အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) - ခိုးရာပါ ပစ္စည်းနှင့်တကွ သူခိုးကို လက်ရဖမ်းမိခြင်း
ယခုကဲ့သို့ အချိန်အခါမျိုး၌ ယန်ချုံးက ပန့်ကန့်ကို အနောက်မှ လှမ်း၍ ကန်ကျောက်လိုက်လိမ့်မည် ဟုလည်းကောင်း ပန့်ကန့် တစ်ယောက် ရင်ပြင်အလယ် ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားလိမ့်မည် ဟုလည်းကောင်း မည်သူ တစ်ဦးတစ်ယောက်ကမျှ ကြိုတင်တွေးဆ ထားခြင်း မရှိခဲ့ကြပေ။
ကာယကံရှင်ဖြစ်သော ပန့်ကန့် ကိုယ်တိုင်လည်း ဤအခြင်းအရာကို မျှော်လင့် မထားခဲ့မိပေ။ သူသည် အစမှ အဆုံးတိုင် အဘွားဖြစ်သူ ကျားကျန်းရှစ်၏ သွန်သင် ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်နာခဲ့ပြီး အိမ်တွင်းရှိ လူများ နိုးကြားကုန်မည်ကို စိုးရိမ်သဖြင့် လမ်းတစ်လျှောက်လုံး လေကိုပင် ပြင်းပြင်း မရှူရဲလောက်အောင် အလွန်အမင်း သတိကြီးစွာ ထားခဲ့ခြင်း ဖြစ်လေသည်။
သို့ရာတွင် မိမိကိုယ်မိမိ လုံးဝ ဘေးကင်းလုံခြုံ သွားပြီဟု ထင်မှတ်လိုက်သော ထိုအခိုက်အတန့်သည်ပင်လျှင် တကယ်တမ်း၌ အန္တရာယ်အရှိဆုံး သေမင်းနှင့် ရင်ဆိုင်ရသည့် အချိန်အခါ ဖြစ်လာလိမ့်မည်ဟူ၍ သူ လုံးဝ မတွေးတောမိခဲ့ချေ။
ကျားကျန်းရှစ် အဖို့မူကား ပို၍ပင် အံ့အားသင့် တုန်လှုပ်သွားရပေသည်။ မိမိအမြတ်နိုးဆုံးနှင့် အဂုဏ်ယူရဆုံးဖြစ်သော မြေးရတနာလေး ပန့်ကန့်သည် သူမ၏ မျက်စိရှေ့မှောက်၌တင် ယန်ချုံး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။ ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီ တို့နှစ်ဦးစလုံးမှာ ဆွံ့အမှင်တက် သွားကြပြီး ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားကာ အတော်အတန် ကြာသည်အထိ မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိကြတော့ပေ။
သူတို့ သတိဝင်လာချိန်တွင်မူ ယန်ရှောင်ကျွမ်းသည် အိမ်ထဲမှ ဝုန်းကနဲ ပြေးထွက်လာပြီး လက်ထဲတွင် တံမြက်စည်းတို တစ်ခုကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်၌ လဲကျနေသော ပန့်ကန့်ကို အညှာအတာ ကင်းမဲ့စွာ ခေါင်းမရှောင် မျက်နှာမရှောင် ရိုက်နှက်လေတော့သည်။ ချက်ချင်းဆိုသလိုပင် ရိုက်နှက်ရင်းနှင့်လည်း ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလေသည်။
“ငါတို့အိမ်ကို လာခိုးဦးမလား… ငါတို့အိမ်က အသားတွေကို ခိုးဦးမလား”
ထိုအခါ အလယ်ရင်ပြင်ရှိ အိမ်ဂေဟာများမှ မီးအလင်းရောင်များ အားလုံး ဝုန်းကနဲ လင်းထိန်လာပြီး ရင်ပြင်တွင်းရှိ လူများသည်လည်း အဝတ်အစားများကို ကမန်းကတန်း ကောက်ဝတ်ကာ အိမ်ပြင်သို့ အလုအယက် ပြေးထွက်လာကြကုန်သည်။ ရှေ့ရင်ပြင်နှင့် နောက်ရင်ပြင်တို့မှ အိမ်နီးနားချင်းများပါ မကျန် စုပြုံတိုးဝှေ့ ရောက်ရှိလာကြတော့သည်။
ရွှီတာ့မောက်သည် အားလုံး၏ ရှေ့ဆုံးမှ ပြေးထွက်လာပြီး အော်ဟစ်မေးမြန်း လေသည်။
“သူခိုး… သူခိုး ဘယ်မှာလဲဟေ့”
ယန်ရှောင်ကျွမ်းက လက်ထဲမှ တံမြက်စည်းတိုကို ဝှေ့ယမ်းပြရင်း လှမ်း၍ ပြန်ပြောလိုက်၏။
“အစ်ကိုတာ့မောက်... သူခိုးက ဒီမှာ… သူက ညီမတို့အိမ်က ပစ္စည်းတွေကို ခိုးလို့ အစ်ကိုကြီးက ဖမ်းမိထားတာ”
ရွှီတာ့မောက်သည် ယန်ချုံး၏ အိမ်သို့ သူခိုးဝင်ခြင်း ဖြစ်ကြောင်း ကြားသိရသည်နှင့် မိမိကိုယ်မိမိ စွမ်းဆောင်ရည် ပြသရန် အခွင့်ကောင်း ရပြီဟု တွေးတောကာ ဘာမျှ ထပ်မံ မပြောတော့ဘဲ ချက်ချင်းပြေးဝင်၍ ဝိုင်းဝန်းကန်ကျောက် လေတော့သည်။ သူသည် ကန်ကျောက်ရင်းနှင့်လည်း ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းလေ၏။
“ခိုးဦးလေ… မင်းကို ခိုးခိုင်းဦးမယ်။ မျက်စိဖွင့်ပြီး သေချာကြည့်စမ်း… ဒါ ဘယ်လိုနေရာလဲ။ မင်း စိတ်ကြိုက်ခိုးလို့ရတဲ့ နေရာမှတ်နေလား… မသေမချင်း ရိုက်ပစ်မယ်”
ထို့နောက်တွင်မူ ရှာကျူး ရောက်ရှိလာခဲ့သည်။ သူသည်လည်း ထုံးစံအတိုင်း တက်ကြွလှုပ်ရှားသူ တစ်ဦးပီပီ ရင်ပြင်အတွင်းသို့ သူခိုးဝင်ရောက်လာသည်ဟု ကြားသည်နှင့် ပြေးဝင်လာကာ နှစ်ချက်ဆင့်၍ ကန်ကျောက်လိုက်ပြီး ဆိုသည်။
“မြေးလေး... ငါတို့ရင်ပြင်ကို လာခိုးရဲတယ်ပေါ့။ မင်း တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်...”
သူ၏ စကားပင် မဆုံးသေးမှီ နောက်ကွယ်မှ တစ်စုံတစ်ယောက်က လှမ်း၍ ဆွဲဖယ်ပြီး တားမြစ်လိုက်လေသည်။
“မရိုက်ပါနဲ့တော့... သူက ငါတို့အိမ်က ပန့်ကန့်ပဲ...”
ရှာကျူး တစ်ယောက် ကြောင်အမ်းသွားစဉ်မှာပင် သူ၏ နောက်ကွယ်မှ လူရိပ် တစ်ခုသည် လျင်မြန်စွာ ပြေးထွက်သွားပြီး မည်သည့် စကားမျှ မဆိုဘဲ ကြမ်းပြင်ပေါ်သို့ ဝပ်စင်းချကာ မြေပြင်ပေါ်ရှိ သူခိုးကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်အား မြင်တွေ့လိုက်ရသည်။
“အစ်မချင်… အစ်မ... ဘာပြောလိုက်တာလဲ။ ဒါ... ပန့်ကန့်လား”
ရှာကျူးသည် ချင်ဟွိုင်ရူ ပွေ့ဖက်ထားသော သူခိုးမှာ ကိုယ်လုံး သေးသေးလေးနှင့် ကလေးငယ် တစ်ဦး ဖြစ်နေသည်ကို ထိုအခိုက်အတန့်မှသာ သတိပြုမိတော့သည်။ သူသည် ချက်ချင်းပင် တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာကာ စကားကိုပင် ကောင်းမွန်စွာ မဆိုနိုင်တော့ချေ။
ထိုအချိန်တွင် အရှေ့ရင်ပြင်မှ လောင်လီက လက်နှိပ်ဓာတ်မီး တစ်လက်ကို ယူဆောင်လာပြီး ချင်ဟွိုင်ရူ၏ ရင်ခွင်ထံသို့ ထိုးပြလိုက်ရာ ကန်ကျောက်ရိုက်နှက် ခံရမှုကြောင့် ဖူးယောင် ညိုမည်းနေသော အဆိုပါ သူခိုးငယ်လေးမှာ ပန့်ကန့်မှ တစ်ပါး အခြားသူ မဟုတ်သည်ကို တွေ့ရှိလိုက်ရတော့သည်။
စင်စစ် ဧကန် တကယ်ပင် ပန့်ကန့် ဖြစ်နေပါသလော။ ရင်ပြင်အတွင်းရှိ လူအပေါင်းတို့မှာ မှင်တက်အံ့အားသင့် သွားကြပြီး မည်သို့ ပြုမူရမည်ကို မသိဘဲ ကြောင်အမ်း၍ နေကြကုန်၏။
ချင်ဟွိုင်ရူသည် ပန့်ကန့်ကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း စိုးရိမ်တကြီး ငိုကြွေးကာ မေးတော့သည်။
“ပန့်ကန့်... မင်း ဘာဖြစ်သွားသေးလဲ။ စကားတစ်ခွန်းလောက် ပြောပါဦး… အမေ့ကို ဒီလောက်အထိ ထိတ်လန့်အောင် မလုပ်ပါနဲ့”
ရှာကျူးသည်လည်း ပျာပျာသလဲ တုန်လှုပ်သွားပြီး မေးသည်။
“အစ်မချင်း... ဒါ... ပန့်ကန့်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ”
ရွှီတာ့မောက်က လှောင်ပြောင်သရော်သော လေသံဖြင့် ဝင်၍ ဆိုလိုက်သည်။
“ဒါက ရှင်းနေတာပဲ မဟုတ်လား။ မင်း သားအရင်းလို ချစ်လှချည်ရဲ့ဆိုတဲ့ ပန့်ကန့်က ယန်ချုံးရဲ့ ပစ္စည်းတွေကို လာခိုးရင်း လက်ရဖမ်းမိတာပေါ့”
ထိုအခြင်းအရာသည် ဆန်းကြယ် ထူးဆန်းဖွယ်ရာ ကိစ္စရပ်တစ်ခု မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိန်လင်းနေသော ဓာတ်မီးရောင်အောက်ဝယ် လူတိုင်း အထင်အရှား မြင်တွေ့နေရသည်မှာ ပန့်ကန့်၏ မျက်နှာနှင့် တစ်ကိုယ်လုံးတွင် ခြေရာများ ဗရပွ ထင်ကျန်နေသော်လည်း သူ၏ လက်တစ်ဖက်ကမူ တောကြက် တစ်ကောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။ သူ၏ ဘေးနားတွင်လည်း ဟင်းအိုး တစ်လုံး လိမ့်ကျနေပြီး အိုးအတွင်းနှင့် ကြမ်းပြင်ပေါ်၌ အသားတုံးများနှင့် အာလူးများ ပြန့်ကျဲလျက် ရှိနေတော့သည်။
အသိဉာဏ် နည်းပါးလှသူ တစ်ဦးပင်လျှင် အလွယ်တကူ တွေးဆနိုင်သည်မှာ ဤသည်ကား ပန့်ကန့် တစ်ယောက် သန်းခေါင်ယံ အချိန်မတော်၌ ယန်ချုံး၏ အိမ်အတွင်းသို့ ဝင်ရောက်ကာ ကြက်သားနှင့် ယုန်သားများကို ခိုးယူရန် ကြိုးပမ်းစဉ် လက်ရဖမ်းဆီးခြင်း ခံလိုက်ရခြင်းပင် ဖြစ်ပေသည်။
စန်းတာ့ယဲ့ ယန်ပုကွေ့က ခေါင်းကို တရမ်းရမ်း ခါယမ်းကာ သက်ပြင်းချလျက် ညည်းတွားပြောဆို လိုက်၏။
“ဟူး... ဒါတွေက ဘာတွေလဲကွာ”
ထိုအခိုက်တွင် လူအုပ်ကြီး၏ ပြင်ပမှ တစ်စုံတစ်ယောက်က လှမ်း၍ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။
“ယီတာ့ယဲ့ လာပြီဟေ့… မြန်မြန်... ယီတာ့ယဲ့ကို ကြည့်ခိုင်းလိုက်ဦး”
လူအုပ်ကြီးက ဘေးသို့ ဖယ်ပေးလိုက်ကြသဖြင့် ယီကျုံးဟိုင်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီး သူ၏ နောက်တွင်မူ အနောက်ရင်ပြင်မှ အမောတကော ပြေးလွှားလာသော လျိုဟိုင်ကျုံးပါ ကပ်လျက် ပါရှိလာလေသည်။
လျိုဟိုင်ကျုံးသည် အပြေးအလွှား လာရင်းနှင့်ပင် လှမ်း၍ မေးမြန်းလိုက်သေးသည်။
“ဘာဖြစ်တာလဲ။ ဘယ်သူ့အိမ်ကို သူခိုးဝင်လို့လဲ… မိပြီလား”
ယီကျုံးဟိုင်ကမူ မည်သည့်စကားမျှ မဆိုသေးချေ။ သူသည် အိမ်အတွင်းမှ ဆူညံသံများကို ကြားရကတည်းက စိတ်အနှောင့်အယှက်ဖြစ်ကာ ခေါင်းခဲနေခဲ့ရခြင်း ဖြစ်သည်။ လူအုပ်အတွင်းသို့ တိုးဝင်လာပြီးနောက် ချင်ဟွိုင်ရူက ပန့်ကန့်ကို ပွေ့ဖက်ထားသည်အား မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကျုံ့လျက် မေးမြန်လိုက်၏။
“ချင်ဟွိုင်ရူ... တကယ်ပဲ ဘာဖြစ်တာလဲ”
ချင်ဟွိုင်ရူ စကားတစ်ခွန်းမျှ မဆိုရသေးမှီမှာပင် ကျားကျန်းရှစ်သည် လူအုပ်ပြင်ပမှ ရုတ်ချည်း တိုးဝှေ့ဝင်ရောက်လာပြီး ဆူညံစွာ အော်ဟစ်လေတော့သည်။
“ပန့်ကန့်... ငါ့မြေးလေး။ မင်းကို ဘယ်သူက ဒီလောက်အထိ ဖြစ်အောင် ရိုက်နှက်လိုက်တာလဲ။ ဘယ်သူလုပ်တာလဲ… ငါ သူ့ကို အလွတ်မပေးဘူး”
လူအပေါင်းတို့မှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြပြီး မည်သူမျှ စကားမဟရဲကြတော့ချေ။ လျှာသွက်လှသော ရွှီတာ့မောက်ပင်လျှင် မသိမသာ နောက်သို့ ဆုတ်သွားခဲ့လေသည်။ ကျားကျန်းရှစ်သည် အကျိုးအကြောင်း မရှိ ပြဿနာ ရှာတတ်သည့် လူရှုပ်လူပွေ တစ်ဦးအဖြစ် နာမည်ကျော်ကြား လှသဖြင့် မည်သူ တစ်ဦးတစ်ယောက်ကမျှ ပြဿနာ မပွားချင်ကြခြင်း ဖြစ်ပေသည်။
ကျားကျန်းရှစ်သည် ယန်ချုံး၏ အင်္ကျီကို အတင်းလှမ်း၍ ဆွဲကိုင်ကာ အော်ဟစ်ဆဲဆို လေတော့သည်။
“ယန်အမျိုးအနွယ်... မင်းက ငါ့မြေးကို ရိုက်ရဲတယ်ပေါ့… ငါ အသက်ကြီး အိုမင်းတာကို မငဲ့ဘဲ မင်းနဲ့ အသေအလဲ တိုက်မယ်”
ယန်ချုံးကမူ အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်နေပြီး မည်သည့်စကားမျှ မဆိုချေ။ သို့ရာတွင် ယန်ရှောင်ကျွမ်းကမူ မခံမရပ်နိုင်ဖြစ်ကာ ခနဲ့၍ ပြောဆိုလိုက်၏။
“ဟွန်း... အဘွားမြေးက သမီးတို့အိမ်က ပစ္စည်းတွေကို ခိုးတာ… အခုတော့ လူဆိုးက အရင် တိုင်တန်းနေတယ်ပေါ့လေ”
ထိုအခိုက်အတန့်တွင် ယွီရှို့သည်လည်း အိမ်အတွင်းမှ ရုတ်ချည်း ပြေးထွက်လာပြီး ယန်ချုံး၏ အင်္ကျီကို ကျားကျန်းရှစ်က ဆွဲကိုင်ထားသည်အား မြင်တွေ့ရသောအခါ စိုးရိမ်စိတ်ဖြင့် ယန်ရှောင်ကျွမ်း၏ လက်ထဲမှ တံမြက်စည်းကို လုယူကာ ကျားကျန်းရှစ်၏ ကိုယ်ပေါ်သို့ လွှဲ၍ ရိုက်ချရင်း ငေါက်ငမ်းလိုက်လေသည်။
“ငါ့အစ်ကို့ကို လွှတ်စမ်း… နင်က ငါ့အစ်ကို့အင်္ကျီကို ဆွဲရဲရအောင် ဘာမလို့လဲ”
ကျားကျန်းရှစ်မှာ ဒဏ်ရာကြောင့် နာကျင်သွားသဖြင့် ယန်ချုံး၏ အင်္ကျီကို အမြန်လွှတ်လိုက်ကာ ယီကျုံးဟိုင်ဘက်သို့ လှည့်၍ အော်ဟစ်တိုင်တန်းလေသည်။
“လောင်ယီ... ရှင် ဒါကို မဖြေရှင်းပေးတော့ဘူးလား။ သူတို့က ကျွန်မမြေးကိုတင်မက ကျွန်မကိုပါ ရိုက်နေကြပြီ… ဥပဒေဆိုတာရော ရှိသေးရဲ့လား”
ထိုအခိုက်တွင် ကျားတုန်းရွှီသည်လည်း နောက်ဆုံး၌ ရှေ့သို့ ထွက်လာခဲ့ပြီး ဆိုသည်။
“ဆရာ... ကျွန်တော်တို့ကို တရားမျှတမှု ရှာပေးပါဦး။ ကျွန်တော့်သား ပန့်ကန့်က ဒီလောက်လေးပဲ ရှိသေးတာကို သူတို့က ဒီလိုဖြစ်အောင် ရိုက်နှက်ထားကြတယ်။ ပြီးတော့ ကျွန်တော့်အမေကိုလည်း ရိုက်ကြသေးတယ်...”
ယီကျုံးဟိုင်က မှုန်တုတ်သော မျက်နှာထားဖြင့် ယန်ချုံးကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
“ယန်ချုံး... မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ ကလေးကိုလည်း ရိုက်… လူကြီးကိုလည်း ရိုက်နဲ့… ဒီရင်ပြင်က မင်းကို ဆက်ပြီး လက်ခံထားနိုင်ပါဦးမလား”
ယန်ချုံးက သူ့အား အေးစက် တည်ငြိမ်စွာ စိုက်ကြည့်လျက် ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။
“ယီတာ့ယဲ့... ခင်ဗျားက ပုံမှန်အတိုင်းပဲ ဘာမှ မမေးမမြန်းဘဲ… အမှားအမှန် မခွဲခြားနိုင်ဘဲ လူတွေကို ဒီလိုပဲ စွပ်စွဲတတ်တာလား”
ရွှီတာ့မောက်က ချက်ချင်းပင် ကြားဖြတ်၍ စကားဆိုလာ၏။
“ဟုတ်တယ် ယီတာ့ယဲ့... ခင်ဗျားအနေနဲ့ ကျားတာ့မားရဲ့ စကား တစ်ဖက်သတ်တည်းကိုပဲ နားထောင်လို့ မရဘူး။ လူတိုင်း အထင်အရှား မြင်လိုက်ကြတာပဲ။ ယန်ချုံးက လူကို သက်သက်မဲ့ ရိုက်တာ မဟုတ်ဘူး။ သူတို့အိမ်က ပန့်ကန့်က သန်းခေါင်ယံ အချိန်မတော်မှာ မအိပ်ဘဲ ယန်ချုံးရဲ့ အိမ်ကို လာခိုးလို့ လက်ရမိသွားတာ”
ကျားကျန်းရှစ်က လှည့်၍ ရွှီတာ့မောက်ကို ဒေါသတကြီး စိုက်ကြည့်ကာ စူးစူးဝါးဝါး အော်ဟစ်လေသည်။
“ရွှီတာ့မောက်… နင် လျှောက်မပြောနဲ့။ ဘယ်သူက ငါ့မြေး ပန့်ကန့်ကို ခိုးတယ်လို့ ပြောလဲ။ ငါ့မြေး ပန့်ကန့်က ငယ်ငယ်ကတည်းက လိမ္မာပြီး စကားနားထောင်တာ… သူ ခိုးတာကို နင် ဘယ်တုန်းက မြင်ဖူးလို့လဲ”
သူမ၏ အကြည့်များမှာ ရွှီတာ့မောက်ကို အရှင်လတ်လတ် ဝါးမြိုပစ်တော့မည့် အတိုင်း ပြင်းထန်လှပေသည်။ ပုံမှန် အခြေအနေမျိုးတွင်မူ ရွှီတာ့မောက်သည် ကြောက်ရွံ့သဖြင့် နောက်ဆုတ်သွားမည်မှာ ဧကန်မလွဲ ဖြစ်၏။ သို့သော် ယနေ့တွင်မူ သူသည် တဟားဟား ရယ်မောလိုက်ပြီး ပြောသည်။
“ကျားတာ့မား... ကျွန်တော့်ကို လာပြီး ဒေါသ မပုံချပါနဲ့။ ခင်ဗျားမြေး ပန့်ကန့်က ဘယ်လိုလူလဲဆိုတာ ခင်ဗျား ပြောစရာ မလိုပါဘူး။ လူတိုင်း ကောင်းကောင်းကြီး သိကြပါတယ်။ ဒါတင် မကသေးဘူး... ခင်ဗျား ခေါင်းကို ငုံ့ပြီး ကြည့်လိုက်ပါဦး… ခင်ဗျားမြေး လက်ထဲမှာ ဘာကို ဆုပ်ကိုင်ထားလဲဆိုတာ။ အဲဒီပစ္စည်းက ယန်ချုံးက သူ့လက်ထဲ အတင်းထည့်ပေးထားတာလား”
ထိုအခါ ဝိုင်းအုံ ကြည့်ရှုနေသော လူအုပ်ကြီးသည်လည်း ဝိုင်းဝန်းကာ တဟားဟား ရယ်မောကြလေတော့သည်။ အမှန်ပင် ဖြစ်၏။ သူမ အလွန်အမင်း လိမ္မာပါသည်ဟု ဆိုသော မြေးလေး ပန့်ကန့်၏ လက်ထဲတွင် ယန်ချုံးအိမ်မှ တောကြက်၏ လည်ပင်းကို ယခုတိုင် တင်းကျပ်စွာ ကိုင်ဆောင်ထားဆဲ ဖြစ်ရာ ဤအခြင်းအရာကိုမူ မည်သို့မျှ ငြင်းကွယ်၍ ရနိုင်တော့မည် မဟုတ်ချေ။
ကျားကျန်းရှစ်၏ မျက်နှာပြင်မှာ ရှက်ကိုးရှက်ကန်းဖြစ်ကာ နီတစ်လှည့် ပြာတစ်လှည့် ဖြစ်သွားရရှာသည်။ သို့သော်ငြားလည်း သူမသည် ခေါင်းမာစွာဖြင့်ပင် ပြောဆိုလိုက်လေတော့သတည်း။
“အဲဒါကို ငါက ဘယ်လိုသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါ့မြေး ပန့်ကန့်ကတော့ ခိုးမှာ မဟုတ်ဘူး။ လောင်ယီ... ရှင် ကျွန်မတို့ မိသားစုအတွက် တရားမျှတမှု ရှာပေးရမယ်။ ကျွန်မတို့ မြေးကိုလည်း ရိုက်သေးတယ်။ ကျွန်မတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း အဖျက်ဆီး မခံနိုင်ဘူး”