← Chapters

အခန်း ၁၅၉၆

Vol. 108 Ch. 1596

အခန်း ၁၅၉၆

Vol. 108 Ch. 1596

အခန်း ၁၅၉၆ သူတို့က အတုခိုးရုံသာ တတ်နိုင်သည်

ကွင်းထဲတွင် အတော်လေး ဆူညံနေသဖြင့် ဖုန်းယွီက ဖုန်းလက်ခံဖြေကြားရန် ဘေးဘက်သို့ သွားလိုက်ပြီး "လောင်လျူ၊ ဒီလောက်တောင် နောက်ကျနေပြီ၊ ငါ့ကို ညစာစားဖို့ ခေါ်တာတော့ မဟုတ်ပါဘူးနော်"

"မန်နေဂျာဖုန်း၊ သတင်းကို တစ်ချက်လောက် ကြည့်လိုက်ပါဦး၊ Microsoftက သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း Operating Systemကို ဖြန့်ချိလိုက်ပြီလို့ ကြေညာလိုက်ပြီ" လျူချွမ်းကျစ်က အလျင်အမြန် ပြောလိုက်လေသည်။

ဖုန်းယွီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ပြီးခဲ့သည့်အကြိမ် ပေါလ် အယ်လန်နှင့် တွေ့ဆုံခဲ့စဉ်က ဤကိစ္စမျိုး မရှိခဲ့သေးရာ Microsoft၏ လှုပ်ရှားမှုက ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

Microsoftသည် သူတို့၏WIN7စနစ်ကို ဖန်တီးရန် အလုပ်များနေသေးသည် မဟုတ်ပါလော။ ထို့အပြင် သူတို့၏ TABစီမံကိန်းကလည်း XP ကို ပြန်လည် စတင်ရန် ရှိနေသေးပြီး၊ ရုံးသုံး ဆော့ဖ်ဝဲ၊ Browser၊ Player စီမံကိန်း စသည့် အမျိုးအစား များစွာကိုလည်း လုပ်ဆောင်နေကြဆဲဖြစ်ရာ၊ ဤမျှလောက် မြန်ဆန်စွာဖြင့် စမတ်ဖုန်း Operating System အသစ်ကို ထုတ်လုပ်နိုင်သေးသည်မှာ Microsoftကလည်း Microsoftဟူသော နာမည်နှင့် တကယ်ကို ထိုက်တန်လှပေသည်။

ခြေတစ်ရာရှိသော ပိုးကောင်သည် သေသွားသော်လည်း မတောင့်တင်းဟု အားလုံးက ပြောကြလေသည်။ ထို့ထက်ပို၍ Microsoftမှာ လဲကျသွားအောင် အရိုက်ခံလိုက်ရခြင်း မရှိသေးဘဲ သူတို့က မနှစ်ကနှင့် ယခုနှစ်တွင်လည်း အမြတ်အစွန်း ရရှိနေဆဲဖြစ်ကာ၊ အမြတ်အစွန်း အနည်းငယ် ကျဆင်းသွားရုံမျှသာ ဖြစ်လေသည်။

စတော့ရှယ်ယာများ ထိခိုက်မှု ရှိသွားသော်ငြားလည်း သူတို့၏ ထုတ်ကုန်များမှ အမြတ်ငွေ ရရှိမှုကိုမူ သက်ရောက်မှု မရှိခဲ့ပေ။ စတော့ရှယ်ယာများ ကျဆင်းသွားခြင်းကလည်း၊ Microsoft၏ စတော့ရှယ်ယာများကို ပိုင်ဆိုင်ထားသော ရှယ်ယာရှင်များ၏ စာရင်းပေါ်ရှိ ပိုင်ဆိုင်မှုများ လျော့ကျသွားခြင်းကိုသာ ကိုယ်စားပြုပြီး၊ Microsoftရှုံးနိမ့်သွားခြင်းကို ကိုယ်စားမပြုပေ။

ဖုန်းယွီက လက်ကိုင်ဖုန်းကို အသုံးပြု၍ Sinaသို့ ဝင်ရောက်လိုက်ရာ၊ သတင်းပေါ်တွင် ထင်သည့်အတိုင်းပင် ဤကိစ္စကို ပြောဆိုထားလေသည်။ Sinaသည် အမေရိကန်ဘက်တွင် ရုံးခွဲရှိထားသောကြောင့် သတင်း အသစ်တင်သည့် အမြန်နှုန်းမှာ အမြန်ဆုံးဖြစ်သည်။ ထို့ကြောင့်သာ တရုတ်တွင် လောလောဆယ် အသုံးပြုသူ အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာခဲ့ကာ၊ ပထမဆုံးသော တရုတ်ဘာသာစကား ဝက်ဘ်ဆိုက်လည်း ဖြစ်လေသည်။

Samsung Group၊ Motorola၊ Sony Ericsson၊ Panasonic၊ LG၊ Dopodစသည့် လက်ကိုင်ဖုန်း ထုတ်လုပ်သူ လုပ်ငန်းများစွာက ကြေညာခဲ့သည်မှာ သူတို့က Microsoft၏ မျိုးဆက်သစ် စမတ်ဖုန်း Operating Systemကို တပ်ဆင်ထားသော စမတ်ဖုန်းများကို ထုတ်လုပ်သွားမည် ဟူ၍ပင် ဖြစ်လေသည်။

တစ်ချိန်က စမတ်ဖုန်း အသုံးပြုသူ အများဆုံး ဖြစ်ခဲ့သော ဆင်ဘီယံ စစ် Symbian Systemမှာမူ၊ ယခုအခါတွင် Nokia၏ တစ်ဦးတည်း ပိုင်ဆိုင်မှု ဖြစ်သွားခဲ့လေပြီ။ သူတို့သည် BlackBerryကဲ့သို့ပင် ယခုအခါတွင် ကိုယ့်ဟာကိုယ် ကစားသူများ ဖြစ်သွားခဲ့ကြလေသည်။

သေချာသည်မှာ သူတို့၏စနစ်တွင်လည်း ကိုယ်ပိုင် အားသာချက်များ ရှိနေသည်သာဖြစ်သည်။ သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အားနည်းချက်များက အားသာချက်များထက် ပို၍ များပြားနေသေးလေသည်။

Microsoftက စိန်ခေါ်လိုက်သည်မှာ BlackBerryလည်း မဟုတ်သကဲ့သို့၊ Nokiaလည်း မဟုတ်ဘဲ၊ Lenovo Yinshan ၏ HOSစနစ်ပင် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဖုန်းယွီ စမတ်ဖုန်း၏ ရောင်းအားမှာ တစ်နေ့တခြား ပိုမိုကောင်းမွန်လာပြီး၊ ဈေးကွက် ဝေစုမှာလည်း တစ်နေ့တခြား ပိုမိုကြီးမားလာသည်။ နာမည်ကောင်း ရရှိမှုအပိုင်းတွင်လည်း BlackBerryကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ စမတ်ဖုန်းများ၏ စံပြတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်လာခဲ့သောကြောင့်ပင်ဖြစ်လေသည်။

Microsoftကသာ စနစ်သစ်ကို ထပ်မံမထုတ်လုပ်ပါက ပိုမိုများပြားသော အသုံးပြုသူများက HOSစနစ်ကို အသုံးပြုရန် အသားကျသွားမည်ကို စိုးရိမ်ရပြီး၊ ထိုအခါမှ သူတို့က အသုံးပြုသူများ၏ အလေ့အထကို ပြန်လည်ပြောင်းလဲပစ်ချင်မည် ဆိုပါက ထိုမျှလောက် လွယ်ကူတော့မည် မဟုတ်ပေ။

သူတို့က ဖုန်းယွီ စမတ်ဖုန်း၏ တတိယမျိုးဆက်ကို စတင်ဖြန့်ချိကာစအချိန်၊ စတုတ္ထမျိုးဆက် ထွက်ပေါ်လာရန် အလှမ်းဝေးနေသေးသည့်အချိန်ကို အခွင့်ကောင်းယူ၍ သူတို့၏ စနစ်သစ်ကို ထုတ်လုပ်ခဲ့သည်။ ထို့အပြင် အခြားသော လက်ကိုင်ဖုန်း ထုတ်လုပ်သူများကိုပါ မော်ဒယ်သစ် စမတ်ဖုန်းများကို ထုတ်လုပ်နိုင်စေကာ ဤအချက်ကို အသုံးချ၍ ဖုန်းယွီ စမတ်ဖုန်းကို ဝိုင်းဝန်း တိုက်ခိုက်ရန် HOSစနစ်ကို ဝိုင်းဝန်း တိုက်ခိုက်ရန်ပင် ဖြစ်လေသည်။

ဤအချိန်အခါကို ရွေးချယ်မှုမှာ အလွန်တရာ ကောင်းမွန်လှသည်ဟု မပြောဘဲ မနေနိုင်ပေ။

ဖုန်းယွီက လျူချွမ်းကျစ်ထံသို့ ဖုန်းပြန်ခေါ်လိုက်ပြီး "ဒီကိစ္စက လောစရာ မလိုပါဘူး။ အားလုံးကို တစ်ညလုံး အချိန်ပို ဆင်းခိုင်းတာမျိုး မလုပ်ပါနဲ့၊ နားသင့်တဲ့ အချိန် ပုံမှန်နားကြပါ၊ မနက်ဖြန် မနက်ကျရင်၊ ငါတို့ အစည်းအဝေးလေး တစ်ခု ခေါ်လိုက်ရင် ရပါပြီ"

လျူချွမ်းကျစ်က ဖုန်းချသွားသောအခါ၊ အလွန်တရာ နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ဒီအချိန်မျိုးတွင် ဖုန်းယွီက ဘယ်လိုလုပ်ပြီး ဒီလောက် တည်ငြိမ်နေနိုင်ရတာလဲ။ သူက ဒီလိုအခြေအနေကို စောစောကတည်းက ကြိုတင်ခန့်မှန်းထားခဲ့ပြီးပြီလို ဆိုလိုတာလား။ ဒါ့အပြင် သူက ဖြေရှင်းမဲ့ နည်းလမ်းကိုပါ စဉ်းစားမိထားပြီးပြီလား။

မူလက သူ တကယ်ပင် အခြားသူများကို ဖုန်းဆက်၍ တစ်ညလုံး ရင်ဆိုင်ဖြေရှင်းမည့် နည်းလမ်းများကို စဉ်းစားချင်နေခဲ့လေသည်။ သို့သော် ယခုအခါတွင် သူကလည်း ပြောင်းပြန်အနေဖြင့် မလောတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဖုန်းယွီက မနက်ဖြန် ဖြေရှင်းမည်ဟု ပြောခဲ့သောကြောင့် မနက်ဖြန်တွင် သေချာပေါက် ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်ပြီး၊ဖုန်းယွီက တစ်ခါမျှ လူများကို စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပေ။

ဖုန်းယွီက ပြန်တော့မည်ဖြစ်ရာ ဝမ်တုန်းကျွင်းကလည်း ပြန်သွားခဲ့ပြီး ဤနေရာတွင် ဆက်နေမည် ဆိုပါက ပို၍ပင်အနေရခက်စေမည် ဖြစ်လေသည်။ သူက အိမ်ပြန်၍ ကောင်းကောင်း အိပ်စက်ပြီး ဒီနေ့၏ စိတ်ရှုပ်စရာများကို မေ့ပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မည်သူက သိနိုင်မည်နည်း။ ဘတ်စကက်ဘောအပေါ် ထားရှိသော သူ၏စိတ်အားထက်သန်မှုကို ပြန်လည်ရှာတွေ့နိုင်မလားဆိုတာ….

ဖုန်းယွီက အိမ်သို့ ရောက်ရှိသွားသော်ငြားလည်း အနားမယူနိုင်ခဲ့ပေ။ ထူဟောင်ကို ခေါ်၍ အောက်ထပ်ရှိ ရေချိုးခန်းသို့ သွားကာ ဇလုံကြီး တစ်ခုအတွင်းသို့ ရေများ အပြည့်ထည့်လိုက်ပြီးနောက် ထူဟောင်ကို အတွင်းသို့ ခုန်ဆင်းရန် ခေါ်လိုက်လေသည်။

ထူဟောင်က ရေနွေးနွေးလေးထဲတွင် သက်သောင့်သက်သာ လဲလျောင်းနေပြီး၊ ဖုန်းယွီက ထူဟောင်၏ တစ်ကိုယ်လုံးကို ရေများဖြင့် စိုစွတ်စေပြီးနောက်၊ ခွေးများ ရေချိုးရန် သီးသန့်ထုတ်ထားသော ဆပ်ပြာရည်ကို အသုံးပြု၍၊ ထူဟောင်ကို စတင် ရေချိုးပေးလေသည်။

ထူဟောင်က သက်သောင့်သက်သာဖြင့် မျက်လုံးများကို မှိတ်ထားပြီး၊ ရေချိုးသည့် အကြိမ်တိုင်းတွင် ၎င်းက ဖုန်းယွီထက်ပင် ပို၍တက်ကြွနေလေသည်။

တစ်ကိုယ်လုံးကို တစ်ကြိမ် ပွတ်တိုက်ပေးပြီး၊ ဘီးကို အသုံးပြု၍ သတိထားကာ အကြိမ်အနည်းငယ် ဖြီးပေးလိုက်ပြီး၊ ရေဆေးချကာ၊ ခြောက်သွေ့အောင် မှုတ်ပေးလိုက်လေသည်။ ထူဟောင်က အလွန်တရာ ကျေနပ်စွာဖြင့် သူ၏အခန်းသို့ သွားရောက် အနားယူတော့သည်။ ဖုန်းယွီကမူ ရေချိုးခန်းကို သန့်ရှင်းရေး လုပ်ပြီးမှသာ၊အပေါ်ထပ်သို့ တက်၍ ကိုယ်တိုင် ရေချိုးရလေသည်။

ထူဟောင်ကို ရေချိုးပေးလိုက်ရခြင်းက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရေများ စိုရွှဲသွားစေခဲ့လေသည်။

ဒုတိယနေ့ နံနက်ပိုင်းတွင် ဖုန်းယွီက သက်သောင့်သက်သာ နိုးလာသည်အထိ ဆက်အိပ်လိုက်ပြီးမှသာ ထူဟောင်ကို ခေါ်ကာ အပြင်သို့ တစ်ပတ်ခန့် လမ်းလျှောက် ထွက်လိုကသည်။ ထို့နောက်တွင် ယာဉ်မောင်းကို ခေါ်၍ သူ့ကို ကုမ္ပဏီသို့ ပို့ခိုင်းလိုက်လေသည်။

သူ ကုမ္ပဏီသို့ ရောက်ရှိသွားသောအခါ အခြားသော အဆင့်မြင့် စီမံခန့်ခွဲသူများက အစည်းအဝေး ခန်းမထဲတွင် သူ့ကို စောစောကတည်းက စောင့်ဆိုင်းနေကြပြီ ဖြစ်လေသည်။

ဖုန်းယွီက ခေါင်းဆောင် နေရာတွင် ထိုင်လိုက်ပြီး၊ အားလုံးကို ပြုံးရွှင်စွာဖြင့် ကြည့်လိုက်လေသည်။ "ဘာလဲ၊ အားလုံးရဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာ၊ အနည်းငယ် လောနေကြတဲ့ ပုံပဲနော်။ Microsoftက သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း Operating Systemကို ထုတ်လုပ်လိုက်တာလေးများ၊ မင်းတို့က ဘာကို စိုးရိမ်စရာ ရှိနေလို့လဲ"

"မန်နေဂျာဖုန်း၊ Microsoftက ဒီလောက် အချိန်အကြာကြီး ယူပြီးမှ၊ ဒီလို Operating Systemမျိုးကို ထုတ်လုပ်နိုင်ခဲ့တာဆိုတော့ လုပ်ဆောင်ချက် အပိုင်းမှာ သေချာပေါက် ကြီးမားတဲ့ အဆင့်မြှင့်တင် အားဖြည့်မှုတွေ ရှိနေမှာပဲ၊ ကျွန်တော်တို့က သတိထားပြီး မရင်ဆိုင်လို့ မရဘူးလေ" ချိုးပါ့ကျွင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

လီတာ့ကျွင်းက ကန့်ကွက်လိုက်လေသည်။ "လောင်ချိုး.. ငါ ကြည့်ရတာတော့ ဒီလိုမျိုး မသေချာဘူးထင်တယ်။ ဟို VISTAစနစ် ဆိုတာကလည်း Microsoftက နှစ်တော်တော်များများ ယူပြီးမှ ဖန်တီးခဲ့တဲ့ ထုတ်ကုန်ပဲလေ၊ ရလဒ်အနေနဲ့ စွမ်းဆောင်ရည်က XP လောက်တောင် မကောင်းဘူးလေ၊ ငါတို့ရဲ့ XOSရဲ့ လက်အောက်ခံ ရှုံးနိမ့်သူပဲ ဖြစ်မသွားဘူးလား"

ဖုန်းယွီက လီတာ့ကျွင်းကို အလွန်ကျေနပ်စွာဖြင့် ကြည့်လိုက်လေသည်။ "မှန်ပါတယ်၊ Microsoftရဲ့ ထုတ်ကုန်အသစ်ကို လုံးဝကျော်လွန်လို့ မရနိုင်တဲ့ ပစ်မှတ်တစ်ခုလိုမျိုး အရမ်းကြီး သဘောထားလို့ မရဘူး။ ဒါပေမဲ့ ငါတို့ကလည်း ပေါ့ပေါ့ဆဆ နေလို့တော့ မဖြစ်ဘူး"

"သူတို့ရဲ့ စနစ်အသစ်ကို လက်ကိုင်ဖုန်း ထုတ်လုပ်သူ အများအပြားက ထောက်ခံတယ်လို့ ကြေညာထားပြီးတော့ မော်ဒယ်သစ် စမတ်ဖုန်းတွေကိုတောင် ထုတ်လုပ်ကြမယ် မဟုတ်လား။ လောင်ရှု၊ မင်း ငါ့ကို ပြောဖူးတာ ငါ မှတ်မိသေးတယ်၊ ငါတို့ရဲ့ စမတ်ဖုန်း အစိတ်အပိုင်းတွေက ထပ်ပြီး အဆင့်မြှင့်လို့ ရသေးတယ် မလား"

ရှုလိဟွာက ပြန်ဖြေလိုက်လေသည်။ "အဆင့်မြှင့်တင်မှုတချို့ လုပ်လို့ ရနိုင်ပါတယ်၊ ဥပမာ Memoryကို ပိုကြီးအောင် လုပ်တာမျိုး၊ မျက်နှာပြင် အရွယ်အစားကို အပြောင်းအလဲတချို့ လုပ်တာမျိုး၊ မျက်နှာပြင် ရုပ်ထွက် ရှင်းလင်းမှုကို အပြောင်းအလဲတချို့ လုပ်တာမျိုး၊ ဘက်ထရီ ပမာဏကို တိုးမြှင့်တာမျိုး၊ ကင်မရာ Pixel ကို တိုးမြှင့်တာမျိုး စတာတွေပေါ့။ လက်ကိုင်ဖုန်း Processorရဲ့ အဓိက အစိတ်အပိုင်းကတော့ လောလောဆယ် ဘာအဆင့်မြှင့်တင်မှုမှ လုပ်လို့ မရသေးပါဘူး"

ဖုန်းယွီက လီတာ့ကျွင်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။ "ဒါဆိုရင် ငါတို့ရဲ့ HOSကရော၊ အဆင့်မြှင့်တင်မှုတချို့ လုပ်လို့ ရနိုင်မလား။ ဥပမာ အမြန်နှုန်း နည်းနည်း ပိုမြန်အောင်၊ ဘက်ထရီ စားသက်သာအောင်၊ လုပ်ဆောင်ချက် ဆော့ဖ်ဝဲ တချို့ကို တိုးမြှင့်တာမျိုးတွေ၊ လုပ်နိုင်မလား"

"ဒါက သေချာပေါက် ပြဿနာ မရှိပါဘူး၊ ငါတို့ အချိန်မရွေး အဆင့်မြှင့်တင်လို့ ရပါတယ်၊ ဒါပေမဲ့ အားလုံးက မူလ အခြေခံ အပေါ်မှာပဲ အဆင့်မြှင့်တင်တာပါ၊ လုပ်ဆောင်ချက် ဆော့ဖ်ဝဲ နဲ့ ဂိမ်းဆော့ဖ်ဝဲ စတာတွေကတော့ တိုးလာတာ သိပ်မများပါဘူး"

ဖုန်းယွီက ခေါင်းညိတ်လိုက်လေသည်။ "ကြည့်၊ ပြဿနာက ဖြေရှင်းပြီးသွားပြီ"

အခြားသူများ အားလုံးက ဖုန်းယွီကို ကြည့်နေကြပြီး၊ ဘာမှန်းမသိဖြစ်ကာ နားမလည်နိုင် ဖြစ်နေကြလေသည်။ ဘာကို ဖြေရှင်းပြီးသွားတာလဲ။ ဒီအဆင့်မြှင့်တင်မှုတွေက ငါတို့ကို ဖုန်းယွီ S4 ထုတ်လုပ်နိုင်ဖို့ လုံလောက်မှု မရှိသေးဘူးလေ။

"အားလုံးက ငါတို့ စတုတ္ထမျိုးဆက် ဖုန်းယွီ စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ထင်နေကြတာလား။ မဟုတ်ဘူး၊ ငါတို့ ထုတ်လုပ်မှာက တတိယမျိုးဆက်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်ပဲ"

"ငါတို့ရဲ့ အခုလက်ရှိ စမတ်ဖုန်းက မျက်နှာပြင် ၂.၆ လက်မ မဟုတ်လား။ ဒါဆိုရင် ငါတို့က ဘာဖြစ်လို့ ၃.၀ လက်မ မျက်နှာပြင်ကြီးတဲ့ မော်ဒယ်ကို မထုတ်လုပ်နိုင်ရမှာလဲ။ ဒီလက်ကိုင်ဖုန်း မော်ဒယ်ကို၊ ဖုန်းယွီ S3+ ခေါ်လို့ရတယ်၊ S3ရဲ့ အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်ပေါ့။ ငါတို့က Hardware နဲ့ Softwareအပေါ်မှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ရုံတင် မကဘဲ၊ မျက်နှာပြင်တောင် တစ်ပတ်လောက် ပိုကြီးသွားသေးတယ်၊ ဒါက မော်ဒယ်သစ်လို့ မခေါ်နိုင်ဘူး ဆိုပေမဲ့၊ တခြား ထုတ်လုပ်သူတွေရဲ့ မော်ဒယ်သစ် စမတ်ဖုန်းတွေကို ရင်ဆိုင်ဖို့တော့ လုံလောက်ပါတယ်"

"ငါက သူတို့ကို အထင်သေးနေတာ မဟုတ်ပါဘူး၊ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုက ကန့်သတ်ခံထားရလို့ပါ၊ သူတို့က အချိန်တိုအတွင်းမှာ ဘာထူးချွန်ပြောင်မြောက်တဲ့ ဒီဇိုင်းမှ ထွက်ပေါ်လာနိုင်မှာ မဟုတ်ဘူး၊ အပြင်ပန်း အသွင်အပြင်ပဲဖြစ်ဖြစ်၊ လုပ်ဆောင်ချက်ပဲဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ငါတို့က အပိုတွေ စိုးရိမ်နေဖို့ လုံးဝ မလိုအပ်ပါဘူး၊ ပြောင်းပြန်အနေနဲ့ ဒီတစ်ကြိမ်မှာ ငါတို့ ဖုန်းယွီ Mobileရဲ့ အာဏာရှင် နေရာကို ပိုပြီးတော့တောင် ခိုင်မာသွားစေနိုင်သေးတယ်"

"သူတို့က ထာဝရ ငါတို့ကို အတုခိုးဖို့လောက်ပဲ တတ်နိုင်မှာပါ"

******

All Chapters