အခန်း ၁၆၀၀
Vol. 108 Ch. 1600
အခန်း ၁၆၀၀ အရမ်းကို ဉာဏ်ကောင်းလှတဲ့ မိန်းကလေး
စနေနေ့ ညနေပိုင်းတွင် ရာသီဥတုက သာယာနေပြီး၊ ဖုန်းယွီသည် လီနနှင့်အတူ ထူဟောင်ကို ဆွဲကာ မြစ်ကမ်းဘေးတွင် လမ်းလျှောက်နေလေသည်။
လီနက အနည်းငယ် စိတ်ဓာတ်ကျနေသော အမူအရာဖြင့် မေးလိုက်လေသည်။ "ဘာဖြစ်လို့ ရှင် သူ့ကို ရေချိုးပေးတဲ့ အချိန်ကျတော့ သူက အရမ်း လိမ္မာနေပြီးတော့ ကျွန်မ သူ့ကို ရေချိုးပေးတဲ့ အချိန်ကျတော့ ကျွန်မကို ရေတွေ အကုန် လာခါချရတာလဲ"
ဖုန်းယွီက ခဏမျှ စဉ်းစားလိုက်ပြီး "ဖြစ်နိုင်တာက သူ မင်းနဲ့ သိပ်မရင်းနှီးသေးလို့ နေမှာပေါ့။ ဒါမှမဟုတ် မင်းရဲ့ နည်းလမ်းက မှားနေလို့များလား၊ ရေက အရမ်း အေးနေလို့လား"
"မဟုတ်ပါဘူး၊ ရေနွေးနွေးလေးပါ"
"ဒါဆို မင်းက သူ့ကို အမွေး မဖြီးပေးလို့လား"
"ဖြီးပေးပါတယ်၊ ကျွန်မက သူ့ဗိုက်ကို ကုတ်ပေးတဲ့ အချိန်ကလွဲရင်၊ သူက အမြဲတမ်း ပက်လက်မလှန်ချင်ဘူး"
ဖုန်းယွီက ထိုင်ချလိုက်ပြီး ထူဟောင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ "ထူဟောင်ရေ၊ ဒါက မင်း မလိမ္မာတာပဲ။ ငါတို့ ခဏလောက် ဂိမ်းကစားကြမယ်၊ ပြီးရင် အိမ်ပြန်ပြီး လိမ္မာတဲ့ ကလေးလေးလို ရေချိုးကြမယ်"
ဖုန်းယွီက လက်ထဲရှိ ဘေ့စ်ဘော ဘောလုံးကို လီနထံသို့ ကမ်းပေးလိုက်ပြီး "မင်း သူနဲ့ ခဏလောက် ကစားလိုက်၊ သူက တဖြည်းဖြည်း မင်းနဲ့ ရင်းနှီးလာလိမ့်မယ်၊ နောက်ဆိုရင် သေချာပေါက် လိမ္မာသွားမှာပါ"
လီနက ဘေ့စ်ဘောကို လှမ်းယူလိုက်ပြီး၊ ရှေ့သို့ ပစ်ပေါက်လိုက်လေသည်။ "ထူဟောင်၊ သွားကောက်ခဲ့"
မြစ်ကမ်းဘေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေသော ချစ်သူစုံတွဲလေး တစ်တွဲသည် အသံကြားသောအခါ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြလေသည်။ ဘယ်သူများလဲ၊ ဒီလောက်တောင် ကြွားချင်နေတာ၊ သူငယ်ချင်းကို ထူဟောင် (သူဌေး) လို့ ခေါ်နေတာ၊ တခြားသူတွေက သူတို့မှာ ပိုက်ဆံရှိတယ် ဆိုတာကို မသိမှာ စိုးနေတာလား။
ရလဒ်အနေဖြင့် သူတို့ မြင်တွေ့လိုက်ရသည်မှာ ကြီးမားသော Golden Retrieverကြီး တစ်ကောင်က အရှိန်ဖြင့် ပြေးသွားပြီး၊ ဘောလုံး တစ်လုံးကို ကိုက်၍ ပြန်လာသည်ကို ပင်ဖြစ်လေသည်။
ဒီခွေးကို၊ ထူဟောင်လို့ ခေါ်တာလား။
သူတို့ ပထမဆုံးအကြိမ် ထင်မြင်မိသွားသည်မှာ ထူဟောင်ဆိုတာက... နှိမ့်ချတဲ့ စကားလုံးများ ဖြစ်နေမလား ဟူ၍ပင် ဖြစ်လေသည်။
လီနက ထူဟောင်နှင့်အတူ အရမ်းကို ပျော်ရွှင်စွာ ကစားနေပြီး၊ သူမက ပြုံးလျက် ပြောလိုက်လေသည်။ "မဆိုးဘူးနော်၊ ထူဟောင်က တော်တော်လေး ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ဒီနာမည်ကိုတော့ ရှင်က ဘယ်လို ပေးထားတာလဲ၊ နားထောင်လို့ အရမ်းကို ဆိုးလွန်းတယ်"
ဖုန်းယွီက မျက်ခုံး တစ်ချက် ပင့်လိုက်ပြီး "ငါတို့ အိမ်က ထူဟောင်က မကြာခင် နာမည်ကြီးတော့မှာ မော်ဒယ်သစ် ဖုန်းယွီ S3+မှာ Champagne Gold လက်ကိုင်ဖုန်း တစ်မျိုး ပါတာ မင်းသိတယ်မလား၊ အဲဒါကို ငါက Tuhao Gold လို့ နာမည်ပေးထားတယ်"
လီန"......"
Tuhao Gold၊ ထူဟောင်၊ Golden Retriever ၊ ဒီနာမည်က ဒီလိုမျိုး ဖြစ်လာတာပေါ့လေ။
အကယ်၍ ထိုလက်ကိုင်ဖုန်း ဝယ်ယူသူများသာ သူတို့ နှစ်သက်သော ထိုအရောင်သည် ခွေးတစ်ကောင်၏ နာမည်ဖြစ်နေကြောင်း သိရှိသွားပါက စိတ်ထဲတွင် ဘယ်လိုများ ခံစားရမည် မသိပေ။
"ငါတို့ဆီမှာ ခွေးမွေးတဲ့သူ တော်တော်လေး များတယ်နော်၊ နေ့တိုင်း လူအများကြီးက ခွေးတွေကို ခေါ်ပြီး ဒီမှာ လမ်းလာလျှောက်ကြတာ မြင်နေရတယ်"
ဖုန်းယွီက နှုတ်ခမ်းဆူ၍ ပြလိုက်လေသည် "ဟိုဘက်ကို၊ တွေ့လား၊ ဟိုအစ်မကြီး ပွေ့ချီထားတဲ့ ပီကင်းခွေးလေး လေးလေ၊ အဲဒါက သူများတွေက သားအရင်းလို မွေးထားတာ။ မင်း စဉ်းစားကြည့်လေ၊ ဒီလူတွေက ဘယ်လိုများ တွေးနေကြတာလဲ၊ ကလေးက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတယ်၊ ယောက်ျားက အပြင်မှာ စီးပွားရေး လုပ်နေတယ်၊ အိမ်မှာ အဖော်မရှိဘူးဆိုရင်၊ မိဘမဲ့ ကလေး နှစ်ယောက်လောက်ကို မွေးစားလိုက်ရင် မရဘူးလား။ အဲဒီခွေးက သားနေရာမှာ အစားထိုးတာ ဆိုတော့ သူ့စိတ်ထဲမှာ ခွေးနဲ့ သားက တန်းတူပဲလို့ ဆိုလိုတာလား"
လီနက ပြုံးလျက် ဖုန်းယွီကို တစ်ချက် ရိုက်လိုက်လေသည်။ "ရှင်က ဘာလို့ အဲဒီလောက်တောင် ဆိုးရတာလဲ၊ မိဘမဲ့ ကလေး နှစ်ယောက်ကို မွေးစားလိုက်ရင်၊ အဲဒါက နောင်ကျရင် ကိုယ့်ရဲ့ သားအရင်းနဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးရတော့မှာပေါ့"
"မွေးစားတယ်ဆိုတာက အပြီးအပိုင် မွေးစားတာမျိုး မဟုတ်ဘူးလေ၊ နှစ်ယောက်ကြားမှာ ဥပဒေအရ အမွေဆက်ခံခွင့် ရှိတာ မဟုတ်ဘူး။ သူတို့က ကလေးအတွက် ဒီလောက်ငွေတွေ အများကြီး ချန်ထားပေးပြီး ဘာလုပ်ကြမလို့လဲ၊ ကလေးက မွေးလာကတည်းက စားဝတ်နေရေး အတွက် ပူပန်စရာ မလိုဘူး၊ တကယ်လို့ သေချာ ပျိုးထောင်ပေးနိုင်ရင်တော့ တော်သေးတယ်၊ သေချာ မပျိုးထောင်ပေးနိုင်ရင်၊ အလကား ထိုင်စားနေတဲ့သူ ဖြစ်သွားမှာပဲ၊ လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးကောင်တောင် ဖြစ်သွားနိုင်သေးတယ်"
လွန်ခဲ့သော ရက်အနည်းငယ်က သတင်းတွင် ဖော်ပြခဲ့သည်မှာ ကလေးတစ်ယောက်ကို ဆရာမက ဆုံးမနေပြီး၊ သေချာ စာလုပ်ဖို့၊ မဟုတ်လျှင် အထက်တန်းကျောင်း မဝင်နိုင်ဘဲ၊ တက္ကသိုလ် မတက်နိုင် ဖြစ်လိမ့်မည် ဟူ၍ ဖြစ်လေသည်။
ထိုကလေးက ပြန်လည်ချေပလိုက်လေသည်။ "ငါတို့ အိမ်မှာ အိမ်ရာ ဆယ့်ကိုးလုံး ရှိတယ်၊ မျိုးဆက်သုံးဆက်မှာ ငါက တစ်ဦးတည်းသော သားပဲ။ အနာဂတ်မှာ ဒီအိမ်တွေ အကုန်လုံးက ငါ့ဟာတွေ ဖြစ်လာမှာ လစဉ် အိမ်လခက ဆရာမ လစာရဲ့ ဆယ်ဆမက ရှိတယ်၊ ဒါတောင် အိမ်လခနဲ့ အိမ်ဈေးတွေက မြင့်တက်နေသေးတာနော်"
"ငါက နောင်ကျရင် အလုပ်လုပ်စရာတောင် လုံးဝမလိုဘူး၊ အိမ်လခ တစ်ခုတည်းနဲ့တင် သုံးလို့ မကုန်နိုင်တော့ဘူး။ ဒါဆိုရင် ငါက ဘာဖြစ်လို့ ကြိုးစားပြီး စာသင်ရမှာလဲ၊ ဘာဖြစ်လို့ အထက်တန်းကျောင်း တက်ပြီး၊ တက္ကသိုလ် ဝင်ခွင့်ဖြေရမှာလဲ။ မသင်မနေရ ပညာရေး ပြီးရင်၊ အဲဒါက လုံလောက်နေပြီ၊ ငါက ဘဝရပ်တည်ရေး အတွက် လုံးဝ ပူပန်စရာ မလိုဘူး"
ဤသို့သော ကလေးမျိုးကို ဖုန်းယွီလည်း မည်သို့ မှတ်ချက်ပေးရမည်ကို မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကလေး ပြောသည်မှာလည်း အမှန်တရား ဖြစ်နေပုံရလေသည်။ အခြားသူများ၏အိမ်သည်လည်း ခိုးယူလုယက်လာခြင်း မဟုတ်ဘဲ၊ ဥပဒေနှင့် မလွတ်ကင်းခြင်း မရှိပေ။
လီနက ဖုန်းယွီကို ကြည့်လိုက်ပြီး "ဒါဆို ရှင်ရော၊ နောင်ကျရင် ဒီပိုင်ဆိုင်မှုတွေကို၊ ကျွန်မတို့ရဲ့ ကလေးတွေကို မပေးတော့ဘူးလို့ ရည်ရွယ်ထားတာလား"
ဖုန်းယွီက ပြုံးလိုက်လေသည်။ "အခု ဒီအကြောင်းတွေ ပြောဖို့က အရမ်းစောလွန်းနေသေးတယ်။ သူတို့ကိုယ်တိုင် အရည်အချင်း ရှိမရှိ ဆိုတာကို အရင်ကြည့်ရဦးမယ်၊ တကယ်လို့ အရည်အချင်း ရှိတယ်ဆိုရင်၊ ကုမ္ပဏီကို သူတို့ကို ပေးပြီး စီမံခန့်ခွဲခိုင်းဖို့ ပြဿနာ မရှိပါဘူး။ တကယ်လို့ သာမန်လောက်ပဲ ဆိုရင်တော့ မင်းလိုမျိုးပဲ၊ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှာပြီး၊ အေးအေးချမ်းချမ်း ဖြတ်သန်းသွားတာလည်း မဆိုးပါဘူး။ တကယ်လို့ ပိုက်ဆံ သုံးတာကလွဲပြီး ဘာမှ မလုပ်တတ်ဘူး ဆိုရင်တော့ ကုမ္ပဏီကို တခြားလူတွေကို ပေးပြီး စီမံခန့်ခွဲခိုင်းလိုက်မယ်၊ သူတို့က တခြားလူတွေကို ဒုက္ခ မပေးရင် ရပါပြီ"
ဖုန်းယွီက သားသမီးများကို ဉာဏ်ကြီးရှင်များ ဖြစ်နေရန် မတောင်းဆိုဘဲ၊ လူမိုက်များ မဖြစ်လျှင် လုံလောက်ပြီ ဖြစ်လေသည်။ ထို့အပြင် သားသမီးများ အရွယ်ရောက်၍၊ အိမ်ထောင်ကျ ကလေးမွေးသည့် အချိန်တွင်လည်း၊ ပုံမှန်အားဖြင့် ဖုန်းယွီကိုယ်တိုင်လည်း သက်ရှိထင်ရှား ရှိနေဦးမည်သာ ဖြစ်လေသည်။
သားသမီးများကို သေချာ မပျိုးထောင်နိုင်ခဲ့ပါက တတိယမျိုးဆက်ကို သေချာပျိုးထောင်လိုက်လျှင်လည်း အတူတူပင် ဖြစ်လေသည်။ ထူးချွန်ပြောင်မြောက်သူ တစ်ယောက်မှ မရှိခဲ့လျှင်တောင်၊ သာမန်လောက်ပဲ ဆိုရင်လည်း ကိစ္စမရှိပါဘူး၊ ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲသူများကို ရှာလိုက်လျှင် ရပြီ ဖြစ်လေသည်။
ထို့ထက်ပို၍ ဖုန်းယွီသည် သူ၏သားသမီးများကို ကိုယ်တိုင် ကိုယ်ကျ ပညာပေးမည်ဖြစ်ပြီး၊ သူတို့၏စိတ်ထဲသို့ သူ၏အတွေးအခေါ်အချို့ကို ရိုက်သွင်းပေးသွားမည်ဖြစ်ရာ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ သားသမီးများက လူမိုက်များ ဖြစ်လာမည် မဟုတ်ကြောင်းကို ယုံကြည်လေသည်။
ဖုန်းယွီက လီန၏ ပါးကို ဆွဲညှစ်လျက် ပြောလိုက်လေသည်။ "အခုကတည်းက ငါတို့ သားသမီးတွေရဲ့ အမွေဆက်ခံမယ့် ပြဿနာကို စဉ်းစားနေတာ၊ အရမ်း စောလွန်းနေတယ် မဟုတ်ဘူးလား"
လီနက ဖုန်းယွီကို တစ်ချက် စောင်းကြည့်လိုက်လေသည်။ "ကျွန်မက ဘာစဉ်းစားရမှာလဲ။ ကျွန်မက စီးပွားရေး အကြောင်း ဘာမှ နားမလည်ဘူး၊ ဒီကိစ္စတွေကို ရှင် သေချာ စဉ်းစားနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"
သူတို့ နှစ်ယောက် ဤနေရာတွင် စကားပြောနေစဉ်၊ ရုတ်တရက် ရှေ့တွင် မိန်းကလေး တစ်ယောက်က ဟက်စကီး တစ်ကောင်ကို ခေါ်၍ လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဟက်စကီး၏ ကြိုးကို ဖြုတ်လိုက်က၊ လက်ထဲတွင် ပလတ်စတစ် အဝိုင်းပြား တစ်ခုကို ကိုင်ထားပြီး အားကုန် ပစ်ပေါက်လိုက်လေသည်။
ငလူး… ဒီမိန်းကလေးက ခွေးနဲ့ ဂိမ်းကစားတတ်ရဲ့လား၊ ဒီအဝိုင်းပြားက မြစ်ထဲကို လွင့်သွားတာ မဟုတ်ဘူးလား။
ထိုဟက်စကီးက အရှိန်ဖြင့် ပြေးသွားပြီးနောက် အားကုန် ခုန်တက်လိုက်ရာ... ဗွမ်းခနဲ မြစ်ထဲသို့ ပြုတ်ကျသွားလေသည်။
ဖုန်းယွီက ခေါင်းခါလိုက်ပြီး၊ ကြည့်ရသည်မှာ ထိုမိန်းကလေးကို အိမ်မွေးတိရစ္ဆာန်များနှင့် ဂိမ်းကစားသည့် အတွေ့အကြုံကို သွားရောက် မျှဝေပေးရန် လိုအပ်နေပုံ ရလေသည်။
ထိုဟက်စကီးက ရေတွေ စိုရွှဲနေလျက် အဝိုင်းပြားကို ကိုက်ကာ ပြန်ပြေးလာပြီးချိန် ဖုန်းယွီ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထိုမိန်းကလေးက လက်ထဲမှ ဆပ်ပြာရည် တစ်ဘူးကို အံ့သြဖွယ်ကောင်းအောင် ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
ဟက်စကီး၏ ကိုယ်ပေါ်သို့ အနည်းငယ် ညှစ်ချလိုက်ပြီးနောက်... ဟက်စကီးကို စတင်၍ အမြှုပ်ထအောင် ပွတ်တိုက်ပေးနေလေသည်။
ဖုန်းယွီမှာ ဘာဖြစ်နေမှန်းပင် နားမလည်သေးခင်မှာပင် ထိုမိန်းကလေးက ဟက်စကီး၏ တစ်ကိုယ်လုံးကို အမြှုပ်များဖြင့် ပွတ်တိုက်ပေးပြီးနောက် လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ၊အမြှုပ်များဖြင့် ပြည့်နေသော ဟက်စကီးမှာ အဝိုင်းပြား နောက်သို့ ပြေးလိုက်သွားပြီး ရေထဲသို့ နောက်တစ်ကြိမ် ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရလေသည်။
ဟက်စကီးက ရေထဲမှ အဝိုင်းပြားကို သုံးကြိမ် ဆက်တိုက် သွားရောက် ဆယ်ယူပြီးသောအခါ ကိုယ်ပေါ်ရှိ အမြှုပ်များမှာ မြစ်ရေဖြင့် ဆေးကြောခံလိုက်ရသကဲ့သို့ ပြောင်စင်သွားခဲ့ပြီ ဖြစ်လေသည်။
ထို့နောက် ထိုမိန်းကလေးက အံ့သြဖွယ်ကောင်းအောင် တဘက် တစ်ထည်ကို ထုတ်ယူလိုက်ပြန်ပြီး ဟက်စကီး၏ကိုယ်ပေါ်ရှိ ရေများကို စတင်သုတ်ပေးနေလေသည်
ညီမလေးရေ… မင်းးး မင်းရဲ့ ဟက်စကီးကို ဒီလိုမျိုး ရေချိုးပေးတာကို မင်း မိဘတွေ သိကြရဲ့လား။
လီနက ဖုန်းယွီကို ကြည့်လိုက်ပြီး "ထူဟောင်ကို ဘယ်လို ရေချိုးပေးရမလဲ ဆိုတာကို ငါ သိသွားပြီ ထင်တယ်"
ဖုန်းယွီက သနားစရာကောင်းသော်လည်း ပျော်ရွှင်နေသော ထိုဟက်စကီးကို တစ်ချက် ကြည့်လိုက်ပြီး၊ ထို့နောက် ဘေ့စ်ဘောကို ကိုက်ကာ ဘေးတွင် လိမ္မာစွာ ထိုင်နေသော ထူဟောင်ကို တစ်ချက် ကြည့်လိုက်သည်။ သူက ထူဟောင်သည်လည်း သနားစရာကောင်းသော ရေထဲကျသည့်ခွေး ဖြစ်သွားတော့မည်ကို မြင်ယောင်လာသကဲ့သို့ ရှိလေသည်။
ဖုန်းယွီက ခေါင်းကို ခါရမ်းလိုက်ပြီး "အဲဒါ… နောက်ဆိုရင် ထူဟောင်ကို ရေချိုးပေးမယ့် တာဝန်ကို၊ ငါ အကုန် ယူလိုက်မယ်"
ဒီလိုမျိုး နေ့တိုင်း မြစ်ထဲ ခုန်ချနေရင် ရေပြောင်အောင် ချိုးလို့ ရပါ့မလား။ ထူဟောင်က ဆိုဖာပေါ်မှာ အမြဲတမ်း မှောက်နေတတ်တာ၊ ဖုန်းယွီက အရမ်းကြီး သန့်ရှင်းရေး ကြိုက်တဲ့သူ မဟုတ်ဘူး ဆိုပေမဲ့လည်း၊ မြစ်ထဲကနေ တက်လာတဲ့ ခွေးက ဆိုဖာပေါ်မှာ မှောက်နေပြီး၊ မေးစေ့ကို သူ့ပေါင်ပေါ် လာတင်မှာကိုတော့ မလိုလားပေ။
လီနက အလွန်လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေပြီး တစ်ဖက်ရှိ မိန်းကလေးကမူ သူတို့၏အံ့အားသင့်နေသော အမူအရာများကို သတိပြုမိသွားပုံရကာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ထိုဟက်စကီးကိုဆွဲကာ အလျင်အမြန် ထွက်သွားလေသည်။
ဖုန်းယွီက လီနကို လှည့်ကြည့်လိုက်ပြီး၊ လေးနက်စွာဖြင့် ပြောလိုက်လေသည်။ "နောက်ဆို ထူဟောင်ကို လမ်းလျှောက် ထွက်တဲ့အခါ ဒီမိန်းကလေးနဲ့ လုံးဝအတူတူ မဖြစ်စေရဘူး"
ဖုန်းယွီက ထူဟောင်၏ ပါးစပ်ထဲမှ ဘေ့စ်ဘောကို ယူလိုက်ပြီး၊ ရှေ့သို့ ပစ်ပေါက်လိုက်လေသည်။ "ထူဟောင်၊ သွား ထူဟောင်၊ မြန်မြန် ပြန်လာခဲ့နော်”
ဖုန်းယွီက ဘေ့စ်ဘောလေး ခုန်ပေါက်ကာ မြစ်ထဲသို့ လိမ့်ကျသွားသည်ကို ကြည့်နေရင်းမှာပင်….. ထူဟောင်ကလည်း ခုန်ချသွားလေသည်။(စာစစ်_ ပလုံ……)
......
******