အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) - ယန်ပုကွေ့ ဝမ်းသာလွန်း၍ မျက်ရည်ကျခြင်း
စန်းတာ့မားက စကားမဟ ရသေးမှီမှာပင် ယန်ပုကွေ့သည် အိမ်ထဲမှ ကမန်းကတန်း ပြေးထွက်လာလေသည်။
“ရှိတယ် ချုံးဇီ... ငါရှိတယ်။ ဘာကိစ္စလဲ… ကျဲချန်ရဲ့ ကိစ္စ အဆင်ပြေသွားပြီလား”
ယန်ချုံးက ချက်ချင်း ပြန်မဖြေဘဲ ယန်ပုကွေ့အား ကြည့်ကာ ဆိုလိုက်သည်။
“စန်းတာ့ယဲ့… ကျွန်တော်တို့ အိမ်ထဲဝင်ပြီးမှပဲ စကားပြောကြတာပေါ့”
ထို့နောက် ယွီရှို့ဘက်သို့ လှည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“ရှို့အာ... မင်း အရင်ပြန်နှင့်နော်၊ ကိုယ် စန်းတာ့ယဲ့နဲ့ စကားနည်းနည်း ပြောစရာရှိသေးလို့”
ယွီရှို့က ခေါင်းညိတ်ပြရင်း စက်ဘီးကလေးကို တွန်းကာ ပြန်သွားလေသည်။
အလယ်ခြံဝင်းသို့ ပြန်ရောက်သောအခါ စက်ဘီးကို မိမိအိမ် ပြတင်းပေါက်အောက်တွင် သေချာစွာ ထောက်ထားလိုက်ပြီး တောကောင်သားများ ထည့်ထားသည့် အိတ်ကို ချရန် ကြိုးစားလေသည်။ သို့သော် အိတ်က အတော်လေး လေးလံနေသဖြင့် အိမ်ထဲသို့ လှမ်း၍ အော်ခေါ်လိုက်သည်။
“ရှောင်ကျွမ်းရေ... လာကူပါဦးဟေ့”
ယန်ရှောင်ကျွမ်းက အိမ်ထဲမှ ချက်ချင်း ပြေးထွက်လာပြီး အံ့သြတကြီး မေးလေသည်။
“မရီး ပြန်ရောက်ပြီလား။ ဒါတွေက ဘာတွေတုန်း”
“ဒီနေ့ စက်ရုံအတွက် နင့်အစ်ကိုကြီး သွားပစ်လာတဲ့ တောကောင်တွေလေ။ နည်းနည်း လေးနေတော့ ငါတစ်ယောက်တည်း ချလို့ မရဘူး ဖြစ်နေတယ်။ နင့်အစ်ကိုကြီးကတော့ အရှေ့ဘက်ခြံဝင်းမှာ စန်းတာ့ယဲ့နဲ့ စကားပြောနေရစ်တယ်”
“ဒီလောက်တောင် များတာလား။ အစ်ကိုကြီးက တကယ် တော်တာပဲ။ တောင်ပေါ် တက်သွားတိုင်း တစ်ခါမှ လက်ဗလာနဲ့ မပြန်လာဘူး”
ယန်ရှောင်ကျွမ်းက အာမေဍိတ်သံ ပြုလိုက်သည်။
ပြောရင်းဆိုရင်း ယွီရှို့နှင့်အတူ ဝိုင်းကူကာ စက်ဘီးပေါ်မှ အိတ်ကြီးကို ချလိုက်ကြသည်။
ထိုအချိန်တွင် ဘေးအိမ်ရှိ ကျားမိသားစု၏ တံခါးခန်းဆီးက တိတ်တဆိတ် ပွင့်လာပြီး ပန့်ကန့်က ခန်းဆီးနောက်မှ နေ၍ ဖောင်းကားနေသော အိတ်ကြီးကို ကြည့်ကာ နှုတ်ခမ်းတွန့်လိုက်သည်။ ထို့နောက် အိမ်ထဲသို့ ခေါင်းလှည့်ကာ မကျေမချမ်း အသံဖြင့် လှမ်းပြောလိုက်သည်။
“အဘွား... သား အသားစားချင်တယ်။ ဘေးအိမ်က ယုန်တွေ၊ တောကြက်တွေ တစ်အိတ်ကြီး ပြန်သယ်လာပြန်ပြီ။ ဒီညတော့ သူတို့ အသားစားရတော့မှာ အသေအချာပဲ”
ကျားကျန်းရှစ်က ဒေါသတကြီးဖြင့် ငေါက်ငမ်းလိုက်သည်။
“နင့်မှာ အသားစားချင်တယ်လို့ ပြောရဲတဲ့ မျက်နှာရှိသေးတယ်ပေါ့လေ။ မနေ့ညကသာ နင် အသုံးမကျလို့ သူတို့ဖမ်းမိသွားတာ မဟုတ်ရင် အဲဒီယွမ် သုံးဆယ်နဲ့ နင် တစ်လလုံး အသားစားလို့ရတယ် သိလား”
မနေ့ညက အကြောင်းကို အစဖော်လိုက်သည်နှင့် ပန့်ကန့်မှာ ငိုလုမတတ် ဖြစ်သွားကာ ညည်းတွားလေသည်။
“အဘွားကလည်း... သား တင်ပါးတွေ နာတယ်။ လက်မောင်းတွေလည်း နာတယ်။ တစ်ကိုယ်လုံး နေရာအနှံ့ကို နာနေတာပဲဟာ”
ကျားကျန်းရှစ်က မီးဖိုချောင်တွင် ထမင်းဟင်းချက်နေသော ချင်းဟွိုင်ရူကို တစ်ချက်ကြည့်ကာ သက်ပြင်းချလျက် ချော့မော့ပြောဆို လိုက်သည်။
“ဒီလာခဲ့... အဘွား နှိပ်နယ်ပေးမယ်။ နင်က အဘွားရဲ့ မြေးလိမ္မာလေးပဲဟာ… အဘွားက နင့်ကို မချစ်ရင် ဘယ်သူက ချစ်မှာလဲ”
ပြောရင်းဆိုရင်း ပန့်ကန့်ကို အုတ်ခုတင်စောင်းတွင် မှောက်ခိုင်းလိုက်ပြီး တင်ပါးကို နှိပ်နယ်ပေးရင်း ညည်းတွား မြည်တမ်းလေသည်။
“မြေးလိမ္မာလေးရယ်... မနေ့ညက နင် ဘာလို့ နည်းနည်းလောက် ပိုပြီး သတိမထားရတာလဲကွယ်။ သတိထားခဲ့ရင် နင်လည်း အရိုက်ခံရမှာ မဟုတ်သလို ငါတို့အိမ်လည်း ဟို ယန်မျိုးနွယ် ကောင်စုတ်လေးဆီက ယွမ် သုံးဆယ် အတောင်းခံရမှာ မဟုတ်ဘူး။ ငါတို့လည်း ယုန်သား စားရမှာပေါ့”
“အဘွား ပြောမယ်... နောက်တစ်ခါ နင်သွားရင် သေချာပေါက် ပိုပြီး သတိထားရမယ်နော်...”
မီးဖိုချောင်အတွင်းမှ ချင်းဟွိုင်ရူသည် ထိုစကားများကို ကြားလိုက်ရသောအခါ ရင်ထဲ၌ ဆစ်ခနဲ နာကျင်သွားရရှာသည်။
အရှေ့ဘက်ခြံဝင်းတွင်မူ ယန်ပုကွေ့က ယန်ချုံးကို အိမ်ထဲသို့ အမြန်ဆွဲသွင်းပြီး မစောင့်နိုင်တော့သည့်ဟန်ဖြင့် လောဆော်လေသည်။
“ချုံးဇီရယ်... ကျဲချန်ရဲ့ ကိစ္စ ဘယ်လိုနေလဲကွာ။ စကားလေး တစ်ခွန်းလောက်တော့ ပြောပါဦး၊ မင်းရဲ့ စန်းတာ့ယဲ့ကတော့ စိတ်ပူလွန်းလို့ သေတော့မယ်”
စန်းတာ့မားကလည်း မျှော်လင့်ချက် အပြည့်ရှိသော မျက်ဝန်းများဖြင့် ယန်ချုံးကို ကြည့်နေသည်။
ယန်ချုံးက သတိပေးလိုက်သည်။
“စန်းတာ့ယဲ့... ခင်ဗျားကို သေချာ မှာထားတယ် မဟုတ်လား။ ဒီကိစ္စကို အပြင်လူတွေ ပေးသိလို့ မဖြစ်ဘူးနော်။ မဟုတ်ရင် အကုန်လုံး ကျွန်တော့်ဆီ အကူအညီ လာတောင်းနေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေရင်တောင် ကူညီပေးနိုင်မှာ မဟုတ်ဘူးလေ”
ယန်ပုကွေ့မှာ ရုတ်တရက် အသိဝင်သွားပြီး မိမိပါးကို ဖြန်းခနဲ ရိုက်ချလိုက်ကာ အပြစ်တင် ဝန်ခံလေသည်။
“ငါ့ဦးနှောက်ကိုပဲ ကြည့်ပါဦးကွာ… အလောတကြီးနဲ့ ဒီကိစ္စကို ဘယ်လိုလုပ် မေ့သွားရတာလဲ။ ချုံးဇီ... စန်းတာ့ယဲ့ အမှားပါ။ စန်းတာ့ယဲ့ မိုက်မဲသွားတာပါ။ မင်း စိတ်ချပါ… နောက်ဆို ဘယ်တော့မှ အဲဒီလို မဖြစ်စေရပါဘူးကွာ”
စန်းတာ့မားကလည်း ချုံးဇီကို ပြဿနာရှာပေးနေသည် ဟုဆိုကာ ခင်ပွန်းဖြစ်သူကို ဝင်ရောက် အပြစ်တင်သည်။
ယန်ချုံးက လက်ခါပြရင်း တားမြစ်လိုက်သည်။
“ရပါပြီ စန်းတာ့ယဲ့ရယ်… ခင်ဗျား မှတ်ထားရင် ရပါပြီ။ ပါးကိုတော့ လုံးဝ မရိုက်ပါနဲ့။ အဲဒါဆို ကျွန်တော် အရမ်း အားနာစရာ ကောင်းနေပါမယ်”
ယန်ပုကွေ့က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ထပ်မေးလိုက်ပြန်သည်။
“ဒါဆို ဒီကိစ္စ သတင်းထူးပြီလား”
“စန်းတာ့ယဲ့... ဂုဏ်ပြုပါတယ်။ ကျဲချန်ရဲ့ အလုပ်ကိစ္စ အဆင်ပြေသွားပြီ။ ခင်ဗျားသာ သဘောတူရင် မနက်ဖြန် ကျဲချန်ကို ကျွန်တော်နဲ့အတူ စက်ရုံကို လိုက်ခဲ့ခိုင်းလိုက်… စာရွက်စာတမ်း ကိစ္စတွေ သွားလုပ်လို့ရပြီ”
“တကယ်လား… တကယ်ကြီး အဆင်ပြေသွားပြီလား”
ယန်ပုကွေ့မှာ အလွန် အံ့သြဝမ်းသာသွားပြီး မိမိနားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
ယန်ချုံးကို နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုး တစ်မျှင်အဖြစ် သဘောထားခဲ့သော်ငြား တကယ်တမ်းတွင် ယန်ပုကွေ့ ကိုယ်တိုင်၌ပင် ကြီးမားသော မျှော်လင့်ချက် မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ယန်ချုံး ပြောခဲ့သလိုပင် သူတို့ ဇနီးမောင်နှံ နှစ်ဦးကို စက်ရုံထဲ သွင်းပေးလိုက်သည်မှာ မကြာသေးခင်ကမှ ဖြစ်ရာ ဤမျှ မြန်မြန်ဆန်ဆန်နှင့် နောက်ထပ် အကူအညီကြီး တစ်ခုကို မည်သို့လုပ် ကူညီပေးနိုင်မည်နည်း။ ထို့ထက်မက ယန်ချုံးကို မနေ့ညကမှ အကူအညီ တောင်းထားခဲ့ရာ တစ်ရက်တည်းနှင့် မည်သို့ ပြီးမြောက်နိုင်ပါမည်နည်း။
သို့သော်လည်း မထင်မှတ်ဘဲ တကယ်ပင် အဆင်ပြေသွားခဲ့လေပြီ။
စန်းတာ့မားကလည်း အံ့သြဝမ်းသာစွာဖြင့် ယန်ချုံးကို ကြည့်ကာ မယုံနိုင်စွာ မေးလေသည်။
“ချုံးဇီ... မင်း ဘာပြောလိုက်တယ်။ ကျဲချန်ရဲ့ အလုပ်ကိစ္စ အဆင်ပြေသွားပြီ ဟုတ်လား။ မင်း စန်းတာ့ယဲ့နဲ့ စန်းတာ့မားကို နောက်နေတာ မဟုတ်ဘူးမလား”
ယန်ချုံးက စကားပြန်ပြောမည် အပြုတွင် အတွင်းခန်း တံခါးမှာ ဒေါင်ခနဲ ပွင့်သွားပြီး ယန်ကျဲချန်က အတွင်းမှ ပြေးထွက်လာကာ ကပျာကယာ မေးလေသည်။
“ချုံးဇီ... မင်းပြောတာ တကယ်လား။ ငါ မနက်ဖြန် တကယ်ပဲ သံမဏိစက်ရုံမှာ အလုပ်သွားဆင်းလို့ ရပြီလား။ မင်း ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား”
အမှန်တော့ ယန်ကျဲချန်မှာ အတွင်းခန်းထဲတွင် အစကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကိစ္စမှာ မျှော်လင့်ချက် သိပ်မရှိဟု ထင်သောကြောင့် ထွက်မလာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း သူ၏ နားများကမူ အားမနေခဲ့ပေ။ ယန်ချုံး၏ စကားကို ကြားလိုက်သည်နှင့် ချက်ချင်းပင် မအောင့်နိုင်တော့ဘဲ ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။
ယန်ချုံးက ပြုံး၍ ခေါင်းညိတ်ပြကာ ပြောသည်။
“စန်းတာ့ယဲ့၊ စန်းတာ့မားနဲ့ ကျဲချန်... ကျွန်တော့်ကို ကြည့်ရတာ ခင်ဗျားတို့ကို နောက်ပြောင်နေတဲ့ပုံ ပေါက်နေလို့လား။ တကယ်ပြောတာပါ… ကိစ္စက အဆင်ပြေသွားပြီ။ မနက်ဖြန် ကျဲချန် စက်ရုံမှာ သွားသတင်းပို့ပြီး အလုပ်ဆင်းလို့ရပြီ”
ထို့နောက် သူက ဆက်လက်၍ ဖြည့်စွက် ပြောလိုက်သည်။
“ဪ ဒါနဲ့ စန်းတာ့ယဲ့… မနေ့ညက ကျွန်တော်တို့ ပြောထားခဲ့သလိုပဲ။ အလုပ်ကိစ္စကိုတော့ ကျွန်တော် တောင်းပေးနိုင်ခဲ့ပြီ။ ဒါပေမဲ့ အပြင်ပေါက်ဈေးအတိုင်း ယွမ် ငါးရာတော့ ပေးရမယ်။ သူတို့ကို အရှုံးခံ ခိုင်းလို့တော့ မဖြစ်ဘူးလေ”
ယန်ပုကွေ့က အဆက်မပြတ် ခေါင်းညိတ်ကာ အားတက်သရော ပြောလေသည်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်… ငါးရာဆိုလည်း ငါးရာပေါ့ကွာ။ စန်းတာ့ယဲ့ နားလည်ပါတယ်။ သူတို့က ဒီခွဲတမ်းကို ငါတို့ကို ပေးတာကိုက ကြီးမားတဲ့ ကျေးဇူးကြီးပါ။ သူတို့ကို ဘယ်လိုလုပ် အရှုံးခံ ခိုင်းလို့ ရမလဲ။ မင်း စိတ်ချပါ… ငါ မနက်ဖြန် ပိုက်ဆံအကုန် အဆင်သင့်ဖြစ်အောင် ပြင်ထားပါ့မယ်”
ပြောရင်းဆိုရင်း ယန်ချုံး၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားရာ သူ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များပင် ရစ်ဝိုင်းလာလေသည်။
“ချုံးဇီရာ... စန်းတာ့ယဲ့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးကွာ။ မင်းက စန်းတာ့ယဲ့ကို အရမ်းကြီးမားတဲ့ အကူအညီ ပေးခဲ့တာပါ။ တခြားဟာတွေ မပြောနဲ့ဦး… အခုတော့ ကျဲချန်ရဲ့ ရည်းစားကိစ္စတောင် အဆင်ပြေသွားပြီ။ တကယ်လို့ ဒီတစ်ခါသာ ထပ်ပြတ်သွားရင် ကျဲချန်က ငါနဲ့ သားအဖအဖြစ်ကနေတောင် စွန့်လွှတ်တော့မှာ”
ယန်ကျဲချန်က ရှက်ရွံ့စွာဖြင့် ဝင်ဟန့်လေသည်။
“အဖေကလည်း... ချုံးဇီကို အဲဒါတွေ ဘာလို့ သွားပြောနေတာလဲ။ မရှက်ဘူးလား”
သူကိုယ်တိုင်မှာမူ တက်ကြွစွာဖြင့် အပေါ်အင်္ကျီကို ကောက်ဆွဲကာ အပြင်သို့ ထွက်ရန် ပြင်လေသည်။ စန်းတာ့မားက ကမန်းကတန်းဖြင့် မေးလိုက်သည်။
“ကျဲချန်... အခုချက်ချင်း ထမင်းစားတော့မှာကို နင်က ဘယ်သွားမလို့လဲ”
ယန်ကျဲချန်က လှည့်ပင် မကြည့်ဘဲ အော်ပြောလေသည်။
“အမေ... အမေတို့ အရင်စားနှင့်ကြ… ကျွန်တော့်ကို မစောင့်နဲ့တော့။ ယွီလီကို သွားပြောပြရဦးမယ်”
စကားပင် မဆုံးသေး လူက အဝေးသို့ ရောက်သွားလေပြီ။
စန်းတာ့မားက ရယ်မောကာ ချစ်စနိုးဖြင့် ဆိုလေသည်။
“ဒီကလေးကို ကြည့်ပါဦး… နည်းနည်းလေးတောင် စိတ်မထိန်းနိုင်ဘူး။ အခုချက်ချင်းပဲ ယွီလီဆီ သတင်းကောင်း သွားပြောဖို့ အလောတကြီး ဖြစ်နေပြီ”
ယန်ပုကွေ့က ခေါင်းရမ်းရင်း ပြောသည်။
“ချုံးဇီ... မင်း စန်းတာ့ယဲ့ကိုတော့ မရယ်ပါနဲ့ကွာ။ မင်း မသိလို့ပါ။ ဒီရက်ပိုင်းတွေမှာ ကျဲချန်ရဲ့ အလုပ်ကိစ္စအတွက် စန်းတာ့ယဲ့ ဘယ်လောက်တောင် အောင့်အည်း သည်းခံခဲ့ရပြီး လူဘယ်နှယောက်ဆီ အကူအညီ သွားတောင်းခဲ့ရသလဲဆိုတာ။ တခြားဟာတွေ မပြောနဲ့ဦး… ဟို လောင်ယီ ဆီကိုတောင် ငါ ဘယ်နှကြိမ် သွားရှာခဲ့ရသလဲ။ သူက သံမဏိစက်ရုံမှာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူဟောင်းကြီးဆိုတာ အားလုံးသိကြတယ်လေ။ အဆင့်ရှစ် စက်ပြင်ဆရာလည်း ဖြစ်တော့ သူ့လက်ထဲမှာ အလုပ်ခွဲတမ်း တစ်ခု ရှိနေတယ်။ ပြီးတော့ သူ့မှာ သားသမီးလည်း မရှိတော့ ဒီအလုပ်ခွဲတမ်းက တခြားလူကို ပေးလို့လည်း မရဘူးလေ။ ဒါပေမဲ့ သူက ပါးစပ်ဟလိုက်တာနဲ့ ယွမ် ရှစ်ရာတဲ့… တစ်ပြားမှ လျှော့လို့ မရဘူးလို့ ပြောတယ်”
ယန်ပုကွေ့မှာ ရင်တွင်းမှ အပူမီးတို့ကို ဖွင့်ချလေတော့သည်။
“တကယ်တော့ ဒီယွမ် ရှစ်ရာက နည်းနည်း ဈေးကြီးတယ် ဆိုပေမဲ့ ငါတို့လည်း ပေးရမှာပါ။ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း စန်းတာ့ယဲ့တို့ အိမ်ရဲ့ အခြေအနေက ယွမ် ငါးရာဆိုတာတောင် ငါ့တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတွေပဲ။ ယွမ် ရှစ်ရာကို ဘယ်က သွားရှာရမှာလဲ။ သူရဲ့ ကိုယ်ပိုင်ခွဲတမ်းကို ရှစ်ရာ တောင်းတာက ထားပါတော့… အဲဒါကို ငါ့ကို ငါးယွမ် လိမ်ပြီး အသုံးချသွားသေးတယ်။ အသုံးချပြီးတော့ ငါ့ကို ကန်ထုတ်လိုက်တာပဲ။ ငါ့ကို လူလို့တောင် မသတ်မှတ်ဘူးကွာ...”
ယန်ပုကွေ့က ပြောရင်း ယန်ချုံး၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ပြတ်သားစွာ ကတိပြုလိုက်လေသည်။
“ချုံးဇီ... ဒီနေ့ကစပြီး နောက်နောင် သူက ခြံဝင်းထဲမှာ မင်းကို ထပ်ပြီး အခက်တွေ့အောင် လုပ်ရင် စန်းတာ့ယဲ့က မင်းဘက်ကနေ ရပ်တည်ပြီး သေချာပေါက် ကာကွယ်ပြောဆိုပေးမယ်”