← Chapters

အခန်း ၂၂၉၇

Vol. 143 Ch. 2297

အခန်း ၂၂၉၇

Vol. 143 Ch. 2297

အခန်း ၂၂၉၇ ဖျက်ပစ်ခံလိုက်ရသော မိစ္ဆာဧကရာဇ် လူအိုကြီး

ထိုလူမှာ အခြားသူမဟုတ် ဝမ်ချောင်ပင် ဖြစ်သည်။

"အရာအားလုံး အဆင်ပြေနေတယ်၊ သိပ်ပြီး ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိဘူး"

ဝမ်ချောင်သည် ပတ်ဝန်းကျင် အရပ်လေးမျက်နှာကို အကဲခတ်ကြည့်ရှုလိုက်ပြီး သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

အစေခံ တစ်ဦးအဖြစ် ဟန်ဆောင်ပြီးနောက် ဝမ်ချောင် လုပ်ဆောင်ခဲ့သည့် ပထမဆုံး ကိစ္စမှာ မိသားစုဝင်များ၏ လုံခြုံရေးကို စုံစမ်းခြင်း ဖြစ်သည်။ ‘ထျန်း’ က သူ့ကိုယ်သူ တစ်သောင်းသော နတ်ဘုရားတို့၏ အရှင်သခင်ဟု ယူဆကာ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ရန် မထီမဲ့မြင်ပြုခြင်းကြောင့် ဖြစ်စေ၊ သို့မဟုတ် တခြားသော ကြံစည်မှုများ ရှိနေ၍ ဖြစ်စေ၊ မိဘများ၊ ညီမငယ်လေး၊ အစ်ကိုကြီး၊ အစ်ကိုလတ်...... လူအားလုံးမှာ ပုံမှန်အတိုင်း ရှိနေသည်ကို ဝမ်ချောင် တွေ့ရှိလိုက်ရသည်။

သူ ထွက်ခွာသွားခင် အချိန်နှင့် နှိုင်းယှဉ်ပါက မည်သည့် အပြောင်းအလဲမျှ မရှိပေ။

သို့သော်လည်း မျိုးနွယ်ခြားဘုရင် စံအိမ်တော်ကဲ့သို့ပင် ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးတွင်လည်း သူ့အကြောင်း မှတ်ဉာဏ်များ အားလုံးကို ဖျက်ပစ်ခံလိုက်ရသည်။

သို့မဟုတ် အနည်းငယ် ပြောင်းလဲပြောရလျှင် သူတို့က ဝမ်ချောင်ဆိုသည့် နာမည်ကို မှတ်မိနေကြသေးသော်လည်း ထိုလူမှာ မိမိကိုယ်တိုင်တော့ မဟုတ်ပေ။

မီးပုံးများ၏ အနီရောင် အလင်းတန်းများက မျက်နှာပေါ်သို့ ကျရောက်နေပြီး နားထဲတွင် ပျော်ရွှင်စွာ ရယ်မောသံများ ထွက်ပေါ်နေသော်လည်း ဝမ်ချောင်တစ်ယောက်တည်းမှ လွဲ၍ မည်သူမျှ တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိမထားမိကြပေ။

"ကူကူ"

ဝမ်ချောင် အတွေးလွန်နေချိန်တွင် ရွှေရောင် ကြိုးမျှင်များ ရစ်ပတ်ထားသည့် ချိုးငှက် တစ်ကောင်က ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာပြီး ဝမ်ချောင်ဆီသို့ ပျံသန်းလာရာ ဝမ်ချောင်က လက်ကို ဆန့်ထုတ်၍ ချိုးငှက်ကို ဖမ်းယူလိုက်သည်။

ဝမ်ချောင်သည် စာလွှာကို လျင်မြန်စွာ ဖြုတ်ယူလိုက်ပြီး အာရုံစိုက်ကာ ဖတ်ရှုလိုက်သည်။

ဤစာမှာ သိန်းငှက်အိုကြီးထံမှ ပေးပို့လာခြင်းဖြစ်ပြီး နေ့အချိန်မှစ၍ ယခုအချိန်ထိ ဝမ်ချောင်သည် ဤစာကို စောင့်မျှော်နေသည်မှာ အချိန်အတန်ကြာနေပြီ ဖြစ်သည်။

စာလွှာကို ဖတ်ပြီးနောက် ဝမ်ချောင်၏ရင်ထဲတွင် လေးလံသွားပြီး မျက်မှောင်နှစ်ခုကြားတွင် မှိုင်းညို့နေသည့် အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မြို့တော်အတွင်းတွင် ရုတ်တရက် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီး ဝမ်ချောင်က အခုမှပြန်ရောက်လာခြင်း ဖြစ်သဖြင့် မြို့တော်၏ အခြေအနေများကို နားမလည်သေးရာ သိန်းငှက်အိုကြီးကို စုံစမ်းခိုင်းခဲ့ခြင်း ဖြစ်သော်လည်း အခြေအနေမှာ သူ တွေးထင်ထားသည်ထက် များစွာ ပို၍ဆိုးရွားနေပုံ ရသည်။

ဝမ်ချောင်သည် သိန်းငှက်အိုကြီးကို အထူးတလည် မှာကြားခဲ့သည်မှာ ဆရာဖြစ်သူ မိစ္ဆာဧကရာဇ် လူအိုကြီးနှင့် ဝူရှန်း ရွာသူကြီးတို့ကို ဆက်သွယ်ရန် ဖြစ်သည်။ ဝမ်ချောင်မထွက်ခွာမီက ထိုလူနှစ်ဦးစလုံးမှာ မြို့တော်တွင် သိုင်းပညာများ ကျင့်ကြံနေခဲ့ကြပြီး ဤမျှကြီးမားသော အပြောင်းအလဲမျိုးကို သူတို့၏အာရုံကို လွတ်သွားစရာ အကြောင်း မရှိပေ။

ထိုအဘိုးအိုနှစ်ဦး၏ စွမ်းရည်အပေါ် ဝမ်ချောင်အလွန် ယုံကြည်မှုရှိပြီး သူတို့ကိုသာ ရှာတွေ့ပါက အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး အချိန်ကုန်ခံ၍ စဉ်းစားနေစရာ မလိုတော့ပေ။

သို့သော် သိန်းငှက်အိုကြီး၏ စုံစမ်းမှု ရလဒ်က ဝမ်ချောင်၏ရင်ထဲကို ပို၍ နက်ရှိုင်းစွာ နစ်ဝင်သွားစေခဲ့သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးနှင့် ဝူရှန်း ရွာသူကြီးတို့မှာ အခြားသူများကဲ့သို့ မှတ်ဉာဏ်များ ဖျက်ပစ်ခံလိုက်ရခြင်း သို့မဟုတ် အရာအားလုံးကို မေ့ပျောက်သွားခြင်း၊ သို့မဟုတ် ပြင်းထန်သော ဒဏ်ရာများ ရရှိကာ တစ်နေရာရာတွင် ကုသနေခြင်းမျိုး မဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အခြေအနေမှာ ဝမ်ချောင် လုံးဝမမြင်ချင်ဆုံး ဖြစ်ရပ်မျိုး ဖြစ်နေခဲ့သည်။

ဝမ်ချောင်ကဲ့သို့ပင် မိစ္ဆာဧကရာဇ် လူအိုကြီးနှင့် ဝူရှန်း ရွာသူကြီးတို့၏ တည်ရှိမှုများကိုပင် လူတိုင်း၏ မှတ်ဉာဏ်ထဲမှ လုံးဝ ဖျက်ပစ်ခံလိုက်ရခြင်း ဖြစ်သည်။

သိန်းငှက်အိုကြီးက လူတိုင်းကို မေးမြန်းခဲ့သလို မိစ္ဆာဧကရာဇ် လူအိုကြီးမြို့ပြင်တွင် နေထိုင်ခဲ့သည့် ဂူသို့လည်း လူလွှတ်၍ စုံစမ်းခိုင်းခဲ့ပြီး မြို့တော်အတွင်း မိစ္ဆာဧကရာဇ် လူအိုကြီးပေါ်လာနိုင်သည့် နေရာတိုင်းသို့ သွားရောက် စုံစမ်းခဲ့သည်။ သို့သော် သူတို့၏တည်ရှိမှုမျိုးကို လုံးဝရှာမတွေ့ခဲ့သလို၊ မိစ္ဆာဧကရာဇ် လူအိုကြီးဆိုတာ မည်သူဆိုသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ မသိကြဘဲ ဝူရှန်း သံချပ်ကာ မြင်းတပ်ကပင်လျှင် ရွာသူကြီးဆိုသည့် လူတစ်ယောက် ရှိခဲ့ဖူးကြောင်း လုံးဝမမှတ်မိတော့ပေ။

နောက်ပိုင်း တစ်ခုကိုမူ လီစီယီက စုံစမ်းရရှိခဲ့ခြင်း ဖြစ်သည်။

ဤအရာအားလုံးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်

သူတို့၏တည်ရှိမှုမှာ လူအချို့က မေ့လျော့သွားခြင်းမျိုး မဟုတ်ဘဲ လူတိုင်း၏ မှတ်ဉာဏ်ထဲမှ လုံးဝဖျက်ပစ်ခံလိုက်ရခြင်း ဖြစ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးနှင့် ဝူရှန်း ရွာသူကြီးတို့ကို သိသူမှာ အမှန်တကယ်ပင် မနည်းလှပေ။ နိုင်ငံအသီးသီးမှ ဘုရင်များ၊ စွမ်းအင်သတ္တုတွင်းမှ ကလေးငယ်များ၊ ဝမ်မိသားစု၏ ညီမငယ်လေး၊ မိစ္ဆာဧကရာဇ် လူအိုကြီးပုံမှန် သွားရောက်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်၊ ဝူရှန်း ရွာသားများ၊ ဝမ်ချောင်ဘေးနားရှိ လူများ...... သိန်းငှက်အိုကြီး ၊ လီစီယီနှင့်ချင်းယန် သခင်လေးတို့ ဝမ်ချောင်နှင့်အတူ ဆင်းဒူသို့ လိုက်ပါသွားခဲ့သူများမှလွဲ၍ ကျန်သူအားလုံးက မိစ္ဆာဧကရာဇ် လူအိုကြီးနှင့် ဝူရှန်း ရွာသူကြီးတို့ကို လုံးဝ မမှတ်မိတော့သည်အထိ မေ့ပျောက်သွားခဲ့ကြသည်။

ဝမ်ချောင်သည် လက်ထဲရှိ စာလွှာကို ကြည့်ကာ မျက်နှာအမူအရာမှာ အလွန်အမင်း ဆိုးရွားနေခဲ့သည်။

မျက်စိရှေ့ရှိ ဤအခြေအနေမျိုးမှာ သူ လုံးဝ မတွေးထင်ထားခဲ့သည့် အရာဖြစ်သည်။

ဆရာနှင့် ဝူရှန်း ရွာသူကြီးတို့မှာ အားနည်းသူများ မဟုတ်ကြပေ၊ မျက်စိရှေ့ရှိ အခြေအနေမှာ သူတို့က မိမိကဲ့သို့ပင် မြို့တော်အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို တွေ့ရှိသွားပြီး ရန်သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့် အခြေအနေမျိုးတွင် ယာယီ ထွက်ခွာသွားခြင်း ဖြစ်နိုင်သလို သို့မဟုတ်...... ဝမ်ချောင်နောက်ထပ် ဆက်တွေးရန် မရဲတော့ပေ။

လက်ရှိ အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးနက်နဲလာခဲ့သည်။

မိမိ မြို့တော်မှ ထွက်ခွာသွားခဲ့သည့် အချိန်ကာလ အတွင်းတွင် မြို့တော်၌ တကယ်တော့ ဘာများ ဖြစ်ပျက်သွားခဲ့သနည်း။

သို့သော်လည်း ဤသို့ဖြစ်လင့်ကစား ဝမ်ချောင်မှာ လမ်းကြောင်း ပျောက်ဆုံးသွားခြင်း မရှိသေးပေ။ အရာအားလုံး ရှင်းလင်းမသွားခင် အချိန်အထိ ဖြစ်နိုင်ခြေ အားလုံးမှာ ရှိနေဆဲဖြစ်သည်။ ထို့အပြင် ဆရာနှင့်ဝူရှန်း ရွာသူကြီးတို့မှာ အားနည်းသူများ မဟုတ်ကြရာ ပြိုင်ဘက် အင်အားကြီးမားသည်နှင့် ကြုံတွေ့ရလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသည်တော့ မဟုတ်ပေ။

အရာအားလုံးမှာ မိမိ တွေးထင်ထားသကဲ့သို့ အမှန်တကယ် ဆိုးရွားနေမည် မဟုတ်ကောင်း မဟုတ်နိုင်ပေ။

"အမေ"

တွေးတောနေစဉ်မှာပင် ရင်းနှီးနေသော အသံတစ်ခုက နားထဲသို့ ရောက်ရှိလာခဲ့ရာ ဝမ်ချောင် သတိပြန်ဝင်လာပြီး အနီးအနားကို ကြည့်လိုက်ရာ ရင်းနှီးနေသော လူရိပ်တစ်ခုက ယုန်ကလေး တစ်ကောင်အလား ခုန်ပေါက်ကာ အဝေးမှ ဖြတ်ပြေးသွားပြီး အတွင်းခန်းဆီသို့ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။

သူမက ဝမ်ချောင်၏ဘေးမှ ဖြတ်သွားချိန်တွင် မျက်စိကို လှည့်ကြည့်ခြင်း မရှိဘဲ တစ်ချက်မျှပင် အပိုသတိထားကြည့်ခြင်း မပြုခဲ့ပေ။

"ညီမလေး"

ဝမ်ချောင်၏ရင်ထဲတွင် အနည်းငယ် ထူးဆန်းသွားခဲ့သည်။

တကယ်ကိုပဲ မိမိ၏ညီမငယ်လေး ပီသပါပေသည်။ ဘာမှ ပြောင်းလဲမသွားဘဲ အရင်အတိုင်းပင် စိတ်ထား ပေါ့ပါးနေဆဲ ဖြစ်သည်။

ဝမ်ချောင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလန့်တကြား မဖြစ်စေဘဲ စိတ်ထဲမှ ခဏမျှ တွေးတောလိုက်ပြီးနောက် တစ်ချက် လှုပ်ရှားလိုက်ကာ အတွင်းဘက်ရှိ ခြံဝင်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်သွားတော့သည်။

ဝမ်ချောင်သည် ဦးစွာ သူ၏ စာကြည့်ခန်း ဆီသို့ ရောက်ရှိသွားခဲ့သည်။

စာကြည့်ခန်းထဲတွင် ရှေးဟောင်း ပစ္စည်းများ ပြည့်နှက်နေပြီး အရာအားလုံးမှာ သူ ထွက်ခွာသွားစဉ်ကအတိုင်းပင် ဖြစ်ကာ မည်သည့် အပြောင်းအလဲမျှ မရှိပေ။

အခြားသူ၏အိမ်ကို အတင်း ဝင်ရောက်ခြင်း။

ဤသည်မှာ ဝမ်ချောင်၏လက်ရှိ အခြေအနေ ပင်ဖြစ်သည်။

မြို့တော်တစ်ခုလုံးတွင် ဝမ်ချောင်ကို မည်သူမျှ မမှတ်မိကြသော်လည်း မျိုးနွယ်ခြားဘုရင်၏ မှတ်ဉာဏ်မှာမူ လူတိုင်း၏ ဦးနှောက်ထဲတွင် အမှန်တကယ် တည်ရှိနေခဲ့ပြီး ၎င်းမှာ မိမိကိုယ်တိုင် မဟုတ်ဘဲ အခြားသူ တစ်ဦးသာ ဖြစ်သည်။

ထို့အပြင် ပို၍ထူးဆန်းသည်မှာ မြို့တော် တစ်ခုလုံးမှာ ဝမ်ချောင်နှင့် ရွှီချီချင်တို့၏ မင်္ဂလာပွဲကို အားပါးတရ ပြင်ဆင်နေကြပြီး လူတိုင်း၏ စိတ်အသိစိတ်တွင် ဤမျိုးနွယ်ခြားဘုရင်မှာ မြို့တော်တွင် ရှိနေသည်ဟု ယူဆထားသကဲ့သို့ ဖြစ်နေသော်လည်း ဝမ်ချောင်အနေဖြင့် စကားပြောဆိုခြင်းအပြင် မှတ်ဉာဏ်များကို ရှာဖွေကြည့်ရှုရာတွင်ပင် ထိုမျိုးနွယ်ခြားဘုရင်၏ တိကျသော သွားလာလှုပ်ရှားမှုများကို မည်သူမျှ မသိရှိကြောင်း တွေ့ရှိလိုက်ရသည်။

ဝမ်မိသားစု စံအိမ်တော်ပေါ်ရှိ အစေခံများ ပင်လျှင် ထို ဝမ်ချောင်အကြောင်းကို သေချာစွာ ပြောဆိုနိုင်ကြသော်လည်း၊ ဝမ်ချောင်က ရုပ်ဖျက်ထားပြီး ထိုသူ၏ ရုပ်ရည်သွင်ပြင်ကို မေးမြန်းလိုက်ချိန်တွင် လူတိုင်းမှာ တွေဝေသွားကြပြီး သူ၏ရုပ်ရည်ကို လုံးဝ မမှတ်မိကြတော့ပေ။

ဤအခြေအနေမှာ လူတိုင်းက ဖန်တီးထားသော ဇာတ်ကောင်တစ်ဦးကို အမှတ်ရနေကြသကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် ဆယ်ရက်ခန့်အကြာတွင် မျိုးနွယ်ခြားဘုရင်နှင့် ရွှီမိသားစုမှ အမျိုးသမီးငယ် တို့၏ မင်္ဂလာပွဲကြီး ရှိနေပြီး အချိန်ကျလျှင် ဤမျိုးနွယ်ခြားဘုရင်မှာ မည်သို့ပင်ဖြစ်စေ အသွင်သဏ္ဍာန်ကို ပြသရတော့မည် ဖြစ်သည်။

ပြဿနာကို ဖြေရှင်းရန်မှာ ဖြေရှင်းသူဆီသို့သာ သွားရမည်ဖြစ်ရာ အရာအားလုံးကို သူက စတင်ခဲ့ခြင်း ဖြစ်သဖြင့် အရာအားလုံး၏ ဗဟိုချက်မ ဖြစ်သော ဤနေရာမှပင် အဖြေကို ရှာတွေ့နိုင်လိမ့်မည်ဟု ဝမ်ချောင် ယုံကြည်ထားခဲ့သည်။

ပတ်ဝန်းကျင်တွင် လူမရှိသည်ကို အခွင့်ကောင်းယူ၍ ဝမ်ချောင်က ပတ်ဝန်းကျင်ကို သေချာစွာ စစ်ဆေးလိုက်ရာ စာကြည့်ခန်းမှာ ယေဘုယျအားဖြင့် အပြောင်းအလဲ မရှိသော်လည်း သူ၏စာကြည့်ခန်း အတွင်းရှိ ပရိဘောဂ နေရာချထားမှုများနှင့် အနည်းငယ် ကွဲလွဲနေသည့် အသေးစိတ် အချက်အလက် အချို့ ရှိနေခဲ့သည်။

"သူက တစ်စုံတစ်ယောက်ကို ရိုးရိုးရှင်းရှင်း ဖန်တီးလိုက်တာမျိုး မဖြစ်နိုင်ဘူး"

ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်ပြီးနောက် စားပွဲပေါ်ရှိ တစ်ပေခန့် မြင့်မားသော စုတ်တံတင်သည့် အရာမှ စုတ်တံ တစ်ချောင်းကို အမြန် ဆွဲယူလိုက်သည်။

ဝမ်ချောင်၏ လက်ရေးလက်သားမှာ အမှန်တကယ်ပင် မလှပလှပေ၊ အစောပိုင်းကာလတွင် ကြင်ယာတော်ထိုက်ကျန်းထံ ပေးပို့ခဲ့သော ထိုချင်းဖိန်တျောက် ကဗျာမှာပင် စောင်းရွဲ့ကာ အလွန်ရုပ်ဆိုးနေခဲ့သဖြင့် ဝမ်ချောင်သည် သူ၏ စာကြည့်ခန်း ထဲတွင် အမြဲတမ်း စာရေး လေ့ကျင့်လေ့ ရှိသည်။

ဝမ်ချောင်မှာ သူ အကြိုက်ဆုံး ဝံမွေး စုတ်တံ တစ်ချောင်း ရှိသော်လည်း ဤစုတ်တံမှာ အမှန်တကယ် မဟုတ်ပေ။

ဝမ်ချောင်၏ စုတ်တံမှာ လက်သန်း လောက်သာ ရှိပြီး လီဟန်က နန်းတော်မှ အထူး ရွေးချယ်၍ ပေးပို့ထားခြင်းဖြစ်ကာ ထိုစုတ်တံ၏အပြင်ဘက်မှာ အနီရောင် ဖြစ်နေသဖြင့် ဝမ်ချောင်က ၎င်းကို "ကျူးပီ(အနီရောင် စုတ်တံ)" ဟု ခေါ်ဆိုခဲ့သော်လည်း စုတ်တံတင်ထားသော အရာပေါ်ရှိ ဤဝံမွေးစုတ်တံမှာမူ မီးခိုးရောင် အညိုရောင်သာ ဖြစ်သည်။

"မင်တုံးကိုလည်း သုံးထားသေးတယ်၊ အနည်းဆုံး ၃ပုံ ၁ပုံလောက် လျော့သွားတယ်၊ ဒီနေရာမှာ စာရေးခဲ့တာ ဖြစ်ရမယ်"

ဝမ်ချောင်က မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ဤနေရာတွင် တစ်ချိန်က ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စရပ်များကို ဦးနှောက်ထဲတွင် သေချာ ပြန်လည် စဉ်းစားလိုက်သည်။

သူ ဆင်းဒူသို့ ထွက်ခွာသွားခဲ့သည့် ကာလအတွင်း သူ၏စာကြည့်ခန်းထဲသို့ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့သည်မှာ သေချာပြီး ထိုသူက သူ၏စာကြည့်ခန်းကို လည်ပတ်ကြည့်ရှုရုံတင်မကဘဲ သူ၏ မင်တုံးကိုလည်း သုံးစွဲခဲ့သည်။

ဝမ်ချောင်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီးနောက် စားပွဲနောက်ရှိ ပင်မကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ကာ သူ၏လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လက်ကိုင်တန်းပေါ်သို့ တင်လိုက်ကာ ခန္ဓာကိုယ်ကို အနည်းငယ် နောက်သို့ မှီလိုက်ပြီး စူးစမ်းသည့် ပုံစံမျိုးဖြင့် စာကြည့်ခန်း တစ်ခုလုံးကို သေချာစွာ စူးစမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ အမူအရာနှင့် ပုံစံမှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားပြီး အခြား လူစိမ်းတစ်ဦးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။

"ဟူး"

သို့သော် မျက်တောင်တစ်ခတ်မျှသာ ကြာလိုက်ပြီး ဝမ်ချောင်က ချက်ချင်း မျက်လုံးကို ဖွင့်လိုက်တော့သည်။

ဤတစ်ကြိမ်တွင် ဝမ်ချောင်က ဝမ်ချောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ယခုအခါ သူ သေချာပေါက် ပြောနိုင်သည်မှာ တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး တစ်ဖက်လူမှာ ပိုင်ရှင်တစ်ဦး၏ အေးအေးဆေးဆေး စိတ်အခြေအနေမျိုးဖြင့် ဤနေရာကို စူးစမ်းလေ့လာခဲ့ပြီး စာကြည့်ခန်းမှတစ်ဆင့် မိမိကိုယ်ကို ထိုးဖောက် ကြည့်ရှုရန် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏မျက်လုံးများထဲတွင် စူးရှအေးစက်သော အလင်းတန်း တစ်ခု လက်သွားခဲ့သည်။

"‘ထျန်း’လား"

ဝမ်ချောင်အတိအကျ မဆုံးဖြတ်နိုင်သော်လည်း သေချာသည်မှာ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းနှင့် လုံးဝ ကင်းကွာမည် မဟုတ်ပေ။

"ကျွီ…."

ဤအချိန်မှာပင် သစ်သားတံခါး တွန်းဖွင့်လိုက်သည့် အသံတစ်ခုက နားထဲသို့ ရုတ်တရက် ဝင်ရောက်လာရာ ဝမ်ချောင်၏ရင်ထဲတွင် တစ်ချက် ခုန်သွားပြီး လှည့်ကြည့်လိုက်ရာ ဆံထိုးလေးများ ယိမ်းနွဲ့သံနှင့်အတူ ရင်းနှီးနေသော အငွေ့အသက်တစ်ခုက ဝမ်ချောင်၏ အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။

ပိုးသား အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျက်သရေရှိလှသော အလတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ဦးက တံခါးအပြင်ဘက်မှ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"အမေ......"

ဝမ်ချောင်၏ မျက်ခွံများ တစ်ချက် လှုပ်ရှားသွားပြီး ပါးစပ်ကို ဟကာ အမေ ဟူသော စကားလုံး နှစ်လုံးကို ထုတ်ပြောရန် ပြင်လိုက်သော်လည်း စကားတစ်ဝက်တွင် ဝမ်ချောင်က ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ ယခု မိမိက ရုပ်ဖျက်ထားပြီး မိတ်ကပ် လိမ်းထားကာ အစစ်အမှန် အဆင့်အတန်းမှာ စံအိမ်တော် အတွင်းမှ အစေခံ တစ်ဦးသာ ဖြစ်ပြီး ဝမ်ချောင်မဟုတ်ပေ။

တကယ်တမ်းတွင် မိမိ၏မူလရုပ်သွင်ကို ဖော်ပြလိုက်လျှင်တောင်မှ မိခင်က မိမိကို မှတ်မိမည်မှာ သေချာပေါက် မဟုတ်ပေ။

"မင်းက"

သခင်မဝမ်က ဝင်လာပြီး ကုလားထိုင်ပေါ်ရှိ ဝမ်ချောင်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာမှာ မှင်သက်သွားပြီး အခန်းထဲတွင် လူရှိနေမည်ဟု မထင်မှတ်ထားခဲ့ကြောင်း သိသာထင်ရှားလှပေသည်။

"သခင်မ"

ဝမ်ချောင်က အမြန်မတ်တပ်ရပ်လိုက်ပြီး မိမိကိုယ်ကို မပေါ်လွင်စေဘဲ ခါးညွှတ်၍ အရိုအသေပေးလိုက်သည်။

"ကျွန်တော်က စံအိမ်တော်ထဲကို အသစ်ရောက်လာတဲ့ အစေခံပါ၊ အရှင့်အတွက် စာကြည့်ခန်း လာရှင်းပေးတာပါ"

"ဒီလိုကိုး"

သခင်မဝမ်က အနည်းငယ် ပြုံးလိုက်ပြီး ဆက်လက်၍ အပြစ်မရှာတော့ပေ။

အထက်တန်းလွှာ မိသားစုကြီးများ၏ စည်းကမ်းများက အလွန် တင်းကျပ်လေ့ ရှိသော်လည်း ဝမ်မိသားစု စံအိမ်တော်တွင်မူ ထိုမျှလောက် ကြမ်းတမ်းခြင်း မရှိဘဲ ရှုထောင့်ပေါင်းစုံတွင် အမှန်တကယ်ပင် အလွန် သဘောကောင်းကြရာ ဤသည်မှာလည်း အစေခံမိန်းကလေးများနှင့် အစေခံများက ဝမ်မိသားစုကို သဘောကျရသည့် အကြောင်းရင်း ပင်ဖြစ်သည်။

"သခင်မ၊ ထိုင်ပါဦး"

ဝမ်ချောင်က လျင်မြန်စွာပင် ဘေးသို့ ဖယ်ပေးလိုက်ပြီး မိခင်နှင့် သိချင်သော်လည်း ယခုအချိန်က အချိန်အခါ မဟုတ်သေးကြောင်းကို ဝမ်ချောင်သိရှိနေခဲ့သည်။

သခင်မဝမ်က သူ့ကို သံသယ မဝင်ဘဲ ထိုပင်မကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ကာ လက်တစ်ဖက်ကို လက်ကိုင်တန်းပေါ်သို့ တင်လိုက်ပြီး မျက်မှောင်များက သဘာဝကျစွာပင် တွန့်ချိုးသွားခဲ့သည်။

"သခင်မ စိတ်ရှုပ်စရာ ရှိနေလို့လား"

ဝမ်ချောင်က ရုတ်တရက် စကားပြောလိုက်သည်။

မိခင်နှင့် အတူနေလာခဲ့သည်မှာ ဤမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မိခင်၏ ဤကဲ့သို့သော စိုးရိမ်ပူပန်နေသည့် ပုံစံမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ပင်ဖြစ်သည်။

"ဘာမှ မဟုတ်ပါဘူး"

သခင်မဝမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းပြကာ များများစားစား မပြောချင်ကြောင်း သိသာထင်ရှားလှပေသည်။

"တကယ်လို့ အခက်အခဲ တစ်ခုခု ရှိနေရင် ကျွန်တော် ကူညီဖြေရှင်းပေးနိုင်ကောင်း ဖြေရှင်းပေးနိုင်လိမ့်မယ်"

ဝမ်ချောင်က တိုးညှင်းစွာ ပြောလိုက်သည်။

မိခင်က သူ၏ရှေ့တွင် ဤကဲ့သို့သော စိုးရိမ်ပူပန်သည့် ပုံစံမျိုးကို ပြသလေ့ သိပ်မရှိဘဲ မိခင်က မပြောချင်လေလေ၊ ဝမ်ချောင်က ပို၍ သိချင်လေလေ ပင်ဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး၊ မကြာခင် ချောင်အာနဲ့ သခင်မလေးရွှီတို့ရဲ့ မင်္ဂလာပွဲနေ့ကို ရောက်တော့မယ်၊ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး၊ တစ်ခုခု လွဲချော်နေသလိုမျိုး ငါ အမြဲတမ်း ခံစားနေရတယ်"

သခင်မဝမ်က ပြောလိုက်ပြီး စကားပြောနေချိန်တွင် သူမ၏အကြည့်များက အောက်သို့ စိုက်ကျနေကာ ဤစကားများမှာ ဝမ်ချောင်ကို ပြောနေသည်ထက် သူမကိုယ်တိုင် ကြားအောင် ပြောနေခြင်းနှင့် ပိုတူပေသည်။

"ဝီ"

ပြောသူက သတိမထားမိသော်လည်း ကြားသူအတွက်မူ ရင်ထဲတွင် စွဲထင်သွားစေပြီး သခင်မဝမ်က ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သော်လည်း ဝမ်ချောင်၏ရင်ထဲတွင်မူ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

မြို့တော်သို့ ဝင်ရောက်လာချိန်မှ ယခုအထိ သူက မေ့လျော့ခံထားရသူ တစ်ဦးအလား ဖြစ်နေပြီး လူတိုင်းက သူ၏တည်ရှိမှုကို မေ့ပျောက်သွားခဲ့ကြရာ ဤသည်မှာ ပုံမှန်မဟုတ်သော အခြေအနေကို တစ်စုံတစ်ယောက်က သတိထားမိခြင်း ပထမဆုံးအကြိမ် ပင်ဖြစ်သည်။

******

All Chapters