အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) - စက်ရုံထဲရောက်တာ သုံးရက်ပဲ ရှိသေးတယ် ရာထူးတိုးချင်နေပြီလား
နောက်တစ်နေ့ နံနက်ခင်း အရုဏ်တက်ချိန်တွင်မူကား ယန်ချုံးတို့ မိသားစု နံနက်စာ သုံးဆောင်နေဆဲအချိန်၌ပင် ယန်ကျဲချန်သည် သပ်သပ်ရပ်ရပ် ပြင်ဆင်ဝတ်ဆင် ပြီးနောက် တံခါးဝ၌ ရပ်စောင့်နေလေပြီ။
ထိုခဏ၌ အိမ်ထဲမှ ထွက်လာသော ကျားတုန်းရွှီသည် သူ့အား သိချင်စိတ်ပြင်းပြသည့် အကြည့်တို့ဖြင့် စူးစမ်းလိုက်ကာ မေးခွန်းထုတ်လိုက်သည်။
“ဟေ့ကောင် ကျဲချန်… မင်း ဒီမှာ ဘာရပ်လုပ်နေတာတုန်း”
ယန်ကျဲချန်က သူ့အား လျစ်လျူရှုဟန်ဖြင့် တစ်ချက်မျှသာ စောင်းငဲ့ကြည့်ပြီးနောက် မျက်နှာကို တစ်ဖက်သို့ လွှဲဖယ်သွားလေသည်။
သူ၏ အလုပ်အကိုင်ရရှိရေးသည် ယန်ချုံးအပေါ်၌သာ အလုံးစုံ မှီခိုနေရသည် ဖြစ်ရာ ယန်ချုံးနှင့် ကျားမိသားစုကြားမှ ဆက်ဆံရေး အခြေအနေကိုလည်း တစ်ခြံလုံး အသိပင် ဖြစ်လေသည်။ ထို့ကြောင့် သူသည် ကျားတုန်းရွှီနှင့် အဆက်အသွယ် ဖြတ်တောက်လိုလှသဖြင့် စကားတစ်ခွန်းမျှပင် မဆိုချင်တော့ချေ။
ထိုအပြုအမူကြောင့် ကျားတုန်းရွှီမှာ အံ့အားသင့်သွားရပြီး သူ့အား တစ်လှည့် ယန်ချုံးအိမ်၏ တံခါးခန်းဆီးအား တစ်လှည့် ဝေခွဲမရစွာ စိုက်ကြည့်နေမိသော်လည်း ဆက်လက်၍ စပ်စုမေးမြန်းခြင်း မပြုတော့ပေ။
ထိုအချိန်၌ပင် ယီကျုံးဟိုင်သည်လည်း အလုပ်သွားရန် အိမ်ထဲမှ ထွက်ပေါ်လာလေသည်။ တံခါးဝတွင် ရပ်နေသော ယန်ကျဲချန်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ ထူးဆန်းအံ့သြမှု အနည်းငယ် ဖြစ်ပေါ်သွားပြီး မေးမြန်းလိုက်လေသည်။
“ကျဲချန်… မင်း ဒီမှာ ဘာလုပ်နေတာလဲကွ”
ယန်ကျဲချန်သည် ကနဦးက ပြန်လည် ဖြေကြားလိုစိတ် မရှိခဲ့သော်ငြားလည်း ယီကျုံးဟိုင်က သူတို့မိသားစုအပေါ် လှည့်စားခဲ့ဖူးသည့် ကိစ္စရပ်များကို ပြန်လည်အောက်မေ့ မိသွားသောကြောင့် မနေသာတော့ဘဲ တုံ့ပြန်လိုက်လေသည်။
“ဪ... ဦးလေးကြီး ကျွန်တော် ဒီမှာ ယန်ချုံးကို စောင့်နေတာ။ သူနဲ့အတူ သံမဏိစက်ရုံကို သွားမလို့”
ယီကျုံးဟိုင်မှာ များစွာ အံ့ဩတကြီးဖြစ်သွားပြီး မေးတော့သည်။
“ဟေ... သံမဏိစက်ရုံကို သွားမယ်။ မင်းက သံမဏိစက်ရုံကို ဘာသွားလုပ်မှာတုန်း”
ထိုအခါ ယန်ကျဲချန်က မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာကို အထင်းသား ပေါ်လွင်စေလျက် ပြောသည်။
“ကျွန်တော်လည်း အလုပ်သွားလုပ်မှာပေါ့ ဦးလေးကြီးရဲ့”
ထိုစကားကြောင့် ဘေးနားတွင် ရှိနေသော ကျားတုန်းရွှီမှာ ဝင်ရောက်မပါဘဲ မနေနိုင်တော့ချေ။
“မင်းက သံမဏိစက်ရုံက အလုပ်သမားမှ မဟုတ်တာ သွားပြီး ဘာလုပ်မှာလဲကွ”
ယန်ကျဲချန်သည် မည်သို့မျှ ဆက်လက်တုံ့ပြန်ခြင်း မပြုတော့ဘဲ ဝင့်ကြွားသော မျက်နှာပေးဖြင့်သာ ခပ်မိုက်မိုက် ရပ်နေလိုက်လေသည်။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ကျားတုန်းရွှီနှင့် ယီကျုံးဟိုင်တို့ နှစ်ဦးစလုံးသည် တစ်စုံတစ်ရာကို ရိပ်စားမိသွားဟန် တူလေသည်။ ထို့ကြောင့် ဆက်လက်စပ်စုခြင်း မပြုတော့ဘဲ ခြံဝင်းအတွင်းမှ အတူတကွ ထွက်ခွာလာခဲ့ကြတော့သည်။
ခြံဝင်း အပြင်ဘက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျားတုန်းရွှီမှာ စိတ်မရှည်နိုင်တော့ဘဲ မေးခွန်းများ တရစပ် ထုတ်တော့သည်။
“ဆရာ... ဆရာ့ဆီက အလုပ်ခွဲတမ်းကို ယန်ကျဲချန်ကို မပေးဘူးလို့ ဆရာပဲ ပြောထားတာ မဟုတ်ဘူးလား။ အခု သူက ဘယ်လိုလုပ် သံမဏိစက်ရုံမှာ အလုပ်သွားလုပ်မှာလဲ။ မနေ့ညက ယန်ပုကွေ့ တစ်ယောက် ယန်ချုံးကို ဖားပြီး ကျွန်တော်တို့ သားအဖ နှစ်ယောက်ကို ချောင်ပိတ်ရိုက်ခဲ့တာ ဆရာ မေ့သွားပြီလား။ ဘာလို့ အလုပ်ခွဲတမ်းကို သူ့ကို ပေးလိုက်ရတာလဲ”
ယီကျုံးဟိုင်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“ဘာကို ပေးရမှာတုန်း။ ငါ့အလုပ်ခွဲတမ်းက ငါ့လက်ထဲမှာပဲ ရှိသေးတယ်။ ဘယ်သူ့ကိုမှ မပေးရသေးဘူးကွ”
ကျားတုန်းရွှီ၏ မျက်နှာထက်တွင် သံသယ အရိပ်အယောင်များ ယှက်သန်းသွားပြီး ဆိုသည်။
“ဒါဆို ယန်ကျဲချန်က ဘာလို့ သူ အလုပ်သွား လုပ်တော့မယ်လို့ ပြောရတာလဲ။ သူ့အလုပ်ခွဲတမ်းကို ဘယ်သူပေးလိုက်တာတုန်း”
ယီကျုံးဟိုင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်မလာခဲ့ချေ။ ထိုအခါမှ ကျားတုန်းရွှီသည်လည်း အခြေအနေကို ရုတ်တရက် သဘောပေါက်သွားလေသည်။
“ယန်ချုံး… အဲဒီကောင်လေး လုပ်ပေးလိုက်တာလား။ ဒါကြောင့်မို့လို့ ယန်ပုကွေ့ အဲဒီ လိပ်အိုကြီးက သူ့ကို အဲလောက်ဖားပြီး ကျွန်တော်တို့ သားအဖ နှစ်ယောက်ကို ရန်သူလို သဘောထားနေတာကိုး။ ဒါပေမဲ့ ဒီကောင်လေးက အဲဒီလောက်တောင် အရည်အချင်းရှိလို့လား။ စက်ရုံထဲ ဝင်တာ ဘယ်နှရက်မှ မရှိသေးဘူး။ အလုပ်ခွဲတမ်းရနေပြီလား”
ယီကျုံးဟိုင်သည် နှုတ်ဆိတ်လျက်သာ နေနေသော်ငြားလည်း သူ၏ ရင်တွင်း၌မူ မုန်တိုင်းထန်နေသည့်အလား လှိုင်းတံပိုးများ ရိုက်ခတ်နေလေသည်။ မိမိအနေဖြင့် ယန်ချုံးကို အထင်သေးလွန်းမိခဲ့ပြီ ဟူသော အသိတရားက ရင်ထဲသို့ တိုးဝင်လာခဲ့သည်။ ယခုအခါ ဤလူငယ်လေး၏ ဩဇာအာဏာမှာ တစ်စတစ်စ ပိုမို ကြီးထွားလာခဲ့ရာ လူအများပင် မယုံကြည်နိုင်လောက်အောင် အင်အားတောင့်တင်းနေပြီ မဟုတ်ပါလော။
သို့သော် ထိုအချက်သည် အရေးအကြီးဆုံး အရာ မဟုတ်သေးချေ။ အဓိက ပြဿနာမှာ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်သွားခြင်းကြောင့် နောင်တစ်ချိန်တွင် ယန်ပုကွေ့ ဟူသော ထိုမြေခွေးအိုကြီးသည် ယန်ချုံး၏ နောက်သို့ အကြွင်းမဲ့ လိုက်ပါသွားမည်မှာ မလွဲဧကန် ဖြစ်ပြီး မိမိကိုပင် ပြန်လည် ရန်ပြုလာမည့် အရေးပင် ဖြစ်သည်။ ထို့အပြင် မူလကတည်းက မိမိနှင့် တစ်သဘောတည်း မရှိခဲ့သည့် လျိုဟိုင်ကျုံးလည်း ရှိနေသေးသည်ဖြစ်ရာ မိမိ၏ ယီတာ့ယဲ့ ဟူသော အာဏာနှင့် ရပ်တည်ချက်မှာ ကြီးမားလှသော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ မည်သို့မျှ အဖြစ်ခံ၍ မရနိုင်။ ယိုယွင်းသွားသော အခြေအနေများကို ပြန်လည် ကုစားနိုင်ရန် နည်းလမ်း တစ်ခုခုကို ရှာဖွေရမည်သာ ဖြစ်လေသည်။
ယန်ချုံးသည် နံနက်စာ သုံးဆောင်ပြီးနောက်တွင် ယွီရှို့အား သူမဘာသာ စက်ဘီးဖြင့် အလုပ်သို့ သွားစေလိုက်သည်။ ထို့နောက် သူက ယန်ကျဲချန်ကို ခေါ်ဆောင်ကာ စက်ရုံဆီသို့ ဦးတည်ထွက်ခွာ လာခဲ့လေသည်။ သူတို့သည် ဟိုလီခွေထံသို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး ယန်ပုကွေ့မှ သတင်းစာဖြင့် အထပ်ထပ် ထုပ်ပိုးပေးလိုက်သော ငွေ ငါးရာကို ဟိုလီခွေ လက်တွင်းသို့ လွှဲပြောင်းပေးအပ် လိုက်သည်။
ဟိုလီခွေသည်လည်း အချိန်ဆွဲ မနေတော့ဘဲ ယန်ကျဲချန်ကို ချက်ချင်း ခေါ်ဆောင်လျက် လူ့စွမ်းအား အရင်းအမြစ်ဌာနသို့ ထွက်လာခဲ့လေသည်။ အချိန်ခဏအကြာတွင် တရားဝင် ရုံးလုပ်ငန်းစဉ်များ အားလုံး ပြီးမြောက်သွားခဲ့ပြီးနောက် ယန်ကျဲချန်ကို စက်ပြင်အလုပ်ရုံ ဖြစ်သည့် ယီကျုံးဟိုင်နှင့် ကျားတုန်းရွှီတို့ တာဝန်ထမ်းဆောင်ရာ အလုပ်ရုံသို့ တရားဝင် ခွဲဝေချထားပေး လိုက်လေသည်။
အလုပ်ရုံမှူး တွမ်တာကန်း ကိုယ်တိုင် ယန်ကျဲချန်ကို အလုပ်ရုံအတွင်းသို့ ခေါ်ဆောင်လာသည်အား မြင်တွေ့လိုက်ရသောအခါ ယီကျုံးဟိုင်၏ ရင်ဘတ်ထဲမှ နောက်ဆုံး ကျန်ရစ်နေသေးသော မျှော်လင့်ချက် မျှင်တန်းလေးမှာလည်း လုံးဝဥဿုံ ပြိုလဲပျက်စီး သွားခဲ့ရပြီး သူ၏ မျက်နှာပြင်မှာ မီးသွေးခဲပမာ မည်းမှောင်သွားတော့သည်။
အမှတ်မထင်ပင် တွမ်တာကန်းသည် ယန်ကျဲချန်အား သူ၏ အရှေ့သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့ပြီးနောက် ပြောလေသည်။
“ဆရာယီ... ခင်ဗျားအတွက် တပည့်အသစ် တစ်ယောက် ခေါ်လာပေးတယ်။ ရှောင်ယန် ပြောတာတော့ သူနဲ့ ခင်ဗျားတို့က ခြံဝင်း တစ်ခုတည်းကပဲတဲ့။ ဒါဆိုလည်း နောက်ပိုင်း ခင်ဗျားပဲ သူ့ကို သင်ပေးလိုက်ပါ။ လူရင်းတွေဆိုတော့ အလုပ်သင်ရတာ ပိုလွယ်တာပေါ့”
ကျားတုန်းရွှီသည် ဘေးမှ နေ၍ မျက်စောင်းခဲလိုက်ပြီး ‘ကျွန်တော့်ဆရာနဲ့ သူနဲ့က မရင်းနှီးပါဘူး’ ဟု နှုတ်မှ ထွက်ဆိုတော့မည့် ဆဲဆဲအချိန်တွင် ယီကျုံးဟိုင်က အလျင်အမြန်ပင် ပြုံးပြလိုက်ကာ ခေါင်းညိတ် လက်ခံလိုက်လေသည်။
“ရပါတယ် အလုပ်ရုံမှူးတွမ်ရယ်... ကျဲချန် ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့က ခြံဝင်း တစ်ခုတည်းကပါ။ ကျွန်တော်နဲ့ သူ့အဖေကလည်း ဆယ်နှစ်ပေါင်းများစွာ မိတ်ဆွေဟောင်းတွေဆိုတော့ နောက်ပိုင်း သေချာပေါက် သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ”
ထိုသို့ ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ယီကျုံးဟိုင်က ကျားတုန်းရွှီအား လှမ်းခေါ်လိုက်သည်။
“တုန်းရွှီ… မင်းလည်း ငေးမနေနဲ့ကွ။ ကျဲချန်ကို ဟိုဘက်ခေါ်သွားပြီး ရင်းနှီးအောင် လုပ်ပေးလိုက်ဦး။ ပြီးတော့ အဲဒီ အပိုပစ္စည်းလေးတွေ နည်းနည်း ရှင်းထားလိုက်… ခဏနေ အလုပ်လုပ်ရတာ အဆင်ပြေအောင်လို့”
………………………….
တစ်ဖက်တွင်မူ ဟိုလီခွေသည် ရုံးခန်းအတွင်းသို့ ပြန်လည် ရောက်ရှိသည်နှင့် သူ၏ နေအိမ်မှ ဆက်သွယ်လာသော ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိလေသည်။ ယန်ချုံးက သူ၏ အိမ်သို့ ယုန် နှစ်ကောင် လာရောက်ပို့ဆောင် ပေးသွားကြောင်းကို ကြားသိလိုက်ရသောအခါ သူ၏ မျက်နှာအထက်တွင် ကျေနပ်ရွှင်လန်းသော အပြုံးတို့ အထင်းသား ပေါ်လွင်လာခဲ့သည်။
ထိုယန်ချုံးဆိုသည့် လူငယ်လေးသည် လူမှုဆက်ဆံရေးနှင့် ပတ်သက်၍ အလွန်တရာ ကျွမ်းကျင်လိမ္မာသူ ဖြစ်ပေသည်။ ဤလူငယ်ကို စက်ရုံအတွင်းသို့ ခေါ်ယူ ခန့်အပ်ခဲ့ခြင်းမှာ အလွန် မှန်ကန်သော အကွက်ရွှေ့မှု တစ်ခုဖြစ်ပြီး နောင်တစ်ချိန်တွင် မိမိအတွက် ကြီးမားသော အထောက်အပံ့ကောင်းများ ပေးစွမ်းနိုင်မည့်သူ ဖြစ်ကြောင်း သူ အတွေးပေါက်သွားလေသည်။
ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ကျေနပ်စွာ တွေးတောနေရင်းဖြင့် ဖုန်းကို ကောက်ကိုင်ကာ ဆက်သွယ်လိုက်လေသည်။
“ဟယ်လို... လောင်လျိုလား။ ငါ လောင်ဟို ပါကွ”
ဖုန်း၏ အခြားတစ်ဖက်မှ လျိုလောင်ပန်၏ အသံက ချက်ချင်းဆိုသလို ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ဟေ့ကောင် ဟိုလီခွေ... နေပါဦး။ မင်းက ဘယ်တော့များမှ ငါတို့ကို ဒကာခံမှာလဲ။ ဌာနမှူး ရာထူးတိုးသွားတာတောင် ဒကာမခံတာတော့ သိပ်အဆင်မပြေဘူးနော်”
ဟိုလီခွေက ပြုံးဖြီးဖြီး အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
“ဒကာခံရမှာပေါ့ကွ… ဘယ်သူ့ကိုမှ မကျွေးရင်တောင် မင်းကိုတော့ မကျွေးလို့ မဖြစ်ဘူးလေ။ ငါတို့နှစ်ယောက်က ဘယ်လို ဆက်ဆံရေးတွေလဲကွ”
ထိုအခါမှ လျိုလောင်ပန်မှာ ကျေနပ်သွားဟန်ဖြင့် အသံကို ခပ်နှိမ့်နှိမ့်လေး ပြောင်းပြောလေသည်။
“အေး ဒါမှပေါ့ကွ... မင်းကတော့ ဒီတစ်ခေါက် အမြတ်ကြီးထွက်သွားတာပဲဟေ့။ ကျိုးချီ လက်ထဲကနေ ဌာနမှူးနေရာကို အတင်းလုယူလိုက်တာဆိုတော့ ဒုစက်ရုံမှူးလီ သေချာပေါက် ဒေါသထွက်ပြီး ရူးတော့မှာပဲ။ ဒါပေမဲ့ မင်းကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ကွာ… ယန်ချုံးလို ရတနာလေးနဲ့ သွားတွေ့တော့ မင်း ရာထူးမတိုးဖို့က ခက်နေပြီလေ”
ဟိုလီခွေက အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။
“လောင်လျိုရာ... ငါ့ကိုချည်းပဲ ပြောမနေပါနဲ့ကွာ။ အကျိုးခံစားရတာ ငါတစ်ယောက်တည်းမှ မဟုတ်တာ။ ယန်စက်ရုံမှူးကလည်း အစည်းအဝေးမှာ မင်းတို့ ဝယ်ယူရေးဌာနကို ချီးကျူးခဲ့တယ် မဟုတ်လား။ ဒီဝက်သားဟင်းကြီး နှစ်နပ်စားလိုက်ရတော့ စက်ရုံက အလုပ်သမားတွေရဲ့ အလုပ်လုပ်ချင်စိတ်က ချက်ချင်းကို ကွာခြားသွားတာပဲ။ ယန်စက်ရုံမှူးကတောင် မင်းကို ဆုကြေးငွေ ချီးမြှင့်မယ်လို့ ပြောသေးတယ်ကွ”
လျိုလောင်ပန်မှာ သဘောကျစွာ ရယ်မောလိုက်ရင်း ဆိုလေသည်။
“ဟီးဟီး မင်းပြောတာလည်း ဟုတ်တာပါပဲကွာ။ ငါတို့နှစ်ယောက်စလုံး ယန်ချုံးဆိုတဲ့ ကောင်လေးကြောင့် အကျိုးခံစားလိုက်ရတာကိုး”
ဟိုလီခွေက စကားလမ်းကြောင်း ပြောင်းကာ မေးမြန်းလိုက်သည်။
“ဒါနဲ့ ယန်ချုံး ဒီနှစ်ရက် အလုပ်လုပ်တာ ဘယ်လိုနေလဲ။ တစ်နေ့တာ အသီးအပွင့်ရော ရရဲ့လား”
လျိုလောင်ပန်က ခေါင်းတစ်ဆတ်ဆတ် ညိတ်လျက် ထောက်ခံလိုက်သည်။
“ရတာပေါ့ကွ… သေချာပေါက် ရတာပေါ့။ ဟိုတောဝက်ကြီး နှစ်ကောင်လောက် ထင်ထင်ရှားရှားကြီး မဟုတ်ပေမဲ့ နေ့တိုင်းတော့ ယုန်တွေ၊ တောကြက်တွေ နည်းနည်းပါးပါး ပြန်ရလာတယ်။ ဒီတောကောင်တွေ ရှိနေတော့ အနည်းဆုံးတော့ ငါ အဆူမခံရတော့ဘူးလေ”
ဟိုလီခွေသည် သက်ပြင်း တစ်ချက်ကို ခပ်ဖွဖွ ချလိုက်ပြီးနောက် ပြောသည်။
“ဒါဆိုလည်း တော်သေးတာပေါ့ကွာ။ ဒါက ဒီကောင်လေးမှာ တကယ့်အရည်အချင်းရှိပြီး တောင်ပေါ်တက် တောကောင်ရှာနိုင်တယ်ဆိုတာကို ပြတာပဲ။ တကယ်လို့ တခြားလူတွေ ပြောသလို ကံကောင်းလို့ တောဝက်ကြီး နှစ်ကောင် ကောက်ရခဲ့တာမျိုးဆိုရင် နောက်ပိုင်း ဘာမှ ရှာမရနိုင်တော့ဘူး ဆိုရင်တော့ ငါလည်း အခက်တွေ့ရတော့မှာ”
လျိုလောင်ပန်က ယုံကြည်မှု အပြည့်ဖြင့် အာမခံလေသည်။
“ဒီကိစ္စအတွက်ကတော့ စိတ်ပူစရာ မလိုတော့ပါဘူးကွာ။ ယန်ချုံး ဒီနေ့ အိတ်ကြီး တစ်အိတ် အပြည့်ယူလာတယ်။ ဒီပုံစံအတိုင်းဆိုရင် နောက်ပိုင်း ငါတို့ ထမင်းစားခန်းမှာ တစ်နေ့ကို အသားဟင်း တစ်ခွက် သေချာပေါက် အာမခံနိုင်ပြီဟေ့”
ဟိုလီခွေက အကြံပြုသည့် ဟန်ဖြင့် ဆိုလိုက်သည်။
“ယန်ချုံး ဒီလိုလုပ်ပေးတာက မင်းကို အများကြီး ကူညီပေးတာပဲ လောင်လျိုရာ။ ဒါဆို မင်းအနေနဲ့ ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို ရာထူးလေး ဘာလေး တိုးပေးသင့်တယ် မဟုတ်လား”
လျိုလောင်ပန်သည် ခေါင်းကို ကုတ်လျက် ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“မင်းကတော့လေ လောင်ဟိုရာ... သူ စက်ရုံထဲ ဝင်လာတာ နှစ်ရက်၊ သုံးရက်ပဲ ရှိသေးတယ်။ မင်းက ငါ့ကို သူ့အတွက် ရာထူးတိုးပေး ခိုင်းနေပြန်ပြီ။ ဒါဆို တခြားလူတွေကို ငါက ဘယ်လိုသွားရှင်းပြရမလဲကွ”
ဟိုလီခွေက ရယ်မောလျက် အကြံပေးလိုက်သည်။
“ဒါက လွယ်လွယ်လေးပါကွာ။ တခြားလူတွေကို တိုက်ရိုက်သာ ပြောချလိုက်.. မင်းတို့လည်း အသား ဒီလောက်များများ ရအောင် ရှာနိုင်တဲ့ အရည်အချင်းရှိရင် မင်းတို့ကိုလည်း ရာထူးတိုးပေးမယ်လို့သာ ပြောလိုက်စမ်းပါ”
လျိုလောင်ပန်သည် သဘောကျစွာ ရယ်မောလိုက်ရင်း ပြောလေသည်။
“ဒီလိုပြောမယ်ဆိုရင်တော့ ခိုင်လုံတာပေါ့ကွာ။ အဲဒီကောင်တွေလည်း သေချာပေါက် ဘာမှ ပြောနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ နှစ်ရက်လောက်တော့ စောင့်ကြည့်ရအောင်ပါ။ သူက တစ်လကို တောဝက် နှစ်ကောင်၊ သုံးကောင် ရအောင် ရှာပေးမယ်လို့ ကတိပေးထားတာ မဟုတ်လား။ သူ ကတိတည်တဲ့ အချိန်ကျမှ ရာထူးတိုးပေးလည်း နောက်မကျပါဘူးလေ။ အဲဒီအချိန်ကျရင် ဘယ်သူမှ တစ်ခွန်းတောင် ဝင်ပြောရဲမှာ မဟုတ်တော့ဘူးကွ”