အခန်း ၂၃၀၂
Vol. 143 Ch. 2302
အခန်း ၂၃၀၂ ကံကြမ္မာ၏ မီးရတု စွမ်းအား
ဒါပေမဲ့ ၈%......
ဝမ်ချောင်၏ ရင်ထဲတွင် တစ်ချက် တုန်ယင်သွားပြီး ဆက်လက်၍ သတိပေါ့ဆမနေရဲပေ။
"မေးချင်တာက အမာခံ အစိတ်အပိုင်း ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ဝမ်ချောင်က အလွန်အမင်း သတိထားကာ မေးလိုက်သည်။
ကံကြမ္မာ ကျောက်တုံးထဲတွင် တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် ထို ရင်းနှီးနေသော အသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
"အိပ်မက်ဆိုး သားရဲရဲ့ သက်ရှိ ဖြစ်တည်မှု သဘာဝမှာ လူသားများနှင့် မတူညီပါဘူး၊ အမာခံဆိုတာ အိပ်မက်ဆိုး သားရဲလို စိတ်စွမ်းအင် သတ္တဝါများသာ သီးသန့် ပိုင်ဆိုင်တဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒီအစိတ်အပိုင်းလေး ကျန်ရှိနေသရွေ့ ဝိညာဉ် ပျက်စီးသွားရင်တောင်မှ ဒီလို စိတ်စွမ်းအင် သတ္တဝါမျိုးက ပြန်လည်ရှင်သန်လာနိုင်ချေ အရမ်းကြီးမားပါတယ်။ ဒါပေမဲ့ ပစ်မှတ်ရဲ့ပျက်စီးမှု အတိုင်းအတာက အရမ်းပြင်းထန်လွန်းနေလို့ ပြန်လည် ရှင်သန်နိုင်ချေ အလွန်နိမ့်ကျနေပြီး ၈% သာ ရှိပါတယ်"
ဤအဖြေကို ကြားလိုက်ရသောအခါ ဝမ်ချောင်ပင်လျှင် မှင်သက်သွားခဲ့သည်။
အိပ်မက်ဆိုး သားရဲရဲ့ သက်ရှိ အသွင်သဏ္ဍာန်က လူသားတွေနဲ့ မတူညီဘူး။
ဤအချက်ကို ဝမ်ချောင်အစောကြီးကတည်းက သိရှိထားပြီး ဖြစ်သော်လည်း ဤအချက်ကပင် အိပ်မက်ဆိုး သားရဲကို ကယ်တင်ရန် အဓိက သော့ချက် ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ကံကြမ္မာ ကျောက်တုံး နည်းလမ်း အားလုံးကို သုံးပြီး အိပ်မက်ဆိုး သားရဲကို သေချာပေါက် အသက်ရှင် နေနိုင်အောင် လုပ်ပေးပါ"
ဝမ်ချောင်က အမိန့်ပေးလိုက်သည်။
"Hostရဲ့ အမိန့်ကို လက်ခံရရှိပါပြီ၊ အပိုဆောင်း အခွင့်အရေး ဖြစ်တဲ့ ကံကြမ္မာ မီးရတုကို အသုံးပြုပါမယ်၊ Hostက ကံကြမ္မာ အုပ်ချုပ်သူအနေနဲ့ အများဆုံး နှစ်ကြိမ် ကံကြမ္မာ မီးရတု ပြုလုပ်နိုင်ခွင့် ရှိပြီး ဒီတစ်ကြိမ် အသုံးပြုပြီးသွားရင် Hostမှာ အပိုဆောင်း ကံကြမ္မာ မီးရတု ပြုလုပ်နိုင်ခွင့် တစ်ကြိမ်သာ ကျန်ရှိတော့မယ် ဆိုတာကို သတိပေးချင်ပါတယ်"
"Hostအနေနဲ့ သေချာ စဉ်းစားပြီးမှ အသုံးပြုဖို့ အကြံပြုချင်ပါတယ်"
"ကံကြမ္မာ မီးရတု စွမ်းအားကို အသုံးပြုမယ်"
ဝမ်ချောင်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်သည်။
"ဝီ"
ဝမ်ချောင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကြီးမားကျယ်ပြန့်လှသော စွမ်းအားတစ်ခုက လေဟာပြင် အနက်ရှိုင်းဆုံး နေရာမှ ရုတ်တရက် ဖြာထွက်လာပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ရှောင်ယန်၏ ကျန်ရစ်နေသော ဝိညာဉ်ထဲသို့ လှိမ့်ဝင်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ အချိန်တိုလေးအတွင်းမှာပင် မူလက တောက်ပသော အပြာရောင် ဝိညာဉ်မီးတောက်မှာ ခရမ်းနီရောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ မီးတောက်၏ အရွယ်အစားမှာလည်း အဆပေါင်းများစွာ ချက်ချင်းကြီးမားလာခဲ့သည်။ ဤအခိုက်အတန့်တွင် အခြားပုံစံတစ်မျိုးဖြစ်သော မီးဖိုတစ်ခုအတွင်း၌ ဖန်တီးပုံသွင်း နေသကဲ့သို့ အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။
"ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ခရမ်းနီရောင် မီးတောက်များက လွင့်စင်ထွက်သွားပြီး လေဟာပြင်ထဲတွင် မျက်စိဖြင့်မမြင်ရသော ဧရာမ လူကြီးတစ်ဦး ရှိနေကာ ဧရာမ သံတူကြီး တစ်လက်ကို ဝှေ့ယမ်းပြီး ရှောင်ယန်၏ ကျန်ရစ်နေသော ဝိညာဉ်ကို ပြင်းထန်စွာ ထုနှက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤသည်မှာ ကံကြမ္မာ ၏ မီးရတု စွမ်းအားပင်ဖြစ်သည်။
"ဝုန်း"
ထိုဧရာမ သံတူကြီး အောက်သို့ ကျဆင်းလာသည်နှင့်အမျှ ဝမ်ချောင်၏မျက်စိရှေ့တွင် ဂဏန်းတန်းတစ်ခု ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး ဤတစ်ချက်တည်းသော ထုနှက်မှုဖြင့် ဝမ်ချောင်၏ ကံကြမ္မာ စွမ်းအင် အမှတ်ငါးသိန်းခန့် ချက်ချင်း လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ကံကြမ္မာ မီးရတု စွမ်းအား ကို ဘာကြောင့် အပိုဆောင်း အခွင့်အရေး ဟု ခေါ်ဆိုရသနည်း ဆိုသည်ကို သူ ရုတ်တရက် အနည်းငယ် နားလည်သွားခဲ့သည်၊ တစ်ချက် ထုနှက်လိုက်သည်နှင့် ကံကြမ္မာ စွမ်းအင် အမှတ် ငါးသိန်း ကုန်ကျသွားရာ မည်မျှပင် များပြားစွာ စုဆောင်းထားပါစေ။ အလွယ်တကူ ကုန်ခန်းသွားနိုင်ပြီး အဓိက အချက်မှာ ရှောင်ယန်၏ ဝိညာဉ်ကို ကယ်တင်ရန်မှာ တစ်ချက်တည်း ထုနှက်ရုံဖြင့် လုံးဝ ဖြေရှင်းနိုင်မည့် ကိစ္စ မဟုတ်ပေ။
ဝုန်း ဝုန်း ဝုန်း..
ထိုကြီးကျယ်ခမ်းနားပြီး ကျယ်လောင်လှသော အသံကြီးက လေဟာပြင်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ရှစ်ကြိမ် ဆက်တိုက် ထုနှက်လိုက်ရာ ဝမ်ချောင်၏ ကံကြမ္မာ စွမ်းအင် အမှတ် လေးသန်း ကုန်ကျသွားခဲ့သော်လည်း ရှောင်ယန်၏ ဝိညာဉ်မှာမူ ပြန်လည် နိုးထလာခြင်း မရှိသေးပေ။
သို့သော် ဤသို့ဖြစ်လင့်ကစား ရှောင်ယန်၏ မူလက ပျက်စီးနေသော ဝိညာဉ်မှာ ဤအခိုက်အတန့်တွင် အများကြီး ပိုမိုခိုင်မာသိပ်သည်းလာပြီး များပြားလှသော အညစ်အကြေးများလည်း ဖယ်ရှားခံလိုက်ရပြီဖြစ်ကြောင်းကို ဝမ်ချောင်ရှင်းလင်းစွာ ခံစားသိရှိနေခဲ့သည်။
ရှောင်ယန်၏ ဝိညာဉ် ပြန်လည် ရှင်သန်နိုင်ချေ မှာလည်း ၈% မှ ၉% သို့ တက်လာခဲ့ပြီး တစ်ချက်ပြီး တစ်ချက် ထုနှက်လိုက်သည်နှင့်အမျှ ရှောင်ယန်၏ အသက်ရှင်နိုင်ချေ က အဆက်မပြတ် မြင့်တက်လာခဲ့သည်၊ ၉%၊ ၁၀%၊ ၁၁%၊ ၁၂%......
ဝမ်ချောင်၏ ကံကြမ္မာစွမ်းအင်အမှတ်များမှာ ကြီးမားသော ပမာဏဖြင့် လျော့ကျသွားခဲ့သော်လည်း ဝမ်ချောင်၏ ရင်ထဲတွင်မူ ကြီးမားသော လှိုင်းဂယက်များ ထကြွလာခြင်း မရှိခဲ့ပေ၊ ရှောင်ယန်၏ အသက်နှင့် နှိုင်းယှဉ်ပါက ကံကြမ္မာ စွမ်းအင် အမှတ် မည်မျှပင် ကုန်ကျပါစေ အရေးမကြီးပေ။
"ကံကြမ္မာ ကျောက်တုံး၊ ရှောင်ယန်ရဲ့ ပြန်လည် ရှင်သန်နိုင်ချေကို မြှင့်တင်ဖို့ တခြားနည်းလမ်းတွေရော ရှိသေးလား"
ဝမ်ချောင်က မေးလိုက်သည်။
ရှောင်ယန်၏ ပြန်လည်ရှင်သန်နိုင်ချေက ၂၈% သို့ ရောက်ရှိသွားချိန်တွင် ကံကြမ္မာ မီးရတု၏ တိုးတက်မှုနှုန်းမှာ သိသာစွာ နှေးကွေးသွားပြီး အတားအဆီး တစ်ခုခုနှင့် ကြုံတွေ့နေရသကဲ့သို့ ဖြစ်နေကြောင်းကို ဝမ်ချောင် ခံစားလိုက်ရသည်။
"နောက်ထပ် နည်းလမ်း တစ်ခုတော့ ရှိသေးတယ်၊ ဒါပေမဲ့ Hostရဲ့ ခန္ဓာကိုယ်ကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်......"
ကံကြမ္မာ ကျောက်တုံးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် စကားပြောလာခဲ့သော်လည်း စကားမဆုံးခင်မှာပင် ဝမ်ချောင်က ဖြတ်ပြောလိုက်သည်။
"ဘယ်လိုပဲ ပေးဆပ်ရပါစေ၊ အခုချက်ချင်း အသုံးပြုစမ်း"
ဝမ်ချောင်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်သည်။
ဝုန်း၊ နောက်တစ်ခဏတွင် ပြင်းထန်သော ခရမ်းရောင် အလင်းတန်း တစ်ခု လက်သွားပြီး ဝမ်ချောင်၏အမိန့်ကို လက်ခံရရှိပြီးနောက် ကံကြမ္မာ ကျောက်တုံး မှာ အနည်းငယ်မျှ တုံ့ဆိုင်းမနေတော့ဘဲ မှောင်မိုက်မှုထဲတွင် စွမ်းအားတစ်ခုက ဝမ်ချောင်နှင့် ကံကြမ္မာ ကျောက်တုံးတို့ကို ဆက်သွယ်ပေးလိုက်သည်။
ဝမ်ချောင် သတိမထားမိသေးခင်မှာပင် နောက်တစ်ခဏ၌ ကြီးမားကျယ်ပြန့်လှသော စုပ်ယူသည့် အားတစ်ခုက ကံကြမ္မာ ကျောက်တုံးထဲမှ ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များ အပါအဝင် များပြားလှသော အသက်စွမ်းအင်များအားလုံးကို ကံကြမ္မာ ကျောက်တုံးက စုပ်ယူသွားပြီး အာဟာရ တစ်ခုအဖြစ်ပြောင်းလဲကာ ကံကြမ္မာ မီးရတု စွမ်းရည် အတွင်းသို့ သွတ်သွင်းလိုက်ကြောင်းကို ဝမ်ချောင် ချက်ချင်း ခံစားလိုက်ရသည်။
ဝုန်း
ဝမ်ချောင်၏ အကြည့်များရှေ့မှာပင် ကံကြမ္မာ ကျောက်တုံးက ကံကြမ္မာ မီးရတု စွမ်းအားကို ထပ်မံအသက်သွင်းလိုက်သည်။ ယခင်ကနှင့် မတူညီသည်မှာ ဤတစ်ကြိမ်တွင် ဧရာမ သံတူကြီးတစ်လက်အဖြစ် အစစ်အမှန် အသွင်ပြောင်းသွားကာ လေဟာပြင်တွင် တိုက်ရိုက်ပေါ်လာပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးများနှင့်အတူ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ရှောင်ယန်၏ ခရမ်းနီရောင် ဝိညာဉ် အလင်းတန်းအပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို ဝမ်ချောင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဤတစ်ချက် ထုနှက်မှုမှာ ငွေရောင် အလင်းတန်းများ လွင့်စင်ထွက်သွားပြီး ယခင်ကထက် များစွာ ပို၍အင်အားကြီးမားလှပေသည်။
ရှောင်ယန်၏ဝိညာဉ်မှာ တိုက်ရိုက် စုစည်းသွားကာ အစုအဝေးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ယန်၏ ကျန်ရစ်နေသော ဝိညာဉ် ပြန်လည် ရှင်သန်နိုင်ချေမှာလည်း နောက်ဆုံးတွင် ၂၈% ကို ကျော်လွန်သွားကာ လျင်မြန်စွာပင် ၅၈% သို့ ရောက်ရှိသွားပြီး ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်သည်။
ဝုန်း
အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရှိရဘဲ ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ မြေကြီးများ တုန်ခါသွားပြီး ဝမ်ချောင်၏ စိတ်စွမ်းအင် နှင့် ခွန်အားများ ကြီးမားစွာ လျော့ကျသွားကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ကို ခံစားလိုက်ရချိန်တွင် နောက်ဆုံး၌ အရာအားလုံးက ရပ်တန့်သွားတော့သည်။
လေထဲတွင် ထိုခရမ်းနီရောင် အလင်းတန်းလေးမှာ ရပ်တန့်သွားပြီး ဤနေရာတွင် အညစ်အကြေးများ အားလုံးကို သန့်စင်ပြီးဖြစ်ကာ အလယ်ဗဟို အမာခံ အစိတ်အပိုင်းလေးသာ လေထဲတွင် လွင့်မျောလျက် ကျန်ရစ်တော့သည်။
မူလ ဝိညာဉ် နှင့် နှိုင်းယှဉ်ပါက ထို အမာခံ အစိတ်အပိုင်းလေး မှာ မူလအရွယ်အစား၏ ၁%မျှသာ ရှိတော့ပြီး အလွန်အမင်း အားနည်းနေသကဲ့သို့ ခံစားရသော်လည်း ၎င်းမှာ ရှောင်ယန်၏ ဝိညာဉ် ဖြစ်ကြောင်း သေချာပေါက် အမှန်ပင် ဖြစ်သည်။
"ရှောင်ယန်"
ဝမ်ချောင်က လေထဲရှိ ထိုရင်းနှီးနေသော အငွေ့အသက်လေးကို ခံစားလိုက်ရပြီး ရင်ထဲတွင် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
အောင်မြင်သွားပြီ။
အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် ရှောင်ယန်တကယ်ပဲ အသက်ရှင် ကျန်ရစ်ခဲ့ပြီ။
ဝမ်ချောင်၏ရင်ထဲတွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားပြီး ရှောင်ယန်၏ ကျန်ရစ်နေသော ဝိညာဉ် ကို သူ၏ လက်ထဲသို့ အမြန် သိမ်းဆည်းလိုက်သည်။
ယခု ရှောင်ယန်၏ဝိညာဉ်မှာ အလွန်အားနည်းနေပြီး အထွတ်အထိပ် အချိန်များနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်သော်လည်း ကိုယ်တိုင် ဖောက်ခွဲပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းမှာ ကံဆိုးမှုများထဲမှ အကြီးမားဆုံး ကံကောင်းမှု ပင်ဖြစ်သည်။
"သခင် သခင်"
မျက်တောင်တစ်ခတ်မျှသာ ကြာလိုက်သကဲ့သို့ ဖြစ်သလို မရေမတွက်နိုင်သော ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့လည်း ဖြစ်နေပြီး နောက်ဆုံးတွင် အလွန် အားနည်းသော အသံလေး တစ်သံက ဝမ်ချောင်၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
မျက်စိရှေ့ရှိ ဝမ်ချောင်ကို ကြည့်ကာ ရှောင်ယန်၏ဝိညာဉ်မှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး သူ၏အသံထဲတွင် လုံးဝမယုံကြည်နိုင်သည့် အရိပ်အယောင်များ အပြည့်ရှိနေခဲ့သည်။
ထိုပြင်းထန်သော ပေါက်ကွဲမှုကြီး အပြီးတွင် သူကိုယ်တိုင်ပင် အသက်ရှင် ကျန်ရစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
ဝမ်ချောင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားပြီး ဤသည်မှာ ဤကာလအတွင်း သူ ရရှိခဲ့သော အကောင်းဆုံးသတင်း သေချာပေါက် ဖြစ်ပေသည်။ စကားများများစားစား ပြောရန် အချိန်မရလိုက်ဘဲ ဝမ်ချောင်သည် စိတ်စွမ်းအင်ကို လျင်မြန်စွာ ဆန့်ထုတ်၍ ရှောင်ယန်၏ ဝိညာဉ်ကို စကင်ဖတ်ကြည့်လိုက်သည်။
ပြဿနာ မရှိဘူး။
လက်ရှိ ရှောင်ယန်မှာ မူလက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ အားလုံး ဆုံးရှုံးသွားပြီဖြစ်ပြီး မွေးကင်းစ ကလေးငယ်တစ်ဦးနှင့် အခြေခံအားဖြင့် တူညီနေကာ အရာအားလုံးကို အစကနေ ပြန်စရမည် ဖြစ်သည်။
သို့သော် ဝမ်ချောင်က သူ၏ဝိညာဉ်ထဲမှ မည်သည့် အားနည်းချက်ကိုမျှ ရှာမတွေ့ခဲ့ဘဲ ကံကြမ္မာ ကျောက်တုံးက သူ၏ အင်အားကြီးမားလှသော စွမ်းအားများကို အသုံးပြု၍ မယုံနိုင်စရာ ကောင်းသော နည်းလမ်းဖြင့် သူ၏ ချို့ယွင်းချက်များကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်ဖြစ်သည်။
စွမ်းအား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ဘဲ ရှောင်ယန် အသက်ရှင်နေခြင်းကသာ အရေးအကြီးဆုံး ပင်ဖြစ်သည်။
"တကယ် ဘာဖြစ်သွားတာလဲ။ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုရော မှတ်မိသေးလား။ ဘာကြောင့် အဲဒီနေရာကို ရောက်နေရတာလဲ"
ဝမ်ချောင်က စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
ဆင်းဒူခရီးစဉ်တွင် ရှောင်ယန်မှာ လိုက်ပါသွားခြင်း မရှိဘဲ မြို့တော်တွင်သာ အမြဲတမ်း ကျန်ရှိနေခဲ့ရာ လက်ရှိအချိန်အထိ အမှန်တရားကို သိရှိသူမှာ သူတစ်ဦးတည်းသာ ရှိလောက်ပေသည်။
သို့သော် ဝမ်ချောင်၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေသေးသည်မှာ ဝိညာဉ် ကိုယ်တိုင် ဖောက်ခွဲမှုက မှတ်ဉာဏ်များနှင့် ဝိညာဉ်အပေါ် မည်မျှလောက် ထိခိုက်မှု ဖြစ်စေမည်နည်း ဆိုသည်ကို ယခုအချိန်အထိ ခန့်မှန်း၍ မရနိုင်သေးခြင်း ပင်ဖြစ်သည်။
အကယ်၍ အဆိုးရွားဆုံး အခြေအနေမျိုးသာ ဖြစ်ပေါ်လာပါက ရှောင်ယန်ထံမှ အဖြေများ ရရှိနိုင်မည့် မျှော်လင့်ချက်မှာလည်း လုံးဝ ပျက်စီးသွားလောက်ပေသည်။
သို့သော် အဆိုးရွားဆုံး အခြေအနေမှာ ဖြစ်ပေါ်မလာခဲ့ပေ။
"သခင် ကျွန်တော်တို့ ကြံစည် ခံလိုက်ရပြီ ‘ထျန်း’နဲ့ ကောင်းကင်နတ်ဘုရား အဖွဲ့အစည်းက လူတွေက မြို့တော်ကို လုံးဝ ထိန်းချုပ်လိုက်ပြီ"
ရှောင်ယန်၏အသံက ထိုတောက်ပသော အပြာရောင် အလင်းတန်းလေးထဲမှ ထွက်ပေါ်လာရာ အသံမှာ အလွန်အားနည်းနေသော်လည်း တည်ငြိမ်နေပြီး အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
"သခင်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို သေချာပေါက် တားဆီးရမယ်"
နောက်တစ်ခဏတွင် အိပ်မက်ဆိုး သားရဲက သူ၏ မှတ်ဉာဏ်များကို ဝမ်ချောင်ထံသို့ ပြသလိုက်သည်။
အရှေ့မြောက်တိုက်ပွဲ ပြီးဆုံးသွားကတည်းက ရှောင်ယန်သည် မျိုးနွယ်ခြားဘုရင် စံအိမ်တော် နှင့် ဝမ်မိသားစု စံအိမ်တော်တို့၏ ကြားတွင် အမြဲတမ်း လှည့်လည်သွားလာနေခဲ့ပြီး တစ်ဖက်တွင် နေရာနှစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ယူပေးကာ အခြား တစ်ဖက်တွင်လည်း တိတ်ဆိတ်စွာ ကျင့်ကြံရင်း ထိုက်ရှီ၏ အင်အားကြီးမားလှသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အစွမ်းကုန် ပေါင်းစပ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
အိပ်မက်ဆိုး သားရဲက သူ မည်မျှ အချိန်အကြာကြီး လူသားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မရရှိခဲ့ဖူးသည်ကို သေချာ မမှတ်မိတော့ပေ။ တိရစ္ဆာန် တစ်ကောင် ဖြစ်သော ရှောင်ယန်အတွက်မူ ခြေလေးဖက် ပုံစံမှ ခြေနှစ်ဖက်ဖြင့် မတ်တပ်ရပ်သော လူသား ပုံစံသို့ ပြောင်းလဲရန်မှာ အမှန်တကယ်ပင် အနည်းငယ် အခက်အခဲ ရှိနေခဲ့သည်။
ယေဘုယျအားဖြင့် အိပ်မက်ဆိုး သားရဲ မျိုးနွယ်စုမှာ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လက်ခံလေ့ မရှိကြသော်လည်း ထိုက်ရှီ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်တရာ အင်အားကြီးမားလွန်းလှပြီး ဂူကောင်းကင်အဆင့်ရှိ ခန္ဓာကိုယ်တစ်ခုမှာ အိပ်မက်ဆိုး သားရဲအတွက်ပင်လျှင် အလွန်အမင်း ဆွဲဆောင်မှု ရှိနေခဲ့သည်။
အင်အားကြီးမားခြင်းကသာ သူတို့ကို အဆွဲဆောင်နိုင်ဆုံး အရာ ပင်ဖြစ်သည်။
အိပ်မက်ဆိုး သားရဲမှာ အချိန်အများစုကို မြေအောက်ရှိ မှောင်မိုက်သော နေရာတွင်သာ နေထိုင်၍ ကျင့်ကြံလေ့ရှိပြီး မြေပြင်ပေါ်ရှိ ကိစ္စရပ်များကို သိပ်ပြီး ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။ သို့သော် သူ့ကို ကျင့်ကြံနေမှုမှ ပထမဆုံး နှိုးလိုက်သူမှာ တကယ်တော့ ဝမ်ချောင်၏ တတိယ ရှန်ထိုက်ပင်ဖြစ်သည်။
ဝမ်ချောင် ထွက်ခွာသွားပြီးနောက် တတိယ ရှန်ထိုက်က မြို့တော်ရှိ ရှန်းလျူမဟာအစီအရင်၏လည်ပတ်မှုတွင် အနည်းငယ် ချောမွေ့မှု မရှိဘဲ တစ်ခုခုက အဟန့်အတား ဖြစ်နေသကဲ့သို့ ဖြစ်နေကြောင်းကို ပထမဆုံး သတိထားမိခဲ့သည်။
သို့သော် တတိယ ရှန်ထိုက်က အကြောင်းရင်းကို ရှာမတွေ့ခဲ့ဘဲ ဒုတိယ ရှန်ထိုက် နှင့် ပူးပေါင်း၍ ရှာဖွေရာတွင်လည်း ဤပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့သဖြင့် နောက်ဆုံးတွင် မြေအောက် အနက်ရှိုင်းဆုံး နေရာတွင် ကျင့်ကြံနေသော အိပ်မက်ဆိုး သားရဲကို သတိရသွားခဲ့ခြင်း ဖြစ်သည်။
အိပ်မက်ဆိုး သားရဲမှာ စိတ်စွမ်းအင် ဝိညာဉ် သတ္တဝါ တစ်ကောင်အနေဖြင့် စိတ်စွမ်းအင် အင်အားကို သီးသန့် ပြောရမည်ဆိုပါက ဝမ်ချောင်၏မူလခန္ဓာကိုယ် ပင်လျှင် ယှဉ်နိုင်မည် မဟုတ်ဘဲ ဝမ်ချောင်၏ ကြီးမြတ်သော ရှန်ထိုက် ကိုယ်ပွား နှစ်ခုကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ အချို့သော သိမ်မွေ့သည့်အပိုင်းများတွင် အိပ်မက်ဆိုး သားရဲ၏ အာရုံခံနိုင်စွမ်းမှာ သူတို့ထက် များစွာ ပို၍ ထက်မြက်လှပေသည်။
အိပ်မက်ဆိုး သားရဲမှာ ဝမ်ချောင်အပေါ် အလွန်သစ္စာရှိသဖြင့် ကတိအတိုင်း အပြင်သို့ ထွက်ကာ စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာ ပြုလုပ်ခဲ့သော်လည်း သူ အပြင်ထွက်၍ စုံစမ်းစစ်ဆေးနေစဉ်မှာပင် မျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပထမဆုံးအနေဖြင့် မြို့တော် တစ်ခုလုံးကို ကာကွယ်ပေးထားသော ရှန်းလျူမဟာအစီအရင် မှာ အင်အားကြီးမားလှသော အပြင်ဘက် စွမ်းအားတစ်ခု၏ ဝင်ရောက်စီးနင်းမှုကို ခံလိုက်ရပြီး ချက်ချင်း ရပ်တန့်သွားကြောင်းကို ရှောင်ယန် တွေ့ရှိလိုက်ရကာ မကြာမီမှာပင် မြို့တော်တွင် ကျန်ရစ်ခဲ့သော ဝမ်ချောင်၏ ကြီးမြတ်သော ရှန်ထိုက် ကိုယ်ပွား နှစ်ခုစလုံးမှာလည်း ပြိုင်တူ တိုက်ခိုက်ခံလိုက်ရတော့သည်။
သူတို့ကို တိုက်ခိုက်သူများမှာ အခြားသူများ မဟုတ်ဘဲ ထိုက်စုနှင့် အခြား ထိုက်အဆင့်ရှိ သိုင်းပညာရှင် အနည်းငယ် ပင်ဖြစ်သည်။
ဝမ်ချောင်၏ ကိုယ်ပွားအနည်းငယ်မှာ အင်အားကြီးမားလှသော်လည်း ထိုက်စု တို့ကဲ့သို့သော အတွေ့အကြုံရင့် ဂူကောင်းကင်အဆင့်ရှိ ဘီလူးကြီးများ နှင့် နှိုင်းယှဉ်ပါက ကွာဟချက် အနည်းငယ် ရှိနေသေးသည်။
သို့သော် မြို့တော်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ချောင်၏ နေရာဖြစ်ပြီး အင်အားကြီးမားသော ကျွမ်းကျင်သူ အမြောက်အမြား ရှိနေသည့်အပြင် မိစ္ဆာဧကရာဇ် လူအိုကြီး၊ ဝူရှန်း ရွာသူကြီးနှင့် အခြားသူများကလည်း ဘေးမှနေ၍ ကူညီပေးနေကြရာ တိုက်ပွဲ စတင်ဖြစ်ပွားချိန်တွင် ဒုတိယ ရှန်ထိုက် နှင့် တတိယ ရှန်ထိုက်တို့ အခြေစိုက်ထားသော မျိုးနွယ်ခြားဘုရင် စံအိမ်တော်နှင့် ဝမ်မိသားစု စံအိမ်တော်တို့၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သော တိုက်ပွဲများ ချက်ချင်း ဖြစ်ပွားလာခဲ့သည်။
ဤတိုက်ပွဲတွင် စုကျန်းချန်ပင်လျှင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ တွေးထင်ထားသည်ထက် များစွာ ပို၍ပြင်းထန်လှပေသည်။
အိပ်မက်ဆိုး သားရဲ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာချိန်တွင် လေထဲတွင် လွင့်စင်နေသော မရေမတွက်နိုင်သည့် အလောင်းများနှင့် ကောင်းကင်ယံ အပြည့်ရှိ ကြမ်းတမ်းပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအင်လှိုင်းလုံးကြီးများကိုသာ မြင်တွေ့ခဲ့ရသော်လည်း အိပ်မက်ဆိုး သားရဲ ဝင်ရောက်လာပြီးနောက် သူ၏ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင်ကို အသုံးပြု၍ ထိုက်စုနှင့် အခြားသူများကို အများကြီး ဟန့်တားနိုင်ခဲ့သည်။
မူလက လူအများ၏ စွမ်းအားကို အသုံးပြု၍ ပထဝီ အနေအထား အားသာချက်နှင့် ပေါင်းစပ်လိုက်ပါက ထိုက်စုနှင့် အခြားသူများကို အချိန်တစ်ခုအထိ တောင့်ခံထားနိုင်သေးသော်လည်း ဤတိုက်ပွဲမှာ လူတိုင်း တွေးထင်ထားသကဲ့သို့ အချိန်ဆွဲသည့် အခြေအနေသို့ ရောက်ရှိမသွားခဲ့ဘဲ လူရိပ်တစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ပေါ်ထွက်လာမှုက ဤတိုက်ပွဲ၏ အခြေအနေကို လုံးဝကမောက်ကမ ဖြစ်သွားစေခဲ့သည်။
******