အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) - ရှင်းလင် ဆေးပညာမျိုးရိုး
ချန်ရွှယ်ရူသည် ပွင့်လင်းပြတ်သားသော သဘာဝ ရှိသူပီပီ စိတ်ကူးပေါ်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကောင်အထည် ဖော်တတ်လေသည်။ ထို့ကြောင့် ဆိုင်အား ချက်ချင်းပိတ်ကာ ယန်ချုံးကို ခေါ်၍ ထွက်လာခဲ့တော့သည်။ ဆိုင်ရှေ့ရှိ ဘတ်စ်ကား မှတ်တိုင်တွင် အချိန် အနည်းငယ်မျှ စောင့်ဆိုင်းလိုက်ရုံဖြင့် ကားတစ်စီး ဆိုက်ရောက်လာရာ သူတို့နှစ်ဦးသား ကားပေါ်သို့ အတူတက်လိုက်ကြသည်။
ယာဉ်ပေါ်တွင် ခရီးသည်များ ပြည့်နှက်နေသည်။ နုပျိုလှပသော ချန်ရွှယ်ရူ ကားပေါ်သို့ တက်လှမ်းလာသည်နှင့် တစ်ပြိုင်နက် အမျိုးသား အများအပြား၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။ သို့ငြားလည်း ဤခေတ်ကာလ၏ အခြေအနေအရ အလှအပကို စူးစိုက် ကြည့်ဝံ့သူကား ခပ်ရှားရှားပင်။ လူအများမှာ မျက်စိတစ်ဆုံး ခိုးကြောင်ခိုးဝှက် ငေးမောကြည့် ပြီးသည်နှင့် ဘာမျှ မဖြစ်ခဲ့ သကဲ့သို့ ဟန်လုပ်ကာ မျက်နှာလွှဲသွား တတ်ကြသည်။
ချန်ရွှယ်ရူကတော့ ထိုသို့သော အကြည့်မျိုးများနှင့် ယဉ်ပါးနေခဲ့ပြီ ဖြစ်ဟန်တူသည်။ မလွတ်လပ်သည့်ဟန် အလျဉ်းမပြဘဲ ဘေးတွင် ရပ်နေသော ယန်ချုံးနှင့်သာ အဆက်မပြတ် ရယ်မော စကားဆိုနေလေရာ ကားပေါ်ရှိ အမျိုးသားအပေါင်း၏ ရင်ထဲ၌ ယန်ချုံးအပေါ် မနာလိုဝန်တို စိတ်များ အုံကြွလာကြတော့သည်။
“ဒါနဲ့ ယန်ချုံး... ရှင်က သံမဏိစက်ရုံမှာ ဝယ်ယူရေးမှူး လုပ်တာဆိုတော့ ပုံမှန်ဆို အဓိက ဘာတွေ ဝယ်ရတာလဲ။ သံရိုင်းတွေလား… သံမဏိတွေလား… ဒါမှမဟုတ် ကျောက်မီးသွေးလား။ဪ ဒါနဲ့... ရှင့်စက်ရုံမှာ အထည်အလိပ်တွေရော ဝယ်ဖို့လိုသေးလား”
ချန်ရွှယ်ရူက မေးလိုက်သည်။
ယန်ချုံးသည် အနေရ ခက်စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ရှင်းပြလေသည်။
“တစ်ခုမှ မဟုတ်ဘူး။ သံရိုင်းတို့ သံမဏိတို့လို ထုတ်လုပ်ရေး ကုန်ကြမ်းတွေ ဝယ်ဖို့က တာဝန်ခံ သီးသန့်ရှိတယ်။ အထည်တွေလည်း ဝယ်ဖို့ မလိုလောက်ဘူး။ ကျွန်တော်က စားသောက်ဆောင်အတွက် အသားဝယ်ဖို့လောက်ပဲ တာဝန်ယူရတာ”
“အသားဝယ်တာလား”
ချန်ရွှယ်ရူသည် သဘောတကျ တခစ်ခစ် ရယ်မောလိုက်ရင်း ဆက်ပြောသည်။
“ဒါဆို နောက်ဆို အသားစားချင်လာရင် ရှင့်ဆီ လာရှာလို့ရပြီပေါ့”
ယန်ချုံးက ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်ကာ ဆိုသည်။
“ဟုတ်တယ်။ ဝက်သားဖြစ်ဖြစ် ယုန်သား… တောကြက်သား ဘာပဲ စားချင်စားချင် ကျွန်တော့်ကိုသာ ပြောလိုက်”
“တကယ်လား… အလကား လေလုံးထွားနေတာတော့ မဟုတ်ပါဘူးနော်။ ရှင် တကယ်ရော အသားဝယ်နိုင်လို့လား။ အခုလို အချိန်အခါမျိုးမှာ အသားဝယ်ရတာ သိပ်ခက်တာကို။ စစ်ကျိုချန် ပေကျင်းက နိုင်ငံပိုင် စက်ရုံတချို့ရဲ့ စားသောက်ဆောင်တွေမှာတောင် အသားမစားရဘူးလို့ ကျွန်မ ကြားထားတယ်နော်”
ချန်ရွှယ်ရူက သံသယ အငွေ့အသက် အနည်းငယ် စွက်လျက် မေးခွန်းထုတ်လိုက်သည်။
ယန်ချုံးကလည်း ပြန်လည် တုံ့ပြန်လိုက်သည်။
“အရင်ကဆို ကျွန်တော်တို့ စက်ရုံမှာလည်း မစားရပါဘူး။ ကျွန်တော် ရောက်သွားမှသာ စားရတာ”
ချန်ရွှယ်ရူထံမှ ရယ်သံလွင်လွင်က ထပ်မံထွက်ပေါ် လာပြန်ကာ ပြောသည်။
“အစ်ကိုကြီးရယ်... ရှင်က လေလုံးထွားတာတောင် မျက်နှာတစ်ချက် မပူဘူးပဲ။ ရှင်ပြောနေတာတွေက တကယ်ကြီး ကျနေတာပဲ”
ယန်ချုံး တစ်ယောက် ဆွံ့အသွားရသည်။
‘ငါ အမှန်တိုင်းပြောနေတာကို ဘာလို့ အမြဲတမ်း မယုံရတာပါလိမ့်’
သူ့စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူတို့နှစ်ဦးသား စကားစမြည် ပြောဆိုနေကြစဉ် မကြာမီမှာပင် ချန်ရွှယ်ရူက “ရောက်ပြီ” ဟုဆိုကာ ယန်ချုံးကို ခေါ်၍ ကားပေါ်မှ ဆင်းခဲ့ကြသည်။ ဟူထုံးခေါ် လမ်းသွယ်လေး တစ်ခု အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လမ်းသွယ်၏ အဆုံးစွန်သို့ အရောက်တွင် အလွန်တရာ ခမ်းနားကြီးမားလှသော တံခါးပေါက်ကြီး တစ်ခုက သူတို့ရှေ့မှောက်၌ ပေါ်လာလေသည်။
အိမ်ကြီး၏ အသွင်အပြင်ကို တစ်ချက်ဝေ့ကြည့် လိုက်သည်နှင့် သာမန်မိသားစု တစ်စု၏ နေအိမ် မဟုတ်ကြောင်း သိသာလှသည်။ တံခါးပေါက်ကြီးသည် သာမန်အိမ်များထက် များစွာပို၍ ကြီးမားခမ်းနား နေရုံမျှ သာမက ခြံဝင်း အကျယ်အဝန်းမှာလည်း နှစ်ဆ၊ သုံးဆခန့် ပိုမိုကျယ်ဝန်းကာ ခြံစည်းရိုး တံတိုင်းကြီးမှာ မီတာ သုံးဆယ်ကျော်မျှ ရှည်လျား တန်းစီလျက်ရှိသည်။
ခြံတံခါးဝသည် အတွင်းဘက်သို့ အနည်းငယ် ချိုင့်ဝင်နေပြီး တစ်ဖက်တစ်ချက်စီတွင်မူ မျက်လုံးပြူးပြူးဖြင့် ဒေါသထွက်နေဟန် ရှိသော ကျောက်ခြင်္သေ့ရုပ်ကြီး နှစ်ကောင်က အစောင့်အကြပ်သဖွယ် နေရာယူထားကြသည်။ မြင့်မားကျယ်ဝန်းလှသည့် ခြံတံခါးကြီး၏ မျက်နှာပြင်ထက်တွင် ရွှေဝါရောင် ကြေးမှိုလုံးကြီးများကို အစီအရီ ရိုက်နှက်တန်ဆာ ဆင်ထားလေသည်။
တံခါးကြီး၏ အထက်တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားပြီး “ရှင်းလင်ရှစ်ကျား ဆေးပညာမျိုးရိုး” ဟူ၍ ခန့်ညားစွာ ရေးသားထားသည်။
ယခုအချိန်တွင်မူ တံခါးဝ၌ လူအများအပြား ရောက်ရှိနေကြလေပြီ။ တံခါးဝမှ စတင်ကာ မီတာ ဆယ်ကျော်အထိ အတန်းရှည်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထိုသို့ တန်းစီနေသူများအနက် တစ်ကိုယ်တော် လာရောက်သူများ ရှိသကဲ့သို့ နှစ်ဦး၊ သုံးဦးတွဲလျက် လာသူများလည်း ရှိကြပြီး အားလုံး၏ မျက်နှာများအထက်တွင် ညှိုးနွမ်းခြောက်သွေ့သော အရိပ်အယောင်များကို မြင်တွေ့နေရသည်။
ယန်ချုံးက လူအုပ်ကြီးကို အကြမ်းဖျင်း ဝေ့ကြည့်လိုက်ရာ ထိုလူများစွာထဲမှ အများစုမှာ နာတာရှည် ရောဂါဆိုးများ စွဲကပ်ခံစား နေရသူများ ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။ စနစ်၏ နတ်ဘုရားအဆင့် တရုတ်တိုင်းရင်း ဆေးပညာ စွမ်းရည်မှာ အမှန်တကယ်ပင် အစွမ်းထက်မြက်လှသည်။ တစ်ဖက်လူအား တစ်ချက်မျှ ကြည့်ရှုလိုက်ရုံဖြင့် ထိုသူ၏ ခန္ဓာကိုယ် အခြေအနေ အချက်အလက်များကို အသေးစိတ် ဖော်ပြပေးနိုင်စွမ်း ရှိသည်။
အကဲခတ်ရသလောက် ဤနေရာသည် တရုတ်တိုင်းရင်း ဆေးပညာ မျိုးရိုးစဉ်ဆက် ဆင်းသက်လာသည့် အလွန် နာမည်ကျော်ကြားသော နေရာတစ်ခု ဖြစ်ပုံရသည်။ ဤလူများ အားလုံးသည် ဤအရပ်သို့ ဆေးကုသမှုခံယူရန် လာရောက်ကြခြင်းသာ ဖြစ်ပေမည်။
ထိုအခါ ယန်ချုံး၏ စိတ်အာရုံ၌ ဤအိမ်ကြီးအပေါ် အလွန်တရာ စိတ်ဝင်စားမှုတို့ ကိန်းအောင်းသွားတော့သည်။ အကယ်၍ ဤအချက်သည်သာ မှန်ကန်ခဲ့ပါလျှင် သူ အလိုရှိနေသော ဆေးဖက်ဝင် အပင် အနည်းငယ်ကို ရှာဖွေရန် သိပ်၍ ခက်ခဲလှမည် မဟုတ်တော့ချေ။
ချန်ရွှယ်ရူကမူ ဤမြင်ကွင်းများကို အထပ်ထပ်အခါခါ မြင်တွေ့ဖူးပြီးပြီ ဖြစ်ဟန်တူသည်။
“ကျွန်မနောက်က လိုက်ခဲ့လေ”
ထိုသို့ တစ်ခွန်းဆိုလိုက် ပြီးနောက် ယန်ချုံးကို ခေါ်ကာ တန်းစီနေသည့် လူတန်းရှည်ကြီး၏ ဘေးမှဖြတ်၍ တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။
ခြံတံခါးကြီးအား တင်းကျပ်စွာ ပိတ်ထားလေသည်။ တန်းစီနေသူများကလည်း အသိစိတ် အပြည့်ဖြင့် မိမိတို့နေရာ၌ ငြိမ်သက်စွာ ရပ်နေကြပြီး တံခါးပွင့်လာကာ အထဲမှ လူတစ်ယောက် ထွက်လာသည်နှင့် အပြင်မှ လူတစ်ယောက် အစားထိုး ဝင်ရောက်သွားလေ့ ရှိသည်။ ထိုအခါ ကျန်ရှိနေသူများက အလိုအလျောက် ရှေ့သို့ တစ်လှမ်းချင်း တိုးသွားကြသည်။
ချန်ရွှယ်ရူသည် တံခါးကြီး၏ ဘေးဘက်သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။ ထိုနံရံဘက်၌ ပြတင်းပေါက်ငယ်လေး တစ်ခု ဖောက်ထားသည်အား ယန်ချုံး သတိပြုမိလိုက်စဉ်မှာပင် ချန်ရွှယ်ရူက ထိုပြတင်းပေါက်ငယ်ကို ဖွဖွလေး နှစ်ချက်မျှ ခေါက်လိုက်သည်။
ပြတင်းပေါက်ငယ် ပွင့်လာသည်နှင့် တစ်ပြိုင်နက် အထဲမှ လူက စိတ်မရှည်သော လေသံဖြင့် ခပ်ငေါက်ငေါက် ဆိုလိုက်သည်။
“ဘာကိစ္စ ခေါက်နေတာလဲ။ ဟိုဘက်မှာ တန်းစီနေကြတာ မမြင်ဘူးလား။ အသိစိတ်လေး ထားပြီး သွားတန်းစီချေ”
ထိုအခါ တန်းစီနေသူများ အားလုံးက ခေါင်းလှည့်လာကာ ချန်ရွှယ်ရူကို စူးစိုက်ကြည့်လာ ကြတော့သည်။ ချန်ရွှယ်ရူသည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လျက် ပြတင်းပေါက်အတွင်းသို့ ကြည့်ကာ အပြုံးပန်းဆင်လျက် လှမ်းပြောလိုက်သည်။
“ဆရာဝမ်... ကျွန်မ ရွှယ်ရူပါ”
ထိုအခါ အထဲမှ ချက်ချင်းပင် ပြုံးရွှင်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာလေပြီး ပျာပျာသလဲ တောင်းပန်လာသည်။
“အို... သူဌေးမလေး ရွှယ်ရူကိုး။ ဘယ်သူများလဲလို့။ သူဌေးမလေး ရွှယ်ရူရာ... ကျွန်တော့်ကို အပြစ်မယူပါနဲ့”
ချန်ရွှယ်ရူက ပြုံးလျက်ပင် ပြောသည်။
“ဘယ်ကသာ ဆရာဝမ်ရယ်... ကိစ္စတိုင်းမှာ စည်းကမ်းဆိုတာ ရှိစမြဲပဲလေ။ ဆရာဝမ် ဒီလိုလုပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာဝမ်... ကျွန်မ ဒီနေ့ လာတာက ဆေးခန်းပြဖို့ မဟုတ်ဘူး။ ဆရာဖန်ကျိဟွေးကို လာရှာတာပါ။ သွားပြီး သတင်းလေး ပို့ပေးလို့ ရမလား”
ဆရာဝမ်က ချက်ချင်းပင် အလျင်စလို ပြန်ဖြေသည်။
“သူဌေးမလေး ရွှယ်ရူ လာတာကို မရစရာ အကြောင်းရှိပါ့မလား။ ကျွန်တော်ကများ သူဌေးမလေး ရွှယ်ရူကို အပြင်မှာ တားထားရဲရင် ဆရာကျိဟွေး သိတာနဲ့ ကျွန်တော့်ကို အလုပ်ထုတ်ပစ်မှာပေါ့။ သူဌေးမလေး ရွှယ်ရူ ခဏလေး စောင့်ပါနော်… ကျွန်တော် အခုပဲ တံခါးဖွင့်ပေးမယ်”
မကြာမီမှာပင် တံခါးကြီးသည် ဂျီကနဲ အသံမည်လျက် ပွင့်ဟသွားပြီး ဆရာဝမ် ထွက်လာကာ ချန်ရွှယ်ရူနှင့် ယန်ချုံးတို့ကို အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
လမ်းလျှောက်နေရင်း ဆရာဝမ်က စကားစလိုက်သည်။
“သူဌေးမလေး ရွှယ်ရူက ဒီနေ့ ဘယ်လိုဖြစ်လို့ ကိုယ်တိုင် အားလပ်ပြီး လာရတာလဲ။ ဆရာကျိဟွေးသာ ခင်ဗျား လာရှာမှန်းသိရင် သေချာပေါက် ပြေးပြီး လာတွေ့မှာပဲ”
ချန်ရွှယ်ရူက ပြုံးရွှင်စွာဖြင့် ဆိုသည်။
“ဆရာကျိဟွေးကို အကူအညီတောင်းစရာ ကိစ္စလေး နည်းနည်း ရှိလို့လေ။ ကိုယ်တိုင် မလာလို့ ဖြစ်ပါ့မလား”
ယန်ချုံးကမူ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩမဆုံး ဖြစ်နေမိသည်။ ချန်ရွှယ်ရူနှင့် ဤအိမ်ရှင်တို့ကြားတွင် မည်သို့သော ပတ်သက်မှုမျိုး ရှိနေ၍ ဤမျှလောက် မျက်နှာပွင့်လန်း နေရသနည်းဟု အတွေးပွားနေမိသည်။ ထို့အပြင် အစေခံဖြစ်သူ၏ လေသံကို နားထောင်ရသလောက် ဤဆရာကျိဟွေး ဆိုသူသည် သူမအပေါ် အတော်လေး ဂရုတစိုက်ရှိလှကြောင်း သိသာလှပေသည်။
ခြံဝင်းကြီးမှာ အလွန်ပင် ကျယ်ဝန်းလှသည်။ အရှေ့ဘက်ခြံဝင်းကို ဖြတ်ကျော်ကာ အနောက်ဘက်ခြံဝင်းသို့ ရောက်ရှိပြီးနောက်တွင် ဆရာဝမ်က သူတို့ကို ဘေးဘက်ရှိ သီးခြား ခြံဝင်း တစ်ခုဆီသို့ ဆက်လက်ခေါ်ဆောင် သွားပြန်သည်။ သီးခြား ခြံဝင်း အတွင်းသို့ ခြေချလိုက်သည်နှင့် ခြံထဲ၌ လူအချို့ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ ထိုသူများသည် အပြင်ဘက်တွင် တန်းစီနေသူများနှင့် ဆင်တူပြီး အားလုံးက ဆေးလာရောက် ကုသသူများ ဖြစ်ဟန် တူသည်။
ဆရာဝမ်က လှည့်ကာ ဆိုသည်။
“သူဌေးမလေး ရွှယ်ရူ... ခဏလေး စောင့်ပါဦးနော်။ ကျွန်တော် ဆရာကျိဟွေးကို ခင်ဗျားလာတဲ့ အကြောင်း သွားပြောလိုက်ပါ့မယ်”
ချန်ရွှယ်ရူက ပြုံးလျက် ခေါင်းညိတ်ပြကာ ရပ်စောင့်နေလိုက်သည်။ မကြာမီမှာပင် အင်္ကျီရှည်ဝတ်ဆင်ကာ မျက်မှန်တပ်ထားသော လူရွယ်တစ်ဦး ဧည့်ခန်းမဆောင်အတွင်းမှ ခပ်သုတ်သုတ် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ချန်ရွှယ်ရူကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်ဝန်းများ အရောင်လင်းလက်သွားကာ ဝမ်းသာအားရ ဆိုလေသည်။
“ရွှယ်ရူ... ဘယ်လို ရောက်လာတာလဲ။ ကြိုပြီး ဘာလို့ မပြောတာလဲ။ ပြောရင် ကျွန်တော် တံခါးဝအထိ လာကြိုမှာပေါ့”
ချန်ရွှယ်ရူက အပြုံး မပျက်ဘဲ ပြောလိုက်သည်။
“ဆရာကျိဟွေး... ကျွန်မ ဒီနေ့ ရှင်ဆီလာတာက ရှင့်ကို အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိလို့ပါ”
ထိုအခါ လူငယ်ဖြစ်သူက ချက်ချင်းပင် ပြောလေတော့သည်။
“ဒီလောက် အားနာနေစရာ လိုလို့လား။ ဘာကိစ္စရှိရှိ ပြောသာပြောပါ။ မင်းက ကောင်းကင်ပေါ်က လကို လိုချင်တယ် ဆိုရင်တောင် ကိုယ် ဆွတ်ခူးပေးမှာပါ”
ထိုသို့ ပြောဆိုလိုက်ရင်း သူ့မျက်လုံးများက ချန်ရွှယ်ရူ၏ ဘေးတွင် ရပ်နေသော ယန်ချုံးထံသို့ အလိုအလျောက် ရောက်ရှိသွားကာ အကဲခတ် ကြည့်ရှုနေမိသည်။
ချန်ရွှယ်ရူက ရယ်သွမ်းသွေးရင်း ပြောလိုက်သည်။
“ကောင်းကင်ပေါ်က လကိုတော့ ကျွန်မ မတောင်းရဲပါဘူး။ ရှင်သာ ဆွတ်ခူးပေးခဲ့ရင် လူဘယ်နှယောက်ကများ ကျွန်မကို ကျိန်ဆဲကြမလဲ မသိဘူး”
ဤသို့ ပြောလိုက်ပြီးနောက် မိတ်ဆက်ပေးလိုက်သည်။
“ကျွန်မ မိတ်ဆက်ပေးမယ်။ ယန်ချုံး... ဒီအစ်ကိုက ဆရာဖန်ကျိဟွေးတဲ့။ သူရဲ့အဘိုး အဘိုးဖန်က စစ်ကျိုချန် ပေကျင်း တစ်မြို့လုံးမှာ နာမည်ကြီးတဲ့ တိုင်းရင်း ဆေးဆရာကြီးလေ။ ဘိုးစဉ်ဘောင်ဆက် ဆေးပညာမျိုးရိုးပေါ့။ အခုနက ရှင်လည်း မြင်တဲ့ အတိုင်းပဲ။ နေ့တိုင်း လူဘယ်လောက်များများက အဘိုးဖန်ဆီမှာ ဆေးကုသမှု ခံယူဖို့ တန်းစီနေကြရတာလဲ”
ထို့နောက် ဖန်ကျိဟွေးဘက်သို့ လှည့်ကာ ဆက်လက် မိတ်ဆက် ပေးလိုက်သည်။
“ဆရာကျိဟွေး... ဒါက ယန်ချုံးတဲ့။ သူက သံမဏိစက်ရုံက ဝယ်ယူရေးမှူးပါ”
ဖန်ကျိဟွေးသည် ယန်ချုံးကို အဆက်မပြတ် အကဲခတ် ကြည့်ရှုနေရင်း သူက မည်သို့သော လူမျိုးဖြစ်မည်နည်း။ ချန်ရွှယ်ရူနှင့် မည်သို့မည်ပုံ အတူတူ ပါလာသနည်း ဟူ၍ စိတ်ထဲမှ တွေးတောနေခဲ့သည်။ သူသည် သာမန် သံမဏိစက်ရုံ တစ်ခုမှ ဝယ်ယူရေးမှူး တစ်ယောက်သာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင်မူ ဖန်ကျိဟွေး၏ မျက်နှာအထက်၌ မာနထောင်လွှားသော အရိပ်အယောင် တစ်ခုက အလိုအလျောက် ထင်ဟပ်ပေါ်လွင်လာတော့သည်။
ယန်ချုံးက ယဉ်ကျေးပျူငှာစွာဖြင့် နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်… ဆရာဖန်။ နာမည်ကြီးတာ ကြားဖူးနေတာ ကြာပါပြီ”
သို့သော် ဖန်ကျိဟွေးက ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး ချန်ရွှယ်ရူဘက်သို့ ပြန်လှည့်ကြည့်ကာ မေးလိုက်လေသည်။
“ရွှယ်ရူ... မင်း မပြောရသေးဘူးလေ။ ကိုယ့်ကို လာရှာတာ ဘာကိစ္စရှိလို့လဲ”