← Chapters

အခန်း ၂၃၀၄

Vol. 143 Ch. 2304

အခန်း ၂၃၀၄

Vol. 143 Ch. 2304

အခန်း ၂၃၀၄ ဝမ်မိသားစုဝင်များ၏ ပုံမှန်မဟုတ်သော အခြေအနေ

လေဟာပြင် တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်မှုတစ်ခု ကြီးစိုးနေပြီး ဤအခိုက်အတန့်တွင် အိပ်မက်ဆိုး သားရဲ ပင်လျှင် ဝမ်ချောင်၏ လက်ဖဝါးထဲရှိ ကံကြမ္မာ ကျောက်တုံး၏ ပုံရိပ်ယောင်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပုံ ရသည်။

မျက်တောင်တစ်ခတ်မျှသာ ကြာလိုက်သကဲ့သို့ ဖြစ်သလို မရေမတွက်နိုင်သော ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့လည်း ဖြစ်နေပြီး နောက်ဆုံးတွင် ရှောင်ယန်၏အသံက ဝမ်ချောင်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဟုတ်တယ်၊ ဒါပဲ"

အိပ်မက်ဆိုး သားရဲက အတည်ပြုလိုက်သည်။

ဤတည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားက ဝမ်ချောင်၏နားထဲသို့ ဝင်ရောက်လာချိန်တွင် မျက်တောင်တစ်ခတ်အတွင်း ဝမ်ချောင်၏နားနှစ်ဖက်စလုံး အူသွားစေရန် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ဦးနှောက်ထဲတွင် ဝီခနဲ အသံများနှင့်အတူ သွေးများပင် ဆူပွက်လာခဲ့သည်။

အိပ်မက်ဆိုး သားရဲ ကိုယ်တိုင်ပင်လျှင် သူ ဘာပြောနေသလဲ ဆိုတာကို သတိထားမိပုံ မရပေ။ အနည်းဆုံးတော့ ရှောင်ယန်က ကံကြမ္မာ ကျောက်တုံး၏ အစစ်အမှန် အခြေအနေကို သေချာပေါက် မသိရှိနိုင်ကြောင်းကို ဝမ်ချောင် သေချာသိရှိထားသော်လည်း ဝမ်ချောင်အတွက်မူ အိပ်မက်ဆိုး သားရဲ၏ ဤရိုးရှင်းလှသော စကားလုံး နှစ်လုံ တွင် ပါဝင်နေသော စွမ်းအားမှာ သူ ပြန်လည် မွေးဖွားလာခြင်း ကိစ္စနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်ထောင်ချီက ထို အိပ်မက်ဆိုး သားရဲ ပါးစပ်မှ ပြောသော ရှောင်ချောင်၊ အလယ်ပိုင်း လွင်ပြင် ရှန်ကျိုး၏ သက်ရှိသန်းပေါင်းများစွာနှင့် နောင်လာမည့် ခေတ်အဆက်ဆက်မှ မရေမတွက်နိုင်သော မင်းဆက်များ၏ လေးစားကြည်ညိုခြင်းကို ခံရသော ထိုဧကရာဇ်မင်းမှာ မိမိကဲ့သို့ပင် ကံကြမ္မာ ကျောက်တုံးကို ပိုင်ဆိုင်ထားခဲ့တယ်တဲ့လား

ဤအခိုက်အတန့်တွင် ဝမ်ချောင်၏ရင်ထဲ၌ မရေမတွက်နိုင်သော လှိုင်းလုံးကြီးများ ထကြွလာခဲ့သည်။

လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အခိုက်အတန့်တွင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ထောင်သောင်းချီသော အတွေးများ ဖြတ်ပြေးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း အရာများစွာကို တွေးတောမိသွားခဲ့သည်။

သူက အထီးကျန်နေတာ မဟုတ်ဘူး။

အနည်းဆုံးတော့ လွန်ခဲ့သော နှစ်ထောင်ချီက ထို ဟွမ်တိရွှမ်ယွမ်မှာ မိမိနှင့် တူညီသော ကံကြမ္မာမျိုး ရှိနေခဲ့ကြောင်းကို ဝမ်ချောင် သေချာသိရှိသွားခဲ့သည်။

သူ့ကို လူသိများသော နာမည်မှာ ရွှမ်ယွမ် ဟူသော စကားလုံး နှစ်လုံး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဝမ်ချောင်သေချာ သိရှိလိုက်သည်မှာ "ရှောင်ချောင်" ဟူသော စကားလုံး နှစ်လုံးသာလျှင် သူ၏ အစစ်အမှန် နာမည် ဖြစ်လောက်ပေသည်။

မိမိက သူ့ကို ကံကြမ္မာ ကိုယ်ထည် နံပါတ် ဘယ်လောက် လို့ ခေါ်ရမလဲ။

နံပါတ် သုံး လား၊ နံပါတ် လေး လား၊ ဒါမှမဟုတ် နံပါတ် တစ် လား။

ဤအရာအားလုံးက အမှန်တကယ်ပင် ပဟေဠိ များစွာ ပြည့်နှက်နေလွန်းလှသည်။

ထို့အပြင် ရှင်းပြ၍ မရနိုင်သော နောက်ထပ် အချက်တစ်ချက်မှာ အကယ်၍ အရာအားလုံးက မိမိ တွေးထင်ထားသကဲ့သို့ ဖြစ်နေပြီး ထိုလူမှာလည်း အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦး ဖြစ်မည်ဆိုပါက အနာဂတ်တွင် မိမိကဲ့သို့သော လူတစ်ယောက် သေချာပေါက် ပေါ်လာလိမ့်မည် ဆိုသည်ကို သူက ဘယ်လိုလုပ်ပြီး သေချာ သိနေရသနည်း။

အဲဒီတုန်းက တကယ်တော့ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။

ဝမ်ချောင်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အချိန်အတော်ကြာသည်အထိ တည်ငြိမ်သွားခြင်း မရှိခဲ့ပေ။

"ရှောင်ယန် စိတ်ချပါ၊ အကယ်၍ မင်းပြောသလို ရှောင်ချောင်က အဲဒီလူရဲ့ လက်ချက်နဲ့ သေဆုံးသွားတာ တကယ်ပဲ ဆိုရင်၊ ငါလည်း မင်းလိုပဲ အစွမ်းကုန် ကြိုးစားပြီး ရှောင်ချောင်အတွက် လက်စားချေပေးပါ့မယ်"

ဝမ်ချောင်က လေပြင်းပြင်း တစ်ချက်ကို ရှူသွင်းလိုက်ပြီး သတိပြန်ဝင်လာကာ မျက်စိရှေ့ရှိ ရှောင်ယန်၏ ဝိညာဉ်ကို ကြည့်၍ ပြောလိုက်သည်။

"ပြီးတော့ ဒုတိယ ရှန်ထိုက်နဲ့ တတိယ ရှန်ထိုက်တို့ ပုန်းအောင်းနေတဲ့ နေရာကို မင်း သိလား"

ဝမ်ချောင်က မေးလိုက်သည်။

ဝမ်ချောင်နှင့် ကြီးမြတ်သော ရှန်ထိုက် နှစ်ခုတို့ ကြားရှိ ဆက်သွယ်မှုမှာ သဘာဝအလျောက် ပြတ်တောက်သွားခြင်း လုံးဝမဟုတ်ပေ။ ‘ထျန်း’က မည်သည့် နည်းလမ်းများကို အသုံးပြုခဲ့မှန်း ဝမ်ချောင် မသိရှိသော်လည်း ရှောင်ယန်က မြို့တော်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေခဲ့သဖြင့် ထိုနှစ်ဦး ပုန်းအောင်းနေသော နေရာကို သူ သေချာပေါက် သိရှိလိမ့်မည်ဟု ဝမ်ချောင်ယုံကြည်ထားသည်။

‘ထျန်း’၏ စွမ်းအားမှာ အလွန်တရာ အင်အားကြီးမားလွန်းလှပြီး သူ၏ဘေးတွင်လည်း ထိုက်စု နှင့် အခြားသူများက ကူညီပေးနေကြရာ ဝမ်ချောင်သည် ကြီးမြတ်သော ရှန်ထိုက် နှစ်ခုကို အမြန်ဆုံး ရှာဖွေတွေ့ရှိရန် လိုအပ်ပြီး သူတို့၏ ဒဏ်ရာများကို ကုသပေးကာ တပြိုင်နက်တည်းမှာပင် သူတို့၏ စွမ်းအားများကို အသုံးပြု၍ ‘ထျန်း’ကို ရင်ဆိုင်ရမည် ဖြစ်သည်။

"အင်း၊ ကျွန်တော် သူတို့ရဲ့ ကိုယ်ပေါ်မှာ စိတ်စွမ်းအင် အမှတ်အသား နှစ်ခုကို ကြိုပြီး ချန်ထားခဲ့တယ်၊ အမှတ်အသားက လွှမ်းမိုးမှု ခံထားရပေမယ့် သူတို့ရဲ့ ခန့်မှန်းခြေ တည်နေရာကိုတော့ ဆုံးဖြတ်လို့ ရနိုင်သေးတယ်"

အိပ်မက်ဆိုး သားရဲ က ပြောလိုက်ပြီး သူ၏ အာရုံခံနိုင်စွမ်း ထဲရှိ တည်နေရာကို ဝမ်ချောင်အား ပြောပြလိုက်သည်။

"အင်း… ရှောင်ယန် မင်းရဲ့လက်ရှိ ဝိညာဉ် အခြေအနေက အရမ်းကို အားနည်းနေတယ်၊ အရင်ကလိုပဲ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လာပြီး ခိုအောင်းနေဖို့ ဒုက္ခပေးရဦးမယ်"

ဝမ်ချောင်က အသံနှိမ့်ကာ ပြောလိုက်ပြီး သူ၏စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်သည်။ မှော်စွမ်းအင်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ရှောင်ယန်၏ဝိညာဉ်အမာခံကို လွှမ်းခြုံလိုက်ကာ ကံကြမ္မာ ကျောက်တုံး အတွင်းရှိ မူလဇစ်မြစ် နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပြီး မီးတောက်မိစ္ဆာ ဘုရင်နှင့်အတူ ကံကြမ္မာ ကျောက်တုံး၏ စွမ်းအင်များကို အသုံးပြု၍ ဖြည်းညှင်းစွာ ပြုစုပျိုးထောင် ပေးလိုက်တော့သည်။

ဝမ်ချောင်၏ မူလဇစ်မြစ် နေရာလွတ်ထဲတွင် စွမ်းအင် အမြောက်အမြား သိမ်းဆည်းထားပြီးဖြစ်ကာ ကံကြမ္မာ ကျောက်တုံ ၏ ထူးခြားသော စွမ်းရည်များနှင့် ပေါင်းစပ်လိုက်ပါက ရှောင်ယန်၏ ပြန်လည် နာလန်ထူမှု အတွက် အလွန်ကြီးမားသော အကူအညီ ဖြစ်စေပေသည်။

"ဟူး"

လေပြင်းများ တိုက်ခတ်လာပြီး ရှောင်ယန်၏ကိစ္စကို ဖြေရှင်းပြီးနောက် ဝမ်ချောင်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးမှသာ ပတ်ဝန်းကျင်ကို အကဲခတ်ရန် အချိန်ရတော့သည်။

ဤနေရာမှာ တောရိုင်း တောင်တန်း တစ်ခုအတွင်းတွင် ဖြစ်ပြီး ခြေအောက်တွင် လူသူကင်းမဲ့သော တောင်တန်းကြီး တစ်ခုရှိနေကာ ပတ်လည် ဆယ်မိုင်ကျော် အတွင်းတွင် လူသူအရိပ်အယောင် လုံးဝ မရှိပေ။

လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် အနည်းဆုံးတော့ အချိန်တို အတွင်း၌ ‘ထျန်း’နှင့် ထိုက်စု တို့က သူတို့ဆီသို့ လိုက်မီလာနိုင်မည် မဟုတ်ပေ။

ဝမ်ချောင်၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး နောက်ထပ် ကိစ္စတစ်ခုကို လျင်မြန်စွာ သတိရသွားခဲ့သည်။

နောက်တစ်ခဏတွင် ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်ပြီး ခေါင်းနောက်ဘက်မှနေ၍ ထိုအလင်းစက်ကွင်း နတ်လက်နက် ကို ဆင့်ခေါ်လိုက်သည်။

အလင်းတစ်ချက် လက်သွားသည်ကို မြင်တွေ့လိုက်ရပြီး "တောက်ပသော နေမင်းကြီး" တစ်စင်းက လေထဲတွင် ချက်ချင်း ပေါ်ထွက်လာသော်လည်း ယခင်ကနှင့် မတူညီသည်မှာ ထိုအနီရောင် အလင်းတန်းများထဲတွင် အက်ကွဲကြောင်း များစွာပါဝင်နေပြီး ကြည့်လိုက်ရုံဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

‘ထျန်း’၏ စွမ်းအားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် အင်အားကြီးမားလွန်းလှပြီး ယခုပြန်လည်စဉ်းစားကြည့်လျှင်ပင် လူကို အလွန်အမင်း တုန်လှုပ်သွားစေသည်။

ဤအလင်းစက်ကွင်း နတ်လက်နက်မှာ သံမဏိ ခံတပ်ကြီးဟု နာမည်ကြီးပြီး လုံးဝဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာတောင့်တင်းကာ ထိုက်ရှီနှင့် တိုက်ခိုက်ခဲ့စဉ်က ဝမ်ချောင်၏မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ထိုက်ရှီ၏ ဤအလင်းစက်ကွင်း နတ်လက်နက်က ကာကွယ်ပေးထားနိုင်ခဲ့သည်။

ထို့အပြင် အလင်းစက်ကွင်း နတ်လက်နက် ထဲတွင် ပါဝင်နေသော ကောင်းကင်နတ်ဘုရား ဓားမှာလည်း အလွန်အမင်း စူးရှထက်မြက်လှပြီး အင်အားအကြီးမားဆုံးသော လှံ နှင့် အင်အားအကြီးမားဆုံးသော ဒိုင်းတို့၏ ပေါင်းစပ်မှုဟု ဆိုနိုင်ပေသည်။

သို့သော် ဤအင်အားကြီးမားလှသော နတ်လက်နက် မှာ ‘ထျန်း’နှင့် တိုက်ခိုက်မှုတွင် တိုက်ရိုက်ပင် အက်ကွဲသွားခဲ့ပြီး မျက်နှာပြင်ပေါ်တွင် ဖျက်ပစ်၍ မရနိုင်သော အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့သည်။

သို့သော် ဝမ်ချောင်၏ရင်ထဲတွင် အနည်းငယ်မျှသာ လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာပင် အတွေးများ အားလုံးကို ဖိနှိပ်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ရေထဲက ငါးလေး တစ်ကောင်အလား အလင်းစက်ကွင်း နတ်လက်နက် အတွင်းသို့ ချက်ချင်း တိုးဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

မြင့်မိုရ်တောင်ကို မုန်ညင်းစေ့ ထဲသို့ သွင်းခြင်း (ကြီးမားတဲ့ အရာကို သေးငယ်တဲ့ နေရာထဲ ထည့်ခြင်း)။

လောကီ သိုင်းပညာရှင်များအတွက် ဤသည်မှာ မယုံနိုင်စရာ ကောင်းသော စွမ်းရည်တစ်ခု ဖြစ်သော်လည်း ဂူကောင်းကင်အဆင့်ရှိ ကျွမ်းကျင်သူများ အတွက်မူ မျက်တောင်တစ်ခတ် အတွင်းမှာပင် လုပ်ဆောင်နိုင်သော ကိစ္စရပ်တစ်ခု သက်သက်သာ ဖြစ်သည်။

ထိပ်တန်း နတ်လက်နက် တစ်ခုအနေဖြင့် ဤအလင်းစက်ကွင်းမှာ ကြီးနိုင်ငယ်နိုင်စွမ်းရှိသည်။ အလင်းစက်ကွင်း၏ အတွင်းပိုင်းမှာလည်း မူလကတည်းက ကြီးမားကျယ်ပြန့်လှသော နေရာလွတ်ကြီးတစ်ခုဖြစ်ကာ ဝမ်ချောင်က အလင်းစက်ကွင်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ပတ်ဝန်းကျင် အရပ်လေးမျက်နှာတွင် ပြည့်နှက်နေသော အနီရောင် အလင်းတန်းများ ပင်ဖြစ်၏။ ထိုအနီရောင် အလင်းတန်းများ၏ အနက်ရှိုင်းဆုံး နေရာရှိ ညီညာပြန့်ပြူးသော မြေပြင် တစ်နေရာတွင် ရင်းနှီးနေသော၊ မီးပုံးများ ချိတ်ဆွဲထားပြီး အနီရောင် မီးပုံးကြီးများဖြင့် ပြည့်နှက်နေသော ထိုဝမ်မိသားစု စံအိမ်တော်ကို ဝမ်ချောင် မြင်တွေ့လိုက်ရသည်။

ဤဘဝတွင် ကမ္ဘာကြီးကို ကယ်တင်ခြင်း၊ ဤကမ္ဘာကြီး၏ ဖျက်ဆီးခံရမည့် ကံကြမ္မာကို ပြောင်းလဲပစ်ခြင်း အပြင် ဝမ်ချောင်အတွက် အရေးအကြီးဆုံး အရာမှာ မိသားစု ပင်ဖြစ်သည်။

‘ထျန်း’နှင့် ကောင်းကင်နတ်ဘုရား အဖွဲ့အစည်း၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထိုအချိန်က ဝမ်ချောင်လုပ်ဆောင်နိုင်ခဲ့သည့် တစ်ခုတည်းသော အရာမှာ ကြီးမားလှသော မှော်စွမ်းအင်များကို အသုံးပြုပြီး မိမိ ထိန်းချုပ်ထားသော အချိန်နှင့် အာကာသ စွမ်းအင်များ ကို အသုံးပြုကာ ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးကို အမြစ်မှစ၍ ဆွဲနုတ်ကာ အလင်းစက်ကွင်း နတ်လက်နက် အတွင်းသို့ ရွှေ့ပြောင်းလိုက်ခြင်း ပင်ဖြစ်သည်။

ဤကဲ့သို့ ကြီးမားသောဧရိယာကို ရွှေ့ပြောင်းခြင်းက ဝမ်ချောင်၏ စွမ်းအင် အမြောက်အမြားကို ကုန်ခန်းစေခဲ့ပြီး ဤသည်မှာလည်း ဝမ်ချောင်အနေဖြင့် နောက်ပိုင်းတွင် ‘ထျန်း’နှင့် တိုက်ခိုက်ရာ၌ အလွန်အမင်း အရေးနိမ့်ခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။

သို့သော် ဤသို့ဖြစ်လင့်ကစား ဝမ်ချောင်မှာ လုံးဝနောင်တမရခဲ့ပေ။

ထိုရင်းနှီးနေသော စံအိမ်တော်ကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ရင်ထဲတွင် စိတ်လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ ဝမ်မိသားစု စံအိမ်တော်၏ ခြံစည်းရိုးကို လျင်မြန်စွာ ဖြတ်ကျော်၍ စံအိမ်တော် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သို့သော် ဝမ်မိသားစု စံအိမ်တော် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ချောင်၏ရင်ထဲတွင် ချက်ချင်း အေးစက်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများပင် ထိုအရာနှင့်အတူ အေးခဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

အရမ်း တိတ်ဆိတ်လွန်းနေတယ်။

ဝမ်ချောင် စိတ်ကူးထားခဲ့သော ဆူညံပွက်လောရိုက်မှုများနှင့် လုံးဝမတူညီဘဲ ဝမ်ချောင် ဤနေရာသို့ ဝင်ရောက်လာချိန်တွင် မိခင်က အမြန်ပြေးထွက်လာပြီး ကြိုဆိုခြင်းမျိုးလည်း မရှိခဲ့သလို အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့လည်း ပေါ်ထွက်လာခြင်း မရှိခဲ့ဘဲ ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်မှု တစ်ခု ကြီးစိုးနေပြီး လူသူကင်းမဲ့နေသော မြို့ပျက် ကြီးတစ်ခု အလား ဖြစ်နေခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဝမ်ချောင်၏ရင်ထဲတွင် ပြင်းထန်စွာ တစ်ချက် တုန်လှုပ်သွားခဲ့သည်။

နောက်တစ်ခဏတွင် ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်ပြီး ပြိုင်ဘက်ကင်းလှသော စိတ်စွမ်းအင်များက လေဟာပြင်ကို ဖြတ်သန်းကာ ဝမ်မိသားစု စံအိမ်တော်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

ဝမ်ချောင်က ဝမ်မိသားစု စံအိမ်တော် ၏ အခြေအနေများကို စုံစမ်း သိရှိသွားသောအခါ ရင်ထဲတွင် ရေအောက် အနက်ရှိုင်းဆုံးသို့ နစ်မြုပ်သွားခဲ့သည်။

ဤအခိုက်အတန့်ရှိ ဝမ်ချောင်မှာ ဝမ်မိသားစု စံအိမ်တော်၏ တံခါးဝတွင် မတ်တပ်ရပ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး အေးစက်နေခဲ့သည်။

ဝမ်ချောင်၏ အာရုံခံနိုင်စွမ်း ထဲတွင် ဝမ်မိသားစု တစ်ခုလုံးရှိ လူရာပေါင်းများစွာ အားလုံးမှာ သတိလစ်နေသည့် အခြေအနေသို့ ရောက်ရှိနေကြပြီး စင်္ကြံလမ်းများ၊ မဏ္ဍပ်များ၊ ကျောက်ဆောင်တုများ နေရာတိုင်းတွင် သတိလစ်နေကြသော ဝမ်မိသားစု၏ အစေခံမိန်းကလေးများ၊ အစေခံများနှင့် ကိုယ်ရံတော်များ ပြည့်နှက်နေခဲ့သည်။

သူတို့၏ ဝိညာဉ် အငွေ့အသက် များမှာ အလွန်အမင်း အားနည်းနေပြီး လေတိုက်ခံရသော ဖယောင်းတိုင်မီးအလား အချိန်မရွေး ငြိမ်းသတ်သွားနိုင်ကာ ဤပုံစံက သတိလစ်ပြီး အိပ်ပျော်သွားသည့် ပုံစံမျိုး လုံးဝ မဟုတ်ပေ။

"အမေ"

ဝမ်ချောင်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ရင်ထဲတွင် တစ်ချက် တုန်လှုပ်သွားကာ မျက်တောင်တစ်ခတ်အတွင်း ထပ်နေသော နေရာလွတ်များကို ဖြတ်ကျော်ပြီး စာကြည့်ခန်း အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

စာကြည့်ခန်း အတွင်းမှာ အလွန်တိတ်ဆိတ်နေပြီး အရာအားလုံးက တိုက်ပွဲ မစတင်မီ အချိန်က ပုံစံအတိုင်းပင် ရှိနေသေးသည်။

ဝမ်ချောင်၏ မိခင်ဖြစ်သူ သခင်မဝမ်မှာ ဝမ်ချောင်၏ ထိုပင်မကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ခေါင်းကို စားပွဲပေါ်တွင် မှီတင်ထားကာ အားနည်းသော အသက်ရှူသံလေးများ ထွက်ပေါ်နေပြီး အိပ်မောကျနေသည့် အခြေအနေသို့ ရောက်ရှိနေပုံ ရသည်။

ဝမ်ချောင်၏ ရင်ထဲတွင် တုန်လှုပ်နေပြီး အလိုအလျောက် လျှောက်သွားကာ လက်ကို ဆန့်ထုတ်၍ မိခင်ကို ညင်သာစွာ တစ်ချက် ထိတွေ့လိုက်သော်လည်း သခင်မဝမ်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ဝမ်ချောင်၏အသက်ရှူသံများပင် ရပ်တန့်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီး မိခင်၏အသက်စွမ်းအင် အငွေ့အသက်များမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေကြောင်းကို သူ ခံစားသိရှိနိုင်ခဲ့သည်။

အလိုအလျောက်လိုပင် ဝမ်ချောင်က စိတ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး မိခင်ဖြစ်သူ သခင်မဝမ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားစေကာ ခဏအကြာတွင် ဝမ်ချောင်၏ ရင်ထဲမှာ ရေအောက် အနက်ရှိုင်းဆုံးသို့ နစ်မြုပ်သွားခဲ့တော့သည်။

"အခြေအနေ သိပ်မကောင်းဘူး၊ သခင်မကြီးရဲ့ ဝိညာဉ်က နည်းနည်း မပြည့်စုံတော့သလိုပဲ၊ ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး"

ရုတ်တရက် အသံတစ်သံက ဝမ်ချောင်၏ဦးနှောက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင် မဟုတ်ဘဲ သူ၏ ဦးနှောက်ထဲရှိ ရှောင်ယန်ပင်ဖြစ်သည်။

ဝမ်ချောင်၏စိတ်စွမ်းအင်က သခင်မဝမ်၏ဦးနှောက်ထဲသို့ ဝင်ရောက်သွားချိန်တွင် ရှောင်ယန်ကလည်း သခင်မဝမ်၏ခန္ဓာကိုယ် အတွင်းရှိ အခြေအနေများကို အတူတကွ ခံစားသိရှိလိုက်ခြင်းပင်ဖြစ်သည်။

"သခင်မကြီး တစ်ယောက်တည်း မဟုတ်ဘူး၊ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်တွေက မပြည့်စုံတော့ဘူး"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဤအချိန်ရှိ ရှောင်ယန်မှာလည်း အလွန်အမင်း အံ့အားသင့်နေခဲ့ပြီး စိတ်စွမ်းအင် သတ္တဝါ တစ်ကောင်အနေဖြင့် သူသည် ဤကဲ့သို့သော အခြေအနေများအပေါ် အလွန်အာရုံခံနိုင်စွမ်း ပြတ်သားလေ့ရှိရာ ဤအခြေအနေမျိုးမှာ လုံးဝပုံမှန်မဟုတ်ပေ။

ဝမ်ချောင်က ဝမ်မိသားစု စံအိမ်တော်တစ်ခုလုံးကို အလင်းစက်ကွင်းနတ်လက်နက်အတွင်းသို့ ရွှေ့ပြောင်းလိုက်ခြင်းက ဤမျှလောက် ကြီးမားသော အပြောင်းအလဲများကို လုံးဝဖြစ်ပေါ်လာစေမည်မဟုတ်ကြောင်းကို ရှောင်ယန်က သေချာပေါက် ခံစားသိရှိနိုင်ပေသည်။ ဝမ်ချောင်က ဤနေရာကို ရွှေ့ပြောင်းလိုက်ချိန်တွင် သူက အချိန်နှင့် အာကာသစွမ်းအင်များကို အသုံးပြုကာ လေအမြောက်အမြားကို ဖိသိပ်ပြီး ဤနေရာသို့ အတူတကွ ရွှေ့ပြောင်းပေးခဲ့ကာ သူတို့၏အသက်ရှူလမ်းကြောင်း ချောမွေ့စေရန် သေချာပေါက် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ လေပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသော အသက်ရှူကြပ်သည့် လက္ခဏာ လုံးဝမဟုတ်ပေ။

‘ထျန်း’ပဲ။

မှောင်မိုက်မှုထဲတွင် အတွေးတစ်ခုက ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားပြီး ရှောင်ယန်မှာ ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဝမ်ချောင်၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မှိုင်းညို့နေခဲ့ပြီး ရှောင်ယန် တွေးမိသည်ကို သူကလည်း သေချာပေါက် တွေးမိမည်သာဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ ရုတ်တရက် နားလည်သွားခဲ့သည်မှာ ‘ထျန်း’နှင့် ထိုက်စု တို့၏ စွမ်းအားများဖြင့် သူ ထွက်ပြေးသွားချိန်တွင် သူ့ကို ဘာကြောင့် လုံးဝလိုက်မဖမ်းခဲ့သနည်းဆိုခြင်းပင် ဖြစ်သည်။

"ခွေးကောင်"

ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများက ဂျွတ်ခနဲ မြည်သွားပြီး မျက်လုံးထဲတွင် အလွန်တရာ စူးရှထက်မြက်သော သတ်ဖြတ်လိုစိတ်များ အဆက်မပြတ် ပေါက်ကွဲထွက်လာခဲ့သည်။

‘ထျန်း’က အစောကြီးကတည်းက လက်စွန်းထားခဲ့ခြင်းဖြစ်ပြီး သူက မိမိထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကို သိရှိနေသလို မိမိက သေချာပေါက် ပြန်လာမည်ကိုလည်း သိရှိနေသဖြင့် ဤသည်မှာ သူက လုံးဝလိုက်မဖမ်းခဲ့သည့် အကြောင်းရင်း ပင်ဖြစ်သည်။

"သခင်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ကျွန်တော်တို့ရဲ့လက်ရှိစွမ်းအားတွေနဲ့ဆိုရင် ‘ထျန်း’ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ အခုချက်ချင်း ပြန်သွားမယ် ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ"

မူလဇစ်မြစ် နေရာလွတ်အတွင်းတွင် ဝမ်ချောင် ကိုယ်ပေါ်ရှိ အပြောင်းအလဲများကို ခံစားသိရှိသွားသောအခါ ရှောင်ယန်လည်း အံ့အားသင့်သွားပြီး အမြန် တားဆီးလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်မှာ စိတ်လိုက်မာန်ပါ လုပ်ရမည့်အချိန် လုံး မဟုတ်ဘဲ အကယ်၍ ဝမ်ချောင်က ယခုချက်ချင်း ပြန်သွားမည်ဆိုပါက ပိုက်ကွန်ထဲသို့ ကိုယ်တိုင် သွားဝင်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

နေရာလွတ် တစ်ခုလုံးမှာ တိတ်ဆိတ်မှုတစ်ခုသာ ကြီးစိုးနေ၏။ ဝမ်ချောင်က ထိုနေရာတွင် အနည်းငယ်မျှ မလှုပ်ရှားဘဲ မတ်တပ်ရပ်နေကာ ယခုအချိန်တွင် သူ ဘာတွေ တွေးနေသလဲ ဆိုတာကို မည်သူကမျှ မသိရှိကြပေ။

"ချောင်အာ"

အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရှိရဘဲ ရုတ်တရက် မူလက စာကြည့်ခန်း စားပွဲပေါ်တွင် မှောက်လျက် အိပ်နေသော သခင်မဝမ်၏ခန္ဓာကိုယ်လေး တစ်ချက် တုန်ယင်သွားပြီး အိပ်မက်ယောင်နေသကဲ့သို့ စကားပြောလာခဲ့သည်။

သူမ၏အသံမှာ နူးညံ့သိမ်မွေ့ပြီး အသံထဲတွင် အဆုံးအစမရှိသော မိခင်မေတ္တာတရားများ အပြည့်အဝ ပါဝင်နေကာ ဤစကားတစ်ခွန်းကို ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သခင်မဝမ်မှာ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိတော့ဘဲ ထိုသတိလစ်နေသကဲ့သို့သော အခြေအနေမျိုးသို့ ထပ်မံ၍ ဝင်ရောက်သွားတော့သည်။

******

All Chapters