← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) - ရှို့အာ စက်ဘီးစီးတတ်သွားပြီ

ဟိုလီခွေသည် ထိုစကားကို ကြားသော် တစ်စုံတစ်ရာ တုံ့ဆိုင်း မနေတော့ဘဲ ခေါင်းညိတ်ကာ ဆိုလေသည်။

“ရှောင်ယန်... မင်းက နှုတ်ဟ လာမှတော့ ဒီအလုပ်နေရာကို ဘယ်သူ့ပေးပေး ပေးရမှာပဲလေ။ ငါတို့ ညီအစ်ကိုတွေပဲ။ မင်းကို မပေးဘဲ ဘယ်သူ့ပေးရမလဲ။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ဒါက မင်းအတွက် မဟုတ်ဘဲ တခြားလူကို ပေးမှာဆိုတော့ စျေးလျှော့ပေးလို့ မရဘူး။ အပြင်ပေါက်စျေးအတိုင်းပဲ ယွမ် ငါးရာ။ တစ်ပြားမှ လျှော့မရဘူး”

ယန်ချုံးကလည်း အလျင်အမြန်ပင် ပြန်လည်တုံ့ပြန် လိုက်သည်။

“ဒါပေါ့… ခင်ဗျား ဒီလောက် ကူညီပေးတာကိုပဲ ကျေးဇူးတင်လို့ကို မဆုံးတော့ပါဘူး။ ဘယ်လိုလုပ် ခင်ဗျားကို အနစ်နာခံခိုင်းလို့ ဖြစ်ပါ့မလဲ။ ဒီလိုလုပ်… ကျွန်တော် ပြန်သွားရင် သူ့ကို ငွေပြင်ခိုင်းလိုက်မယ်။ ငွေရပြီဆိုတာနဲ့ သူ့ကို စက်ရုံထဲဝင်ဖို့ ခင်ဗျားပဲ စီစဉ်ပေးလိုက်ပါတော့”

ဟိုလီခွေက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ… ငါတို့နှစ်ယောက်စလုံးက ပွင့်လင်းတဲ့သူတွေ ဆိုတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့”

ယန်ပုကွေ့အတွက် နှစ်အတော်အတန်ကြာ ခေါင်းခဲနေခဲ့ရသော ပြဿနာကြီး တစ်ရပ်မှာ ယန်ချုံးထံ၌ကား ဤမျှ လွယ်ကူစွာပင် ပြေလည်သွားခဲ့ချေပြီ။ သေချာသည်မှာ သူသည် ယန်ပုကွေ့အား အကြောင်းကြားရန် ချက်ချင်း ကမန်းကတန်း မလုပ်ခဲ့ဘဲ ကားဂိတ်ရှိရာသို့သာ လှည့်ထွက်သွားခဲ့လေသည်။ ဟိုလီခွေက သူ့ကို ဤမျှ ကူညီပေးခဲ့သောကြောင့် သူကလည်း ဟိုလီခွေအပေါ် တာဝန်ပျက်ကွက်၍ မဖြစ်ချေ။ ကတိပေးထားသည့်အတိုင်း တစ်လလျှင် တောဝက် နှစ်ကောင်မှ သုံးကောင်အထိ ရအောင် ရှာဖွေပေးရပေမည်။

ကိုယ်ပိုင် နေရာလွတ် နယ်မြေထဲတွင် တောဝက် တစ်ကောင် သိုလှောင်ထားသေးသော်လည်း ယန်ချုံး၏ စိတ်အင်အားကား တက်ကြွနေဆဲပင် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူသည် ယန်မိသားစုရွာသို့ မပြန်တော့ဘဲ အခြားသော တောင်တန်းဒေသ တစ်ခုဆီသို့ ခရီးဆက်ခဲ့လေသည်။ ယန်မိသားစုရွာဘက်တွင် မကြာသေးမီက သူ့ကို စောင့်ကြည့်နေသူ များပြားလာသဖြင့် ထပ်သွားရန် မသင့်တော်တော့ပေ။ လုံးဝ စိမ်းသက်နေမည့် နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့သွားခြင်းက ပို၍ စိတ်ချရသည်။

ကားပေါ်ရောက်သည်နှင့် သူက နေရာလွတ် နယ်မြေထဲသို့ အရင်ဆုံး ဝင်ကြည့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းက အံ့အားသင့်ဖွယ်ရာပင်။ သေဆုံးနေသည်မှာ ရက်အနည်းငယ်ကြာပြီ ဖြစ်သော တောဝက်ကြီးမှာ လတ်ဆတ်နေဆဲ ဖြစ်ပြီး ပုပ်သိုးပျက်စီးမည့် လက္ခဏာ အလျင်းမရှိချေ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ခြံခတ်မွေးထားသော တောဝက်ပေါက်လေးများသည် တစ်ညတာအတွင်းမှာပင် သိသိသာသာ ကြီးထွားလာသကဲ့သို့ ဖြစ်နေခြင်းပင်တည်း။

ဤကြီးထွားနှုန်းမှာ အလွန်တရာ အံ့မခန်းဖွယ်ရာ ကောင်းလှသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက တစ်လပင် မကြာဘဲ ထိုတောဝက်ပေါက်လေးများသည် ကျင်း ရာနှင့်ချီ လေးသော တောဝက်ကြီးများ ဖြစ်လာလိမ့်မည်ဟု သူခန့်မှန်းမိသည်။ တောဝက်ပေါက်လေးများ သာမက ယခင်က ချန်ထားခဲ့သော တောကြက်ဥ တစ်သိုက်ကိုလည်း တောကြက်မကြီးက ဝပ်ပြီး ကြက်ပေါက်ကလေးများ ဖောက်လိုက်ပြီ ဖြစ်ကြောင်း ယန်ချုံး တွေ့လိုက်ရလေသည်။ ထို့အပြင် ယုန်ပေါက်ကလေးများသည်လည်း ဆယ်ကျင်းနီးပါး ရှိသော ယုန်ကြီးများအဖြစ်သို့ အံ့သြဖွယ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ယန်ချုံး တစ်ယောက် အလွန်တရာ ဝမ်းသာအံ့သြ သွားရသည်။ နဂိုကမူ ဤနေရာလွတ် နယ်မြေကို စတင်ရရှိခါစက သိပ်သဘောမကျခဲ့ဘဲ ပစ္စည်းသိုလှောင်ရုံ သက်သက်သာဖြစ်သည့် အသုံးမဝင်သော နေရာဟုပင် ထင်မှတ်ခဲ့မိသည်။ လတ်ဆတ်အောင် ထိန်းသိမ်းပေးနိုင်ရုံ သာမက သက်ရှိများ၏ ကြီးထွားမှုကိုပါ ဤမျှ အရှိန်မြှင့်ပေးနိုင်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ချေ။ တကယ်တမ်း၌ အလွန် အစွမ်းထက်လွန်း လှပေသည်။

ဤအတိုင်းသာ ဆက်သွားပါက မကြာမီ ရက်များအတွင်း ယခုကဲ့သို့ တစ်နေကုန် ပြေးလွှားပြီး တောင်ပေါ်တက်ကာ တောဝက်၊ တောကြက်များကို အမဲလိုက် ရှာဖွေရန်ပင် လိုအပ်တော့မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် နေ့တိုင်း အိမ်မှာ လှဲနေပြီး နေရာလွတ် နယ်မြေထဲ၌ ကိုယ်တိုင် မွေးမြူထားသည်များကိုသာ အေးဆေးစွာ ရိတ်သိမ်းရုံ ရှိတော့မည်။

ကားသည် တောင်ခြေသို့ ဆိုက်ရောက်လာသောအခါ ယန်ချုံး ကားပေါ်မှ ဆင်းလိုက်သည်။ သူ့ရှေ့မှောက်တွင် ယန်မိသားစုရွာဘက်ထက် ပို၍ ကြီးမားမြင့်မားသော တောင်ကြီး တစ်တောင်က မားမားမတ်မတ် ရပ်တည်နေသည်။ တောင်ခြေတွင် ရွာငယ်လေး တစ်ရွာရှိပြီး မီးခိုးငွေ့များ လွင့်ပျံနေကာ တောင်ခြေရွာဘေးမှ စီးဆင်းသွားသော မြစ်ငယ်လေး တစ်စင်းလည်း ရှိလေသည်။

ယန်ချုံးသည် အချိန်အကြာကြီး ရပ်မနေတော့ဘဲ တောင်ပေါ်သို့ တိုက်ရိုက်ပင် တက်သွားခဲ့သည်။ သူ၏ ယနေ့ ရွေးချယ်မှုသည် အလွန် မှန်ကန်ကြောင်း လက်တွေ့ သက်သေပြနိုင်ခဲ့သည်။ ဤနေရာတွင် သူသည် စစ်တလင်း အသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ရုံ သာမက ရတနာသိုက် အသစ်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤတောင်ပေါ်သို့ မုဆိုးများလာရောက်လေ့မရှိကြောင်းကို မြင်တွေ့လိုက်သည်နှင့် သိနိုင်သည်။ ယန်ချုံးသည် သားရဲများနှင့် သားကောင်များ၏ ခြေရာများကို လွယ်လွယ်ကူကူပင် တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ရာ ဤနေ့သည် သူ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်သော နေ့တစ်နေ့ ဖြစ်လာခဲ့တော့သည်။

မွန်းလွဲ နှစ်နာရီ၊ သုံးနာရီခန့်အရောက်တွင် သူသည် တောဝက်ကြီး သုံးကောင်နှင့် တောဝက်ပေါက် ငါးကောင်၊ ခြောက်ကောင်ခန့်ကို ဖမ်းမိခဲ့ပြီ ဖြစ်သည်။ ထို့ပြင် တောကြက်နှင့် တောယုန် ဒါဇင်ပေါင်းများစွာ ပါဝင်သည့်အပြင် တောကြက်ဥ အသိုက်ပေါင်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။ ထူးခြားသည်မှာ ယခုတစ်ကြိမ်သည် ယန်မိသားစုရွာနှင့် မတူဘဲ တောဝက်ကြီးများကို အမဲလိုက်ရာတွင်သာ သေနတ်ကို အသုံးပြုခဲ့ပြီး တောကြက်နှင့် တောယုန်များကိုမူ အရှင်ဖမ်းမိခဲ့ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် ထိုတောဝက်ကြီးအချို့မှ လွဲ၍ ကျန်အရာအားလုံးမှာ အသက်ရှင်လျက် ရှိနေကြသည်။

ယခုအခါ ထိုသားကောင်များကို လိုသလို အသုံးပြုနိုင်ပြီ ဖြစ်သည်။ ရောင်းချင်လျှင် ရောင်း… မွေးချင်လျှင် မွေး၍ ရလေပြီ။

ယန်ချုံးသည် ထိုသားကောင်များ အားလုံးကို နေရာလွတ် နယ်မြေထဲသို့ ပစ်ထည့်လိုက်ပြီး တောင်ပေါ်မှ လက်ဗလာဖြင့် ဆင်းလာကာ ကားဆင်းခဲ့သည့် နေရာသို့သာ ပြန်ရောက်လာခဲ့သည်။ ဤသို့ဖြင့် မသိသူများ သူ့ကို မြင်လျှင် သူစောစောက မည်သည့် အရာများ ရလာခဲ့သည်အား မည်သို့မျှ တွေးမိမည် မဟုတ်သလို တစ်စုံတစ်ယောက်က မနာလိုဖြစ်ပြီး သူ့နောက်မှလိုက်ကာ တောင်ပေါ်သို့ အမဲလိုက်မည်ကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။

အိမ်ပြန်ရောက်သောအခါ ကျောက်ညီအစ်ကိုထံ အရင်သွားတွေ့ပြီး ယနေ့အတွက် သားကောင်များကို လွှဲပြောင်းပေးလိုက်သည်။ ညီအစ်ကို နှစ်ယောက်မှာ ယနေ့လည်း ငွေ ခုနစ်ယွမ်၊ ရှစ်ယွမ်ခန့် မြတ်သွားသဖြင့် စိတ်ထဲတွင် အလွန်တရာ ပျော်ရွှင်နေကြလေသည်။

“အစ်ကို... ကျွန်တော်တို့ကို နည်းနည်းလောက် ထပ်ရှာပေးလို့ ရဦးမလား။ ဒီပစ္စည်းတွေက အရမ်းရောင်းရတာပဲ။ နေ့တိုင်း ကျွန်တော်တို့သွားတာကို စောင့်နေတဲ့သူတွေက အများကြီးပဲ။ အဲဒီရောက်တာနဲ့ကို လူတွေက လုဝယ်သွားကြတာ”

ကျောက်ရှောင်အာက စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်သည်။ ယန်ချုံး ခေတ္တစဉ်းစား လိုက်သော်လည်း ခေါင်းရမ်းလိုက်သည်။

“ဒီလောက်ပါပဲကွာ… ဒီလောက်ပဲ ရှိတော့တယ်။ ပိုက်ဆံဆိုတာ တစ်ခါတည်းနဲ့ ရှာလို့ ကုန်သွားတာမှ မဟုတ်တာ။ မင်းတို့ ရှာထားတာလည်း လောက်ငနေပါပြီ။ လုံခြုံရေးကို ဂရုစိုက်တာက ပိုကောင်းပါတယ်”

ကျောက်ရှောင်ယီက အလျင်အမြန်ပင် ဝင်ရောက် အာမခံလိုက်သည်။

“အစ်ကိုကြီး… ကျွန်တော်တို့ သိပါတယ်။ ဒီလောက်ကောင်းတဲ့ အလုပ်က ရဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ အမြဲတမ်း သတိထားနေပါတယ်”

ယန်ချုံး ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်ဟဲ့ယွမ်သို့ ပြန်လာခဲ့သည်။ ဤအချိန်သည် ရုံးဆင်းချိန်ရောက်နေပြီ ဖြစ်ရာ ခြံဝသို့ရောက်၍ ခြံထဲသို့ ဝင်ရန် ပြင်ဆဲတွင် ရုတ်တရက် ခြံထဲမှ ကလေးတစ်သိုက်က အလွန်အမင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် သူ့ဘေးမှ ပြေးထွက်သွားကြသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသော အရာတစ်ခုခုကို မြင်တွေ့လိုက်ရသည့်နှယ်ပင်။

သူ သိချင်စိတ်ဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏ မျက်နှာပေါ်၌ အံ့အားသင့်မှုနှင့်အတူ ဝမ်းသာရိပ်များ ယှက်သန်းသွားလေသည်။ သူ၏ အနောက်ဘက် ခပ်လှမ်းလှမ်းရှိ လမ်းမပေါ်တွင် ဇနီးဖြစ်သူ ယွီရှို့သည် စက်ဘီးကို ယိမ်းယိုင်စွာ စီးလျက် ပြန်လာသည်ကို မြင်လိုက်ရခြင်းပင် ဖြစ်သည်။

ကြည့်ရသည်မှာ အနည်းငယ် ရိုးအပုံပေါက်နေပြီး အခြေအနေ မလှဟုပင် ဆိုနိုင်ကာ ယိမ်းယိုင်နေပြီး ဘေးရှိ လမ်းသွားလမ်းလာများကို ဝင်တိုက်မိမတတ် အကြိမ်ကြိမ် ဖြစ်နေရှာသည်။ သို့သော် ယွီရှို့မှာမူ အလွန် စိတ်လှုပ်ရှားနေပုံရပြီး မျက်နှာတစ်ခုလုံး နီရဲနေကာ ပါးစပ်မှလည်း မရပ်မနား အော်ဟစ်နေသည်။

“ဖယ်ကြ… ဝေးဝေး ရှောင်ကြ… ကျွန်မ ဝင်တိုက်မိတော့မယ်နော်”

ဘေးရှိ ကလေးငယ်များက သူမထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြပြီး စက်ဘီးဘေးတွင် ဝိုင်းပြေးကာ အော်ဟစ်နေကြရာ ယွီရှို့အဖို့ ပို၍ပင် စိတ်လှုပ်ရှားစရာ ဖြစ်စေလေသည်။

ယန်ချုံး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ နဂိုက ယနေ့ ပြန်ရောက်ပြီးနောက် ယွီရှို့ကို စက်ဘီးစီး သင်ပေးမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ သူမဘာသာ သင်ယူတတ်မြောက် သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အနားသို့ ရောက်လုနီးပါးတွင် ယွီရှို့က ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို မြင်သောအခါ ပို၍ စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လိုက်သည်။

“အစ်ကို... ကြည့်ပါဦး။ ရှို့အာ စက်ဘီးစီးတတ်သွားပြီ”

မအော်လျှင် ကောင်းသေးသည်။ ဤသို့ အော်လိုက်သောအခါ လက်မောင်းများ ယိမ်းယိုင်သွားပြီး စက်ဘီးခေါင်းလည်ကာ လဲကျသွားတော့သည်။ ယွီရှို့မှာ လန့်ဖျပ်သွားပြီး မျက်နှာလေးပါ ပျက်သွားရှာသည်။

စက်ဘီး မြေပြင်ပေါ်သို့ လဲကျတော့မည့်ဆဲဆဲတွင် ယန်ချုံးက မျက်စိလျင်… လက်လျင်ဖြင့် လက်ထဲရှိ အိတ်ကို အမြန် လွှင့်ပစ်ကာ ခပ်သုတ်သုတ် ရှေ့တိုးသွားလိုက်သည်။ ထို့နောက် လက်တစ်ဖက်က စက်ဘီးကို ဖမ်းကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က ကိုယ်ယိမ်းလဲကျလာသော ယွီရှို့ကို မြဲမြံစွာ ဖက်ထားလိုက်လေသည်။

ယွီရှို့ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

“အစ်ကို... ရှို့အာ စက်ဘီးစီးတတ်နေပြီ သိလား။ သိပ်မကျွမ်းသေးတာလေးပဲ ရှိတာ။ အထူးသဖြင့် လူများတဲ့ အချိန်ဆို အမြဲတမ်း ပျာယာခတ်သွားတာ။ အဲဒီလိုမှ မဟုတ်ရင် ရှို့အာ အိမ်အထိ စီးလာလို့ ရတယ်”

ယန်ချုံးက ခေါင်းညိတ်ပြီး ပြုံးလျက် ချီးကျူးလိုက်သည်။

“တွေ့ပါပြီ… ကိုယ့်အိမ်က ရှို့အာလေးက တကယ် တော်တာပဲ။ နဂိုက မွန်းလွဲပိုင်း ပြန်လာရင် သင်ပေးမလို့ တွေးထားတာ… ကိုယ့်ဘာသာ အရင်တတ်သွားမယ်လို့ မထင်ထားဘူး”

ယွီရှို့က တခစ်ခစ် ရယ်လျက် ဖြေသည်။

“အစ်ကို အလုပ်များနေမှန်း ရှို့အာ သိတယ်လေ။ ဒါကြောင့် နေ့လယ် ထမင်းစားပြီးတော့ ဌာနက ကျန်းကျဲကို သင်ပေးဖို့ ပူဆာလိုက်တာ။ ဒါနဲ့ မနက်ဖြန် အလုပ်သွားရင် သူ့အတွက် အရသာရှိတာလေးတွေ ယူသွားပေးရမယ်။ သူ့ကို ကတိပေးထားလို့ သင်ပေးတာလေ။ ကတိဖျက်လို့ မရဘူးနော်”

ယန်ချုံးက ပြန်ပြောလိုက်သည်။

“ဒါပေါ့။ ဒီလိုလုပ်… အစ်ကို ဒီနေ့ ရွာက ပြန်လာတော့ ပန်းသီးတချို့ ပါလာတယ်။ သူ့အတွက် တချို့ ယူသွားပေးလိုက်ပေါ့”

ဤရက်ပိုင်းအတွင်း စနစ်၏ နေ့စဉ် အကောင့်ဝင်ခြင်း ဆုလာဘ်များမှာ အများအားဖြင့် ဂျုံမှုန့်၊ ဟင်းသီးဟင်းရွက် စသည့် နေ့စဉ်သုံး ပစ္စည်းများနှင့် အစားအသောက်များသာ ဖြစ်သော်လည်း ယနေ့တွင်မူ သစ်သီးအချို့ကိုပါ ဆုချခဲ့သည်။ ပန်းသီးများသာမက စတော်ဘယ်ရီသီးများလည်း ပါဝင်ပြီး အရေအတွက်မှာလည်း မနည်းလှပေ။ လူသုံးယောက်စား၍ မကုန်နိုင်သဖြင့် အတော်ပင် အသုံးတည့်သွားခဲ့သည်။

“ပန်းသီးလား...”

ယွီရှို့ ခေါင်းတစ်ဆတ်ဆတ် ညိတ်လိုက်သည်။

“ဒါဆို အရမ်းကောင်းတာပေါ့။ ကျန်းကျဲ သေချာပေါက် ဝမ်းသာသွားမှာပဲ”

သူတို့နှစ်ယောက် စကားပြောရင်း အိတ်ကို စက်ဘီးနောက်ခုံပေါ်တင်ကာ စက်ဘီးကို တွန်းလျက် ခြံထဲသို့ ဝင်လာခဲ့ကြသည်။ တံခါးဝသို့ ဝင်လိုက်သည်နှင့် စန်းတာ့မားသည် ထမင်းဟင်းချက်ရန် မီးမွှေးနေသည်ကို တွေ့လိုက်ရသည်။ ယန်ချုံးတို့ ဇနီးမောင်နှံ ပြန်လာသည်ကို မြင်လျှင် စန်းတာ့မားက အလျင်အမြန် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

“ချုံးလေးနဲ့ ရှို့အာတို့ ရုံးဆင်းလာကြပြီလား။ အတော်ပဲ”

ယန်ချုံးသည် ချက်ချင်းပင် အဓိက ကိစ္စကို သတိရသွားကာ မေးလိုက်သည်။

“စန်းတာ့မား... စန်းတာ့ယဲ့ရော ပြန်မလာသေးဘူးလား”

All Chapters