← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) - လျော်ကြေးပေးမလား… ဒါမှမဟုတ် ရဲတိုင်မလား

ထိုခဏ၌ ယီကျုံးဟိုင်၏ ရင်တွင်း၌ ကျားကျန်းရှစ်အား ခြေစုံကန်ကာ သတ်ပစ်ချင်လောက်သည့် ဒေါသလုံးကြီး ဆူပွက်နေတော့သည်။ စိတ်ထဲမှလည်း ကြိတ်၍ တွေးတောနေလေသည်။

‘ကူညီရမယ်... ဟုတ်လား။ မင်းမြေးက သူများပစ္စည်း ခိုးနေတာကို လက်ပူးလက်ကြပ် မိထားတာလေ။ ငါက ဘယ်လိုလုပ် မင်းဘက်က ရပ်တည်ပေးရမှာလဲ။ ဒီလောက် လူအများကြီး ကြည့်နေတာကို ငါက ဘယ်လိုလုပ် မျက်နှာလိုက်ပေးလို့ ရမှာလဲ။ ဒီမိန်းမကြီး... တစ်နေ့တစ်နေ့ နည်းနည်းလေးတောင် ငြိမ်ငြိမ် မနေဘူး။ ပြဿနာ နည်းနည်းလောက် လျှော့ရှာရင် မရဘူးလား’

ယီကျုံးဟိုင်မှာ ဒေါသမီးများ တောက်လောင်နေသည့်တိုင် ဤပြဿနာကို မည်သို့ ဖြေရှင်းရမည်နည်းဟု ဦးနှောက်ခြောက်ခံကာ အကြံထုတ်နေရသည်။

ထိုစဉ် ဘေးတွင် ရပ်နေသော လျိုဟိုင်ကျုံးမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဝင်ရောက် ဟန့်တားလိုက်လေသည်။

“အဒေါ်ကျား... ဒီကိစ္စမှာတော့ ခြံဝင်းရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ကျွန်တော်က ဝင်ပြောရတော့မယ်။ ခင်ဗျားတို့အိမ်က ပန့်ကန့်က အရွယ်လေးလည်း ရနေပြီ။ အသိဉာဏ်လေးတော့ ရှိသင့်နေပြီလေ။ ပစ္စည်းဆိုတာ ဒီလိုမျိုး လျှောက်ခိုးလို့ ရလို့လား။ သူများ ပစ္စည်းခိုးတာ အရိုက်ခံရရုံတင် မကဘူး။ ရှေးခေတ်မှာဆိုရင် ရိုက်တောင် သတ်ခံရမှာ။ ကဲ... လူကြီးမင်းတို့ပဲ စဉ်းစားကြည့်ကြပါ။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား”

လျိုဟိုင်ကျုံးသည် ယီကျုံးဟိုင်အပေါ် အမြင်မကြည် ဖြစ်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ခြံဝင်းအတွင်း ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာတိုင်း ယီကျုံးဟိုင်ကသာ ဩဇာတိက္ကမ အပြည့်ဖြင့် အဆုံးအဖြတ်ပေးလေ့ရှိရာ ဒုတိယအကြီးအကဲ ဖြစ်သော သူ၏ နေရာမှာ ဝင်ရောက် ပြောဆိုခွင့်ပင် မရခဲ့ချေ။ ယခုကဲ့သို့ ယီကျုံးဟိုင် အကြပ်ရိုက်နေချိန်ကို အမိအရ ဖမ်းကာ ထွက်ပေါ်လာခြင်းမှာ သူ၏ အနာကျင်ဆုံး အားနည်းချက်ကို တမင်သက်သက် ထိုးနှက်လိုက်ခြင်းပင် ဖြစ်တော့သည်။

ခြံဝင်းအတွင်းရှိ လူအများစုမှာလည်း ဤကိစ္စအပေါ် မကျေမချမ်း ဖြစ်နေကြသည်မို့လို့ သူ၏ စကားတစ်ခွန်းက လမ်းစဖော် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးထံမှ ဝေဖန်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

“ဟုတ်တယ် ဒုတိယအကြီးအကဲ ပြောတာမှန်တယ်။ သူများပစ္စည်း ခိုးတာကို ဘာအကြောင်းပြချက်မှ ပေးနေစရာ မလိုဘူး။ ရိုက်မသတ်လိုက်တာပဲ ကံကောင်းတယ် မှတ်…”

“ဒါပေါ့... သန်းခေါင်ယံကြီး အိပ်မနေဘဲ သူများပစ္စည်း သွားခိုးတာကို မိဘလုပ်တဲ့သူက မသိဘူးဆိုတာ ဘယ်သူက ယုံမှာလဲ”

“ငါကြည့်ရတာ သူပဲ ခိုင်းတာဖြစ်မယ်။ သူသာ သင်မပေးထားရင် ပန့်ကန့်က ပစ္စည်းကို ခိုးတတ်မှာတောင် မဟုတ်ဘူး”

“ဟွန်း... ဒီလို မိဘမျိုး တစ်ခါမှကို မမြင်ဖူးဘူး။ ကောင်းတာတွေ မသင်ပေးဘဲ ကလေးကို ပစ္စည်းခိုးဖို့ သင်ပေးတယ်ဆိုတော့...”

ပြင်းထန်လှသော ဝေဖန်သံများကြားတွင် ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ သားအမိ နှစ်ယောက်မှာ မျက်နှာများ နီမြန်းပူထူ လာပြီး ဝင်ပုန်းစရာ မြေအက်ကွဲကြောင်းလေး တစ်ခုလောက်ပင် ရှာချင်စိတ် ပေါက်သွားကြလေသည်။

ယီကျုံးဟိုင်က လျိုဟိုင်ကျုံးအား ဒေါသတကြီး လှမ်းကြည့်လိုက်သော်လည်း လျိုဟိုင်ကျုံးကမူ သူ၏ စကားကို လူအများက ထောက်ခံလိုက်သည့်အတွက် အလွန်အမင်း ကျေနပ်ဂုဏ်ယူနေသည့် မျက်နှာပေးမျိုး ဖြစ်နေသည်။

ဒီ လျိုတာ့ယဲ့ကို အခွင့်အရေး ပေးလို့ကို မဖြစ်ဘူး။ အခွင့်အရေး နည်းနည်းရတာနဲ့တင် အပျော်လွန်ပြီး ထခုန်တော့မဲ့ ကောင်။

ယီကျုံးဟိုင်မှာ ဘာမျှ မတတ်နိုင်တော့ချေ။ ဆက်လက်၍ နှုတ်ဆိတ်နေပါက အခြေအနေကို ထိန်းချုပ်နိုင်တော့မည် မဟုတ်သဖြင့် ကျားကျန်းရှစ်အား အားတင်းကာ ပြောလိုက်ရသည်။

“အစ်မကြီး... ဒါကတော့ ခင်ဗျား မှားသွားပြီ။ ညဘက်အိပ်ရင် ကလေးကို ဘာလို့ သေချာမကြည့် ထားရတာလဲ။ အခုတော့ ပြဿနာတွေ ကြီးကုန်ပြီလေ။ အားလုံးလည်း အေးအေးဆေးဆေး မအိပ်ရတဲ့အပြင် ကလေးလည်း အရိုက်ခံရလို့ ထိခိုက်ကုန်ဦးမယ်”

ထိုသို့ပြောရင်း လက်ကို ယမ်းပြကာ ပြောလိုက်သည်။

“ချင်ဟွိုင်ရူ... မြန်မြန် ကလေးကို အိမ်ပြန်ခေါ်သွားလေ။ ဒဏ်ရာများ ရထားသေးလား သွားကြည့်လိုက်ဦး”

ထိုအခါမှ ချင်ဟွိုင်ရူလည်း သတိဝင်လာကာ အမြန် ပြန်ထူးပြီး ပန့်ကန့်ကို ပွေ့ချီ၍ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ သို့တိုင်အောင် ပန့်ကန့်၏ လက်ထဲတွင်မူ တောကြက်၏ လည်ပင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

ထိုစဉ် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သော ယန်ချုံးက ရုတ်တရက် ဝင်ရောက် တားမြစ်လိုက်လေသည်။

“နေပါဦး ယီတာ့ယဲ့... ဒီကိစ္စကို ဒီတိုင်း ပြီးလိုက်လို့ မရဘူးလေ။ သူက ပစ္စည်းခိုးတာ…”

ရွှီတာ့မောက်ကလည်း ချက်ချင်းပင် ဝင်ရောက် ထောက်ခံလိုက်သည်။

“ဟုတ်တယ် ပထမအကြီးအကဲ… ယန်ချုံး ပြောတာ မှန်တယ်။ ပန့်ကန့်က ပစ္စည်းခိုးတာလေ။ သူ့ကို မရိုက်လိုက်ရုံနဲ့တင် ဒီအတိုင်း အလွတ်ပေးလိုက်လို့ ဘယ်ရပါ့မလဲ။ ပစ္စည်းခိုးရင် အပြစ်ပေးခံရမှာပဲ။ မဟုတ်ရင် နောက်ဆို ကျွန်တော်တို့ ခြံဝင်းကြီးက သူခိုးစခန်း ဖြစ်သွားမှာပေါ့။ အဲဒါဆို ဘယ်သူ့အိမ်က ပစ္စည်းမဆို သေချာကြည့်ထားရတော့မဲ့ ကိန်းဆိုက်နေပြီ”

လျိုဟိုင်ကျုံးကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် လောင်ယီ... ဒီကိစ္စက ဒီအတိုင်း ပြီးသွားလို့ မရဘူး။ ဒီသတင်းသာ ပျံ့သွားရင် ကျွန်တော်တို့ ခြံဝင်းရဲ့ နာမည်ပျက်သွားမှာပေါ့။ ဒီနှစ်အတွက် စံပြခြံဝင်းဆုလည်း လွင့်သွားမှာ သေချာတယ်”

ထိုစကားများကြောင့် ယီကျုံးဟိုင်မှာ ဒေါသထွက်လွန်း၍ သွားများပင် ကျိန်းတက်လာသည်။ ရွှီတာ့မောက်နှင့် လျိုဟိုင်ကျုံး... ဘယ်နေရာဖြစ်ဖြစ် သူတို့နှစ်ယောက်က ပါနေတော့သည်တကား။ ဤလူများက လောကကြီး မရှုပ်ထွေးမည်ကိုပင် ကြောက်နေကြသလားဟု တွေးမိသည်။

သို့သော်လည်း အခြေအနေမှာ လွန်ဆန်၍ မရတော့ပေ။ ခြံဝင်းထဲမှ လူများကလည်း ဝိုင်းဝန်း ဖိအားပေးနေကြသဖြင့် ယီကျုံးဟိုင်သည် သက်ပြင်းချကာ ဤသို့သာ ပြောလိုက်ရတော့သည်။

“ပန့်ကန့် ပစ္စည်းခိုးတာ မှားတယ်။ ဒီလိုလုပ်... ချင်ဟွိုင်ရူ မင်းက အမေဖြစ်တဲ့သူ ဆိုတော့ ကလေးကိုယ်စား ယန်ချုံးကို တောင်းပန်လိုက်ပါ။ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့”

ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ကို တောင်းပန်ခိုင်းပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်း ယီကျုံးဟိုင် သိနေသည်။ ထို့ကြောင့် ပြဿနာကို အမြန် ငြိမ်းစေရန် ချင်ဟွိုင်ရူကိုသာ တောင်းပန်ခိုင်းရခြင်း ဖြစ်သည်။

သို့ရာတွင် ယန်ချုံးက ချက်ချင်းပင် ပက်ခနဲ ပြန်ပြောလိုက်သည်။

“ပထမအကြီးအကဲ... တောင်းပန်ရုံနဲ့ တင်တော့ ဘယ်ရပါ့မလဲ။ ပန့်ကန့်က ကျွန်တော့်အိမ်က ယုန်သားကို ခိုးတာဆိုရင်တော့ ထားလိုက်ပါတော့မယ်။ အဲဒီအသားကို ခွေးကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်”

ထိုစကားကြောင့် ကျားကျန်းရှစ်သည် ဒေါသတကြီး မျက်လုံးပြူးသွားပြီး စိတ်ထဲမှ ကြိမ်းဝါးကျိန်ဆဲ လိုက်လေသည်။

‘မင်းကမှ ခွေးစင်စစ်’

ယန်ချုံးက ဆက်၍ ဆိုသည်။

“ဒါပေမဲ့ အခု သူက ကျွန်တော်တို့ စက်ရုံက ပစ္စည်းကိုပါ ခိုးတာဆိုတော့ သဘောသဘာဝက မတူတော့ဘူးလေ”

ယီကျုံးဟိုင် ကြောင်အမ်းအမ်း ဖြစ်သွားကာ မေးလိုက်သည်။

“ဘာစက်ရုံက ပစ္စည်းလဲ။ မင်းအိမ်မှာ ဘာလို့ စက်ရုံက ပစ္စည်းတွေ ရှိနေရတာလဲ”

ယန်ချုံးက ပြုံးလိုက်ပြီး ဆိုလေသည်။

“ပထမအကြီးအကဲ... ခင်ဗျားက တကယ် မေ့တတ်တာပဲ။ ခင်ဗျား မေ့သွားပြီလား… ကျွန်တော်က အခု စက်ရုံ ဝယ်ယူရေးဌာနက ဝယ်ယူရေး ဝန်ထမ်းလေ။ အဲဒီတောကြက်က ဒီနေ့ ကျွန်တော် စက်ရုံအတွက် ဝယ်လာခဲ့တဲ့ ပစ္စည်းပဲ။ ပြန်လာတာ နောက်ကျသွားလို့ စားသောက်ခန်းကို မအပ်ရသေးတာ။ ဒါကို စက်ရုံပစ္စည်း မဟုတ်ဘူးလို့ ပြောလို့ရမလား”

အခွင့်အရေးရခိုက် မြှောက်ပင့်ပေးတတ်သော ရွှီတာ့မောက်က ချက်ချင်း ဝင်ရောက် လေချွန်လေသည်။

“ဝယ်ယူရေး ဝန်ထမ်း ဝယ်လာတဲ့ ပစ္စည်းကတော့ စက်ရုံပစ္စည်း ဖြစ်မှာပေါ့။ စက်ရုံပစ္စည်းဆိုတာ အစိုးရပိုင်၊ နိုင်ငံတော်ပိုင် ပစ္စည်းတွေပဲလေ။ ယန်ချုံးပြောတာ မှန်တယ်။ ပန့်ကန့်ရဲ့ လုပ်ရပ်က နိုင်ငံတော်ပိုင် ပစ္စည်းကို ခိုးယူတာပဲ။ ဒါက တော်တော် ပြစ်မှုကြီးတယ်နော်”

လျိုဟိုင်ကျုံးကလည်း အားတက်သရော ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... နိုင်ငံတော်ပိုင် ပစ္စည်းကို ခိုးယူတာက ရာဇဝတ်မှု ကျူးလွန်တာပဲ။ ထောင်ဒဏ်တောင် ကျခံရနိုင်တယ်။ လောင်ယီ... ဒီကိစ္စကို ဒီတိုင်း ပြီးလိုက်လို့ မရဘူး။ ရဲစခန်းက ရဲဘော်တွေကို အကြောင်းကြားရမယ်။ မဟုတ်ရင် ရာဇဝတ်မှုကို ဖုံးကွယ်ပေးရာ ကျသွားလိမ့်မယ်”

ယီကျုံးဟိုင်သည် စိတ်ထဲတွင် ယန်ချုံး၊ ရွှီတာ့မောက်နှင့် လျိုဟိုင်ကျုံး သုံးယောက်စလုံးကို အမျိုးမျိုး လှည့်ပတ်ဆဲရေး နေမိသည်။ ဤသုံးယောက်မှာ ယနေ့ကိစ္စကို အကြီးအကျယ် ပြဿနာ မရှာရလျှင် မကျေနပ်နိုင်တော့မည့်ပုံပင်။

ဤအခြေအနေတွင် မဟာမိတ် တစ်ယောက်လောက် ရှာမှ ဖြစ်တော့မည်ဟု တွေးကာ ဘေးနားရှိ ယန်ပုကွေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“လောင်ယန်... ခင်ဗျားလည်း ခြံဝင်းထဲက အကြီးအကဲ တစ်ယောက်ပဲ။ ပြောကြည့်ပါဦး… ဒီနေ့ကိစ္စကို ဘယ်လို ဖြေရှင်းသင့်လဲ”

သာမန်အချိန်များတွင် ဆိုလျှင်မူ ယန်ပုကွေ့သည် သူပြောသည့်အတိုင်း လိုက်လံထောက်ခံမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ယန်ပုကွေ့၏ ရင်တွင်း၌ ဒေါသတွေ ပြည့်ကျပ်နေခဲ့သည်။ ယနေ့ညတွင် ယီကျုံးဟိုင်က တံတားကို ကူးပြီးသည်နှင့် ကျိုးပဲ့ဖျက်ဆီး ပစ်သည့် လုပ်ရပ်မျိုးကို လုပ်ခဲ့ကာ ယန်ကျဲချန်၏ အလုပ်ခွဲတမ်း နေရာနှင့် ပတ်သက်၍ သူ့အား ပြောင်ပြောင်တင်းတင်း လှည့်စားသွားခဲ့သောကြောင့် ယန်ပုကွေ့သည် ယီကျုံးဟိုင်ကို အလွန်အမင်း နာကြည်းနေခဲ့သည်။

ထို့ကြောင့် ယီကျုံးဟိုင်၏ အမေးကို ကြားသောအခါ ယန်ပုကွေ့က တည်တင်းသော မျက်နှာထားဖြင့် ဆိုလိုက်လေသည်။

“လောင်ယီ... ယန်ချုံးနဲ့ လောင်လျိုတို့ ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်။ ပန့်ကန့်ရဲ့ လုပ်ရပ်သဘာဝက ပြောင်းသွားပြီလေ။ ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်လိုက်လို့ မရဘူး။ သူ အပြစ်ပေးတာကို ခံကို ခံရမယ်”

ယီကျုံးဟိုင်သည် ထိုစကားကို ကြားလိုက်သည်နှင့် တော်တော်လေး ဒုက္ခရောက်ပြီမှန်း သိလိုက်လေသည်။ ယန်ပုကွေ့က ယနေ့တွင် သူနှင့် လမ်းခွဲတော့မည် ဖြစ်သည်။ အလုပ်ကိစ္စကြောင့် ဆိုသည်မှာ မလွဲမသွေပင် ဖြစ်လေသည်။ သူ၏ မျှော်လင့်ချက်များကို ဤမျှ စောစောစီးစီး မဖြတ်တောက်လိုက်ဘဲ နောက်ထပ် နှစ်ရက်ခန့် အချိန်ဆွဲထားလိုက်ရမည်ဟု ယခုမှ နောင်တရမိတော့သည်။

သူက ကျားကျန်းရှစ်ကို လှမ်းကြည့်လိုက်သည်။

‘အစ်မကြီး... ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ။ ခင်ဗျားက လူအများရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားပြီ၊ ကျွန်တော်လည်း ခင်ဗျားတို့ကို မကူညီနိုင်တော့ဘူး’

သူ၏ မျက်ဝန်းများက ထိုကဲ့သို့ အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။

ကျားကျန်းရှစ်သည် ချက်ချင်း အလန့်တကြား ဖြစ်သွားကာ မြေကြီးပေါ်သို့ ဖုတ်ခနဲ ထိုင်ချလိုက်ပြီး ယန်ပုကွေ့၏ နှာခေါင်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ဆဲရေးတိုင်းထွာတော့သည်။

“ယန်ကပ်စေးနှဲ... ရှင်က ဘယ်လို စိတ်ထားယုတ်မာမျိုး ထားနေတာလဲ။ ငါတို့အိမ်က ပန့်ကန့်က အသက် ဘယ်လောက် ရှိသေးလို့လဲ။ ကလေးပဲ ရှိသေးတာလေ။ ဘာမှ မသိ နားမလည်သေးဘဲ ပစ္စည်း နည်းနည်းပါးပါး ခိုးမိတာ ဘာများဖြစ်သွားလို့လဲ။ နင်တို့က သူ့ကို ဒီလောက်တောင် ရိုက်ထားပြီးပြီလေ။ ဘာလိုချင်သေးတာလဲ။ ငါ မလျော်နိုင်ဘူး... ဘာပဲဖြစ်ဖြစ် လုံးဝကို မလျော်နိုင်ဘူး။ ငါတို့အိမ်မှာ ပိုက်ဆံမရှိဘူး”

ယန်ပုကွေ့ကမူ သူမအား အရေးတယူ ပြန်ပြောရန်ပင် ပျင်းရိနေလေသည်။ မည်သို့ပင်ဆိုစေ ယနေ့တွင် ယီကျုံးဟိုင်နှင့် မျက်နှာပျက်ပြီးသွားပြီ ဖြစ်ရာ ကျားမိသားစုဖြစ်စေ အခြား မည်သည့် မိသားစုဖြစ်စေ ဂရုစိုက်နေစရာ အကြောင်းမရှိတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယန်ချုံးကို အကူအညီတောင်းပြီး ယန်ကျဲချန်၏ အလုပ်ကိစ္စ ဖြေရှင်းနိုင်မလားဟုပင် စမ်းသပ်ကြည့်ချင်နေသေးသည်။

ထို့ကြောင့် သူက မျက်နှာပြောင်တိုက်ကာ ဆက်ပြောလိုက်သည်။

“လောင်ယီ၊ လောင်လျို... ဒီကိစ္စကို အားလုံးကိုပဲ မဲခွဲ ဆုံးဖြတ်ခိုင်းလိုက်ပါလား။ ယန်ချုံးရဲ့ နစ်နာမှုအတွက် လျော်ကြေးပေးမလား။ ဒါမှမဟုတ် ရဲတိုင်ပြီး ရဲတွေကိုပဲ ဥပဒေအတိုင်း ဖြေရှင်းခိုင်းလိုက်မလားပေါ့”

လျိုဟိုင်ကျုံးမှာ ဤစကားကိုသာ အစောင့်ကြီး စောင့်နေခြင်းဖြစ်သည်။ သူက ချက်ချင်းပင် အားတက်သရော ဝင်ရောက် ထောက်ခံလိုက်လေသည်။

“ဟုတ်တယ် လောင်ယီ... ဒီနည်းလမ်း နှစ်ခုပဲ ရှိတယ်။ အရင်တုန်းက ခြံဝင်းထဲမှာ ပစ္စည်းခိုးရင်လည်း ဒီလိုပဲ ဖြေရှင်းခဲ့တာ မဟုတ်ဘူးလား။ လျော်ကြေးပေးမလား… ရဲတိုင်မလားဆိုတာပဲ ရွေး”

All Chapters