← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃) - ယွမ် သုံးဆယ်နဲ့ ဝယ်ထားတဲ့ ယုန်သားကို အလဟဿ မဖြစ်စေနဲ့

ယီကျုံးဟိုင်သည် အခြားနည်းလမ်း မရှိတော့သည့်အဆုံး ဖျန်ဖြေစကား ဆိုရှာတော့သည်။

“ရဲမတိုင်ပါနဲ့တော့ကွာ… အားလုံးက ခြံဝင်း တစ်ခုတည်းမှာ နေကြတဲ့ သူတွေပဲဟာကို။ နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရတာ။ ပြီးတော့ ပန့်ကန့်က ကလေးပဲ ရှိသေးတာပဲ။ ရဲတိုင်လိုက်ရင် သူ့တစ်ဘဝလုံး ပျက်စီးသွားလိမ့်မယ်။ ဒီလိုလုပ်ပါ... တုန်းရွှီ… ပန့်ကန့်က ယန်ချုံးရဲ့ ဟင်းတစ်ဝက်ကို ဖျက်ဆီးလိုက်တာဆိုတော့ မင်း ယန်ချုံးကို လျော်ကြေး နှစ် ယွမ်ပေးပြီး တောင်းပန်လိုက်ရင် ဒီကိစ္စ ပြီးသွားပါပြီ”

ထိုစကားကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ လူအပေါင်းက ဤပထမအဘိုးကြီး ခြံဝင်း ခေါင်းဆောင်သည် ပြဿနာကို အပေါ်ယံ ဖုံးဖိရန်သာ အလွန်အမင်း ကြိုးပမ်းနေကြောင်း တွေးတောမိကြလေသည်။

ယန်ချုံးက ချက်ချင်းပင် ငြင်းပယ်လျက် ပြတ်သားစွာ တုံ့ပြန်လိုက်၏။

“ပထမအဘိုးကြီး… ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူနိုင်ဘူး။ ပထမအချက်က ကျွန်တော်ရဲ့ ယုန်သား တစ်ဝက်တင် နှစ် ယွမ် ထက်မက တန်တယ်။ စက်ရုံက တောကြက်ကို သူ ခိုးဖို့ ကြံစည်ခဲ့တာကိုတော့ ထည့်တောင် မပြောသေးဘူး”

ယီကျုံးဟိုင်သည် မျက်မှောင်ကျုံ့လျက် မေးမြန်းလေသည်။

“ဒါဆို မင်းသဘောက ဘယ်လိုလဲ။ ဘယ်လောက် လိုချင်လို့လဲ”

ယန်ချုံးက လက်ချောင်း သုံးချောင်း ထောင်ပြပြီး တိုတိုပြတ်ပြတ် ပြောချလိုက်သည်။

“သုံးဆယ်”

ကျားကျန်းရှစ်သည် ဒေါသတဟုန်းဟုန်း ပေါက်ကွဲသွားကာ မြေကြီးပေါ်မှ ဝုန်းခနဲ ထရပ်လျက် အော်ဟစ်ငေါက်ငမ်း လေတော့သည်။

“ဟေ့ ကောင်လေး… မင်း ဘာတွေ အိပ်မက် မက်နေတာလဲ။ သုံးဆယ်တောင် ဟုတ်လား... မင်း သုံးရာလို့ပဲ အော်လိုက်ပါလား… အိပ်မက်ယောင်နေတာ နေမှာပါ”

ကျားတုန်းရွှီကလည်း ဒေါသမာန်ဟုန်ဖြင့် မထိန်းနိုင် မသိမ်းနိုင် အော်ဟစ်မိတော့သည်။

“ယန်ချုံး… မင်းကတော့ တကယ်ကို လောဘကြီး လွန်းတယ်။ ငါ ခြံဝင်းတစ်ခုလုံး ဆီကနေ လိုက်ပြီး အလှူခံတုန်းကတောင် သုံးဆယ့်လေးယွမ်ပဲ ရတာ။ မင်းက ဘာမှ မလုပ်ဘဲ ငါ့ဆီက ယွမ် သုံးဆယ်ကို လုချင်နေတာလား”

ယီကျုံးဟိုင်၏ မျက်နှာအမူအရာသည်လည်း ချက်ချင်း ပျက်ယွင်းသွားကာ ဆိုလေသည်။

“ယန်ချုံး… မင်းလုပ်တာ နည်းနည်းတော့ မလွန်လွန်းဘူးလား။ ကလေးတစ်ယောက်ပဲဟာကို ဒီလောက်အထိ ဖက်တွယ်ထားဖို့ လိုလို့လား။ ပြီးတော့ မင်းရဲ့ တောကြက်က အခိုးခံလိုက်ရတာမှ မဟုတ်တာ။ ဒီမှာတင် ရှိနေသေးတာပဲလေ”

ယန်ချုံးက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်လေသည်။

“အခိုးမခံရတာက ကျွန်တော် မိသွားလို့လေ။ ကျွန်တော်သာ နောက်ကျမှ သိရင် မနက်ဖြန် စက်ရုံကို ဘယ်လိုသွားရှင်းပြမလဲ။ စက်ရုံကသာ ကျွန်တော့်ကို စက်ရုံပစ္စည်းတွေ ခိုးဝှက် အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲရင် ဘယ်လိုလုပ်မလဲ။ အဲဒီအခါကျရင် အပေါ့ဆုံး ပြစ်ဒဏ်က အလုပ်ထုတ်ခံရမှာ ဖြစ်ပြီး အဆိုးဆုံးကတော့ ထောင်ကျမှာပဲ။ ကျွန်တော် သံမဏိစက်ရုံကို ဝင်ခွင့်ရဖို့ မနည်း ကြိုးစားခဲ့ရတာ။ လစာ တစ်လစာတောင် မရသေးဘူး။ သူ့ကြောင့်နဲ့ အကုန်ပျက်စီး ရတော့မလို့။ အခု သံမဏိစက်ရုံရဲ့ အလုပ်ခွင်နေရာ တန်ဖိုးက အနည်းဆုံး ယွမ် ငါးရာဆိုတာ အားလုံးလည်း သိကြတာပဲ။ ကျွန်တော် သူ့ဆီကနေ ယွမ် သုံးဆယ်ပဲ တောင်းတာဟာ ခြံဝင်းထဲက အိမ်နီးချင်းတွေရဲ့ မျက်နှာကို ထောက်ထားလွန်းလို့”

“ဒီယွမ် သုံးဆယ်ကိုမှ မပေးချင်ဘူး ဆိုရင်တော့လည်း ကျွန်တော့်ဘက်က ရဲတိုင်ဖို့ပဲ ရှိတော့တယ်”

ယန်ချုံးက ပြတ်သားစွာဖြင့် နိဂုံးချုပ်လိုက်လေသည်။

ယန်ချုံး၏ စကားသံအဆုံး၌ ခြံဝင်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။ ပတ်ဝန်းကျင်ရှိ လူအပေါင်းသည် နှုတ်ဆိတ်လျက် ယီကျုံးဟိုင်၏ မျက်နှာကိုသာ စူးစိုက်ကြည့်နေကြတော့သည်။

ယီကျုံးဟိုင်လည်း အခြားနည်းလမ်း မရှိသည့်အဆုံး ကျားကျန်းရှစ်အနီးသို့ တိုးကပ်သွားကာ စကားစလိုက်ရလေသည်။

“အစ်မကြီး ခင်ဗျား ကြည့်ရတာ...”

ကျားကျန်းရှစ်က ကိုယ်ကို တစ်ဖက်သို့ စောင့်အောင့်လှည့်လိုက်ရင်း ဂျစ်ကန်ကန် ပြောချလိုက်လေတော့သည်။

“ငါ့မှာ ပိုက်ဆံ မရှိဘူး။ ရှိရင်တောင် သူ့ကို မပေးနိုင်ဘူး”

ယီကျုံးဟိုင်က စိတ်ထဲမှ ကြိတ်၍ ရေရွတ်မိသည်။

‘မပေးဘူး ဟုတ်လား။ ပိုက်ဆံ မပေးရင် ခင်ဗျားမြေး ထောင်ကျရလိမ့်မယ်။ အဲဒီအခါကျရင် မိသားစုဝင် တစ်ယောက်အနေနဲ့ ခင်ဗျားပါ နာမည်ပျက်ပြီး ဒုက္ခရောက်မှာ။ ယန်ချုံးသာ တကယ် အကွက်ကျကျ အပြတ်ကိုင်လိုက်ရင် အစိုးရပစ္စည်း ခိုးယူမှုဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူး’

သူသည် ကျားကျန်းရှစ်နှင့် ဆက်လက် စကားပွားရန် စိတ်ကုန်သွားသဖြင့် ကျားတုန်းရွှီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တုန်းရွှီ… မင်းကော ဘယ်လို သဘောရလဲ။ ဒီကိစ္စသာ စက်ရုံအထိ ရောက်သွားရင် မင်းကိုပါ ထိခိုက်လိမ့်မယ်”

ကျားတုန်းရွှီ၏ စိတ်ထဲ၌လည်း အတော်အတန်ကြာအောင် ဝေခွဲမရ လွန်ဆွဲနေ ရရှာသည်။ ယီကျုံးဟိုင်၏ စကားမှာ ကျိုးကြောင်းဆီလျော် လှကြောင်း သူ ကောင်းကောင်းသိ၏။ အကယ်၍ ဤကိစ္စသာ စက်ရုံအထိ ပေါက်ကြားသွားပါက သူသည် တစ်စက်ရုံလုံး၏ လှောင်ပြောင်စရာ ဟာသတစ်ခု ဖြစ်သွားမည့်အပြင် အပြစ်ပေး အရေးယူခံရကာ အလုပ်မှ ထုတ်ပယ်ခံရသည်အထိ ဖြစ်သွားနိုင်သည်။

သူသည် မိခင်ဖြစ်သူ ကျားကျန်းရှစ်ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင်မူ စိတ်လျှော့ကာ ခေါင်းငိုက်စိုက်ချလျက် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်လေတော့သည်။

“ဆရာ... ဆရာပြောတဲ့အတိုင်းပဲ လုပ်ပါတော့မယ်”

ယီကျုံးဟိုင်က ခေါင်းညိတ် ထောက်ခံလျက် ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

“ကောင်းပြီ။ ဒါဆို တုန်းရွှီ ယွမ် သုံးဆယ် ထုတ်ပေးလိုက်… ဒီကိစ္စ ဒီမှာတင်ပဲ ပြီးပါစေ”

ကျားတုန်းရွှီသည် အံကို ကြိတ်လျက် အိတ်ကပ်ထဲမှ နွေးတောင် မနွေးသေးသော ယွမ် သုံးဆယ်ကို နှမြောတသစွာ ထုတ်ယူကာ ယီကျုံးဟိုင်ထံ အပ်နှံလိုက်သည်။ ထို့နောက် ယီကျုံးဟိုင်က ထိုငွေများကို ယန်ချုံးထံ ချက်ချင်းပေးအပ် လိုက်လေသည်။

“ကဲ... သွားစို့လေ။ အဲဒီမှာ ထိုင်ပြီး ဘာလုပ်နေဦးမှာလဲ”

ကျားတုန်းရွှီက ပန့်ကန့်ကို ပွေ့ဖက်ထားသော ဇနီးဖြစ်သူ ချင်ဟွိုင်ရူကို ဒေါသတကြီး ငေါက်ငန်းလိုက်၏။

ချင်ဟွိုင်ရူသည်လည်း တုန်တုန်ရင်ရင်ဖြင့် ပန့်ကန့်ကို ကမန်းကတန်း ပွေ့ချီလျက် ထိုနေရာမှ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

ထိုစဉ် အနောက်ဘက်မှ ယန်ရှောင်ကျွမ်းက ရော်ရမ်း၍ အော်ဟစ်ကာ သရော်လိုက်လေသည်။

“မမကျား… မြေကြီးပေါ်က ယုန်သားတွေကို ကောက်ပြီး ပြန်သယ်သွားပါဦးလားဟင်။ ယွမ် သုံးဆယ်နဲ့ ဝယ်ထားရတာလေ။ အလဟဿ မဖြစ်စေနဲ့ဦး”

ထိုအခါ ခြံဝင်း တစ်ခုလုံးတွင် ရယ်မောသံများ တဟားဟား ဆူညံသွားတော့သည်။

ကျားကျန်းရှစ်သည် ယန်ရှောင်ကျွမ်းအား မုန်းတီးစက်ဆုပ်ဖွယ် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။ ထိုမိန်းကလေး၏ ပါးစပ်ကို ပြေး၍ ဆွဲဖြဲပစ်ချင်သော်လည်း မိမိရှေ့တွင် တားဆီးနေသော ယန်ချုံးနှင့် တံမြက်စည်းတိုကို တင်းတင်းဆုပ်ကိုင်ထားသည့် ယွီရှို့တို့ကို မြင်သောအခါ ဒေါသကို မြိုသိပ်ကာ အရှက်တကွဲဖြင့် အိမ်ထဲသို့သာ ပြန်ဝင်သွားရလေတော့သည်။

အနောက်ဘက်မှ လှောင်ရယ်သံများ ဆူညံနေဆဲတွင် ယီကျုံးဟိုင်သည် မျက်နှာပျက်ပျက်ဖြင့် လက်ကို ယမ်းခါကာ ဆိုသည်။

“ကဲပါ... အကုန်လုံး လူစုခွဲကြတော့”

ထို့နောက် လှည့်မကြည့်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်လျက် စိတ်ပျက်လက်ပျက် ထွက်ခွာသွားလေသည်။

ထိုအခါ ရွှီတာ့မောက်က ယန်ချုံး၏ အနားသို့ တိုးကပ်ကာ လက်မထောင်ပြလျက် တိုးတိုးတိတ်တိတ် ချီးမွမ်းစကား ဆိုလေသည်။

“ချုံးဇီ… မင်းကတော့ တကယ် မိုက်တာပဲကွာ။ ယီတာ့ယဲ့ကို ဒီလောက်အထိ အပြောပိတ်သွားအောင် လုပ်နိုင်ပြီး ကျားမိသားစုဆီက ပိုက်ဆံထွက်လာအောင် လုပ်နိုင်တာ မင်းက ပထမဆုံးပဲ”

ယန်ချုံးကလည်း ခပ်ပြုံးပြုံးဖြင့် ပြန်လည် ပြောဆိုလိုက်၏။

“ဒီနေ့ အစ်ကိုတာ့မောက် ကျွန်တော့်ဘက်ကနေ ကူပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် စိတ်ထဲ မှတ်ထားပါ့မယ်”

ရွှီတာ့မောက်က ကျေနပ် ဂုဏ်ယူဟန်ဖြင့် လက်ခါပြလျက် နှုတ်ဆက်လေသည်။

“ငါတို့က ခြံဝင်း တစ်ခုတည်းက ညီအစ်ကိုတွေပဲဟာ… အားနာ မနေပါနဲ့။ ကဲ... အစ်ကို ပြန်အိပ်တော့မယ်။ ကိစ္စရှိရင်လည်း ပြောဦးနော်”

ခြံဝင်းအတွင်းရှိ လူအပေါင်း လူစုခွဲ ပြန့်ကျဲသွားကြသော်လည်း ယန်ပုကွေ့ တစ်ယောက်သာ လျှို့ဝှက်စွာဖြင့် ကျန်ရစ်ခဲ့ကာ ယန်ချုံးအနီးသို့ တိုးကပ်လျက် ဆိုလာသည်။

“ချုံးဇီ… ဘယ်လိုလဲ။ ဒီနေ့ စန်းတာ့ယဲ့ မင်းဘက်ကနေ ကူပြောပေးခဲ့တယ်နော်။ မဟုတ်ရင် ယီတာ့ယဲ့က ကျားမိသားစုကို လျော်ကြေးပေးခိုင်းဖို့ အဲဒီလောက်လွယ်လွယ်နဲ့ သဘောတူပါ့မလား”

ယန်ချုံးကလည်း သဘောပေါက်ဟန်ဖြင့် ပြုံးလျက် ပြန်လည် ပြောကြားလိုက်သည်။

“စန်းတာ့ယဲ့… ခင်ဗျားရဲ့ ကျေးဇူးကိုလည်း ကျွန်တော် မှတ်ထားပါတယ်”

သို့သော် ယန်ပုကွေ့က ရွှီတာ့မောက်ကဲ့သို့ ချက်ချင်း လှည့်ထွက်မသွားဘဲ ဟန်ကိုယ်ဖို့ဖြင့် ဆက်ပြောလေသည်။

“ချုံးဇီ... စန်းတာ့ယဲ့ မင်းကို မေးစရာတစ်ခု ရှိလို့ပါ”

ယန်ချုံးသည် စိတ်ထဲမှ ကြိတ်၍ တွေးတောမိလိုက်သည်။

‘ဒီစန်းတာ့ယဲ့က အကျိုးအမြတ် မရှိရင် ဘာမှလုပ်မဲ့ လူမျိုး မဟုတ်ဘူး’

သို့သော်လည်း မျက်နှာပြင်တွင်မူ အပြုံး မပျက်ဘဲ ဖိတ်ခေါ်လိုက်လေ၏။

“စန်းတာ့ယဲ့… ကိစ္စရှိရင် မေးသာ မေးပါ”

ယန်ပုကွေ့က ဘေးဘီကို ကြည့်လျက် ပိုမို နီးကပ်စွာ တိုးကပ်လာပြီး ခပ်တိုးတိုး စကားဆိုရှာသည်။

“ငါ မေးချင်တာက... မင်း သံမဏိစက်ရုံမှာ အလုပ်ဝင်ခွင့်ရတာ ဘယ်လိုလုပ်လိုက်တာလဲ။ အဆက်အသွယ်များ ရှိလို့လား။ မင်းလည်း သိတဲ့အတိုင်း ငါ့မှာ လတ်တလော ကျဲချန်ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူရလွန်းလို့ ဆံပင်တွေတောင် ဖြူကုန်ပြီ။ ဒါနဲ့တင် မကဘူး။ ကျဲချန်ရဲ့ ကောင်မလေးကလည်း သူ့မှာ အလုပ်အကိုင် ရေရာမှု မရှိရင် လမ်းခွဲမယ်လို့ ပြောနေတာ။ မင်းမှာ အဆက်အသွယ် လမ်းကြောင်းရှိရင် စန်းတာ့ယဲ့ကို ကူညီပါဦးကွာ။ စိတ်ချပါ... ကုန်ကျစရိတ် ရှိရင် ငါ ထုတ်ပေးပါ့မယ်။ ကျဲချန် စက်ရုံထဲ ဝင်ခွင့်ရအောင်ပဲ ကူညီပေးဖို့ပါပဲ”

အမှန်စင်စစ် ယန်ပုကွေ့သည် မူလက နောက်ရက် မနက်လင်းမှသာ ယန်ချုံးထံ သွားရောက်စုံစမ်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ညတွင်းချင်း ပြဿနာ တစ်ရပ် ပေါ်ပေါက်လာသဖြင့် ယန်ချုံးအား မိမိဘက်က ကူညီပေးခဲ့သည် ဟူသော ကျေးဇူးကို အသုံးချကာ သံပူခိုက် ဒူးနှိပ်သည့် သဘောဖြင့် ပူပူနွေးနွေး အခွင့်အရေးယူ၍ ချက်ချင်း ဖွင့်ဟလိုက်ခြင်းပင် ဖြစ်ပေသည်။

ယန်ချုံးသည် ထိုစကားကို ကြားရသောအခါ ချက်ချင်း တုံ့ပြန်ခြင်း မပြုဘဲ စိတ်အကျပ်ရိုက်နေဟန်ဖြင့် တမင်သက်သက် အတော်အတန်ကြာ တုံ့ဆိုင်းပြနေခဲ့ရာ ယန်ပုကွေ့ ခမျာလည်း ရင်တမမဖြင့် မချိတင်ကဲ စောင့်ဆိုင်းနေရရှာသည်။

အတော်အတန်ကြာမှ ယန်ချုံးက သက်ပြင်း တစ်ချက်ချကာ လေသံပြောင်းလိုက်၏။

“စန်းတာ့ယဲ့... တခြားလူသာ လာမေးရင်တော့ ကျွန်တော့်ဘက်က မတတ်နိုင်ဘူးလို့ပဲ သေချာပေါက် ငြင်းမှာ။ ဒါပေမဲ့ အခု လာမေးတာက ခင်ဗျား ဖြစ်နေလို့လေ”

ယန်ပုကွေ့သည် ထိုစကား၏ နောက်ကွယ်တွင် မျှော်လင့်ချက် ရောင်ခြည် သန်းနေသည်ကို ရိပ်မိလိုက်သဖြင့် ချက်ချင်းပင် မျက်လုံးများ အရောင် တောက်ပသွားကာ လောဆော်လေတော့သည်။

“ချုံးလေး... ပြောပါဦး… ပြောပါဦး”

ယန်ချုံးက အသံကို ထပ်မံ နှိမ့်ချလျက် တိုးတိုးတိတ်တိတ် ဆိုလေသည်။

“အမှန်အတိုင်း ပြောရရင် စန်းတာ့ယဲ့... ကျွန်တော့်မှာ လမ်းကြောင်းရှိတာတော့ အမှန်ပဲ။ မဟုတ်ရင် ကျွန်တော်နဲ့ ရှို့လေး နှစ်ယောက်စလုံးကို သံမဏိစက်ရုံမှာ အလုပ်ဝင်ဖို့ ဘယ်လိုလုပ် ဖြေရှင်းနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒီကိစ္စက ကျဲချန် အတွက်ကျတော့ လုပ်ရတာ သိပ်မလွယ်လောက်ဘူး”

“ပထမအချက်ကတော့... သူတို့က ကျွန်တော်နဲ့ ရင်းနှီးတဲ့ အဆက်အသွယ်ရှိလို့ ကျွန်တော့်ကို အလုပ်ပေးတာ။ ကျဲချန် အတွက်ကျတော့ တစ်ဆင့်ခံ ဖြစ်သွားပြီဆိုတော့ သေချာပေါက် အခြေအနေချင်း မတူနိုင်ဘူးလေ”

ယန်ပုကွေ့က နားလည်ဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်မိလေသည်။ ယန်ချုံးပြောသည့် စကားမှာ လုံးဝ မမှားပေ။ လူမှုရေး အဆက်အသွယ်ဟူသည် မိမိနှင့် တိုက်ရိုက်ပတ်သက်သူ အတွက်သာ အဆင်ပြေ ချောမွေ့လေ့ရှိပြီး အကယ်၍ တစ်ဆင့်ခံ လူစိမ်းတစ်ယောက် ဖြစ်သွားပါက သေချာပေါက် အရင်လောက် စိတ်ပါဝင်စားမှု ရှိတော့မည် မဟုတ်ချေ။

“ဒါက ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့...”

ယန်ချုံးက စကားကို ခေတ္တရပ်ကာ ဆက်လက် ရှင်းပြလေသည်။

“ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော်နဲ့ ရှို့လေးက အခုမှ ဝင်ခွင့်ရအောင် အကူအညီ တောင်းထားရတာ… တစ်ခါတည်းနဲ့ အလုပ် နှစ်နေရာတောင် ဖြေရှင်းထားပြီးပြီ။ အခု ချက်ချင်း တတိယအလုပ် တစ်ခု ထပ်ပြီး ဖြေရှင်းဖို့ဆိုတာ သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး”

ဤအချက်မှာလည်း လုံးဝ ငြင်းပယ်ရန် အကြောင်းမရှိ… အပြစ်ဆိုစရာ မရှိလှပေ။ ယန်ပုကွေ့၏ စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်အားလျော့ သွားမိသော်လည်း ယန်ချုံးက ချက်ချင်းပင် စကားစကို ဆက်လိုက်ပြန်သည်။

“ဒါပေမဲ့ စန်းတာ့ယဲ့ စိတ်အေးအေးထားပါ။ ခင်ဗျားကိစ္စကို ကျွန်တော် စိတ်ထဲ မှတ်ထားပါတယ်။ မနက်ဖြန်ကျရင် သွားပြီး စုံစမ်းမေးမြန်း ကြည့်ပါ့မယ်။ မျှော်လင့်ချက်ရှိရင်တော့ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

ယန်ပုကွေ့လည်း မျှော်လင့်ချက် အလင်းရောင် ပြန်လည်မြင်တွေ့ ရသဖြင့် ခေါင်းညိတ်လျက် ရင်ဖွင့်ရှာတော့သည်။

“ကောင်းပါပြီ ချုံးလေးရာ။ ဒီကိစ္စက မင်းအတွက် နည်းနည်း အခက်တွေ့စေမယ်ဆိုတာ ငါလည်း သိပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း တခြားနည်းလမ်း မရှိတော့လို့ မင်းကိုပဲ လာဒုက္ခပေးရတာပါ။ ဟူး... ကျဲချန်ရဲ့ မိန်းမရရေးကတော့ ဒီတစ်ခါ မင်းကိုပဲ အားကိုးရတော့မယ်”

ယန်ချုံးကလည်း ကတိကဝတ်ပြုသည့် အနေဖြင့် တိုးတိုးတိတ်တိတ် သတိပေးလျက် နှုတ်ဆက်လိုက်လေတော့သည်။

“ကိစ္စကို ကျွန်တော် မှတ်ထားလိုက်ပါပြီ။ ခင်ဗျားအတွက် အစွမ်းကုန် ကြိုးစားပြီး လုပ်ပေးပါ့မယ်။ အောင်မြင်တာ မအောင်မြင်တာကတော့ ကံတရားပေါ့။ ဒါပေမဲ့ စန်းတာ့ယဲ့... ဒီကိစ္စကို တခြားသူတွေကိုတော့ လျှောက်မပြောနဲ့ဦးနော်”

All Chapters