← Chapters

သန်မာမှု…

Vol. 93 Ch. 1282

သန်မာမှု…

Vol. 93 Ch. 1282

ဝမ်လင်းသည် မြန်ဆန်စွာ ပျံသန်းနေစဉ် သူ့ရှေ့ရှိမြူများသည် နှစ်ပိုင်းကွဲထွက်ရလေ၏။ သူက မြူများကို ဖြတ်၍ ဖျပ်ခနဲ ဖျပ်ခနဲ ပျံသန်းနေသည်။

ဝမ်လင်း၏နားလည်မှုအရ အဆင့်ခုနစ်ဒေသသည် သူစိမ်းကျင့်ကြံသူများ ဝင်ရောက်လာမည်ကို တားဆီးရန် ချိပ်ပိတ်ထားတာကို သူ သိသည်။ ၎င်းမှာ အဆင့်ခုနစ်ဒေသမှ ကျင့်ကြံသူများက သည်ဒေသပတ်ပတ်လည်တွင် အကာအကွယ်စည်းချထားတာ ဖြစ်လောက်ပေမည်။

ထိုအချက်က အဆင့်ခြောက်ဒေသနှင့် လုံးဝ ကွာခြားလို့နေသည်။

ဝမ်လင်းက အဆင့်ခြောက်ဒေသတစ်လျှောက် မြန်ဆန်စွာ ပျံသန်းလျက် မြူများကို ထွင်းဖောက်လာ၏။ သူသည် ပျံသန်းနေရင်း များစွာသောလွင့်မြောကုန်းမြေများကို ဖြတ်ကျော်လာခဲ့ပေသည်။

သူက မြန်လွန်းသဖြင့် မြူများစွာကိုပါ တဝီဝီလှည့်လည်စေသည်။ ထိုအဖြစ်က အဆင့်ခြောက်ဒေသမှ မွန်းစတားအိုကြီးများ၏ အာရုံကို ဖမ်းစားသွားခဲ့၏။ သို့သော် သူတို့က ဝမ်လင်း၏အမြန်နှုန်းကို တွေ့မြင်ရသည့်အခါ တုန်လှုပ်ကြရသည်။ သူတို့သည် ချက်ခြင်းပင် နောက်ပြန်ဆုတ်ကာ ဝမ်လင်းကို မတားဝံ့ကြချေ။ သူတို့က ဝမ်လင်း သည်ဧရိယာကို ဖြတ်သန်းသွားတာကို ခွင့်ပြုပေးရလေ၏။

ကျင့်ကြံခြင်းလောက၌ ကျင့်ကြံခြင်းအဆင့်ကသာ အရာရာ ဖြစ်၏။ သန်မာမှုကသာ အလေးစားခံရပေမည်။ ဤအခိုက်အတန့်၌ ဝမ်လင်း၏အမြန်နှုန်းက သူ့ခွန်အားကို သက်သေပြနေခဲ့သည် မဟုတ်လား။ သူ့အမြန်နှုန်းက သူ့ထံ နတ်ဘုရားအာရုံဖြင့် လာကြည့်ကြသူများအတွက် မြန်လွန်းသဖြင့် ထိုလူများ သူ့ကျင့်ကြံမှုအဆင့်ကို မြင်ရဖို့ ခက်ခဲကုန်သည်။ ပြဿနာမဖြစ်လေ ကောင်းလေ ဖြစ်သည့်အတွက်ကြောင် သူတို့က ဝမ်လင်းကို လစ်လျူရှုထားပေးလေ၏။

တကယ်တော့ ကုန်းမြေများကို ရှောင်ကွင်းမသွားဘဲ အဆင့်ခြောက်ဒေသကို ခုလိုမျိုး ပျံသန်းသွားပါက ထိုလူသည် ကျိန်းသေပေါက် ပိတ်ဆို့ခြင်း ခံရကာ အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်၏။

ဝမ်လင်း၏အမြန်နှုန်းဖြင့်ပင် သူ အဆင့်ငါးဒေသကနေ အဆင့်ရှစ်ဒေသသို့ ရောက်ဖို့အတွက် အချိန်အတော်ယူရပေလိမ့်မည်။ သူသာ ကလန်အမျိုးမျိုးကို ရှောင်ကွင်းသွားနေပါက ပို၍ ကြန့်ကြာသွားမည် ဖြစ်သည်။ ထို့ကြောင့် သူက ခုလိုမျိုး မောက်မောက်မာမာ လုပ်ရန်သာ ဆုံးဖြတ်ခဲ့ပေ၏။ မည်သည့်ကလန် သို့မဟုတ် ကုန်းမြေကမှ သူ့ကို ရှောင်ရှားသွားရအောင် မလုပ်နိုင်ကြပေ။

သူ့ကို နှောက်ယှက်ဝံ့ကြသည့် ကျင့်ကြံသူများလည်း မရှိကြပေ။ သို့သော် အချို့မွန်းစတားအိုများကတော့ သူ့နောက်ကနေ လိုက်လာခဲ့ကြလေ၏။ သူတို့က ဝမ်လင်း၏အမြန်နှုန်းကို မယှဉ်သာသော်လည်း နောက်က လိုက်လာကြသည်။ ထိုလူများက အခုလိုအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က အဆင့်ခြောက်ဒေသကို ဘာကြောင့် ရောက်လာခဲ့ရသနည်းကို သိချင်မိလေ၏။

အဆင့်ခြောက်ဒေသကို ဆယ်ရက်နီးပါး ဖြတ်သန်းလာပြီးနောက် ဝမ်လင်းက အဆင့်ခုနစ်ဒေသနယ်စပ်နှင့် နီးကပ်လာ၏။ ထိုနေရာတွင် အလွန်နည်းပါးသည့်ကျင့်ကြံသူအချို့သာ ရှိသည်။

ဝမ်လင်းက အဆင့်ခုနစ်ဒေသကို ကြည့်၏။ ဤနေရာတွင် ကျင့်ကြံသူများ ဝင်ရောက်ခြင်းကို ဟန့်တားထားသည့် ဧရာမအစီအရင်တစ်ခုထံမှ တစ္ဆေအလင်းတစ်ခု ပေးစွမ်းနေသည်။ လူတစ်ယောက်သည် ဝင်ခွင့်တုန်ကင် မရှိပါက ယင်းအစီအရင်ကို ချိုးဖျက်ပစ်မှ ဒေသအတွင်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ထိုအခါကျလျှင် သည်နေရာတွင် စောင့်ကြပ်နေကြသော အဆင့်ခုနစ်ကလန်များမှ ကျင့်ကြံသူများသည် ဝင်ရောက်ဖို့ ကြိုးစားမည့်သူကို တိုက်ခိုက်လိမ့်မည် ဖြစ်၏။

ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းသာ ရှိနေ၏။ သူ့ထံ၌ တုန်ကင် ရှိမနေပါ။ သို့သော် သူက အရှိန်လျော့ချရမည့်အစား ပို၍ မြန်ဆန်စွာဖြင့် အဆင့်ခုနစ်ဒေသအကာအကွယ်အစီအရင်ထံ တိုးဝင်လာသည်။

အဆင့်ခြောက်ဒေသမှ မွန်းစတားအိုဆယ့်နှစ်ယောက်လောက်က သူ့နောက်ကနေ လိုက်လာခဲ့ကြပေသည်။ သူတို့က ဝမ်လင်းနှင့် ကပ်မလိုက်နိုင်ကြသော်လည်း ရှေ့မှ တုန်ခါလှိုင်းကို ခံစားနိုင်လေ၏။ သူတို့က ဝမ်လင်း အဆင့်ခြောက်နှင့်အဆင့်ခုနစ်ဒေသကြား နယ်စပ်ကို ဝင်ရောက်လာချိန်၌ ထူးဆန်းစွာ ခံစားရ၏။ သို့သော် သိပ်မကြာခင်တွင် သူတို့ နားလည်သွားခဲ့ကြသည်။ သူတို့က မွန်းစတားအိုတစ်ယောက်က သူ့ဒေသသို့ သူ ပြန်တာဖြစ်မည်ဟု ထင်သွားကြ၏။ ထူးဆန်းသည့်တစ်ချက်က အထက်ကလန်များ ခင်းကျင်းထားသည့် တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်ကို ထိုလူ အသုံးမပြုခြင်းပင်။ သို့သော်လည်း သူတို့က ထိုအကြောင်းနှင့် ပတ်သတ်၍ အများကြီး တွေးမနေတော့ပေ။

သို့ရာတွင် သူတို့ ပြန်ထွက်သွားခါနီး၌ ရုတ်တရက် လှည့်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့က သူတို့၏ကလန်များကို ဖြတ်သန်းသွားသည့် ဤလူမှာ အစီအရင်ပြင်ပတွင် အရှိန်လျော့ခြင်း မရှိဘဲ ပို၍ပင် အရှိန်တင်လိုက်သည်ကို အာရုံခံမိလိုက်သည်။

ထိုမွန်းစတားအိုအားလုံးက အကင်းပါးလှသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဤလူထံ၌ ဝင်ခွင့်တုန်ကင် ရှိမနေဘဲ ချိုးဖျက်၍ ဝင်ရောက်တော့မည်ဟု သဘောပေါက်သွား၏။ ထိုအချက်က သူတို့ကို စိတ်လှုပ်ရှားမိစေ၏။

“ကြည့်ရတာ ငါတို့ သူ့နောက်ကို လိုက်ခဲ့ရတဲ့ ဒီရက်တွေက အချည်းနှီး မဖြစ်တော့ဘူးပဲ။ ဒီအစီအရင်ကို တစ်ယောက်ယောက် ချိုးဖျက်တာ ငါ မြင်ခွင့် ရခဲ့ပြီ…”

အဆင့်ခုနစ်ဒေသ၏ ခွန်အားကို ရန်စဝံ့သူသည် အချိန်အကြာကြီးနေမှ ပေါ်လာတတ်သည် မဟုတ်လား။

ဝမ်လင်းကတော့ အစီအရင်ရှိရာဆီ မြန်သထက်မြန်မြန် ပျံသန်းနေ၏။ အကွာအဝေးတစ်ခုကနေ ကြည့်ပါက ကြယ်ပျံတစ်စင်း အစီအရင်ထံ အံ့မခန်းအမြန်နှုန်းဖြင့် ရွှေ့လာနေသကဲ့သို့ တွေ့မြင်ရပေလိမ့်မည်။

အဆင့်ခုနစ်ဒေသမှ ကျင့်ကြံသူများက ထိုနီးကပ်လာမှုကို တွေ့မြင်ရချိန်၌ ဝမ်လင်းက အစီအရင်ကို ဝင်ဆောင့်ပစ်လိုက်လေပြီ။

ကြယ်များကြား တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်သွား၏။ ဤဧရာမအစီအရင်ကြီးသည် အပြင်းအထန် လင်းလက်ကာ အက်သံများ ထွက်ပေါ်လာသည်။

ချက်ခြင်းပင် ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ မရေမတွက်နိုင်သောအက်ကြောင်းများ အစီအရင်ပေါ်တွင် ပေါ်လာလေ၏။ မျက်စိတစ်မှိတ်အတွင်း အစီအရင်သည် ဖိသိပ်အားကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရသည်။

ဝမ်လင်းက တစ်စက်လေးပင် မရပ်တန့်သွားခဲ့ပေ။ သူက အစီအရင်ကို ချိုးဖျက်လာပြီးနောက် ဆက်၍ ပျံသန်းလာ၏။ သူက အစီအရင်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများထံ ပျံသန်းဝင်လာ၏။ သူ့အရှိန်အဟုန်က ထိုသူများကို အလိုလို နောက်ဆုတ်သွားစေသည်။ သူတို့က ဝမ်လင်းထွက်ခွာသွားသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေရတော့၏။ မည်သူကမျှ တစ်ခွန်းမှ မဟဝံ့ပေ။

အဆင့်ခြောက်ဒေသမှ မွန်းစတားအိုအားလုံး မင်သက်ကုန်ကြ၏။ သူတို့သည် ဤအဖြစ်သနစ်ကို တွေ့မြင်ရသည့်အခါ တုန်လှုပ်မိ၏။ ကျိုးပျက်သွားသောအစီအရင်ကို ကြည့်ကာ ထိုမွန်းစတားအိုများက စတင် ရယ်မောကြ၏။

သူတို့အားလုံးက အဆင့်ခုနစ်ဒေသကို မကြည်ကြသော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်သည်မဟုတ်လား။ ခုချိန်၌ တစ်စုံတစ်ယောက်က ဤအစီအရင်ကို ဝင်စောင့်ကာ ဖျက်စီးပစ်ချိန်၌ သူတို့သည် ရယ်မောမိသည်မှာ သဘာဝကျပေသည်။ သို့ရာတွင် တစ်ချိန်တည်းမှာလည်း သူတို့က သတိထားလာကာ ထိုလူ၏အဆင့်အတန်းကို ခန့်မှန်းကြည့်ကြသည်။

“ဒီလူဟာ ကောင်းကင်ဘုံဒုက္ခအဆင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီအစီအရင်ကို အခုလောက် လွယ်လွယ်လေးနဲ့ ချိုးဖျက်နိုင်ခဲ့မှာ မဟုတ်ဘူး…”

“ဒါက ငါတို့နဲ့ ဘာမှ မပတ်သတ်ဘူး။ အဆင့်ခုနစ်ကလန်တွေ ဘယ်လို ရင်ဆိုင်ကြမလဲ စောင့်ကြည့်နေရုံပဲ။ စိတ်ဝင်စားစရာပဲ…”

“ဒီမွန်းစတားအိုက တကယ့်ကို ရန်လိုတဲ့စိတ်နေစိတ်ထား ရှိတာပဲ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေကို အသုံးပြုရမယ့်အစား သူက အစီအရင်ကို ချိုးဖျက်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက အဆင့်ခုနစ်ဒေသကို ချိန်းခြောက်နိုင်တယ်လို့ မတွက်ထားတာ သိသာတယ်…”

အဆင့်ခုနစ်ဒေသသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်းက အရှိန်ပိုမြှင့်၏။ သူက အဆင့်ခုနစ်ဒေသကို ဖြတ်၍ အဆင့်ရှစ်ဒေသသို့ ဝင်ရောက်ရန် လိုအပ်သည် မဟုတ်လား။ လေကောင်းကင်ဘုံနယ်မြေက ထိုနေရာတွင် ရှိနေပေသည်။

သို့သော်လည်း အဆင့်ခုနစ်ဒေသသည် အဆင့်ခြောက်ဒေသထက် အစွမ်းထက်ကျင့်ကြံသူ ပိုပေါများ၏။ ဝမ်လင်းက ကုန်းမြေတစ်ခုကို ဖြတ်၍ ပျံသန်းလာစဉ် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် နတ်ဘုရားအာရုံလေးခုသည် ချက်ခြင်း ထိုးထွက်လာကာ ဝမ်လင်းကို တားဆီးရန် ပိတ်ဆို့လာကြသည်။

“ငါ့ကလန်ကုန်းမြေပေါ်မှာ ဒီလိုပုံစံမျိုးနဲ့ ဘယ်ကျင့်ကြံသူကများ ဖြတ်ကျော်သွားချင်တာ ပါသလဲ…”

ထိုနတ်ဘုရားအာရုံလေးခုထံမှ နတ်ဘုရားအာရုံသတင်းစကားတစ်ခု ပဲ့တင်ထပ်လာသည်။

ဝမ်လင်း၏ဒဏ်ရာများက အပြည့်အဝ ပြန်မကောင်းသေးသော်လည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူလေးယောက်က သူ့ကို တားဆီးနိုင်ဖို့မှာ မဖြစ်နိုင်ပေ။ သူ့အမူအရာက ပုံမှန်အတိုင်း ရှီနေ၏။ သူက ရှေ့သို့သာ ဆက်ရွှေ့လျားလာရင်း လက်ဝေ့ယမ်း၏။ ထိုအခါ ဧရာမလက်ဝါးရာတစ်ခု ပေါ်လာ၏။ ထိုလက်ဝါးရာက ကုန်းမြေတစ်ခုလုံးကို ဖုံးအုပ်စေနိုင်လောက်သည့်အထိ ကြီးမားလွန်းသည်။

၎င်းလက်ဝါးချက် ပေါ်လာချိန်၌ မူလစွမ်းအင်များ အရူးအမူး စုစည်းလာကာ မြူများသည်ပင် စတင် တုန်ခါတွန့်ခေါက်ကုန်၏။ ပြင်းထန်သောခွန်အားတစ်ခုသည် လောကထဲသို့ သက်ဆင်းလာခဲ့ပေပြီ။

ထိုလက်ဝါးရာ ပေါ်လာကာ ဝမ်လင်းရှေ့ရှိ နတ်ဘုရားအာရုံလေးခုဆီ ရိုက်ခတ်လာသည်။

“စစ်စိတ်ဝိညာဉ်လက်ဝါး…”

“နတ်ဘုရားကလန်က ကျင့်ကြံသူ…”

နတ်ဘုရားအာရုံလေးခုက မယုံကြည်နိုင်ဟန် ဖြစ်သွားကြပြီး တွေဝေခြင်းမရှိ နောက်ဆုတ်၏။ သို့ရာတွင် ဤလက်ဝါးမှာ မြန်လွန်းကာ ၎င်းတို့ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

တုန်ဟီးသံများနှင့်အတူ ဧရာမတုန်ခါလှိုင်းတစ်ခုကို ဖန်တီးသွား၏။ ကုန်းမြေသည်ပင် အပြင်းအထန် တုန်ခါကာ ပေထောင်ချီ ရွှေ့လျားသွားလေ၏။

ထိုလက်ဝါးရာက တုန်ဟည်းလျက် ရှေ့သို့ ပျံသန်းလာရင်း မူလစွမ်းအင်များကို စုပ်ယူ၏။ ၎င်းက ပိုပို၍ ကြီးမားလာသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။ ဝမ်လင်းကတော့ ၎င်းလက်ဝါးချက်နောက်ကနေ ကပ်လိုက်ပါလာသည်။

လက်ဝါးချက်က လမ်းရှင်းပေးနေခြင်းနှင့်အတူ မြူများသည် စတင် ပြန့်ကြဲလေ၏။

ထိုအရာများအားလုံးသည် စိတ်ကူးနိုင်သည့်ထက် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ဤကုန်းမြေ၏ နေရာထောင့်လေးခုပေါ်တွင် အဆောက်အဦလေးခု ရှိနေ၏။ ထိုအဆောက်အဦးလေးခုစီ၏ အတွင်း၌ အကြီးအကဲတစ်ယောက်စီ ထိုင်နေကြသည်။ သူတို့က သွေးအန်လိုက်ရကာ သူတို့မျက်လုံးထဲတွင်လည်း တုန်လှုပ်ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။ သူတို့က ပျံသန်းထွက်လာကာ ဝမ်လင်း ပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်လိုက်ကြ၏။ သူတို့က တုန်ဟည်းသံနှင့် အကွာအဝေးတစ်ခုမှ မူလစွမ်းအင်စုဝေးနေမှုကို ခံစားမိသည်။

သူတို့က စစ်စိတ်ဝိညာဉ်လက်ဝါးကြောင့် တုန်လှုပ်ရပြီး ၎င်းလက်ဝါးချက်ကို အသုံးပြုလိုက်သူ၏ စွမ်းအားကိုမူ ကြောက်လန့်မိလေ၏။

“ဒီလူက အဆင့်ခုနစ်ဒေသကို ဒီတိုင်း ဖြတ်သန်းသွားနိုင်တဲ့အထိ လုံလောက်အောင် သန်မာတယ်…”

“ကံကောင်းစွာနဲ့… ငါတို့ သူ့ကို အများကြီး ရန်မစမိတာ ဒါမှမဟုတ် သတ်ဖြတ်ချင်စိတ် မထုတ်ဖော်မိတာ။ ငါတို့က သူ့ကို ဒီနေရာကို ဘာလို့ လာခဲ့ရတာလဲ ဆိုတဲ့ မေးခွန်းလေးပဲ မေးမိလို့ပေါ့…”

“သူက လက်ဝါးတစ်ချက်တည်းနဲ့ ငါတို့ကို ဒဏ်ရာ ရအောင် လုပ်နိုင်စွမ်း ရှိတယ်။ ပြီးတော့ သူက သူ့စွမ်းအားအပြည့်ကိုတောင် အသုံးမပြုထားဘူး…”

ထိုအကြီးအကဲလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြကာ လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။

စစ်စိတ်ဝိညာဉ်လက်ဝါး လမ်းရှင်းပေးခြင်းနှင့်အတူ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ မူလစွမ်းအင်မြောက်များစွာလည်း စုပ်ယူခြင်း ခံရကာ သည်လက်ဝါးကို ပိုပို၍ ကြီးမားလာနေစေသည်။ လွန်ခဲ့သောနှစ်တစ်ရာကသာ ဖြစ်ပါက ဝမ်လင်းသည် ဤလက်ဝါးကို ထိန်းချုပ်နိုင်မှု ရှိတော့မည် မဟုတ်ပေ။ သို့သော် ခုချိန်၌ သူက ဤလက်ဝါးချက်ကို ကိုင်တွယ်ထားနိုင်တုန်းပင်။

သူက လက်ဝါးရာနောက်ကနေ ပျံသန်းလျက် ကြယ်များကို ဖြတ်သန်းလာ၏။ သူ့ရှေ့တွင် အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ အရိုင်းကုန်းမြေတစ်ခုပင်။ ထိုလက်ဝါးရာက ဤအရိုင်းကုန်းမြေပေါ်သို့ တိုက်ရိုက် ကျဆင်းသွားကာ တုန်ဟိန်းသံများ ပဲ့တင်ထပ်လေသည်။ ကုန်းမြေသည်လည်း တုန်ခါကာ ၎င်းပေါ်၌ မရေမတွက်နိုင်သောအက်ကြောင်းမျး ပေါ်လာပြီး လက်ဝါးချက်က ထွင်းဖောက်သွားလေ၏။

သည်ကုန်းမြေမှာ နှစ်ပိုင်းကွဲထွက်သွားသည်။

ထိုစွမ်းအားကို အဆင့်ခုနစ်ဒေသမှ မည်သူက ခုခံဝံ့မည်နည်း။ သည်လက်ဝါးချက်ကို တွေ့မြင်သူတိုင်းသည် အလျင်အမြန် ပြေးကြရ၏။ အချို့သည် ကြောက်မိလေ၏။ အကြောင်းမှာ သူတို့ကလန်များသည် သည်လက်ဝါးချက်လမ်းကြောင်းတွင် ရှိနေသည်ဟု တွက်ချက်မိခြင်းကြောင့်ပင်။ သူတို့က ကျင့်ကြံသူများကို သူတို့၏ကုန်းမြေအား ကီလိုမီတာသောင်းချီ နေရာရွှေ့ခိုင်းစေပြီး လမ်းရှင်းပေးသည်။

ဝမ်လင်းက စစ်စိတ်ဝိညာဉ်လက်ဝါးကို လမ်းကြောင်းရှင်းဖို့အတွက် ဆယ်ရက်နီးပါး သုံးစွဲခဲ့ပြီး သူသည် တဖြည်းဖြည်းဖြင့် အဆင့်ရှစ်ဒေသနှင့် နီးကပ်လာခဲ့သည်။

***

All Chapters