အခန်း ၂၂၉၈
Vol. 143 Ch. 2298
အခန်း ၂၂၉၈ ဝမ်ချောင်နဲ့ ‘ထျန်း’
"သခင်မ ဘယ်နေရာမှာ အဆင်မပြေဖြစ်နေတယ်လို့ ထင်လို့လဲ"
ဝမ်ချောင်က သူ၏အစစ်အမှန် အဆင့်အတန်းကို အလွယ်တကူ မဖော်ပြဘဲ မေးလိုက်သည်။
"ဘာလို့လဲဆိုတာတော့ ငါလည်း သေချာ မပြောတတ်ဘူး။ ရင်ထဲမှာ အရမ်းအရေးကြီးတဲ့ အပိုင်းတစ်ခု ပျောက်ဆုံးသွားသလိုမျိုးပဲ အမြဲတမ်း တစ်ခုခု လွဲချော်နေတယ်လို့ ခံစားနေရတယ်"
သခင်မဝမ်က လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိကာ ပြောလိုက်သော်လည်း စကားတစ်ဝက်တွင် သူမကိုယ်တိုင်ပင် အလိုအလျောက် ရယ်မောလိုက်မိသည်။
"ငါက မင်းကို ဒီအကြောင်းတွေ ဘာလို့ ပြောနေရတာလဲ၊ ကလေးက ဒီလောက်တောင် ကြီးနေပြီပဲ၊ အိမ်ထောင်ကျတော့မယ်၊ ပြီးတော့ လက်ထပ်မယ့်သူကလည်း ရွှီမိသားစုက သခင်မလေး ဆိုတော့ ဒါက မိသားစုအတွက် ဂုဏ်ကျက်သရေ တစ်ခုပဲ၊ ဝမ်းသာရမှာပေါ့"
သခင်မဝမ်က ဤသို့ပြောလိုက်ပြီးနောက် မျက်မှောင်များ အနည်းငယ် ပြေလျော့သွားသော်လည်း မျက်ခုံးနှစ်ခုကြားရှိ ထိုစိုးရိမ်ပူပန်မှုနှင့် မလုံခြုံမှု အရိပ်အယောင်များမှာမူ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
"ပြောရရင်တော့ ထူးဆန်းတယ်"
သခင်မဝမ်က ထိုသို့ပြောလိုက်ပြီးနောက် သူမ၏အကြည့်များက နောက်ဆုံးတွင် ဝမ်ချောင်အပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဒီစကားတွေကို ငါ အရင်က ဘယ်သူ့ကိုမှ မပြောဖူးဘူး၊ ဖုအာနဲ့ ပိုအာတို့ကိုတောင် မပြောပြဖူးဘူး၊ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး မင်းရှေ့ရောက်မှ ဒါတွေကို ပြောမိတယ်၊ မင်းကို မြင်လိုက်ရတဲ့ အချိန်မှာ ရင်းနှီးသလို ခံစားရတယ်၊ အင်း...... ချောင်အာနဲ့ တူသလိုမျိုးပဲ"
သခင်မဝမ်က အလိုအလျောက် ဤစကားကို ထုတ်ပြောလိုက်ပြီးနောက် သူမကိုယ်တိုင်ပင် မှင်သက်သွားခဲ့သည်။
မကြာမီမှာပင် သူမ၏မျက်မှောင်များက တွန့်ချိုးသွားပြီး ယခင်ကထက်ပင် ပို၍ နက်ရှိုင်းစွာ တွန့်ချိုးသွားကာ နားမလည်နိုင်သော ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။
အခန်းထဲတွင် ဝမ်ချောင်၏ ရင်ထဲ၌လည်း အဆက်မပြတ် တုန်လှုပ်နေခဲ့သည်။
အမေ။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ရင်ထဲ၌ နွေးထွေးသော ခံစားချက်များ အဆက်မပြတ် စီးဆင်းသွားပြီး ဖော်ပြ၍မရနိုင်သော ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
မြို့တော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး နောက်ကွယ်မှ မျက်မြင်မရသော ဧရာမ လက်ကြီး တစ်ဖက်က အရာအားလုံးကို ထိန်းချုပ်ကာ မိမိအကြောင်း လူတိုင်း၏ မှတ်ဉာဏ်များကို ဖျက်ပစ်ခဲ့ပုံရသည်။ ဝမ်ချောင်သည် အိမ်ရှိ အစေခံများ၊ အစေခံမိန်းကလေးများ၊ မိမိ၏ လက်အောက်ငယ်သားများနှင့် မြို့တော်ရှိ ပြည်သူများ အပါအဝင် အားလုံးကို စမ်းသပ်ကြည့်ခဲ့သော်လည်း မိမိကို မည်သူမျှ မမှတ်မိကြတော့ပေ။
ယခုမှသာ သူ့ကို မှတ်မိသူ တစ်ဦး ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ပင်ဖြစ်သည်။
မိခင်က သိုင်းပညာ မတတ်ကျွမ်းသလို စိတ်စွမ်းအင်မှာလည်း သာမန် သိုင်းပညာရှင် အချို့ထက်ပင် များစွာနိမ့်ကျနေသော်လည်း မှတ်ဉာဏ်များ ဖျက်ပစ်ခံလိုက်ရသည့်တိုင်အောင် အမေက သူ့ကို မှတ်မိနေဆဲ ဖြစ်သည်။
"အမေ......"
ဝမ်ချောင်၏နှုတ်ခမ်းများ တုန်ယင်သွားပြီး ဤစကားလုံးနှစ်လုံးကို ထုတ်ပြောရန် ပြင်လိုက်သည်။
သို့သော် ဤအချိန်မှာပင် အလွန်တရာ ကျယ်လောင်သော အသံကြီး တစ်ခုက ဝမ်ချောင်နှင့်သခင်မဝမ်တို့၏ ဦးနှောက်ထဲတွင် ရုတ်တရက် တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။
"ဟားဟား၊ လူသားတွေရဲ့ ခံစားချက်တွေပါလား။ တစ်ခုခု လွဲချော်နေတယ်လို့ ခံစားရရင်တောင်မှ အန္တရာယ်ကို မမှုဘဲ ကိုယ့်အမေကို လာကြည့်သေးတယ်ပေါ့"
ထိုအသံကို ကြားလိုက်ရသောအခါ သခင်မဝမ်မှာ တွေဝေသွားပြီး ဘာတွေဖြစ်နေမှန်း သေချာ မသိသေးသော်လည်း ဝမ်ချောင်၏ မျက်နှာအမူအရာမှာမူ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"‘ထျန်း’"
ဝမ်ချောင်၏ မျက်နှာအမူအရာက အေးစက်သွားပြီး အလွန်အမင်း လေးနက်သွားခဲ့သည်။
ထိုအသံနှင့် အငွေ့အသက်ကို ဝမ်ချောင်မစိမ်းလှပေ၊ ၎င်းမှာ ယခင်က ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးကာ ဝမ်ချောင်ကို အတွင်းသို့ ဆွဲသွင်းပြီး သွေးဖောက်ပြန်သည့် ရူးသွပ်ရောဂါကို လှုံ့ဆော်ပေးခဲ့သော ‘ထျန်း’ပင်ဖြစ်သည်။
‘ထျန်း’က ဤအချိန်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ဝမ်ချောင် တွေးထင်မထားခဲ့ပေ။
"ဝီ"
ဝမ်ချောင်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ အလင်းတစ်ချက် ထုတ်လွှတ်လိုက်ကာ ငွေရောင်အကာအကွယ်တစ်ခုကို အမေဖြစ်သူအား လွှမ်းခြုံပေးလိုက်ပြီး တပြိုင်နက်တည်းမှာပင် သူမကို သူ၏အနောက်ဘက်သို့ လျင်မြန်စွာ ကွယ်ထားလိုက်သည်။
သူက ခေါင်းမော့၍ အထက်ပိုင်းရှိ တစ်နေရာကို ကြည့်လိုက်ရာ ထိုနေရာရှိ အချိန်နှင့် အာကာသ အနက်ရှိုင်းဆုံး နေရာမှ မှော်စွမ်းအင် လှိုင်းဂယက်တစ်ခုကို ဝမ်ချောင် ခံစားလိုက်ရသည်။
ထိုအင်အားကြီးမားလှသော မှော်စွမ်းအင် လှိုင်းဂယက် ပေါ်ထွက်လာချိန်မှာပင် ကြီးမားလှသော အစီအရင်ကြီး တစ်ခုက ဝမ်မိသားစု စံအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
‘ထျန်း’က သူ့ကို အမြဲတမ်း စောင့်နေခဲ့ခြင်း ဖြစ်သည်။
ထိုသူက မိမိ ဝမ်မိသားစု စံအိမ်တော်သို့ ပြန်လာမည်ကို သိရှိပြီး မိခင်ကို သေချာပေါက် လာတွေ့မည်ကိုလည်း သိရှိနေသဖြင့် သူ့ကို စောင့်ဆိုင်းရန် အထူးတလည် ထောင်ချောက် တစ်ခုကို ဆင်ထားခဲ့ခြင်း ဖြစ်သည်၊
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ရင်ထဲတွင် ပြင်းထန်သော အန္တရာယ် ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
"ဟားဟားဟား၊ မင်း မှားသွားပြီ၊ ငါက ‘ထျန်း’မဟုတ်ဘူး"
တပြိုင်နက်တည်းမှာပင် ရင်းနှီးနေသော ထိုအသံက ကောင်းကင်ယံမှ ထွက်ပေါ်လာသော်လည်း စကားထဲရှိ အကြောင်းအရာများကမူ လူကို အံ့အားသင့်သွားစေသည်။
"‘ထျန်း’ကလည်း လုံးဝငါ့လောက် အဆင့်မျိုးပဲ ရှိနေမှာ မဟုတ်ဘူး"
ထိုအသံမှာ တည်ငြိမ်အေးဆေးပြီး ပေါ့ပေါ့ပါးပါးသာ ရှိနေသော်လည်း ဝမ်ချောင်၏ နားထဲတွင် ကြားလိုက်ရချိန်၌ မျက်ခွံများ အဆက်မပြတ် တုန်လှုပ်သွားပြီး နားနှစ်ဖက်စလုံး အူသွားကာ ဦးနှောက်ထဲတွင် မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
‘ထျန်း’မဟုတ်ဘူး။
အလွန်အမင်း အင်အားကြီးမားလှသော စိတ်စွမ်းအင် ပိုင်ရှင်ဖြစ်ပြီး မိမိကို စိတ်ကူးယဉ်ကမ္ဘာထဲသို့ ဆွဲသွင်းခဲ့သော ထိုတည်ရှိမှုကြီးက ‘ထျန်း’မဟုတ်ဘူးတဲ့လား။
တစ်ဖက်လူ၏ စိတ်စွမ်းအင်မှာ မိမိထက် များစွာ ပို၍ အင်အားကြီးမားနေကြောင်းကို သူ သေချာပေါက် ခံစားသိရှိထားပြီး လောကကြီး တစ်ခုလုံးတွင် ‘ထျန်း’မှလွဲ၍ မည်သို့လုပ်ပြီး ဤမျှလောက် အင်အားကြီးမားသော တည်ရှိမှုမျိုး ရှိနေနိုင်ဦးမည်နည်း။
"ဟားဟားဟား၊ မင်းက ငါ့ကို မမြင်ဖူးပေမယ့် ငါ့နာမည်ကိုတော့ မစိမ်းလောက်ပါဘူး"
"ခမ်းခမ်းနားနား မိတ်ဆက်ပေးရမယ်ဆိုရင် ငါက ထိုက်စုပါ၊ အကြောင်းရင်း အမျိုးမျိုးကြောင့် ငါက သာမန် လူသားတွေနဲ့ရော တခြား ထိုက်အဆင့်တွေ အားလုံးနဲ့ပါ မတူညီဘူး။ မင်း ပိုပြီးရင်းနှီးတာက ကမ္ဘာမြေပေါ်က ကိုယ်ပွား အမျိုးမျိုး ဖြစ်လောက်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ မူလ အစစ်အမှန်က စိတ်စွမ်းအင် အစုအဝေးတစ်ခုပဲ"
"ဒါနဲ့ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းရဲ့ ထိုက်အဆင့်တွေ အားလုံးက ဝိညာဉ် မပျက်စီးသရွေ့ ပြန်လည် မွေးဖွားနိုင်တာတွေ အားလုံးက ငါ့ရဲ့ လက်ရာတွေချည်းပဲ"
ထိုအသံက ကျယ်လောင်စွာ ရယ်မောရင်း မိတ်ဆက်လိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ဝမ်ချောင်၏မျက်နှာအမူအရာမှာ မျက်တောင်တစ်ခတ်အတွင်း အလွန်အမင်း ဆိုးရွားသွားခဲ့သည်။
သူ ပြောလိုက်သော ဤနာမည်ကို ဝမ်ချောင်မစိမ်းလှပေ။ ဝမ်ချောင်၏ရင်ထဲတွင် ထိုက်စုမှာ အခြားသူများနှင့် အတူတူလောက်သာ ရှိမည်ဟု တွေးထင်ထားခဲ့သည်။
တကယ်တမ်းတွင်မူ ဝမ်ချောင်သည် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းမှ ကျွမ်းကျင်သူများ၏ မှတ်ဉာဏ်ထဲမှတစ်ဆင့် ထိုက်စု၏ တည်ရှိမှုကို မြင်တွေ့ခဲ့ဖူးသော်လည်း ယခုပြန်ကြည့်မည်ဆိုလျှင် နောက်ကွယ်တွင် အမြဲတမ်း ပုန်းအောင်းနေပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့သော ဤထိုက်စုကို သူက အထင်သေးလွန်းခဲ့ပုံ ရသည်။
အကယ်၍ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ ပြန်လည်မွေးဖွားခြင်း စနစ်ကို သူက ဖန်တီးခဲ့ခြင်း ဖြစ်မည်ဆိုပါက ဤလူမှာ မိမိ တွေးထင်ထားသည်ထက် များစွာပို၍ကိုင်တွယ်ရ ခက်ခဲလောက်ပေသည်။
"ဟားဟား…. ဝမ်ချောင်၊ မင်းက တကယ်ကို ငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တယ်၊ ဒီလောက် အချိန်အကြာကြီး အတွင်းမှာ ငါတို့ရဲ့ သန့်စင်ခြင်း အစီအစဉ်ကို ဖျက်ဆီးနိုင်တဲ့သူ ပထမဆုံး ပေါ်လာတာပဲ၊ မင်းက ထိုက်ရှီကိုတောင် သတ်နိုင်ခဲ့သေးတယ်"
"ဒါပေမဲ့ အရာအားလုံး အဆုံးသတ်ဖို့ အချိန်တန်ပြီ"
ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင် ဖိအားများက အဆက်မပြတ် ဒီရေအလား ဝမ်ချောင်၏အထက်ပိုင်း အနက်ရှိုင်းဆုံးနေရာမှ လှိမ့်ဝင်လာခဲ့သည်။
ထိုက်စုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရာ သူ၏အသံထဲတွင် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည့် ခံစားချက်တစ်မျိုး ပါဝင်နေပြီး အရာအားလုံးက သူ၏လက်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဝမ်ချောင်က စကားမပြောသော်လည်း သူ၏မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း လေးကြိုးကို အဆုံးထိ ဆွဲတင်ထားသကဲ့သို့ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ထိုက်စုမှာ အလွန်အမင်း တည်ငြိမ်လွန်းနေပြီး ဤတစ်ကြိမ်တွင် မိမိကို သတ်ဖြတ်နိုင်မည်ဟု သူက သေချာပေါက် ယုံကြည်နေသကဲ့သို့ တည်ငြိမ်နေကာ မိမိ ထွက်ပြေးသွားမည်ကိုလည်း အနည်းငယ်မျှ စိုးရိမ်ပူပန်နေခြင်း မရှိပေ။
ဤအချက်က ဝမ်ချောင်၏ရင်ထဲတွင် အလွန်ဆိုးရွားသော ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။
"ဒါနဲ့ မင်းက ‘ထျန်း’ကို တွေ့ချင်နေတာ မဟုတ်လား၊ နှုတ်ဆက် လက်ဆောင်အနေနဲ့ မင်းကို တွေ့ခွင့်ပေးလိုက်မယ်"
"သခင်ကြီး၊ ဖျက်ဆီးခြင်း သားတော် ပေါ်လာပါပြီ"
ထိုက်စု၏ ပေါ့ပေါ့ပါးပါး ရယ်မောသံက ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် သူ၏အသံက ပြောင်းလဲသွားကာ အချိန်နှင့် အာကာသ ပိုမိုနက်ရှိုင်းသော အခြားဦးတည်ချက်တစ်ခုဆီသို့ လှမ်းပြောလိုက်ရာ ပိုမြင့်မြတ်သော တည်ရှိမှုတစ်ခုထံသို့ ခွင့်ပြုချက် တောင်းခံနေပုံ ရသည်။
ထိုအခိုက်အတန့်တွင် ထိုက်စု၏အသံမှာ အလွန်တရာ ရိုသေကိုင်းရှိုင်းနေပြီး မှူးမတ်တစ်ဦးက ဧကရာဇ်မင်းကို ခစားနေသကဲ့သို့ ဖြစ်နေခဲ့သည်။
အချိန်ခဏလေးအတွင်းမှာပင် ဝမ်ချောင်၏စိတ်တွင် ဝုန်းခနဲ အသံနှင့်အတူ ခေါင်းအထက်ရှိ လေဟာပြင်က ကွဲအက်သွားသကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် တပြိုင်နက်တည်းမှာပင် ကြီးမားကျယ်ပြန့်လှသော အငွေ့အသက်တစ်ခုက တောက်ပသော နေမင်းကြီး တစ်စင်းအလား အဆုံးအစမရှိသော မီးတောက်များကို ထုတ်လွှင့်ကာ ဝမ်မိသားစု စံအိမ်တော်၏ အထက်ပိုင်းတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ဝမ်ချောင် ငါ မင်းကို ရှာနေတာ အတော်ကြာပြီ၊ အရာအားလုံး အဆုံးသတ်သင့်ပြီ"
ရုတ်တရက် ထိုအငွေ့အသက် ပေါ်ထွက်လာမှုနှင့်အတူ ကြီးကျယ်ခမ်းနားပြီး လုံးဝဂရုမစိုက်သည့် အသံကြီးတစ်ခုက ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံး၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုမျှမက ဝမ်ချောင်ခေါင်းမော့လိုက်သည့် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော ထို ကြီးမားလှသည့် အလင်းတန်းကြီး ထဲတွင် ရင်းနှီးနေသော အငွေ့အသက် နှစ်ခု ပါဝင်နေကြောင်းကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ကမ္ဘာပျက် အမှတ်အသား။
ဤအခိုက်အတန့်တွင် ဝမ်ချောင်သည် ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့သည်။
‘ထျန်း’က ထိုက်ယွမ်ထံမှ ကမ္ဘာပျက် အမှတ်အသား တစ်ခုကို ရရှိခဲ့ပြီး မဟာလော့ဝ်နန်းတော်မှ အမှတ်အသား နှင့် ပေါင်းစပ်လိုက်ရာ၊ ယခု ‘ထျန်း’၏ အစစ်အမှန် ခန္ဓာကိုယ်က ထွက်မလာသေးသော်လည်း ဤကမ္ဘာပျက် အမှတ်အသားနှစ်ခု၏ အကူအညီဖြင့် ‘ထျန်း’၏ မူလခန္ဓာကိုယ် က ပိုမို ကြီးမားကျယ်ပြန့်လှသော စွမ်းအားများကို ထုတ်လွှတ်ပေးနိုင်ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ယခု ‘ထျန်း’မှ ဖန်တီးလိုက်သော ကိုယ်ပွားမှာ ယခင်အချိန်များကထက် များစွာ ပိုအင်အားကြီးမားနေပြီ ဖြစ်သည်။
ဝုန်း
စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်တောင်တစ်ခတ်အတွင်း အဆုံးအစမရှိသော ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီး တစ်ခုက မီးတောင်ပေါက်ကွဲသကဲ့သို့ အထက်ပိုင်းမှ အောက်သို့ ပြင်းထန်စွာ ကျလာတော့သည်။
အဆုံးအစမရှိသော အနီရောင် မီးတောက်များက ရေများအလား ပြည့်နှက်နေပြီး ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးကို လွှမ်းခြုံသွားရာ ထိုမြင်ကွင်းမှာ ကမ္ဘာပျက်မည့်နေ့ အလားပင်ဖြစ်သည်။
စကားများများစားစား မပြောတော့ဘဲ ‘ထျန်း’၏ ကိုယ်ပွားက ဖျက်ဆီးပစ်နိုင်သော တိုက်ခိုက်မှုကို တိုက်ရိုက် စတင်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီး၏ရှေ့တွင် ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးမှာ လေပြင်းမုန်တိုင်းထဲရှိ ရွက်လှေငယ်လေး တစ်စင်းအလား ဖြစ်နေပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည့် အန္တရာယ် ရှိနေခဲ့သည်။
ပြင်းထန်လှသော အန္တရာယ် ခံစားချက်။
ဤသည်မှာ ဝမ်ချောင်က ‘ထျန်း’၏ တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရခြင်း ပထမဆုံးအကြိမ် ပင်ဖြစ်သည်။
ယခုအချိန်အထိ ကျင့်ကြံလာခဲ့ရာ ဝမ်ချောင်သည် ဂူကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သိုင်းပညာ၊ အချိန်နှင့် အာကာသ စည်းမျဉ်းများအပေါ် နားလည်သဘောပေါက်မှုမှာလည်း လောကရှိ သိုင်းပညာရှင် အများစုထက် များစွာသာလွန်နေပြီဖြစ်ရာ ထိုက်အဆင့်ရှိ သိုင်းပညာရှင်များပင်လျှင် ဤကဏ္ဍတွင် ဝမ်ချောင်ကို ယှဉ်ပြိုင်နိုင်မည်မှာ သေချာပေါက် မဟုတ်ပေ။
သို့သော် ‘ထျန်း’ကို မြင်တွေ့လိုက်ရသည့် မျက်တောင်တစ်ခတ်အတွင်း ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံစားလိုက်ရချိန်၌ သူတို့နှစ်ဦးကြားတွင် ကြီးမားလှသော ကွာဟချက်ကြီးတစ်ခု ရှိနေသေးကြောင်းကို ဝမ်ချောင် ချက်ချင်း နားလည်သွားခဲ့သည်။
အချိန်နှင့်နေရာလွတ် စည်းမျဉ်းတို့နှင့် ပတ်သက်၍ ‘ထျန်း’၏ ဤတစ်ကြိမ် တိုက်ခိုက်မှုတွင် ပြသလိုက်သော ကျွမ်းကျင်မှုမှာ မိမိထက် များစွာ သာလွန်နေခဲ့သည်။
‘ထျန်း’၏ မူလခန္ဓာကိုယ်မှာ ပိတ်လှောင်ခံထားရဆဲ ဖြစ်သော်လည်း နှစ်သောင်းချီကြာအောင် ရှည်လျားလှသော သက်တမ်းတစ်လျှောက် စုဆောင်းရရှိလာခဲ့သည့် အတွေ့အကြုံများနှင့် နည်းပညာများမှာ မူလခန္ဓာကိုယ် ပိတ်လှောင်ခံထားရသည့်အတွက် အနည်းငယ်မျှ လျော့ကျသွားမည် မဟုတ်ပေ။
ဝမ်ချောင်၏ ခံစားမှုတွင် ရေတွက်၍မရနိုင်အောင် များပြားလှသော ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက ရှုပ်ထွေးသော နည်းလမ်းဖြင့် အချိန်နှင့် အာကာသ စွမ်းအင်များနှင့် ပေါင်းစပ်ကာ ကောင်းကင်ယံ အပြည့်ရှိ အနီရောင် မီးတောက်များနှင့်အတူ မိမိဆီသို့ ဖိကျလာနေသည်ကို တွေ့ရှိလိုက်ရသည်။
ဝမ်မိသားစု စံအိမ်တော်၏ နေရာအနှံ့အပြားမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဤအခိုက်အတန့်တွင် လူတိုင်းက ထိုကြီးမားကျယ်ပြန့်ပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားကြီးကို ခံစားလိုက်ရကာ အစေခံမိန်းကလေး တစ်ဦးက အထက်ပိုင်းသို့ ကြည့်ရင်း မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးက အောက်သို့ မကျရောက်လာသေးခင်မှာပင် သူတို့အပေါ် အလွန်တရာ ကြီးမားလှသော ဖိအားများကို ဖြစ်ပေါ်စေခဲ့ပြီဖြစ်ပြီး ယခုအခါ ဝမ်မိသားစုဝင် အားလုံး၏ အသက်အန္တရာယ်မှာ ဝမ်ချောင်တစ်ဦးတည်းအပေါ်တွင်သာ မူတည်နေတော့သည်။
"အခုပဲ"
အသက်အန္တရာယ်က ဆံခြည်တစ်မျှင်ပေါ်တွင်သာ မူတည်နေပြီး ‘ထျန်း’က တိုက်ခိုက်မှုကို စတင်လိုက်သည့် အချိန်မှာပင် ဝမ်ချောင်က ချက်ချင်း လက်စွမ်းပြလိုက်တော့သည်။
မြေကြီးများ တုန်ခါသွားပြီး မိုးကြိုးပစ်ချသကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အခိုက်အတန့်တွင် လေပြင်းများ တိုက်ခတ်လာပြီး ဝမ်ချောင်၏ ခြေအောက်မှ မှောင်မိုက်သော ရွှေရောင် အလင်းကွင်း တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဤသည်မှာ ဝမ်ချောင်က အချိန်နှင့် အာကာသ ကွင်းကို အသုံးပြုခြင်း ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဤတစ်ကြိမ်မှာမူ ယခင်က အကြိမ်တိုင်းနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးတောင် မကြာလိုက်ဘဲ ဝမ်ချောင်၏ ခြေအောက်ရှိ အချိန်နှင့် အာကာသ စက်ကွင်းမှာ တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု...... နောက်ဆုံးတွင် ထောင်သောင်းချီသော အချိန်နှင့် အာကာသ စက်ကွင်းများအဖြစ် ပြောင်းလဲသွားပြီး ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးတွင် ပြည့်နှက်သွားတော့သည်။
အစေခံမိန်းကလေးများနှင့် အစေခံများ အားလုံးနီးပါး၏ ခြေအောက်တွင် မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ ကွင်းဆက် တစ်ခုစီ ရှိနေပြီး ထိုမျှမက ဤအရာအားလုံးကို ပြီးစီးသွားပြီးနောက် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသော သတ္တု အချင်းချင်း ရိုက်ခတ်သံများနှင့်အတူ ပိုမိုကြီးမားလှသော မှောင်မိုက်သည့် ရွှေရောင်အချိန်နှင့် အာကာသ ကွင်းဆက် ကြီးတစ်ခုက တုန်ခါရင်း ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးကို ဝန်းရံသွားတော့သည်။
ဝုန်း
ဝမ်ချောင်၏မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု လက်သွားပြီး တပြိုင်နက်တည်းမှာပင် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ဝမ်မိသားစုဝင် အားလုံးနှင့်အတူ ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးမှာ လုံးဝပျောက်ကွယ်သွားတော့သည်။
ဝမ်ချောင်၏ခေါင်းနောက်ဘက်တွင်မူ ကြီးမားလှသော အလင်းစက်ကွင်းကြီးတစ်ခုက လေဟာပြင်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး တောက်ပစွာ လင်းလက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ဝမ်မိသားစုဝင် အားလုံးနှင့် ဝမ်မိသားစု စံအိမ်တော်တစ်ခုလုံး အပါအဝင် အားလုံးကို ဝမ်ချောင်က အလင်းစက်ကွင်း နတ်လက်နက်အတွင်းသို့ ဆွဲသွင်းလိုက်ပြီ ဖြစ်သည်။
ဤတိုက်ပွဲမှာ ဝမ်မိသားစုဝင် အားလုံး၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသဖြင့် လုံးဝ အမှားအယွင်း အဖြစ်ခံ၍ မရပေ။
"လာခဲ့စမ်း၊ ငါတို့ အသေအကြေ တိုက်ခိုက်ကြတာပေါ့"
******