လေကောင်းကင်ဘုံနယ်မြေ ဆီသို့
Vol. 93 Ch. 1281
ဝမ်လင်း ပြန်ရောက်ရှိလာမှုက ဘာမှ လှုပ်ခတ်မသွားခဲ့ပေ။ အဆင့်ရှစ်ဒေသ၌ မဟာပြိုင်ပွဲကြီး ကျင်းပနေခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် မည်သူကမျှ သူ့တည်ရှိမှုကို မသိကြပေ။ တကယ်တော့ ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ သူ့ကိုသိသည့်သူ မရှိသလောက် မဟုတ်လား။
အဆင့်ရှစ်ဒေသရှိ ပြိုင်ပွဲကြီး မရှိလျှင်ပင် မည်သူကမျှ ဝမ်လင်း ပြန်ရောက်ရှိလာသည်ကို သိကြလိမ့်မည် မဟုတပေ။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ လူသူမသိသေးသော သူ့ဂုဏ်သတင်းက ခုမှ စတင် အစပြုပေတော့မည်။
သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းက ထိုင်ချလိုက်၏။ ဤအရိုင်းကုန်းမြေက သွားနေကြလာနေကြလမ်းကြောင်းပေါ်တွင် မရှိသည့်အတွက်ကြောင့် သည်နေရာသို့ လာရောက်သည့်သူ ရှားပါးလှ၏။ ဝမ်လင်းက ပင်မကလန်ပြိုင်ပွဲစတင်နေပြီကို ခန့်မှန်းမိ၏။ ထို့ကြောင့် ဤအရိုင်းကုန်းမြေသို့ လာရောက်ကြသူများမှာ ပို၍ပင် ရှားပါးနေခဲ့ပေပြီ။
စဉ်းစားနေရင်း ဝမ်လင်းက ခုနစ်ရောင်စုံနယ်မြေ၌ ဖြစ်ပျက်ခဲ့သော အရာများကို ပြန်တွေးကြည့်ကာ သူက နောင်တရမှုကို ခံစားမိသည်။
“သွားတုန်းက ခုနစ်ယောက်၊ ပြန်လာတော့ ငါ တစ်ယောက်တည်း။ ငါ သွားခဲ့တဲ့အချိန်တုန်းက ငါဟာ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ခုချိန်မှာတော့…” ဝမ်လင်းသည် ပင်ပန်းနေဟန် ပေါ်သော်လည်း သူ့မျက်လုံးတို့က တောက်ပနေ၏။ သူက ခပ်တိုးတိုး ဆိုသည်။ “ငါဟာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ခြေလှမ်းတစ်ဝက် နင်းနိုင်ခဲ့ပြီ…”
ခုနစ်ရောင်စုံနယ်မြေတွင် ဝမ်လင်း တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာ၏။ ကျန်းရှင်းရီ၏အရိုးစု၊စစ်မာမို၏လှိုဏ်ဂူ၊ ဟင်္သာငှက်တတိယကြိမ်မြောက်နိုးထခြင်း၊ ပြင်ပနယ်မြေမှ လျှပ်စီးကို စုပ်ယူခြင်း၊ အသိမဲ့သူများ၊ဉာဏ်အလင်းရသူများ၊ အတုလား၊အစစ်လားမသိရသော တာအိုကျမ်းများ၊ သူက ရှေ့ဖြစ်ဟောသူ၏ လျှို့ဝှက်ချက်ကိုပါ ရှာတွေ့လုနီးပါးဖြစ်ခဲ့ခြင်း၊ တုပထားသည့် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့များကို တွေ့မြင်ခဲ့ရခြင်း၊ ဖိဆန်သူများ၏ တည်ရှိမှုကို သိရှိခဲ့ရခြင်း…အစရှိသဖြင့် သူ့စိတ်ထဲတွင် ပြန်ပေါ်နေခဲ့သည်။
သူက အရှင်ဟွေစုန်နှင့် တိုက်ခိုက်ခဲ့ကာ ခုနစ်ရောင်စုံလက်သည်းခွံ၏ ထိမှန်ခြင်းလည်း ခံခဲ့ရသေးသည်။ သူက ဆံဖြူအဘိုးအိုနှင့်တိုက်ခိုက်ကာ တာအိုသစ်သီးကိုလည်း ဝါးမြိုခဲ့သေးသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အသက်ဝင်လာခဲ့ပြီး အပင်စောင့်ကြပ်သူကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သေးသည်။ ပို၍အရေးကြီးသည်က သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာခဲ့ခြင်းနှင့် ခြင်သားရဲ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ပြီးမြောက်ခဲ့ခြင်းတို့ပင်။
သူက အချိန်အတားအဆီးပညာရပ်ကိုလည်း ရရှိခဲ့၏။ ထို့အပြင် ဆန်းကြယ်သောသမင်အရိုးစုအကြွင်းအကျန်နှစ်ခုပေါ်တွင် ထိုးစိုက်နေသည့် ဓားနှစ်လက်ကိုပါ ရခဲ့သည်။ ထိုအရာများအားလုံးက ဝမ်လင်းကို စိတ်လှုပ်ရှားစေခဲ့သည်။ နှစ်ပေါင်းတစ်ရာက မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပေပြီ။ သည်အချိန်မျှနှင့် ကွာခြားမှုကတော့ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ဖြစ်ခဲ့လေသည်။
“အရာရာဟာ မကြာမကြာ ပြောင်းလဲနေတယ်။ အမြဲတမ်း အရှုံးနဲ့အမြတ်ဆိုတာ ရှိတယ်။ အရှင်ဟွေစုန်နဲ့တိုက်ပွဲမှာတုန်းက ငါနဲ့အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ သံဓား ပျက်စီးခဲ့ရတယ်။ တာအိုသခင်အိပ်မက်ပြာကို ဆန့်ကျင်တိုက်ခိုက်ခဲ့တုန်းကလည်း သလင်းဓားပျက်စီးခဲ့တယ်။ တိုက်ပွဲပုဆိန်ပျက်စီးခဲ့တယ်။ ငါ့ရှေးဟောင်းနတ်ဘုရားမီးပြင်းဖိုတောင် ပျက်စီးခဲ့ရသေးတယ်။ ပိုအရေးကြီးတာက ငါ့ရဲ့ ဖြစ်ပေါ်ခါစ ခြောက်ခုမြောက်ရှေးဟောင်းနတ်ဘုရားကြယ်ပါ ပျက်စီးခဲ့ရတာပဲ…”
ဝမ်လင်းသည် သက်ပြင်းချကာ ခပ်တိုးတိုး ပြော၏။ “ကံကောင်းစွာနဲ့ ဥပဒေသကြယ်ဟာ ရှိနေတုန်းမလို့ပေါ့။ ငါ့ခြောက်ခုမြောက်ကြယ် ပျက်စီးခဲ့ပေမယ့်လည်း ငါ့ခန္ဓာကိုယ် ဒုတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တာနဲ့ ငါ ဒီကြယ်ကို ပြန်ရရှိနိုင်တယ်။ ဒါမှမဟုတ် အခြားအခွင့်အရေးတစ်ခုခု ရခဲ့ရင်ပေါ့…။ တကယ်တော့ ငါက ဒီကြယ်ခြောက်လုံးအဆင့်ကို ရောက်ခဲ့ဖူးပြီး ဖြစ်တဲ့အတွက် ဒီအဆင့်ကို ပြန်တက်လှမ်းရတာဟာ အများကြီး ပိုလွယ်သွားခဲ့ပြီ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက သူ ရရှိခဲ့သော အရှုံးနှင့်အမြတ်ကို ယှဉ်ထိုးကြည့်နေသည်။ သူက ဤခရီးစဉ်၌ သူ ဆုံးရှုံးခဲ့ရသည့်ထက် ရရှိခဲ့သည့်အကျိုးအမြတ်က ပိုများပြားသည်ကို ကောင်းစွာ သိပေသည်။
သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဝေ့ယမ်း၍ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။သေလုမြောပါးမူလစိတ်ဝိညာဉ်နှစ်ခု ပျံသန်းထွက်လာ၏။ ထိုမူလစိတ်ဝိညာဉ်များမှာ ပြင်ပနယ်မြေမှ မီးနှင့်လျှပ်စီးအမှတ်အသားတို့ ပိုင်ဆိုင်ထားသည့် လူနှစ်ယောက်ပင်။
ဝမ်လင်းက ထိုသူတို့၏ မူလစိတ်ဝိညာဉ်ကို သတ်မပစ်ဘဲ ထိုအစား စုဆောင်းသိမ်းဆည်းခဲ့၏။ သူက သူ့လက်ကို ထိုမူလစိတ်ဝိညာဉ်နှစ်ခုပေါ်သို့ တင်ကာ အတင်းအကြပ် မှတ်ဉာဏ်များ ရှာဖွေလေသည်။ ထိုမူလစိတ်ဝိညာဉ်နှစ်ခုက တုန်ယင်ကာ နာကျင်ထိတ်လန့်စွာ အော်ဟစ်လာကြ၏။ ၎င်းတို့က တဖြည်းဖြည်းအားနည်းသထက် အားနည်းကာ နောက်ဆုံးတွင် မူလစွမ်းအင်အဖြစ် ပေါက်ကွဲထွက်သွားကြပြီး ဝမ်လင်း၏ ပြန်ကောင်းမွန်မှုကို ကူညီပေးရန်အလို့ငှာ ဝါးမြိုခြင်း ခံလိုက်ရပေသည်။
ခုနစ်ရောင်စုံနယ်မြေ၌ ဝမ်လင်းက ကျွန်ကလန်(လဝါးမြိုခြင်းကလန်)မှ လူငယ်၏မှတ်ဉာဏ်ကိုလည်း ရှာဖွေခဲ့ပြီးပင်။ ခုချိန်၌ သူက သည်လူနှစ်ယောက်၏မှတ်ဉာဏ်များကိုလည်း ရှာဖွေခဲ့ပြီးဖြစ်ကာ ပြင်ပနယ်မြေအပေါ် သူ့နားလည်မှုလည်း တိုးပွားလာခဲ့တော့သည်။
သူ့မျက်လုံးက တလက်လက် တောက်ပနေ၏။ သူက ခပ်တိုးတိုး ဆိုသည်။ “ရှေးဟောင်းကြယ်အဖွဲ့အစည်း။ မြင့်မြတ်သောရှေးဟောင်းသခင်ငါးပါး…”
စဉ်းစားနေလျက် ဝမ်လင်းက ဒဏ်ရာကုသဆေးလုံးများစွာကို ထုတ်ယူ၍ မြိုချ၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေကာ မျက်လုံးမှိတ်လိုက်လေသည်။ သူက ကုသနေသော်လည်း သူ့နတ်ဘုရားအာရုံကိုတော့ ဖြန့်ကျက်ထား၏။ ပြဿနာတစ်ခုခုရှိလာသည်နှင့် သူ ချက်ခြင်း နိုးလာပေမည်။
ဝမ်လင်းက ကုသနေစဉ် လောကရှိမူလစွမ်းအင်များသည် တဖြည်းဖြည်း စုဝေးလာကာ သူ့စုပ်ယူခြင်းကို ခံနေရသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်နေ၏။ သုံးရက်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူ့အကြည့်က သူ့ရှေ့ရှိ မြူလွှာကို လျှပ်စီးတန်းအလား ထွင်းဖောက်သွားသည်။
သူက မတ်တပ်ထရပ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အပြည့်အဝ ကောင်းမွန်သည့်အထိ မကုသသေးရသော်လည်း ၎င်းတို့က သူ့တိုက်ခိုက်နိုင်စွမ်းအပေါ်တော့ သက်ရောက်မှု မရှိတော့ပေ။ သူက ကုသဖို့ အချိန်အချို့သာ လိုပေ၏။ သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်၏ ဒဏ်ရာများက အလွန်ပြင်းထန်ခဲ့ပေသည်။ အချိန်တိုအတွင်း ပြန်ကောင်းမွန်ရန် ခက်ခဲလှသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူက သူ့မူလစိတ်ဝိညာဉ်မှ နာကျင်မှုကို ခံစားနေရဆဲပင်။ ခုချိန်၌ သူသည် တာအိုသခင်အိပ်မက်ပြာထံမှ လက်ဝါးအကြောင်း တွေးမိရုံဖြင့်ပင် တုန်လှုပ်မိဆဲပင်။
“ဒါက တတိယအဆင့်ရဲ့ ခွန်အားလား…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
“အနှေးနဲ့အမြန်ပဲ။ ငါလည်း တတိယအဆင့်ကို ရောက်ရမယ်…” ဝမ်လင်းက သူ့လက်ကောက်ဝတ်ရှိ လက်ကောက်ကို ကြည့်ကာ သက်ပြင်းချမိသည်။ သူက ၎င်းကို ချွတ်ယူ၍ သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
သူက ညာလက်ကိုဝေ့ယမ်းလိုက်ရာ သူ့သိုလှောင်နေရာလွတ်ထဲကနေ မူလစိတ်ဝိညာဉ်သုံးခု ပျံသန်းထွက်လာကြသည်။
ပထမတစ်ခုက ချန်ထျန်ကျွင်း၏ မူလစိတ်ဝိညာဉ် ဖြစ်၏။ သို့သော် ၎င်းက တစ်ဝက်သာ ရှိတော့ပြီး သေဖို့နီးကပ်နေပေပြီ။
ဝမ်လင်းက သူ့ကို ခုနစ်ရောင်စုံနယ်မြေကနေ ပြန်ခေါ်ထုတ်ပေးမည်ကို ကတိပေးထားခဲ့၏။ သူ အောင်မြင်ခဲ့သော်လည်း ချန်ထျန်ကျွင်း၏ခန္ဓာကိုယ်ကမူ ပျက်စီးကာ မူလစိတ်ဝိညာဉ်မှာလည်း အချိန်မရွေး ပျက်စီးတော့မလား ရှိနေလေသည်။
စဉ်းစားနေလျက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ချန်ထျန်ကျွင်း၏ ဝေဝါးနေသောမူလစိတ်ဝိညာဉ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လိုက်သည်။
“ရောင်းရင်းကျင့်ကြံသူချန်…ငါတို့ ခုနစ်ရောင်စုံနယ်မြေကနေ ထွက်လာနိုင်ခဲ့ပြီ…” ဝမ်လင်း၏နတ်ဘုရားအာရုံစကားသံက ချန်ထျန်ကျွင်း၏မူလစိတ်ဝိညာဉ်နား ပဲ့တင်ထပ်သည်။
“ကျေးဇူးတင်ပါတယ်…ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး ငါ့ကို နောက်တစ်ခါလောက် ကူညီပေးပါဦဂ။ ငါ့ကို တိုက်ပွဲသားရဲကလန်ရှိ ပြန်ပို့ပေးပါ။ ငါ့ဆရာက ငါ့ကို ကယ်တင်ပေးနိုင်တယ်…” ချန်ထျန်ကျွင်း၏မူလစိတ်ဝိညာဉ်မှာ အားနည်းလွန်းနေပေပြီ။ ထိုသို့ သတင်းစကားပြန်ပြောပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် ပို၍ပင် ဝေဝါးလာခဲ့၏။
“ကောင်းပြီ…” ဝမ်လင်းက သဘောတူလိုက်၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းကာ ချန်ထျန်ကျွင်း၏မူလစိတ်ဝိညာဉ်ကို သိုလှောင်နေရာလွတ်ထဲ ပြန်ထည့်သိမ်းလိုက်သည်။ သူ့အကြည့်က ဒုတိယမြောက်မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။ ၎င်းမှာ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုပင်။
သူမက ခုချိန်၌ မျက်လုံးမှိတ်လျက် ရှိ၏။ သူမ၏မူလစိတ်ဝိညာဉ်သည် ဝေဝါးနေသော်လည်း ပျက်စီးမည့်လက္ခဏာ မပြပေ။ သူမက ချန်ထျန်ကျွင်းထက် အခြေအနေအများကြီး ပိုကောင်းလေ၏။ သူမ၏မူလစိတ်ဝိညာဉ်ပေါ်တွင်လည်း ဝမ်လင်း၏ ချိပ်ပိတ်မှုတစ်ခု ရှိနေသည်။
ဝမ်လင်း၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူက ထိုအဘွားအို၏မူလစိတ်ဝိညာဉ်ထံ လက်ညွှန်သည်။ ချိပ်ပိတ်မှုကို ဖြေလျော့ပေးပြီးသည့်နောက် သူမသည် မျက်လုံးဖွင့်လာကာ ဘေးပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက် သူမက ဝမ်လင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။
သူမ၏မူလစိတ်ဝိညာဉ်မှာ ဒဏ်ရာအပြင်းအထန် မရခဲ့သော်လည်း သူမ၏ကျင့်ကြံခြင်းနည်းလမ်းကတော့ ကျိုးပျက်သွားခဲ့ပေပြီ။ သူမ၏ကျင့်ကြံမှုအဆင့်က အကြီးအကျယ် လျော့ကျသွားခဲ့ကာ ခုချိန်၌ သူမသည် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်လောက်သာ ရှိတော့၏။
ဝမ်လင်းက စကားမဆိုပေ။သူက ထိုမူလစိတ်ဝိညာဉ်ကိုသာ အေးစက်စက် စူးရဲစွာ ကြည့်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုတိတ်ဆိတ်မှုက မမြင်ရသောဖိအားကို ဖြစ်စေကာ အဘွားအို၏မူလစိတ်ဝိညာဉ်ကို ခြုံလွှမ်းလာသည်။ သူမက ခါးသီးသည့်ဟန်ပန် ဖြစ်ပေါ်လျက် ခပ်တိုးတိုး ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…ငါ့အသက်အတွက် ငါ့ရဲ့ ရှင်ခြင်းသေခြင်းအတားအဆီးပညာရပ်နဲ့ အလဲအလှယ် လုပ်ချင်ပါတယ်။ သင် ငါ့ကို မယုံဘူးဆိုရင် သင် ငါ့ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေနိုင်ပါတယ်။ ဒါပေမဲ့ ရောင်းရင်းကျင့်ကြံသူက ငါ့ကို အသက်ရှင်ခွင့် ပေးရမယ်.။ တကယ်တော့ ငါတို့ကြားမှာ နက်ရှိုင်းတဲ့ရန်ငြှိုး မရှိပါဘူး…”
သူမသည် ခုချိန်၌ ဝမ်လင်းကို လက်တုံ့ပြန်ဖို့ စိတ်ထဲကနေပင် မတွေးတော့ပေ။ အစတုန်းကတော့ သူမသည် ဝမ်လင်း၏ခွန်အားကို ဖြတ်မြင်နိုင်စွမ်းရှိသည်ဟု ထင်ခဲ့သည်။ သူက ထိုကျင့်ကြံသူသည် သူတို့ထက်အဆင့်မြင့်မားလှသော ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင်ပင် ရှင်သန်နိုင်ခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။
သူမ၏စိတ်က ခုချိန်၌ တုန်လှုပ်နေ၏။ ခုချိန်၌ သူမသည် ရှင်သန်နိုင်ဖို့သာ မျှော်လင့်မိနေ၏။ ခုနစ်ရောင်စုံနယ်မြေကတော့ သူမအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ပေပြီ။
ဝမ်လင်းက ထိုအဘွားအို၏မူလစိတ်ဝိညာဉ်ကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက သူ့ညာလက်ကို သူမခေါင်းပေါ်သို့ တင်သည်။ သူ့နတ်ဘုရားအာရုံဖြင့် သူမထံ ဖြန့်ကျက်ရှာဖွေ၏။ ဝမ်လင်း သူမ၏မှတ်ဉာဏ်များကို ရှာဖွေကြည့်ရာ ရှင်ခြင်းသေခြင်းအတားအဆီးကို တွေ့လေ၏။
ခဏအကြာတွင် ဝမ်လင်းက သူ့ညာလက်ကို ပြန်မြှောက်လိုက်ပြီး လေပြင်းတစ်ခုသည် ထိုအဘွားအို၏မူလစိတ်ဝိညာဉ်ကို ဤအရိုင်းကုန်းမြေကနေ ကြယ်များကြားထဲသို့ သယ်ဆောင်တွန်းထုတ်သွားတော့သည်။
သူမသည် ကီလိုမီတာသောင်းချီအကွာတွင် ပျောက်ကွယ်သွားတော့၏။ သူမက ပို၍ပင် ကြောက်မိသွားကာ ဝမ်လင်းရှိနေသော တည်နေရာထံ ဦးညွတ်လိုက်ပြီး ထွက်ခွာသွားလေသည်။
နောက်ဆုံးမူလစိတ်ဝိညာဉ်က အရှင်တိမ်စိတ်ဝိညာဉ်ပင်။ ဝမ်လင်းက သည်လူ့ကို သူ့ကျွန်အဖြစ် လက်ခံပြီးမှတော့ သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတော့မည် မဟုတ်ပေ။ သို့ရာတွင် ခုချိန်၌ အရှင်တိမ်စိတ်ဝိညာဉ်ကို ကုသပေးဖို့ ကူညီနေရမည့် အခါ မဟုတ်သေးချေ။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အရှင်တိမ်စိတ်ဝိညာဉ်၏မူလစိတ်ဝိညာဉ်ကို သူ့သိုလှောင်နေရာလွတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့သိုလှောင်နေရာလွတ်ထဲမှ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတုတစ်ခုကို ထုတ်ယူလိုက်သည်။
သူက ၎င်းတို့ထဲမှ တစ်ခုကို ယူဆောင်ကာ သူ့နတ်ဘုရားအာရုံကို အတွင်းသို့ ပို့လွှတ်သည်။ ဝမ်လင်း မျှော်လင့်ထားသလိုပင် သည်ပုတီးစေ့က ခုနစ်ရောင်စုံနယ်မြေ အပြင်ဘက် ရောက်လာသည်နှင့် အသုံးမဝင်တော့ပေ။
“နှမြောစရာပဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ၎င်းပုတီးစေ့ကို ပြန်သိမ်းဆည်းရန် ပြင်စဉ် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာ၏။ သေချာစဉ်းစားလိုက်ပြီးနောက် ဝမ်လင်း၏နတ်ဘုရားအာရုံသည် ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲ ဝင်ရောက်လာသည်။ သူက ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်ကို တွေ့ရှိပြီး ၎င်းနှင့် ပေါင်းစည်းလိုက်သည်။ ဝမ်လင်း၏အော်ရာသည် ပြောင်းလဲသွားသည်။ သူက ရှေ့ဖြစ်ဟောသူ ဖြစ်လာသည့်အလား။
သူ့မျက်လုံးသည် တည်ငြိမ်နေ၏။ သူ့မျက်လုံးထဲတွင် ခုနစ်ရောင်စုံအလင်းအငွေ့အသက် ရှိနေသည်။ သူ့ခန္ဓာကိုယ်ကလည်း ခုနစ်ရောင်စုံအလင်းကို ပေးစွမ်းလေသည်။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတုကို လက်ထဲ၌ ကိုင်လျက် သူ့စိတ်က ၎င်းအတွင်းသို့ ဝင်ရောက်၏။ ပုတီးစေ့က ခုနစ်ရောင်စုံတောက်ပသွားပြီး အသက်ဝင်မည့်လက္ခဏာ ပြသလာသည်။
ဝမ်လင်းက သူသာ ဆန္ဒရှိလျှင် ဤပုတီးစေ့အတွင်း ချိပ်ပိတ်ထားသည့် ဖိဆန်သူတစ်ယောက်၏မန္တာန် ပေါ်လာလိမ့်မည်ဟု ရှင်းလင်းစွာ ခံစားမိသည်။
ထိုတွေ့ရှိမှုက ဝမ်လင်းကို အံ့အားသင့် ကျေနပ်စေသည်။ သူက အသက်ခပ်ဝဝရှုသွင်းကာ ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်နှင့် ပေါင်းစပ်မှုကို ပြန်ခွာလိုက်သည်။ ပုတီးစေ့ထံမှ အလင်းလည်း ချက်ခြင်း ပျောက်ကွယ်သွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
ထိုပုတီးစေ့ကို ပြန်သိမ်းဆည်းပြီးနောက် ဝမ်လင်းသည် ယုံကြည်မှု ရှိနေပေပြီ။ သူက ဒဏ်ရာအပြင်းအထန် ရထားခဲ့သော်လည်း ဤပုတီးစေ့များက သူ အပြည့်အဝ ပြန်မကောင်းသေးခင် သူ့အား အကွာအကွယ်များစွာ ပေးပေလိမ့်မည်။
“ခုချိန်မှာ အရေးကြီးဆုံးက ကုသဖို့နဲ့ ခြင်သားရဲအုပ်တစ်အုပ် ရဖို့ လေကောင်းကင်ဘုံနယ်မြေရှိ သွားဖို့ပဲ။ အဲ့ဒီကျရင် ငါဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ စိတ်ရှိသလို သွားလာနိုင်စွမ်း ရှိပြီ…”
“ ပြိုင်ပွဲကတော့ အနည်းဆုံး လအနည်းငယ် ကြာမှာ။ ဒီတော့ သွားဖို့ အလျင်လိုနေစရာ မလိုဘူး…။ ခုချိန်မှာ ငါဟာ လေကောင်းကင်ဘုံနယ်မြေရှိ တတ်နိုင်သမျှ အမြန်ရောက်အောင် သွားရမယ်…” ဝမ်လင်းသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ ကြယ်များကြား အလွန်မြန်ဆန်သောနှုန်းဖြင့် ထိုးထွက်သွားတော့သည်။
သူသည် လွန်ခဲ့သောနှစ်ရာက ဖန်လိုင်ကုန်းမြေကနေ ကြယ်မြေပုံများစွာ ရရှိခဲ့ပေသည်။ သူက ၎င်းတို့ကို မှတ်သားထားခဲ့ပြီးပင်။ ခုချိန်၌ ဝမ်လင်းသည် မြူများကြား ကြယ်ပျံတစ်စင်းအလား သွားလာနေ၏။ သည်နေရာမှာ အဆင့်ခြောက်ဒေသနယ်စပ် ဖြစ်ပေ၏။ ဝမ်လင်းက မြူများကြားကနေ မြန်ဆန်စွာ ပျံသန်းလာလျက် အဆင့်ခြောက်ဒေသတွင်း ဝင်ရောက်လာသည်။
သူက ကြယ်မြေပုံအတိုင်း အတွင်းပိုင်းသို့ ဦးတည် ပျံသန်းနေသည်။ သူက မြန်နှုန်းအပြည့်ဖြင့် အဆင့်ရှစ်ဒေသထိ ရောက်အောင် သွားနေခြင်းပင်။ သူ့မူလစိတ်ဝိညာဉ်သည် ဒဏ်ရာရှိနေဆဲ ဖြစ်သော်လည်း သူက တစ်စက်လေးပင် မနှေးပါ။ သူက မြန်နှုန်းအဆောင်များကို အသုံးပြုပြီးနောက် သူ့အမြန်နှုန်းမှာ ခုချိန်တွင် ကောင်းကင်ဘုံဒုက္ခအဆင့်( ဒုတိယအဆင့်နှင့်တတိယအဆင့်တို့ကြားမှ ကြားခံအဆင့်) မွန်းစတားအိုတစ်ယောက်၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်လုနီးပါးပင်။ လမ်းတစ်လျှောက်၌ ကျင့်ကြံသူများစွာက သူ့ကို သတိပြုမိကြသည်။ သူတို့အားလုံးမှာ တုန်လှုပ်ကုန်ကြသည်။ မည်သူကမျှ ဝမ်လင်းကို မတားဆီးဝံ့ကြပေ။
“မြန်လိုက်တာ။ ဒီလူက ဘယ်သူလဲ…” အဆင့်ခြောက်ဒေသတွင် ကျင့်ကြံသူဆယ်ယောက်ကျော်အုပ်စုတစ်စုက ပျံသန်းနေစဉ် သူတို့ရှေ့ရှိ မြူများ အပြင်းအထန် တုန်ဟည်းသွားသည်ကို ခံစားမိလိုက်ရ၏။ အော်ရာတစ်ခုက အံ့မခန်းအမြန်နှုန်းဖြင့် သူတို့ကို ရုတ်တရက် ကျော်ဖြတ်သွားလေသည်။ ထိုလူက အသံထက်ပင် မြန်သည်မှာ သိသာနေပေ၏။
ထိုအခါ သည်ကျင့်ကြံသူများ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲကုန်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိရာ တစ်ယောက်မျက်လုံးထဲမှ တုန်လှုပ်မှုကို တစ်ယောက် မြင်လိုက်ရ၏။
“ဆရာတောင် ဒီလိုအမြန်နှုန်းမျိုးထိ မရောက်နိုင်သေးဘူး။ ဘာရတနာတစ်ခုခုမှ အသုံးမပြုထားခဲ့ဖူးဆိုရင် ဒီလူဟာ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် ဒါမှမဟုတ် ရှားပါးလှတဲ့ ကောင်းကင်ဘုံဒုက္ခအဆင့်မွန်းစတားအိုတစ်ယောက်တောင် ဖြစ်နေနိုင်တယ်…”
***