← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) - ဟိုလီခွေ ရာထူးတိုးသွားခြင်း

ကျားတုန်းရွှီနှင့် ယီကျုံးဟိုင် တို့တစ်စု တစ်ညလုံး မအိပ်မနေ အားထုတ် ရုန်းကန်ပြီးမှ အနိုင်နိုင် ရရှိထားသော အလှူငွေ ယွမ် သုံးဆယ်ကျော်သည် လျှပ်တပြက် အတွင်းမှာပင် ယန်ချုံး၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိ သွားခဲ့လေသည်။

နေအိမ်သို့ ပြန်လည် ရောက်ရှိချိန်တွင်မူ ကျားကျန်းရှစ်သည် တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး သားဖြစ်သူ ကျားတုန်းရွှီအား အပြစ်တင် ညည်းတွားတော့သည်။

“တုန်းရွှီ... နင် အဲဒီငွေကို မပေးသင့်ဘူးဟ။ ငွေ ယွမ် သုံးဆယ်ဆိုတာ ငါတို့မိသားစု တစ်လပတ်လုံး အသားကောင်းကောင်း စားလို့ရတဲ့အထိ လောက်ငတာဟဲ့”

ကျားတုန်းရွှီကလည်း စိတ်ပျက်ကာ မကျေမချမ်း ဖြစ်ရသည့်အလျောက် ရန်ပြန်တွေ့လေသည်။

“ဒါ အမေ့အပြစ်တွေချည်းပဲလေ။ အမေသာ ဘာမဟုတ်တဲ့ ကိစ္စနဲ့ ပန့်ကန့်ကို ပစ္စည်းသွားခိုးခိုင်း မနေရင် ဒီလို ပြဿနာမျိုး တက်လာပါ့မလား”

သားဖြစ်သူ၏ စကားကြောင့် ကျားကျန်းရှစ်မှာ ဆွံ့အသွားရ ရှာသည်။ နှုတ်ခမ်းများ တုန်ရီလှုပ်ရှား နေသော်လည်း မည်သည့် စကားမျှ ထွက်မလာတော့ဘဲ ရင်ဘတ် တစ်ခုလုံး ဒေါသမီး ဟုန်းဟုန်း တောက်လုမတတ် ခံစားနေရသည်။ ထိုဒေါသများကို ပုံချစရာ အာရုံစိုက် ရှာဖွေရင်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ ချင်ဟွိုင်ရူက ပန့်ကန့်ကို ပွေ့ဖက်၍ တရှုံ့ရှုံ့ ငိုကြွေးနေသည်အား မြင်တွေ့သွားသဖြင့် မခံမရပ်နိုင်ဖြစ်ကာ ဝုန်းဒိုင်းကြဲ၍ ဟောက်လိုက်တော့သည်။

“ငိုပဲ ငိုနေ… တစ်နေကုန် တစ်ညလုံး ငိုဖို့ပဲ သိတယ်။ ငါတို့ ကျားမိသားစု ကံဇာတာတွေ အကုန် ပျက်စီးကုန်တာ နင်ရဲ့ အဲဒီ ငိုချင်းချမှုတွေ ကြောင့်ပဲ”

ဆူညံပွက်လော ရိုက်နေခဲ့သော ညတစ်ညသည် ဤသို့ဖြင့် အဆုံးသတ်သွားခဲ့လေပြီ။ နောက်တစ်နေ့ နံနက်စာ သုံးဆောင်ပြီးနောက် ယန်ချုံးသည် ဇနီးသည် ယွီရှို့အား စက်ဘီးနောက်တွင် တင်ဆောင်ကာ ထွက်လာခဲ့သည်။ စက်ဘီး လက်ကိုင်တွင်မူ တောကြက် နှစ်ကောင်နှင့် တောယုန် သုံးကောင်ကို တွဲလောင်း ချိတ်ဆွဲထားပြီး လင်မယား နှစ်ဖော်မှာ ချစ်ခင်စနိုးဖြင့် တပြုံးပြုံး တရယ်ရယ် အလုပ်သို့ ဦးတည်လာခဲ့ကြ၏။

လမ်းခရီးတွင် ယီကျုံးဟိုင်၏ အနီးမှ ဖြတ်သန်းသွားရသော်လည်း ယန်ချုံးသည် စက်ဘီး အရှိန်ကို အနည်းငယ်မျှပင် မလျှော့ချဘဲ ဘဲလ်ကို တဒေါင်ဒေါင် တီးကာ စိုက်မောင်းသွားခဲ့သည်။ ယီကျုံးဟိုင် ခေါင်းမော့ ကြည့်လိုက်ချိန်တွင်မူ သူ၏ မျက်နှာတစ်ခုလုံး ဒေါသအဟုန်ကြောင့် ပြာနှမ်းလျက် ရှိနေတော့သည်။ ထိုစဉ် ဘေးနား၌ ရှိနေသော လျိုဟိုင်ကျုံးကလည်း အခွင့်ကောင်းယူကာ အနာပေါ် ဆားပက်လိုက်သေးသည်။

“အစ်ကိုယီ... ဒီယန်ချုံးက အခုဆို ခင်ဗျားကို ပိုပိုပြီး အဖက်မလုပ်တော့ဘူးနော်။ မြင်တာတောင် နှုတ်မဆက်ဘဲ ဇွတ်မောင်းသွားတာ”

ယီကျုံးဟိုင်က စိတ်မရှည် ဒေါသတကြီးဖြင့် ပြန်လည်အော်ငေါက် လိုက်၏။

“သူက မင်းကိုရော မြင်လို့လား”

လျိုဟိုင်ကျုံးကမူ သက်ပြင်း တချချဖြင့် ပြန်လည် တုံ့ပြန်လေသည်။

“ဒါက မတူဘူးလေ။ ခင်ဗျားက ရပ်ကွက်လူကြီး အမှတ် (၁) ပဲဥစ္စာ။ ကျုပ်ကတော့ စကားပြောရင် သိပ်အရာမဝင်တဲ့ အမှတ် (၂) ပါ”

စက်ရုံဝင်းအတွင်းသို့ ဆိုက်ရောက်သောအခါ ယန်ချုံးသည် စားသောက်ခန်းမသို့ တန်းတန်းမတ်မတ် သွားရောက်၍ တောကြက်နှင့် တောယုန်များကို အလေးချိန်ကာ ဘောင်ချာ ဖွင့်လိုက်သည်။ ယူဆောင်လာသော အရေအတွက်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း အလွန်ပင် ရှားပါးပြီး လူကြိုက်များလှပေသည်။ စားသောက်ခန်းမ တာဝန်ခံ ဝမ်ဟိုင်ပေါ်က ဝမ်းမြောက်ဝမ်းသာဖြင့် ဘောင်ချာဖြတ်ပိုင်းကို ထုတ်ပေးရင်း အဆင့်မြင့် စီးကရက် တစ်လိပ်ကိုပါ ခင်မင်ရင်းနှီးစွာ ကမ်းပေးလိုက်၏။

“ရှောင်ယန်ရေ... ဝယ်ယူရေး ဌာနက လူတွေသာ မင်းလို စွမ်းဆောင်နိုင်ရင် ငါတို့ စားသောက်ခန်းမလည်း စားစရာ သောက်စရာတွေ အဆင့်တက်သွားမှာပဲကွ။ အလုပ်သမားတွေလည်း အသားမစားရဘူး ဆိုပြီး ညည်းတွားနေစရာ မလိုတော့ဘူးပေါ့”

ယန်ချုံးကမူ အားနာဟန်ဖြင့် ပြန်လည်ပြောကြား လိုက်သည်။

“တာဝန်ခံဝမ်ကလည်း အထင်ကြီးလွန်းပါပြီ။ ကျွန်တော်တောင် အားနာလာပြီ။ ဒီယုန်နဲ့ တောကြက် နည်းနည်းပါးပါး ဖမ်းမိတာက ကျွန်တော်တို့ စက်ရုံက လူသောင်းချီအတွက် သွားကြားညှပ်ဖို့တောင် မလောက်ပါဘူး”

ဝမ်ဟိုင်ပေါ်က လက်ခါပြကာ ငြင်းဆိုလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အသံကို တိုးတိုးမျှသာ ပြု၍ ဆက်လက် ပြောဆိုလေသည်။

“ဒီယုန်နဲ့ တောကြက် အကောင်နည်းနည်းကို အထင်မသေးပါနဲ့ဦး။ အနည်းဆုံးတော့ စက်ရုံက လူကြီးတွေနဲ့ ဧည့်သည်တွေကို ကျွေးမွေးဖို့ ပစ္စည်းဖြစ်သွားတာပေါ့။ မဟုတ်ရင် စက်ရုံမှူးက ဝန်ကြီးဌာနက လူကြီးတွေကို ဧည့်ခံတဲ့အခါ မုန်လာဥနဲ့ ဂေါ်ဖီထုပ်တွေချည်းပဲ ချကျွေးရင် မျက်နှာပျက်စရာကြီးလေ။ ဒါ့အပြင် ဘယ်သူကများ နေ့တိုင်း တောဝက်တွေ ဖမ်းနိုင်မှာလဲ။ ဟိုနေ့က မင်းသယ်လာတဲ့ တောဝက် နှစ်ကောင်က အကုန် မကုန်သေးဘူး။ ဒီနေ့လည်း တစ်နပ် စားလို့ရသေးတယ်”

“ဒါနဲ့... မင်း အဲဒီတောဝက် နှစ်ကောင် သယ်လာတာက အစ်ကိုကြီးဟိုရဲ့ လမ်းကြောင်းကနေ သွားတာမလား။ အခုတော့ အခြေအနေက တမျိုးပြောင်းသွားပြီ။ အစ်ကိုကြီးဟိုက မင်းကြောင့် ရေတက်ရင် ကြာမြင့်ဆိုသလို ကံထူးသွားပြီကွ”

ယန်ချုံးသည် ထိုစကားကြောင့် စိတ်ဝင်တစား ဖြစ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် ချက်ချင်းပင် မေးမြန်းလိုက်၏။

“ဘယ်လို... ဌာနမှူးဟိုက ဘာ ကံကောင်းသွားတာလဲ”

ဝမ်ဟိုင်ပေါ်က အံ့အားသင့်ဟန်ဖြင့် ပြန်လည်မေးခွန်း ထုတ်လေသည်။

“မင်း မသိဘူးလား”

ယန်ချုံးက ခေါင်းခါပြရင်း ဖြေကြားလိုက်၏။

“ဒီရက်ပိုင်း ကျွန်တော် ဌာနမှူးဟိုနဲ့ မတွေ့ဖြစ်သေးဘူး”

ဝမ်ဟိုင်ပေါ်က ပိုမို နီးကပ်စွာ တိုးတိုးလေး ပြောပြလာသည်။

“အစ်ကိုကြီးဟိုက ထောက်ပံ့ရေးဌာနရဲ့ ဒုတိယဌာနမှူး မဟုတ်လား။ ဒီတစ်ကြိမ်မှာ ဌာနမှူးကြီးက အငြိမ်းစားယူတော့မယ်လေ။ မူလကတော့ ဒီနေရာအတွက် လူသုံးယောက် ပြိုင်ဆိုင်နေကြတာ။ အစ်ကိုကြီးဟိုက အဲဒီအထဲမှာ အခြေအနေ အနိမ့်ဆုံးပဲ။ အားလုံးက ဌာနမှူးနေရာဟာ ဒုတိယဌာနမှူး ကျိုးချီအတွက် သေချာနေပြီလို့ ထင်ထားကြတာ။ ဒါပေမဲ့ မင်းရဲ့ တောဝက်ကြီး နှစ်ကောင်ကြောင့် စက်ရုံမှူးယန်က အစ်ကိုကြီးဟိုကို ကံကောင်းစေတဲ့သူ… စက်ရုံရဲ့ အခက်အခဲကြီးကို ဖြေရှင်းပေးနိုင်တဲ့သူလို့ မြင်သွားပြီး ဌာနမှူးနေရာကို သူ့ကို တိုက်ရိုက် ပေးလိုက်တာလေ။ ပြောစမ်းပါဦး… အစ်ကိုကြီးဟို ကံကောင်းသွားတာ မဟုတ်ဘူးလား”

ယန်ချုံးသည် ညည်းညူသံလေး ပြုလိုက်ပြီးနောက် စိတ်ထဲတွင် အလုံးစုံကို သဘောပေါက် နားလည်သွားခဲ့လေသည်။ သံမဏိစက်ရုံသို့ မိမိအား အလုပ်သွင်းပေးရန်အတွက် ဟိုလီခွေသည် အဘယ်ကြောင့် ဤမျှလောက်အထိ အင်တိုက်အားတိုက် ကြိုးပမ်းပေးခဲ့ရသနည်း ဟူသော အချက်ကို ယခုမှပင် ရိပ်မိတော့၏။ အကြောင်းရင်းမှာ ဌာနမှူးရာထူးကို ရယူလို၍သာ ဖြစ်ပေသည်။

ယခင်က မိမိသည်သာ ဟိုလီခွေအပေါ် ကြီးမားလှသော ကျေးဇူးကြွေး တင်ရှိနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဟိုလီခွေကသာ မိမိအား ပြန်လည်၍ ကျေးဇူးတင်ရမည့် အခြေအနေ ဖြစ်နေပေသည်။ ထို့ပြင် ဟိုလီခွေ၏ လက်ဝယ်တွင် အလုပ်ခွင်ခွဲတမ်း တစ်နေရာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။ ထိုအခွင့်အရေးကို အသုံးချကာ ထိုခွဲတမ်းကို တောင်းယူလိုက်ပါက ယန်ပုကွေ့ထံတွင်လည်း မျက်နှာပန်း လှသွားနိုင်ပေသည်။ ဤသို့ဖြင့် ယန်ချုံး စဉ်းစားနေစဉ် ဝမ်ဟိုင်ပေါ်ကလည်း မပြီးသေးဘဲ ဆက်လက်၍ ပြောကြားနေပြန်သည်။

“ဒါပေမဲ့ မင်းလည်း သတိထားရမယ်နော်။ အစ်ကိုကြီးဟိုက ဌာနမှူးဖြစ်သွားတော့ ဒုတိယဌာနခွဲမှူးကျိုးက မင်းကို တောက်တောက်စင်အောင် မုန်းသွားလောက်ပြီ။ မူလက သူ့လက်ထဲ ရောက်တော့မဲ့ ရာထူးကို မင်းက လုပြီး အစ်ကိုကြီးဟိုဆီ ပေးလိုက်သလို ဖြစ်သွားတာကိုး။ ဒါနဲ့... ဒုတိယဌာနခွဲမှူးကျိုးက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား”

ယန်ချုံးက အပြုံးမပျက်ဘဲ တည်ငြိမ်စွာ ပြန်လည် မေးမြန်းလိုက်၏။

“ဒုတိယဌာနခွဲမှူးပဲ မဟုတ်ဘူးလား။ နောက်ဆိုရင်တော့ အစ်ကိုကြီးဟိုရဲ့ လက်အောက်ငယ်သား ဖြစ်သွားပြီပေါ့”

ဝမ်ဟိုင်ပေါ်က ခေါင်းခါယမ်းကာ အလေးအနက် သတိပေးလာသည်။

“မင်းက မသိသေးလို့ပါ။ ဒီကျိုးချီက ဒုတိယစက်ရုံမှူးလီရဲ့ ယောက်ဖလေ။ ဒါကြောင့်မို့ အရင်က သူ့နာမည် အထွက်ဆုံး ဖြစ်နေတာပေါ့။ အဲဒီတော့ အခု မင်းက အစ်ကိုကြီးဟိုကို ကူညီလိုက်တာဟာ ဒုတိယဌာနခွဲမှူးကျိုးကို စော်ကားလိုက်တာတင်မကဘဲ ဒုတိယစက်ရုံမှူးလီကိုပါ စော်ကားလိုက်သလို ဖြစ်သွားပြီ။ နောင်ဆိုရင် မင်း တကယ့်ကို သတိထားနေမှ ဖြစ်မယ်။ ဒုတိယစက်ရုံမှူးလီက စကားပြောရလွယ်တဲ့ လူမျိုး မဟုတ်ဘူး”

ယန်ချုံးက ထိုအချက်ကို သဘောပေါက်ကြောင်း အသိအမှတ်ပြုကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

“ဪ... တာဝန်ခံဝမ်... ကျွန်တော်လို အပြင်လူတစ်ယောက်က ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ အခုလို သတိပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် ကျွန်တော် သေသေချာချာ သတိထားရတော့မယ်”

စားသောက်ခန်းမမှ ထွက်ခွာလာပြီးနောက် ယန်ချုံးသည် ဘဏ္ဍာရေးဌာနသို့ ဦးစွာ သွားရောက်ကာ ဘောင်ချာကို တင်ပြ၍ ငွေသား ယွမ်ဆယ်ဂဏန်းခန့် ထုတ်ယူလိုက်သည်။ ထို့နောက်တွင်မူ ထောက်ပံ့ရေးဌာနသို့ တိုက်ရိုက် လျှောက်လှမ်းခဲ့လေသည်။

ဝမ်ဟိုင်ပေါ် ပြောကြားခဲ့သည့်အတိုင်းပင် ဟိုလီခွေသည် ယခင်ရုံးခန်း၌ မရှိတော့ဘဲ နံရံတစ်ဖက်ခြားရှိ ဌာနမှူးရုံးခန်းအသစ်သို့ ပြောင်းရွှေ့သွားလေပြီ။ ယန်ချုံး ဝင်ရောက်လာသည်ကို မြင်တွေ့သည်နှင့် ဟိုလီခွေသည် ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ မတ်တတ်ရပ်၍ ဆီးကြိုကာ ထိုင်ရန် ဖိတ်ခေါ်ပြီး လက်ဖက်ရည်ကိုပင် ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးရှာသည်။

“ရှောင်ယန်... ဘယ်လိုလဲ။ စက်ရုံမှာ အလုပ်ဝင်စဆိုတော့ အဆင်ပြေရဲ့လား။ အဆင်မပြေတာရှိရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောနော်။ မင်းအတွက် ငါ အကုန် ဖြေရှင်းပေးမယ်။ ပြီးတော့ မင်း ငါ့ကို ကတိပေးထားတဲ့ တစ်လကို တောဝက် သုံးကောင် သေချာရမယ်ဆိုတဲ့ ကိစ္စရော... ဘယ်လိုလဲ။ ပြဿနာ မရှိဘူးမလား”

ယန်ချုံးသည် ချက်ချင်း ပြန်လည် မဖြေကြားသေးဘဲ ခေါင်းမော့၍ ဟိုလီခွေ၏ ရုံးခန်းအသစ်ကို ဘယ်ညာ ဝေ့ဝိုက် အကဲခတ် ကြည့်ရှုရင်းမှ ချီးကျူးစကား ဆိုလိုက်သည်။

“ဌာနမှူးဟို... ခင်ဗျား အခု ဌာနမှူးကြီး ဖြစ်သွားပြီဆိုတာ ကြားတော့ ကျွန်တော်တောင် မယုံနိုင်ဘူး။ အဲဒါကြောင့် ကိုယ်တိုင် လာကြည့်တာ။ တကယ်ပဲ ဖြစ်သွားတာကိုး။ ဂုဏ်ယူပါတယ်”

ဟိုလီခွေက ပီတိဖြစ်လျက် ဝမ်းသာအားရဖြင့် လက်ခါပြလိုက်သည်။ ထို့နောက် အသံကို နှိမ့်ချကာ လျှို့ဝှက်စွာ ပြောကြားလာ၏။

“ဒါတွေ အကုန်လုံး မင်းကျေးဇူးတွေပါကွာ။ အရင်က ပြောခဲ့သလိုပဲ။ နောက်ဆိုရင် မင်းသာ သေသေချာချာ အလုပ်လုပ်ပြီး အဲဒီ တောဝက်ကြီးတွေကိုသာ အာမခံနိုင်ရင် ငါလည်း မင်းကျေးဇူးကြောင့် အကျိုးခံစားရသလို မင်းကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်ပါဘူး”

“ငါ လျိုလောင်ပန်နဲ့လည်း တိုင်ပင်ပြီးပြီ။ သင့်တော်တဲ့ အချိန်အခါလေးကျရင် မင်းရဲ့ ဝန်ထမ်းအဆင့်ကို အထက်ကို နည်းနည်း ထပ်မြှင့်ပေးဖို့ စီစဉ်ထားတယ်”

ယန်ချုံးက ထိုအခွင့်အရေးအတွက် ဝမ်းမြောက်စွာဖြင့် မိမိလာရင်း အကြောင်းကိစ္စကို စကားပျိုးလိုက်သည်။

“ဌာနမှူးဟို... ဒါဆိုရင်လည်း ကြိုပြီး ကျေးဇူးတင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီနေ့ လာတာက နောက်ထပ် ကိစ္စတစ်ခု ရှိသေးလို့ပါ”

ဟိုလီခွေကလည်း အားတက်သရောဖြင့် ချက်ချင်းပင် တုံ့ပြန်လေသည်။

“ပြောလေ… ကိစ္စရှိရင် အားမနာဘဲ ပွင့်ပွင့်လင်းလင်း ပြောပါ”

ယန်ချုံးကလည်း မဆိုင်းမတွဘဲ လိုရင်းကို ပွင့်လင်းစွာ မေးမြန်းလိုက်တော့သည်။

“ဌာနမှူးဟို... ပြီးခဲ့တဲ့ အကြိမ်က ခင်ဗျားပြောခဲ့တာကို မှတ်မိသေးတယ်နော်။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ စက်ရုံထဲ ဝင်လာတာက ခင်ဗျားရဲ့ အလုပ်ခွင် ခွဲတမ်းကို မသုံးခဲ့ရဘဲ စက်ရုံမှူးယန် ကိုယ်တိုင် အထူးခွင့်ပြုချက် ပေးခဲ့တာလို့ လေ။ အဲဒီတော့ ဆိုလိုတာက ခင်ဗျားရဲ့လက်ထဲမှာ အဲဒီခွဲတမ်း ရှိနေသေးတယ်ဆိုတဲ့ သဘောပေါ့”

ဟိုလီခွေမှာ ခဏမျှ ကြောင်အမ်းသွားပြီးမှ အကျိုးအကြောင်း ပြန်လည် မေးမြန်းရှာသည်။

“အင်း... ဟုတ်တယ်… ရှိနေတုန်းပဲ။ ဘာဖြစ်လို့လဲ… မင်း ဆွေမျိုးထဲက တစ်ယောက်ယောက် သံမဏိစက်ရုံကို ဝင်ချင်လို့လား”

ယန်ချုံးက ခေါင်းညိတ် ဝန်ခံရင်း မိမိ၏ အခက်အခဲကို ရှင်းပြကာ တောင်းဆိုလိုက်လေသည်။

“ဌာနမှူးဟို... ခင်ဗျားက အပြင်လူမှ မဟုတ်တာ ကျွန်တော် ဖုံးကွယ် မနေတော့ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ သံမဏိစက်ရုံမှာ အလုပ်ရသွားတယ်ဆိုတာကို ဆွေမျိုးတွေက ကြားသွားတော့ အားလုံးက ကျွန်တော့်ကို ကူညီပေးဖို့ လာပြောကြတယ်။ ကျွန်တော်ကလည်း ကိုယ့်မှာ အဲဒီလောက် စွမ်းဆောင်နိုင်စွမ်း မရှိပါဘူးဆိုပြီး ပါးစပ်အမြုတ်ထွက်မတတ် ရှင်းပြပြီးမှ အဲဒီလူတွေကို ပြန်လွှတ်နိုင်ခဲ့တာ။ ဒါပေမဲ့ ဆွေမျိုးအရင်းကြီး တစ်ယောက်ကကျတော့ ငြင်းရ ခက်နေလို့ပါ။ ဌာနမှူးဟို... ခင်ဗျားအတွက် အခက်အခဲ မဖြစ်ဘူးဆိုရင် အဲဒီ အလုပ်ခွင် ခွဲတမ်းကို ကျွန်တော့်ကို ပေးလို့ရမလား”

All Chapters