထောင်ကက ခရမ်းရောင်တာအိုကလန်က အဆင့်ခြောက်ကလန်တစ်ခုကို စိန်ခေါ်ခဲ့သလိုမျိုးပင်။ သူတို့သည် ရှုံးနိမ့်ခဲ့ကြသော်လည်း သူတို့၏အရှုံး၌ ဂုဏ်ကျက်သရေ ရှိခဲ့ပြီး အဆင့်ရှစ်ထာဝရကလန်၏ စိတ်ဝင်စားမှုကိုလည်း ရရှိနိုင်ခဲ့ပေသည်။
အဆင့်ရှစ်ကလန်တစ်ခုစီတိုင်း၏ မဟာပြိုင်ပွဲကြီးတွင် အဆင့်ကိုးကလန်ဝင်တစ်ယောက် လာတက်ရောက်မည် ဖြစ်သည်။ ထိုအဆင့်ကိုးကလန်မှ လူများ သဘောကျသူတစ်ယောက်ယောက် ရှိခဲ့ပါက သူတို့သည် ထိုသူတို့ကို လူသစ်အဖြစ် စုဆောင်းခေါ်ယူသွားပေမည်။ အဆင့်ရှစ်ကလန်များက ထိုအတွက် အကူအညီမဲ့သလို ခံစားရသော်လည်း သူတို့က ငြင်းဆန်နိုင်စွမ်း မရှိပေ။
ကံကောင်းသည်ကတော့ အဆင့်ကိုးကလန်မှ လူများ မျက်စိကျသည့်သူမှာ ရှားပါးလွန်းခြင်းပင်။ လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းအတွင်း သူတို့၏အာရုံစိုက်မှုကို ရရှိခဲ့သူမှာ သုံးယောက်သာ ရှိခဲ့ဖူးသည်။
အဆင့်ရှစ်ကလန်တိုင်း၏ ပြိုင်ပွဲ အဆုံးသပ်သွားပြီးနောက် သူတို့သည် အားအကောင်းဆုံးတပည့်သုံးယောက်ကို ရွေးချယ်ကာ အခြားအဆင့်ရှစ်ကလန်များနှင့် အစစ်အမှန်တိုက်ပွဲကို စတင်မည် ဖြစ်သည်။ သည်တိုက်ပွဲက အရေးကြီးလှ၏။ အဆင့်ရှစ်ကလန်များကိုယ်တိုင် ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း ထိုတိုက်ခိုက်မှုသည် အဆင့်ရှစ်ကလန်တစ်ခု၏ စစ်မှန်သောခွန်အား တစိတ်တပိုင်းကို ပြသပေးနိုင်ပေသည်။
ထိုခွန်အားက အဆင့်ကိုးကလန်ရှေ့တွင် ထုတ်ဖော်ပြသခြင်းပင်။ အဆင့်ရှစ်ကလန်များကြား၌ နောက်ဆုံးအနိုင်ရရှိသူသည် နှစ်ပေါင်းတစ်သောင်းအတွင်း ထိုအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါက ထိုသူသည် အဆင့်ကိုးဒေသသို့ ဝင်ရောက်နိုင်မည့် အရည်အချင်းအချို့အဝက်ကို ပိုင်ဆိုင်ရရှိသူ ဖြစ်လာပေလိမ့်မည်။
အဆင့်ရှစ်ကလန်တိုင်းက ဤကဲ့သို့ အရေးကြီးလှသော ပြိုင်ပွဲကို စောလျင်စွာကတည်းက ကြိုတင် ပြင်ဆင်ခဲ့ကြသည်။ ထိုအရေးကြီးသောတိုက်ပွဲအတွက် လူသုံးယောက်ကို တင်ကြိုရွေးထားခဲ့ပြီးပင်။ ထိုရွေးချယ်ခံရသောသူများသည် ပင်မကလန်သို့ ခေါ်ဆောင်ထားခြင်း မခံရသော်လည်း ပင်မကလန်၏ ပင်မတပည့်များကဲ့သို့ တူညီသောဂရုစိုက်မှု၊အထောက်အပံ့ကို ပေးအပ်ခြင်း ခံရသည်။ ပင်မကလန်မှ လူများကိုယ်တိုင် သူတို့ကို လာရောက်သင်ကြားပေးကြသည်။
ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် အဆင့်ရှစ်ဒေသမှ ထွက်ခွာသွားပြီးနောက် ပြိုင်ပွဲပေါင်း(၁၇)ခုကို ဆောင်ကြဉ်းပေးခဲ့ကာ အနိုင်၊အရှုံးများ ကလန်များကြားတွင် ပျံ့နှံ့ခဲ့ပေသည်။ သို့ရာတွင် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက ငြိမ်သက်စိတ်ဝိညာဉ်ကလန်က တစ်ဆက်တည်း ကိုးကြိမ်တိတိ အနိုင်ရခဲ့လေ၏။ ယခုအကြိမ်က (၁၈)ကြိမ်မြောက် ပြိုင်ပွဲပင်။ သူတို့သာ ထပ်မံအနိုင်ရခဲ့ပါက ထိုကလန်သည် အဆင့်ကိုးကလန်တစ်ခု ဖြစ်လာရန် အချိန်တစ်ခုသာ လိုပေတော့မည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ နှစ်ပေါင်းတစ်ထောင်ကြာတိုင်း တစ်ခါကျင်းပသည့် ဤပြိုင်ပွဲကြီးသည် အနည်းဆုံး လနှင့်ချီ၍ ကြာသည်။ မြို့များစွာနှင့် ရောင်းဝယ်မှုများက အဆင့်ရှစ်ဒေသတွင် အခြေချထားကြသည်။ ထိုပြိုင်ပွဲကနေ အကျိုးအမြတ်ရရှိရန် အခွင့်အရေးစောင့်နေကြသော လူလိမ်များလည်း မကြာမကြာဆိုသလို ရှိတတ်လေ၏။
ထိုလူလိမ်များက ပြိုင်ပွဲကျင်းပချိန်အတွင်း ရေထဲကငါးများကဲ့သို့ လှုပ်ရှားတတ်ကြသည်။ သူတို့သာမက အကြိမ်များစွာ အောင်မြင်ခဲ့သောလူတစ်ယောက်လည်း ရှိ၏။ သူ ရောက်လာခဲ့တိုင်း ထိုသူက အကျိုးအမြတ်များစွာ အရယူခဲ့ပေသည်။ နှစ်တစ်ထောင်ကြာတိုင်း သူ ပေါ်လာခဲ့ပြီး လူများစွာကို လှည့်စားတတ်ပေ၏။ သူ ပေါ်လာတိုင်းလည်း သူက မတူညီသောနာမည်ကို အသုံးပြုပေသည်။
လှည့်စားခံရသောကလန်များက ထိုလူ၏မျက်နှာကို သေချာဂရုစိုက်ကြသော်လည်း သူတို့က ဤအကြောင်းကို ကျယ်ကျယ်လောင်လောင် မပြောဝံ့ကြပေ။ သူတို့က လျှို့ဝှက်စုံစမ်းကြလျှင်တောင်မှ ဘာမှ ရှာမတွေ့ခဲ့ကြချေ။ ထို့အပြင် သည်လူက သူ လှည့်စားမည့် ကလန်များကို သေချာရွေးချယ်သည်။ သူက ဖျက်သိမ်းခံရခါနီး၊နိုင်ဖို့မျှော်လင့်ချက်မရှိသော မူလကလန်ကဲ့သို့ ကလန်များကို လှည့်စားခြင်း ဖြစ်သည်။
ထိုကဲ့သို့ကလန်များက ဖျက်သိမ်းခံရသည့်အခါ လူလိမ်နှင့် ပတ်သတ်၍ မည်သို့ ပြဿနာ ရှာနိုင်တော့ပါမည်နည်း။
ရေမိချောင်းကလန်က အဆင့်ငါးဒေသမှ အားနည်းသောကလန်တစ်ခု ဖြစ်၍ ထိုကလန်၏ ပင်မကလန်မှာ ကောင်းကင်ဘုံအဖြေကလန်ပင်။ သူတို့၏အခြေအနေက မူလကလန်နှင့် တူ၏။ အမြဲတမ်းလိုလို ပြိုင်ပွဲ၌ နောက်ဆုံးနေရာသာ ရခဲ့ကြသည်။ သူတို့သာ ထပ်ရှုံးနိမ့်ပါက ဖျက်သိမ်းခံရမည့်ကံကြမ္မာကနေ လွတ်မြောက်ဖို့ရာ ခက်ခဲလှပေမည်။
“ပြိုင်ပွဲက တစ်လအတွင်း ကျင်းပတော့မှာ။ ငါတို့ အဆင့်ရှစ်ဒေသကို တည်နေရာရွှေ့ပြောင်းခြင်း ခံရတော့မယ်။ ငါ့ရေမိချောင်းကလန်အပြင် ပင်မကလန်ဟာ ဒီနေရာမှာ ကလန်သုံးခုကို ပိုင်ဆိုင်ထားတယ်။ ငါ့ကလန်ဟာ အကြိမ်တိုင်း နောက်ဆုံးနေရာကိုပဲ ရခဲ့တယ်။ ဒီတစ်ကြိမ်သာ…ဟူး…”
ရေမိချောင်းကလန်ရှိ ခန်းမအတွင်း၌ အကြီးအကဲသုံးယောက် ထိုင်နေကြသည်။ ခုချိန်၌ သူတို့သည် မျက်မှောင်ကြုတ်လျက် အကူအညီမဲ့ဟန်က သူတို့မျက်နှာထက်တွင် ပေါ်နေသည်။
သူတို့ကလန်ဖျက်သိမ်းခံရသည်နှင့် သူတို့က အခြားလက်အောက်ခံကလန်တစ်ခုထံ ရွှေ့ပြောင်းခံရမည် ဖြစ်သော်လည်း သူတို့အဆင့်အတန်းကတော့ နိမ့်ဆင်းကျသွားပေမည်။ ကျန်သည့်ဘဝတစ်လျှောက်လုံးလည်း အရှက်တရားနှင့်သာ နေထိုင်သွားရပေမည်။
ထိုအဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်က ခါးသီးစွာ ပြောလိုက်သည်။ “ကျန်တဲ့ကလန်သုံးခုဟာ ငါတို့ ရေမိချောင်းကလန်ထက် အများကြီးအစွမ်းထက်တယ်။ ငါတို့အတွက် မျှော်လင့်ချက် လုံးဝ မရှိသလောက်ပဲ…”
“အံ့ဖွယ်သရဲတစ်ခုခုသာ မဖြစ်လာခဲ့ဘူးဆိုရင် အနိုင်ရဖို့ဟာ ခက်ခဲလွန်းလှတယ်…”
နောက်ထပ်အဘိုးအိုတစ်ယောက်ကလည်း သက်ပြင်းချ၍ ဆို၏။ သူက သည်တစ်ခါ သူထွက်သွားပြီးသည်နှင့် ဘယ်တော့မှ ပြန်မလာရတော့မှာကို သိနေပေ၏။ ရေမိချောင်းကလန်အနေဖြင့် ဖျက်သိမ်းခံရခြင်း ကံကြမ္မာကနေ လွတ်မြောက်ရန် ခက်ခဲလေ၏။
သူတို့သုံးယောက်သည် ငြိမ်သက်စွာ စဉ်းစားနေရင်း ရန်လိုသောအော်ရာတစ်ခု သည်ခန်းမအတွင်း ပြည့်နှက်လာ၏။ သည်အခိုက်အတန့်၌ စူးရှရှအော်သံတစ်ခု ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်လာသည်။ ထိုအော်သံက သူတို့သုံးယောက်ကို ချက်ခြင်း ခေါင်းထောင်သွားစေ၏။
ကျောက်စိမ်းပြားတစ်ခုသည် ဤကုန်းမြေ၏အကာအကွယ် အရံအတားကို ချိုးဖျက်ကာ သည်အဆောက်အဦခေါင်မိုးကို ဖြတ်သန်းကာ သည်သုံးယောက်၏ အလယ်မှတစ်ယောက်ထံ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ထိုကျောက်စိမ်းပြားထံမှ အစွမ်းထက်အော်ရာတစ်ခု ရုတ်တရက် ပျံ့နှံ့လာပြီး ခန်းမထဲတွင် ပြည့်နှက်လာသည်။ ၎င်းအော်ရာက ရေမိချောင်းကလန်အနှံ့ ပျံ့နှံ့ကာ ကလန်တစ်ခုလုံးကို တုန်ယင်သွားစေသည်။
ထိုအော်ရာရှေ့၌ အဘိုးအိုသုံးယောက်၏အမူအရာပါ ကြီးစွာ ပြောင်းလဲကုန်၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကာ ကျောက်စိမ်းပြားကို စူးစိုက်ကြည့်လျက် သူတို့စိတ်သည် တုန်ယင်ရသည်။ သူတို့စိတ်နှလုံးထဲရှိ ကြောက်ရွှံ့မှုကလည်း မြင့်တက်လာကာ သူတိုသည် နိဗ္ဗာနဖြိုခွဲခြင်းမန္တာန်တစ်ခု၏ စွမ်းအားကို ခံစားမိလေသည်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းပြားထံမှ မောက်မာသောအသံတစ်ခု ထွက်ပေါ်လာပြီး ခန်းမထဲ၌ ပဲ့တင်ထပ်သည်။
“ကျူးယွမ်မန့်၊ ကောင်းကင်ဘုံပင်လယ်ကုန်းမြေမှာ မွေးဖွားခဲ့တယ်။ ရေမိချောင်းကလန်ကို ဝင်ရောက်ခဲ့တဲ့အချိန် ခုနစ်နှစ်အရွယ်က စကျင့်ကြံခဲ့တယ်။ နှစ်နှစ်ရာမှာ အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီး နှစ်ခြောက်ရာကျော်မှာ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်လာခဲ့တယ်။ ခုချိန်မှာ နှစ်ပေါင်းထောင်ချီကျင့်ကြံပြီးတဲ့နောက် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေခဲ့ပြီး ရေမိချောင်းကလန်ရဲ့ ကလန်ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်…”
“လောစုန့်ကန်း… ကောင်းကင်ဘုံပင်လယ်ကုန်းမြေမှ မွေးဖွားခဲ့တယ်။ မင်းရဲ့အဖေက လျိုဟိုင်တောက်၊ မင်းက မင်းရဲ့ကျင့်ကြံမှုအဆင့်တိုးတက်ဖို့အတွက် ဆေးလုံးများစွာ အသုံးပြုခဲ့တဲ့အတွက်ကြောင့် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်မှာ တစ်နေခဲ့တယ်…”
“ကျိုးချန်…မင်းက ကောင်းကင်ဘုံပင်လယ်ကုန်းမြေမှာ မွေးခဲ့တာ မဟုတ်ဘူး။ ကျိုးဝူကုန်းမြေမှာ မွေးခဲ့တာ၊ လမ်းတစ်ဝက်မှာ မင်းက ဒီရေမိချောင်းကလန်နဲ့ လက်တွဲခဲ့တယ်။ ခုချိန်မှာ မင်းက အထည်ဒြပ်ယန်အဆင့်မှာ တစ်နေတာ နှစ်ပေါင်း (၇၃၅)နှစ် ရှိခဲ့ပြီ….”
“ဒီအဘိုးအိုပြောတာ မှန်ရဲ့လား။ အလိမ်အညာတစ်ခုတစ်လေ ပါလား…”
“စီနီယာပြောတာ အကုန်မှန်ပါတယ်။ စီနီယာက…” သူတို့သုံးယောက်သည် အလွန်အမင်း တုန်လှုပ်နေ၏။ ထိုအသံပြောသည့်အချက်များက အသေးစိတ်ကျလှ၏။ အချို့ကိစ္စများဆိုလျှင် မေ့မေ့ပျောက်ပျောက်ပင် ဖြစ်လို့နေပေပြီ။ သို့သော် သည်လူက ရှင်းလင်းစွာ သိနေခဲ့၏။ ထို့အပြင် နိဗ္ဗာနဖြိုခွဲခြင်းအော်ရာကလည်း သူတို့ကို တုန်လှုပ်စေခဲ့သည့်အတွက် သူတို့၏စဉ်းစားဉာဏ်များပါ ဆုံးရှုံးလုနီး ဖြစ်သွားစေသည်။
“ဒီအဘိုးအိုရဲ့ နာမည်က လျိုကျင်းပြောင်ပဲ။ တာအိုနာမည်ကတော့ အရှင်ရွှေကျား…”
သူတို့၏အမူအရာများသည် အလေးအနက် ဖြစ်လာကြ၏။ သူတို့က သည်နာမည်ကို မကြားခဲ့ဖူးသော်လည်း သူ့ထံမှ ကျောက်စိမ်းပြားတစ်ခုထံကပင် နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူတစ်ယောက်၏ အော်ရာ ပါဝင်နေခဲ့သည်။ ထိုလူက သူတို့နှင့်ပတ်သတ်၍လည်း အားလုံး သိထားသဖြင့် ဤအချက်က သူတို့အဖို့ ဤလူကို ပို၍ လေးစားသွားစေသည်။
ကျူးယွမ်မန့်က အသက်ခပ်ဝဝရှုသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်၍ မေးလိုက်သည်။ “စီနီယာ…ဒီကို ရောက်လာခဲ့တာက…”
“မင်းတို့အပေါ်မှာ ဘေးကပ်ဆိုးတစ်ခု စောင့်နေတယ်။ မင်းတို့က ဒါကို သိမှာတောင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးရက်က လူတစ်ယောက်ဟာ မင်းတို့သုံးယောက်အသက်အတွက် ငါ့ရှိရောက်လာခဲ့ပြီး မူလသလင်းကျောက်ခြောက်သောင်း ပေးခဲ့တယ်…”
ထိုသို့ပြောလိုက်သည့်နောက် သူတို့၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
“ဒါပေမဲ့…မင်းတို့ ရေမိချောင်းကလန်နဲ့ ငါ့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ ငါက ဆေးဝါးဖော်စပ်ဖို့အတွက် မူလသလင်းကျောက်တွေ လိုနေပေမယ့်လည်း ငါ ဒီလိုကိစ္စကို လုပ်ရမှာ သဘာဝမကျသလို ခံစားရတယ်။ ဒါပေမယ့်လည်း ရွေးချယ်စရာမရှိခဲ့ရင်တော့ ငါ မင်းတို့အသက်ကို ယူရမှာပဲ…”
ထိုအသံသည် တဖြည်းဖြည်း သုန်မှုန်လာကာ ကျောက်စိမ်းပြားထံမှ နိဗ္ဗာနဖြိုခွဲခြင်းအော်ရာနှင့် ပေါင်းစပ်သွား၏။ ထိုအဖြစ်က သည်သုံးယောက်ကို ချက်ခြင်း ဖြူရောသွားစေသည်။
“စီနီယာ…”
“တကယ်တော့…ဒါက ငါ့ဆန္ဒတော့ မဟုတ်ဘူး။ မင်းတို့သုံးယောက်သာ မူလသလင်းကျောက် ခြောက်သောင်း ထုတ်ပေးရင်ပေး၊ ဒါမှမဟုတ် ဒီပမာဏနဲ့ ညီမျှတဲ့တစ်ခုခုကို ပေးမယ်ဆိုရင်တော့ ငါ မင်းတို့သုံးယောက်ကို မသတ်မယ့်အပြင် မင်းတို့ရေမိချောင်းကလန် ဖျက်သိမ်းခံရတော့မယ့် အန္တရာယ်ကို ပယ်ဖျက်ပေးဖို့အတွက် ကူညီပေးဦးမယ်…”
“မူလသလင်းကျောက်ခြောက်သောင်း…” သူတို့သုံးယောက်သည် တုန်လှုပ်ရ၏။ ထိတ်လန့်မှုနှင့် ပြည့်နှက်ကုန်သည်။ သူတို့သည် သံသရ ရှိနေသော်လည်း
“ကျွန်တော်တို့မှာ မူလသလင်းကျောက် အများကြီး မပိုင်ဆိုင်ပါဘူး…”
“ဒီအဘိုးအိုရဲ့ အချိန်ဟာ အကန့်အသတ် ရှိတယ်။ ငါ မင်းတို့ စဉ်းစားဖို့ ဆယ့်ငါးမိနစ်အချိန်ပေးမယ်။ မင်းတို့ ငြင်းဆန်ရင်တော့ ငါ မင်းတို့ကို သတ်ရလိမ့်မယ်။ မင်းတို့မှာ မူလသလင်းကျောက်တွေ မရှိဘူးဆိုရင်လည်း တန်ဖိုးတူညီတဲ့တစ်ခုခု ငါ့ကို ပေးနိုင်တယ်…”
လျိုကျင်းပြောင်က သူ့မန္တာန်များကို ပြသနေစဉ်မှာပင် ဤအဆင့်ငါးဒေသ၏ အတွင်းနက်ပိုင်းတွင် အရိုင်းကုန်းမြေတစ်ခု ရှိလေသည်။ ၎င်းကုန်းမြေအတွင်းမှ ကျယ်လောင်စွာပေါက်ကွဲသံတစ်ခုသည် မြေအောက်ကနေ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာသကဲ့သို့ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သောအက်ရာများ ဖြစ်ပေါ်လာကာ အောက်ခြေကနေ ဆံပင်ဖြူပုံရိပ်တစ်ခုက ထိုးထွက်လာလေ၏။
သူက ဝမ်လင်းပင်။ သူ့မျက်နှာသည် ဖြူရောနေလျက် သွေးအန်လိုက်ရ၏။ သို့ရာတွင် သူ့နတ်ဘုရားအာရုံကို ချက်ခြင်းဖြန့်ကျက်ကာ အရိုးကုန်းမြေအောက်ဘက်ရှိ ခုနစ်ရောင်စုံနယ်မြေနှင့် ဆက်နွှယ်ထားသော အက်ကြောင်းထံသို့ ပို့လွှတ်ထားသည်။
ထိုအက်ကြောင်းမှာ ခုနစ်ရောင်စုံဆက်၍ မတောက်ပတော့ပေ။ ဝမ်လင်း၏နတ်ဘုရားအာရုံက ယင်းအက်ကြောင်းကို ကြည့်ရှုစမ်းစစ်နေစဉ်မှာပင် ၎င်းသည် မြန်ဆန်စွာ ပျက်စီး၍ ပျောက်ကွယ်သွားလေသည်။
ထိုအရာကို တွေ့မြင်သည့်အခါ ဝမ်လင်းက မသေမချာ ဖြစ်သွား၏။ ထို့နောက် သူ့အကြည့်က ကျောက်စိမ်းလက်ကောက်ထံ ကျရောက်သွား၏။ ထိုလက်ကောက်က အပြာရောင်တောက်ပမှုကို ဆက်ပေးနေခြင်း မရှိတော့ပါ။ ခုချိန်၌ ယင်းလက်ကောက်သည် မြစိမ်းရောင်သာ ပြန်ဖြစ်နေလေပြီ။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ခေါင်းမော့၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို ကြည့်လျက် ခပ်တိုးတိုး ပြောသည်။ “ငါ ပြန်ရောက်လာခဲ့ပြီ…”
***