← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) - ဒီအခန်းကို ကျွန်တော် ဝယ်လိုက်ပြီ

ရက်အနည်းငယ်အတွင်းမှာပင် ယန်ချုံးသည် ဟိုလီခွေနှင့် လျိုလောင်ပန်တို့၏ ယုံကြည်မှုကို အခိုင်အမာ ရယူနိုင်ခဲ့လေသည်။ တစ်ပတ်ခန့် အကြာတွင်တော့ သူသည် ပေါင်ချိန်ရာနှင့်ချီ လေးသော တောဝက်ကြီး တစ်ကောင်ကို စက်ရုံ စားသောက်ဆောင်သို့ ထပ်မံဆွဲသွင်း လာခဲ့ပြန်သည်။ သူ၏ ဤစွမ်းဆောင်ရည်က ဟိုလီခွေအား အပြည့်အဝ စိတ်ချယုံကြည် သွားစေခဲ့ရုံသာမက ဘဏ္ဍာရေးဌာနမှ အသားဖိုးငွေ ယွမ် နှစ်ရာကျော်ကိုပါ ထုတ်ယူနိုင်ခွင့် ရရှိစေခဲ့သည်။ ထိုသို့ ငွေရပြီးနောက် သူ ပထမဆုံး ဦးတည်လိုက်သည့် နေရာကတော့ ရပ်ကွက်ကော်မတီရုံးမှ ဒါရိုက်တာလီထံသို့ပင် ဖြစ်သည်။

ယခင်အကြိမ်က ယန်ချုံး ပေးခဲ့သော ယုန်သား၏ အရသာကို မှတ်မိနေသေးသည့် ဒါရိုက်တာလီသည် သူ့ကို အဝေးမှ လှမ်းမြင်လိုက်သည်နှင့် တစ်မျက်နှာလုံး ပြုံးဖြီး သွားခဲ့လေတော့သည်။

“အို... ချုံးဇီပါလား။ ဒီနေ့ ဘယ်လိုလုပ် အားနေတာလဲ။ တာ့မားဆီတောင် လာလည်လို့ပါလားကွယ်”

“တာ့မားကလည်း ကိစ္စမရှိရင်တောင် လာမလည်ရတော့ဘူးလားလို့။ ကျွန်တော်က တာ့မားဆီကို လာချင်နေတာ ကြာလှပြီ။ ပုံမှန်ဆို စက်ရုံအတွက် ပစ္စည်းတွေ ထွက်ဝယ်နေရလို့ အချိန်မရတာနဲ့ မလာဖြစ်တာ။ ဒီနေ့တော့လေ...”

ထိုသို့ စကားစလိုက်ရင်း ယန်ချုံးသည် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာသွားသည်နှင့် သူလွယ်ထားသော ကျောပိုးအိတ်ကို ဒါရိုက်တာလီ၏ စားပွဲပေါ်သို့ ဖွဖွလေး ချပေးလိုက်ကာ အသံကို နှိမ့်၍ ဆိုလိုက်သည်။

“ဒီနေ့ တောကြက်လေး နည်းနည်း ပိုရလာလို့လေ။ တာ့မား မြည်းကြည့်လို့ ရအောင် တစ်ကောင် လာပေးတာ”

တောကြက် ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင်တော့ ဒါရိုက်တာလီ ခမျာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာကြီးပင် နီရဲသွားခဲ့သည်။ ဤခေတ် ဤအခါမျိုးတွင် တောကြက် မဆိုသည်ထားဘိ ရိုးရိုး အိမ်မွေးကြက်ပင်လျှင် ဝယ်ယူရရှိရန် ခဲယဉ်းလှပေသည်။ မှောင်ခိုဈေးတွင် ဈေးကြီးပေးဝယ်လျှင်ပင် အချိန်တိုင်း ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ တောကြက်ကဲ့သို့သော သားကောင်မျိုးကို ဖမ်းမိသူတိုင်းသည် မှောင်ခိုဈေးသို့ သွားရောက်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ဈေးကောင်းရအောင် ရောင်းချလေ့ရှိကြသည်။ သို့သော် ယန်ချုံးကမူ ထိုအဖိုးတန် တောကြက်ကို သူမထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပေးအပ်နေခြင်း ဖြစ်သည်။ ဒါရိုက်တာလီမှာ ဝမ်းသာလွန်းနေသော်လည်း တစ်ဖက်တွင် အားနာစိတ် ဝင်သွားကာ ငြင်းဆန်ရှာသည်။

“အိုကွယ်... ချုံးဇီရယ် ဒီလိုလုပ်လို့ သိပ်မကောင်းပါဘူး။ မင်းမှာ တောကြက် တစ်ကောင်ရဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ စက်ရုံကိုပဲ သွားသွင်းလိုက်ပါလား… ငွေနည်းနည်း ပိုရတာပေါ့”

“တာ့မားကလည်း… တာ့မားက ကျွန်တော့်အပေါ် အမြဲတမ်းကောင်းပြီး စောင့်ရှောက်ပေးခဲ့တာပဲဟာကို။ ကျွန်တော့်ဘက်က တောကြက် တစ်ကောင်လောက်တောင် လက်ဆောင်ပေးခွင့် မရှိတော့ဘူးလား။ စိတ်သာချပါ… စက်ရုံကို သွင်းရမဲ့ အကောင်တွေလည်း တစ်ကောင်မှ မလျော့ဘဲ အပြည့်သွင်းပြီးပါပြီ။ ဒါက တာ့မားအတွက် သီးသန့် ချန်ထားခဲ့တာပါ။ ဘယ်သူမှလည်း မသိပါဘူး”

ယန်ချုံး၏ စကားကြောင့် ဒါရိုက်တာလီလည်း စိတ်အေးသွားကာ ဆိုလေသည်။

“ဒါဆိုလည်း တာ့မား ယူထားလိုက်မယ်နော်”

ထိုသို့ပြောပြီး တောကြက်ကို နောက်ဖေး မီးဖိုချောင်ထဲသို့ အလျင်အမြန် သွားရောက် သိမ်းဆည်းလိုက်လေသည်။ အပြင်သို့ ပြန်ထွက်လာသောအခါ ယန်ချုံးကို မျက်နှာချိုသွေးကာ မေးလိုက်သည်။

“ဒါနဲ့ ချုံးဇီ… ဒီနေ့လာတာ တခြား ကိစ္စလေးများ ရှိသေးလို့လား။ ရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါကွယ်။ တာ့မား ကူညီပေးနိုင်တာဆိုရင် သေချာပေါက် ကူညီပေးမှာပေါ့”

ယန်ချုံးကလည်း အားနာ မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟ လိုက်တော့သည်။

“ဟုတ်ကဲ့ တာ့မား။ ဒါဆို ကျွန်တော်လည်း စကားကို လှည့်ပတ် မနေတော့ဘူးနော်။ ဒီလို… တာ့မားလည်း သိတဲ့အတိုင်း ကျွန်တော့်ညီမလေး နယ်ကနေ ရောက်နေတာ အချိန်အတိုင်းအတာ တစ်ခု ကြာနေပြီလေ။ အခုထိ ကျွန်တော်တို့ လင်မယားနဲ့ အတူတူ နေနေရတုန်းပဲ။ အချိန်ကြာလာတော့လည်း သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ခြံဝင်းထဲက အားနေတဲ့ အခန်းလေးကိုများ သူ့အတွက် ဝယ်ပေးလို့ ရမလားလို့ စဉ်းစားမိတာ။ တာ့မား... အဲဒါ ဖြစ်နိုင်မလားဟင်”

“ရတာကတော့ သေချာပေါက် ရပါတယ်ကွယ်။ မင်းတို့လင်မယားကလည်း အခုမှ လက်ထပ်ထားခါစဆိုတော့ အတူတူ ကြည်နူးဖို့ အချိန်လိုသေးတာပေါ့။ ရှောင်ကျွမ်းကလည်း အရွယ်ရောက်နေပြီဆိုတော့ အတူတူနေဖို့က တကယ်ကို မသင့်တော်ပါဘူး။ ဒါပေမဲ့ တာ့မား ကြိုတော့ ပြောထားရဦးမယ်နော်။ တို့တွေက ခင်မင်ရင်းနှီး ကြပေမဲ့လည်း ဒါက အစိုးရပိုင် ကိစ္စဆိုတော့လေ...”

ဒါရိုက်တာလီ၏ စကားမဆုံးခင် ယန်ချုံးက ဖြတ်ပြောလိုက်သည်။

“စိတ်ချပါ တာ့မား… ကျွန်တော် နားလည်ပါတယ်။ ပေးရမဲ့ ငွေကို တစ်ပြားမှ မလျော့စေရပါဘူး။ အစိုးရဆီက အမြတ်ထုတ်မှာလည်း မဟုတ်သလို တာ့မားကိုလည်း ကြားထဲမှာ အကျပ်အတည်း မဖြစ်စေရပါဘူး။ တခြားလူတွေ အတင်းအဖျင်း ပြောစရာလည်း အဖြစ်မခံပါဘူး”

“ဒီကလေးကို ကြည့်စမ်း... တကယ့်ကို လိမ္မာတာပဲ။ အမှန်အတိုင်းပြောရရင် မင်းတို့ဝင်းထဲက အဲဒီအခန်းကို မျက်စိကျနေတဲ့ မိသားစုတွေ အများကြီးရှိတယ်ကွဲ့။ လောင်ယန်တို့… ကျားမိသားစုတို့… ပြီးတော့ လျိုဟိုင်ကျုံးတို့ ဆိုရင်လည်း အဲဒီအခန်းကို ဝယ်ပြီး ကိုယ်တိုင် နေချင်နေကြတာ။ ဒါပေမဲ့ ဘာလို့ ဘယ်သူမှ လက်တွေ့ မလုပ်ကြတာလဲဆိုတော့ အဲဒီအခန်းအတွက် အစက သတ်မှတ်ထားတဲ့ ဈေးက နည်းနည်းများနေလို့ပဲ။ ယွမ် ၃၈၀ တောင် ပေးရမှာလေ။ အဲဒီငွေကို နည်းနည်းလေး ထပ်စိုက်လိုက်ရင် အပြင်ဘက်မှာ အခန်းနှစ်ခန်း၊ သုံးခန်းလောက်တောင် ဝယ်လို့ရတယ်ကွဲ့။ ဒါကြောင့်မို့လို့ အရှုံးပေါ်မယ်ထင်ပြီး ဘယ်သူမှ မဝယ်ကြတာ။ ချုံးဇီ... တာ့မားက မင်းကို ရိုးသားတဲ့ ကလေး… လူကောင်း… ပြီးတော့ တာ့မားနဲ့လည်း စကားပြောလို့ အဆင်ပြေတယ်လို့ မြင်ပေမဲ့ အစိုးရကိစ္စ ဖြစ်နေတော့ တာ့မားလည်း တကယ် မတတ်နိုင်ဘူးကွယ်...”

လီတာ့မာ၏ စကားပင် မဆုံးလိုက်ချေ။ ယန်ချုံးက ကြားဖြတ်ကာ အတည်ပြုလိုက်သည်။

“ယွမ် ၃၈၀ မလား… ရပါတယ်။ ကျွန်တော် ဝယ်မယ်”

ထိုသို့ ပြောဆိုရင်း အင်္ကျီအိတ်ကပ် အတွင်းမှ အမည်းရောင် ဆယ်ယွမ်တန် ငွေစက္ကူ တစ်ထပ်ကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် ၃၈ ရွက်တိတိ ရေတွက်ကာ ဒါရိုက်တာလီ၏ ရှေ့သို့ တည်ငြိမ်စွာ ချပေးလိုက်သည်။ တောဝက်ကြီး တစ်ကောင်လုံးကို အခုလေးတင် ရောင်းချထားခဲ့သည့် အပြင် ယခင်ရက်များက နေ့စဉ် ရောင်းချခဲ့သော တောယုန်နှင့် တောကြက်များမှ ရရှိသည့် ငွေများပါ စုဆောင်းမိနေပြီ ဖြစ်ရာ သူ့အတွက် ယွမ် ၃၈၀ ဟူသော ပမာဏသည် ကြီးမားသော အခက်အခဲ တစ်ရပ် မဟုတ်တော့ချေ။

“ကလေးရယ်... မင်း ထပ်ပြီး မစဉ်းစားတော့ဘူးလား။ ဒီအခန်းက တကယ်ကို ဈေးများတာ… ဝယ်လိုက်ရင် မင်းအတွက် နည်းနည်း ရှုံးလိမ့်မယ်နော်”

ဒါရိုက်တာလီက အလန့်တကြား သတိပေးလာသည်။

“ဒါရိုက်တာလီ… ကိစ္စ မရှိပါဘူး။ ဒီအခန်းက ဈေးနည်းနည်း များတယ်ဆိုပေမဲ့ ကျွန်တော့်အိမ်နဲ့ နီးတယ်လေ။ ကျွန်တော့်ညီမလေးက မိန်းကလေးဆိုတော့ ဝေးဝေးမှာ သွားနေရရင် ကျွန်တော် စိတ်မချဘူး။ ဈေးနည်းနည်း ပိုများလည်း စိတ်အေးရတာပေါ့။ ဒါ့အပြင် ဒီလောက် ဈေးမများရင်လည်း ဒီအခန်းက ကျွန်တော့်အလှည့် ဘယ်ရောက်လာပါ့မလဲ”

ယန်ချုံး၏ စကားများကို ဒါရိုက်တာလီလည်း သဘောကျစွာ ခေါင်းညိတ် ထောက်ခံလိုက်သည်။

“မင်းပြောတာလည်း အကြောင်းပြချက် ခိုင်လုံပါတယ်။ ဒါဆိုလည်း တာ့မား ငွေကို ယူထားလိုက်မယ်နော်။ အခုပဲ စာရွက်စာတမ်းတွေ အမြန်လုပ်ပေးမယ်”

ထို့နောက် ငွေများကို သိမ်းဆည်းလိုက်ပြီး ယန်ချုံးအတွက် အိမ်အရောင်းအဝယ် စာချုပ်စာတမ်း တစ်စောင်ကို စနစ်တကျ ရေးပေးလိုက်သည်။ ထိုစာရွက်ပေါ်တွင် ရပ်ကွက်ကော်မတီ၏ အနီရောင် တံဆိပ်တုံးကြီးကိုပါ ခပ်နှိပ်ပေးလိုက်လေသည်။

“ရပါပြီ တာ့မား… ကျေးဇူးတင်ပါတယ်။ ဒါဆို တာ့မား အလုပ် ဆက်လုပ်ပါဦး။ ကျွန်တော် အိမ်ပြန်ပြီး အခန်း ရှင်းရဦးမယ်။ ကျွန်တော့်ညီမလေး အမြန်ဆုံး ဝင်နေလို့ရအောင် အခန်းကို အမြန်ရှင်းရမှာ မို့လို့”

တရားဝင် စာရွက်စာတမ်းများ ရရှိသွားသည်နှင့် ယန်ချုံးသည် ထပ်မံ အချိန်ဆွဲ မနေတော့ဘဲ အခန်းသော့ကို ယူကာ ထွက်ခွာလာခဲ့လေသည်။ သူသည် စစ်ဟဲ့ယွမ်သို့ တိုက်ရိုက် မပြန်သေးဘဲ ထျန်းချောင်ဘက်သို့ ကွေ့ဝင်ကာ ပန်းရန်ဆရာ နှစ်ဦးကို သွားရောက် ခေါ်ယူခဲ့သည်။ အလုပ်သမား နှစ်ဦးကိုပါ ခေါ်ဆောင်လာသော ယန်ချုံးသည် စစ်ဟဲ့ယွမ် ဝင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင်တော့ ခြံဝင်းထဲရှိ လူအများမှာ သိချင်စိတ်များ ပြင်းပြစွာဖြင့် စပ်စုကြည့်ရှု လာကြတော့သည်။ ယန်ရှောင်ကျွမ်းကလည်း သိချင်စိတ်ဖြင့် အမြန်မေးလိုက်သည်။

“အစ်ကိုကြီး... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ ဒီဦးလေး နှစ်ယောက်ကရော ဘယ်သူတွေလဲဟင်”

“ဪ... ဒါက ငါတို့အိမ်ကို လာပြင်ပေးမဲ့ ပန်းရန် ဆရာတွေလေ”

“အိမ်ပြင်မလို့လား... ကောင်းနေတဲ့ အိမ်ကြီးကို ဘာလို့ ပြင်ရမှာလဲ အစ်ကိုကြီးရဲ့”

ယန်ရှောင်ကျွမ်းမှာ နားမလည်နိုင်စွာဖြင့် ထပ်မေးလိုက်သည်။

“ဒီအခန်း နှစ်ခန်းကို ပြင်မှာ မဟုတ်ဘူး ညီမလေး… ဟိုဘက်အခန်းကို ပြင်မှာ”

ဤသို့ဆိုရင်း အလုပ်သမား နှစ်ဦးကို ခေါ်ကာ မြောက်ဘက်ရှိ အခန်းငယ်လေး အရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သော့ကို ထုတ်ယူကာ အခန်းတံခါးတွင် ခတ်ထားသော သော့ခလောက်ကြီးအား ဖွင့်ချလိုက်လေသည်။ ခြံဝင်းထဲရှိ လူအများ၏ အာရုံသည် ယန်ချုံးထံတွင်သာ စူးစိုက်နေကြခြင်း ဖြစ်သည်။ လစ်လပ်နေသော ထိုအခန်းတံခါးအား သူ ဖွင့်လိုက်သည်ကို မြင်လိုက်ရသောအခါ အားလုံးပင် အံ့သြမှင်သက် သွားကြတော့သည်။ ထိုစဉ် ယီတာ့မားသည် အရှေ့သို့ အမြန် လျှောက်လှမ်းလာပြီး စကားစလာသည်။

“ချုံးဇီ... တာ့မား တစ်ခုလောက် မေးမယ်ကွယ်… စိတ်တော့ မဆိုးနဲ့နော်”

ယန်ချုံးသည် ယီကျုံးဟိုင်အပေါ် အလွန် ရွံရှာ မုန်းတီးသော်လည်း ယီတာ့မား အပေါ်တွင်မူ ယဉ်ကျေးပျူငှာစွာ ဆက်ဆံလေ့ရှိသည်။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ကာ တုံ့ပြန်လိုက်သည်။

“ရပါတယ် ယီတာ့မား… ပြောစရာရှိတာ ပြောပါ”

“ဒီလိုကွဲ့ ချုံးဇီရဲ့... ဒီအခန်းက အမြဲတမ်း အားနေတယ် ဆိုပေမဲ့ ရပ်ကွက်ပိုင် အခန်းလေ။ အခုလို မင်းသဘောနဲ့ မင်း သွားဖွင့်လိုက်တာကို ရပ်ကွက်က လူတွေ သိသွားရင် မကောင်းဘူးနော်”

ခပ်လှမ်းလှမ်းတွင် ရပ်နေသော ကျားကျန်းရှစ်မှာမူ စောစောကတည်းက ကြည့်မရ ဖြစ်နေသည်မို့လို့ မခံချိမခံသာဖြင့် အော်ဟစ်လိုက်တော့သည်။

“ယီတာ့မားရယ်... အဲဒီကောင်နဲ့ အပိုစကားတွေ သွားပြောနေစရာ လိုလို့လား။ ရပ်ကွက်ကို တိုက်ရိုက်သာ သွားတိုင်လိုက်စမ်းပါ။ ရပ်ကွက်ပိုင် ပစ္စည်းကို ကိုယ့်သဘောနဲ့ ကိုယ် ဖျက်ဆီးပါတယ်ဆိုပြီး ရဲခေါ်ဖမ်းခိုင်းလိုက်”

ထိုအချိန်၌ အိမ်ထဲမှ ထွက်လာသော ဝမ်ရှန်(ဒေါ်လေးဝမ်)က အခြေအနေကို ရိပ်မိသွားကာ ယန်ချုံးထံ အပြေးအလွှား သွား၍ ဆွဲထားလိုက်သည်။ ယန်ရှောင်ကျွမ်းသည်လည်း အစ်ကိုဖြစ်သူအနီးသို့ အမြန်ပြေးလာခဲ့သည်။

“ချုံးဇီ... လျှောက်မလုပ်နဲ့နော်။ ရပ်ကွက်ပိုင် အခန်းကို သွားထိလို့ မရဘူးကွဲ့”

ဝမ်ရှန်က စိုးရိမ်တကြီး ပြောရှာသည်။

ယန်ချုံးကမူ ထိတ်လန့်နေခြင်း အလျင်း မရှိဘဲ ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်လေသည်။

“ဒေါ်လေးဝမ်... ယီတာ့မား... ကျွန်တော်က ရပ်ကွက်ပိုင် အခန်းကို ကိုယ့်သဘောနဲ့ ဝင်ဖွင့်နေတာ မဟုတ်ပါဘူး။ ဒီအခန်းက အခုဆို ကျွန်တော့်အိမ်ပိုင် ဖြစ်သွားပြီ”

စကားဆုံးသည်နှင့် သူ၏ အိတ်ကပ်အတွင်းမှ လီတာမားကိုယ်တိုင် ရေးပေးလိုက်သော အိမ်အရောင်းအဝယ် စာချုပ်စာတမ်းကို ထုတ်ပြလိုက်လေသည်။

“ဒီမှာ ကြည့်ကြ… ဒါ ကျွန်တော် အိမ်ဝယ်ထားတဲ့ စာရွက်ပဲ။ အပေါ်မှာ ရပ်ကွက်ကော်မတီရဲ့ တံဆိပ်တုံးကြီးတောင် ပါသေးတယ်”

ပတ်ဝန်းကျင်မှ လူအများမှာ သူ၏ စကားကို မယုံသင်္ကာ ဖြစ်သွားကြသော်လည်း စာရွက်ပေါ်တွင် ထင်ရှားစွာ ခပ်နှိပ်ထားသော ရပ်ကွက်ကော်မတီ၏ အနီရောင် တံဆိပ်တုံးကြီးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်တွင်တော့ မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။ ယီတာ့မားသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ဆိုလေသည်။

“ဪ... ဝယ်လိုက်တာလား... ဝယ်လိုက်တာ ကောင်းတာပေါ့ကွယ်။ ကိုယ် ဝယ်ထားမှတော့ ကိုယ်ဖွင့်လို့ ရတာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် လှည့်ကာ သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ဝမ်ရှန်ကတော့ အံ့သြဝမ်းသာ ဖြစ်သွားကာ ပြောလာသည်။

“ချုံးဇီက အခု တကယ်ကို ကြီးပွားနေတာပဲဟေ့။ အိမ်ဝယ်နိုင်တဲ့ အထိတောင် ငွေတွေ ရှိနေပြီပေါ့။ ဒါပေမဲ့ မင်းတို့ အခန်း နှစ်ခန်းနဲ့ အဆင်ပြေနေတာပဲ မဟုတ်လား။ ဘာလို့ ငွေတွေ အများကြီး အကုန်ခံပြီး အိမ်ဝယ်ရတာလဲကွယ်။ ယွမ် ၃၈၀ ဆိုတာ တော်တော်လေးကို ဈေးကြီးတာနော်”

ထိုအခါ ယန်ချုံးက ညင်သာစွာပင် ပြန်လည်ရှင်းပြ လိုက်လေသည်။

“အဒေါ်ဝမ်ရယ်... ဟိုအခန်း နှစ်ခန်းက ကျွန်တော်နဲ့ ရှို့အာ နေဖို့လေ။ အခုဝယ်လိုက်တဲ့ အခန်းက ရှောင်ကျွမ်းအတွက်ပါ။ သူကလည်း အရွယ်ရောက်နေတဲ့ မိန်းကလေးဖြစ်နေပြီ ဆိုတော့ သူ့အတွက် သီးသန့် အခန်းလေး ရှိသင့်တယ်လေ”

All Chapters