← Chapters

အခန်း ၂၃၀၅

Vol. 143 Ch. 2305

အခန်း ၂၃၀၅

Vol. 143 Ch. 2305

အခန်း ၂၃၀၅ ရှန်ထိုက်များ စုစည်းခြင်း

ဘေးတွင် ရပ်နေသော ဝမ်ချောင်သည် ဤရိုးရှင်းလှသော စကားလုံး အနည်းငယ်ကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ပြင်းထန်စွာ တစ်ချက် တုန်လှုပ်သွားပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော နာကျင်မှု တစ်မျိုးက ချွန်ထက်သော ဓားတစ်လက်အလား သူ၏ ရင်ထဲသို့ ထိုးစိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အမေဖြစ်သူမှာ ကြက်တစ်ကောင်ကိုပင် သတ်နိုင်စွမ်း မရှိသော သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်သော်လည်း ‘ထျန်း’ က သူမ၏ ဦးနှောက်ထဲမှ မိမိနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်ပြီး သူမ၏ဝိညာဉ်ကိုပါ မပြည့်စုံတော့အောင် လုပ်ဆောင်ခဲ့သည့်တိုင်အောင် သူ့ကို မှတ်မိနေဆဲ ဖြစ်သည်။

ယခင်ဘဝက မိမိက သူမကို မကာကွယ်နိုင်ခဲ့ဘဲ ယခု ပြန်လည် မွေးဖွားလာချိန်တွင်လည်း ‘ထျန်း’ က သူမကို ဤကဲ့သို့ ဒုက္ခပေးလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

"အမေ စိတ်ချပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အမေ့ကို သေချာပေါက် ကယ်တင်ပေးပါ့မယ်"

ဝမ်ချောင်က အနားသို့ လျှောက်သွားကာ အလွန်အမင်း နူးညံ့သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။

"‘ထျန်း’ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်"

နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် ဝမ်ချောင်၏ မျက်လုံးထဲ၌ စူးရှထက်မြက်သော အလင်းတန်းတစ်ခု လက်သွားသော်လည်း အပြင်သို့ ထုတ်ပြောခြင်း မရှိခဲ့ပေ။

မည်သူပင်ဖြစ်ပါစေ သူ၏ဘေးနားရှိ အရင်းနှီးဆုံး သူများကို ဒုက္ခပေးရဲပါက ထိုလူမှာ ‘ထျန်း’ ဖြစ်နေလျှင်တောင်မှ သေချာပေါက် ပေးဆပ်စေရမည်သာ ဖြစ်သည်။

"ရှောင်ယန် သူတို့ကို ကူညီပေးလို့ရမယ့် နည်းလမ်း ရှိသေးလား"

ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။

ရှောင်ယန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အချိန်အတော်ကြာမှသာ စကားပြောလာခဲ့သည်။

"သူတို့ရဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းဘူး၊ ကျွန်တော်တို့ ထွက်ပြေးလာတာ အခုဆိုရင် အချိန်ခဏလေးပဲ ရှိသေးပေမယ့် သူတို့က သတိလစ်နေတဲ့ အခြေအနေကို ရောက်နေပြီ၊ ပြီးတော့ သူတို့ရဲ့ ဝိညာဉ်တွေက အဆက်မပြတ် အားနည်းနေသေးတယ် ဆိုတာကို ကျွန်တော် ခံစားသိရှိနိုင်တယ်၊ ဒီအတိုင်း ဆက်သွားနေရင် အရမ်းအန္တရာယ် များတယ်"

"သူတို့ရဲ့ ဝိညာဉ်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်း တစ်ခုခုကို ကျွန်တော်တို့ ရှာမတွေ့မချင်း၊ နောက်ဆုံးမှာ သူတို့က...... ကျွန်တော် အခု လုပ်ပေးနိုင်တာက သူတို့ ဝိညာဉ်တွေ အားနည်းသွားတဲ့ လုပ်ငန်းစဉ်ကို နှေးကွေးသွားအောင် လုပ်ပေးပြီး အချိန်ဆွဲထားပေးဖို့ပဲ ရှိတယ်၊ ပြဿနာကို လုံးဝဖြေရှင်းနိုင်မယ့် နည်းလမ်းတော့ မရှိဘူး"

ရှောင်ယန်က ပြောလိုက်သည်။

အင်အားကြီးမားလှသော အိပ်မက်ဆိုး သားရဲ မျိုးနွယ်စု တစ်ကောင်အနေဖြင့် သူတို့တွင် လူသား သိုင်းပညာရှင်များ လုံးဝယှဉ်ပြိုင်၍ မရနိုင်သော မွေးရာပါ စွမ်းရည်အချို့ ရှိနေပြီး ဥပမာ လူသားများ၏ ဝိညာဉ်စွမ်းအင်များကို အလွယ်တကူစုပ်ယူနိုင်ခြင်း၊ လူသားများ၏ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်နိုင်ခြင်းနှင့် မှတ်ဉာဏ်များကိုပါ ပြောင်းလဲပစ်နိုင်ခြင်းတို့ ဖြစ်သည်။

ထိုနည်းတူစွာပင် ရှောင်ယန်တွင် လူသားများ၏ဝိညာဉ်ပိုင်းဆိုင်ရာ အခြေအနေကို ကုသပေးနိုင်ပြီး သက်သာရာ ရစေနိုင်သော နည်းလမ်း အချို့လည်း ရှိနေပေသည်။

အချိန်ခဏလေးအတွင်းမှာပင် အလွန်အားနည်းလှသော ဝိညာဉ် စွမ်းအင်တစ်ခုက ရှောင်ယန်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ဝမ်မိသားစုဝင် အားလုံး၏ ခန္ဓာကိုယ် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

ဤစွမ်းအင်များမှာ ကြယ်ရောင်လေးများအလား အလွန်အမင်း အားနည်းလှသော်လည်း ရှောင်ယန် အကူအညီ ပေးပြီးနောက် ဝမ်မိသားစု တစ်ခုလုံးရှိ လူရာပေါင်းများစွာ၏ အသက်စွမ်းအင် အငွေ့အသက်များမှာ လျင်မြန်စွာ တည်ငြိမ်သွားသည်ကို ဝမ်ချောင် ရှင်းလင်းစွာ ခံစားသိရှိလိုက်ရသည်။ သတိလစ်နေသည့် အခြေအနေမှ မလွတ်မြောက်နိုင်သေးသော်လည်း အခြေအနေမှာ အများကြီး ပိုမိုကောင်းမွန်လာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

"သခင် ကျွန်တော် ဒီလောက်ပဲ လုပ်ပေးနိုင်တော့မယ်"

ရှောင်ယန်၏အသံထဲတွင် အနည်းငယ် ပင်ပန်းနေသည့် အရိပ်အယောင်လေး တစ်ခု ပါဝင်နေပြီး ဝမ်ချောင် ၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဒီလောက်ဆို လုံလောက်ပါပြီ၊ ရှောင်ယန် ကျေးဇူးတင်ပါတယ်"

ဝမ်ချောင်က ရိုးသားစွာ ပြောလိုက်သည်။

လက်ရှိ ရှောင်ယန်မှာ အမှန်တကယ်ပင် အလွန်အမင်း အားနည်းနေပြီဖြစ်ရာ ဤအဆင့်အထိ လုပ်ဆောင်ပေးနိုင်ခြင်းကပင် အလွန် ခက်ခဲလှပေသည်။

"ကျန်တာတွေကို ငါ့ကို လွှဲထားလိုက်ပါ"

ဝမ်ချောင်က ပြောလိုက်သည်။

အလင်းတစ်ချက် လက်သွားပြီး ဝမ်ချောင်က စာကြည့်ခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကာ ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံး၏ ကောင်းကင်ယံ တွင် ပေါ်လာခဲ့၏။ အောက်ဘက်ရှိ မီးရောင် မှိန်ပျပျ လင်းနေသော ဝမ်မိသားစု စံအိမ်တော်ကို နောက်ဆုံးအကြိမ် နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဝမ်ချောင်၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု လက်သွားကာ လက်ဖဝါးကို ဆန့်ထုတ်ပြီး အောက်ဘက်သို့ ချိန်ရွယ်လိုက်တော့သည်။

"ဝုန်း"

လေဟာနယ်က တုန်ခါသွားပြီး ကြီးမားလှသော ပေါက်ကွဲသံကြီးများနှင့်အတူ မျက်စိကျိန်းလောက်အောင် တောက်ပနေသော မှောင်မိုက်သည့် ရွှေရောင် အချိန်နှင့် အာကာသ စက်ကွင်းတစ်ခုက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဝမ်မိသားစု စံအိမ်တော် တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။

တပြိုင်နက်တည်းမှာပင် ဝမ်မိသားစု စံအိမ်တော်၏ နေရာအနှံ့အပြားတွင် ကြီးငယ်မရွေး မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ စက်ကွင်းများစွာက တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ထွက်လာပြီး ဝမ်မိသားစု စံအိမ်တော်၏ အောက်ဘက်တွင် ကြီးမားကျယ်ပြန့်ပြီး ရှုပ်ထွေးလှသော အစီအရင်ကြီးတစ်ခုအဖြစ် ပူးပေါင်း ဖွဲ့စည်းသွားတော့သည်။

"ဝုန်း…"

ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ စွမ်းအားတစ်ခု၏ သက်ရောက်မှုအောက်တွင် ဝမ်မိသားစု စံအိမ်တော်တစ်ခုလုံးမှာ လျင်မြန်စွာ သေးငယ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကာ လုံးဝပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။

ပြဿနာများ အားလုံးကို မဖြေရှင်းနိုင်ခင် အချိန်အထိ ဤသည်မှာ ဝမ်ချောင် စဉ်းစားနိုင်သော တစ်ခုတည်းသော ဖြေရှင်းနည်း ပင်ဖြစ်သည်။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ဝမ်ချောင်၏ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားသွားပြီး နတ်လက်နက် အတွင်းရှိ နေရာလွတ်မှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

နောက်တစ်ဆင့်အနေဖြင့် ကြီးမြတ်သော ရှန်ထိုက် ကိုယ်ပွားနှစ်ခုကို သေချာပေါက် ရှာဖွေရမည် ဖြစ်သည်။

ထပ်မံပေါ်ထွက်လာချိန်တွင် ထိုတောင်ထွတ်များ၏ အထက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ဝမ်ချောင်က ပတ်ဝန်းကျင် အရပ်လေးမျက်နှာကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဦးတည်ချက်တစ်ခုကို ဆုံးဖြတ်လိုက်ပြီးနောက် ရှောင်ယန်ပြောပြခဲ့သော ကြီးမြတ်သော ရှန်ထိုက် ကိုယ်ပွား နှစ်ခု ရှိနေသည့် ခန့်မှန်းခြေ နေရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

……

မြို့တော်မှ မြောက်ဘက်သို့ တောက်လျှောက် သွားမည်ဆိုပါက မိုင်ရှစ်ရာကျော် အကွာအဝေးရှိ တောင်တန်းကြီးများ အတွင်းတွင် အောက်ဘက်သို့ ဆင်းသွားမည်ဆိုပါက မြေပြင်မှ မီတာ ငါးသောင်း ခြောက်သောင်းခန့် အကွာအဝေးရှိ မြေအောက် အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤနေရာမှာ အလွန်တိတ်ဆိတ်မှုကြီးက ကြီးစိုးနေပြီး သက်ရှိ အရိပ်အယောင် လုံးဝ မရှိဘဲ ပုံမှန်အခြေအနေဆိုပါက မည်သူတစ်ဦးတစ်ယောက်ကမျှ ဤနေရာသို့ လာရောက်နိုင်မည် မဟုတ်ပေ။

သို့သော် မည်သူမျှ မသိရှိသည်မှာ ဤအခိုက်အတန့်တွင် အလွန်အားနည်းလှသော အငွေ့အသက် တစ်ခုက ဤနေရာတွင် ပုန်းအောင်းနေခဲ့သည်။

ထို အလင်းတန်း မှာ ငွေရောင် အလင်းတန်း တစ်ခု ဖြစ်ပြီး အလင်းတန်း ကို ဖောက်ထွင်း၍ သေချာစွာ ကြည့်မည်ဆိုပါက တောင့်တင်းခိုင်မာသော လူရိပ်တစ်ခုက နတ်ဘုရား သံချပ်ကာ အင်္ကျီကို ဝတ်ဆင်ထားလျက် ထိုနေရာတွင် အနည်းငယ်မျှ မလှုပ်ရှားဘဲ တင်ပျဉ်ခွေ ထိုင်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား သံချပ်ကာ အင်္ကျီမှာ အစောကြီးကတည်းက ပျက်စီးနေခဲ့ပြီဖြစ်ပြီး ပခုံးများ၊ ရင်ဘတ်နှင့် ဗိုက် အားလုံး ဖောက်ထွင်းခံထားရကာ မျက်နှာပြင်၏နေရာများစွာတွင်လည်း ပြင်းထန်သော တိုက်ပွဲခြေရာများကို တွေ့မြင်နိုင်ပေသည်။

ရွှေရောင် သွေးများက သံချပ်ကာ အင်္ကျီ အောက်မှ အဆက်မပြတ် စီးကျနေပြီး မည်သို့မှ တားဆီး၍ မရနိုင်တော့ပေ။

အကယ်၍ ဤလူရိပ်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကြည့်မည်ဆိုပါက သူ၏ခန္ဓာကိုယ် အတွင်းတွင် အလွန်တရာ စူးရှထက်မြက်ပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု ပြည့်နှက်နေကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ထိုစွမ်းအင်က သူ၏ခန္ဓာကိုယ်အတွင်း နေရာအနှံ့အပြားသို့ ပြေးလွှားနေကာ ဓားများအလား သူ၏ခန္ဓာကိုယ်အတွင်း နေရာအနှံ့အပြားတွင် အနာတရများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ထိုလူရိပ်က အသက်ကို အောင့်ထားပြီး စိတ်ကို စုစည်းကာ ဒဏ်ရာများကို ကုသရန် သိုင်းစွမ်းအင်များကို အဆက်မပြတ် လည်ပတ်နေကြောင်း သိသာထင်ရှားလှသော်လည်း ဒဏ်ရာများ ကျက်လုနီးပါး ဖြစ်လာချိန်တိုင်းတွင် ထိုကြောက်မက်ဖွယ်ကောင်းသော ပြင်ပသိုင်းစွမ်းအင်က ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြန်သည်။

ဤအတွက်ကြောင့် သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာများ ပြည့်နှက်နေပြီး ကြည့်လိုက်ရုံဖြင့် အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

အကယ်၍ ဤနေရာတွင် ပြင်ပလူ တစ်ဦးဦးသာ ရှိနေမည်ဆိုပါက မြေအောက် အနက်ရှိုင်းဆုံး နေရာတွင် ပုန်းအောင်းကာ ဒဏ်ရာများကို ကုသနေသော ဤလူရိပ်မှာ ဝမ်ချောင်၏တတိယ ရှန်ထိုက်ဖြစ်ကြောင်းကို သေချာပေါက် မှတ်မိနိုင်မည် ဖြစ်သည်။

ဒဏ်ရာများကို ကုသနေစဉ်မှာပင် တတိယ ရှန်ထိုက်က တစ်ခုခုကို ခံစားသိရှိသွားပုံရကာ ရုတ်တရက် ခေါင်းမော့လိုက်ပြီး အထက်ပိုင်းရှိ တစ်နေရာကို သတိထားကာ ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်ထားလိုက်ပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

"ငါပါ"

တတိယ ရှန်ထိုက်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး တစ်ခုခုကို မှတ်မိသွားပုံရကာ မူလက တင်းကျပ်နေသော ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြေလျော့သွားတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် လူရိပ်တစ်ခုက ထပ်နေသော ကျောက်လွှာများကို ဖောက်ထွင်းကာ တတိယ ရှန်ထိုက်၏အထက်ပိုင်းတွင် ပေါ်လာခဲ့၏။ ထိုသူမှာ ဝမ်ချောင်၏ မူလခန္ဓာကိုယ်ပင်ဖြစ်သည်။

မျက်စိရှေ့ရှိ တတိယ ရှန်ထိုက်ကို မြင်လိုက်ရသောအခါ ဝမ်ချောင်က သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်တော့သည်။

"နောက်ဆုံးတော့ ရှာတွေ့သွားပြီ"

သို့သော် မကြာမီမှာပင် ဝမ်ချောင်၏ မျက်နှာအမူအရာမှာ ထပ်မံ၍ လေးနက်သွားခဲ့သည်။

မူလခန္ဓာကိုယ်နှင့်ကိုယ်ပွားတို့မှာ မူလကတည်းက တစ်သားတည်း ဖြစ်နေကြပြီး သူနှင့် တတိယ ရှန်ထိုက်တို့ကြားရှိ သီးသန့်ဖြစ်သော အပြန်အလှန် ဆက်သွယ်မှု နည်းလမ်းမျိုးမှာ လောကတွင် ရှားပါးလှပေသည်။

တတိယ ရှန်ထိုက်၏ လက်ရှိအခြေအနေမှာ လုံးဝပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားခြင်း သက်သက်သာ မဟုတ်ဘဲ တတိယ ရှန်ထိုက်၏ ဝိညာဉ်၊ တခြားစကားဖြင့် ပြောရမည်ဆိုပါက တတိယ ရှန်ထိုက်၏ ဦးနှောက်ထဲတွင် မိမိ ချန်ထားခဲ့သော အသိစိတ်မှာ ပြဿနာ တစ်ခုခု ရှိနေကြောင်းကို ဝမ်ချောင် ရှင်းလင်းစွာ ခံစားသိရှိနေခဲ့၏။ တခြားစွမ်းအားတစ်ခုခုက တတိယ ရှန်ထိုက်ကို အနှောင့်အယှက် ပေးနေကာ သူ နှင့် မိမိကြားရှိ အာရုံခံနိုင်စွမ်းကိုပါ အဟန့်အတား ဖြစ်စေရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။

အလင်းတစ်ချက် လက်သွားပြီး ဝမ်ချောင်က တတိယ ရှန်ထိုက်၏ ရှေ့တွင် လက်ညှိုးကို လျင်မြန်စွာ ဆန့်ထုတ်ကာ တတိယ ရှန်ထိုက်၏ မျက်ခုံးနှစ်ခုကြားကို ထိလိုက်သည်။

ရှီး…

မကြာမီမှာပင် တတိယ ရှန်ထိုက်၏ ခေါင်းပေါ်ရှိ အပေါက်များ အားလုံးမှ အနက်ရောင် အငွေ့များ ထွက်လာခဲ့သည်။ ဝမ်ချောင်က လက်ငါးချောင်းကို ဆုပ်ကိုင်ကာ အားကုန် ဆွဲထုတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း တတိယ ရှန်ထိုက်၏ ဦးနှောက် အနက်ရှိုင်းဆုံး နေရာမှ အပြာရောင် ရောနှောနေသော အနက်ရောင် မီးတောက် တစ်ခု ထွက်ပေါ်လာတော့၏။

ဤအပြာရောင် ရောနှောနေသော အနက်ရောင် မီးတောက်၏ အစွန်းပိုင်းတွင် အနက်ရောင် အရိပ်အယောင်လေးတစ်ခု မသိမသာ ပါဝင်နေပြီး မီးတောက်၏အလယ်ဗဟို တွင်မူ ရှုပ်ထွေးလှပြီး ဝမ်ချောင် လုံးဝမသိရှိသော ရှေးဟောင်း နတ်ဘုရား စာလုံး တစ်ခု ပါဝင်နေခဲ့သည်။

"‘ထျန်း’ က တကယ်ပဲ အကြံကြီးတာပဲ။ ငါ့ရဲ့ ရှန်ထိုက်ကို မျက်စိကျပြီး အတင်းလုယူပြီးတော့ သူ့အတွက် အသုံးချဖို့ ကြိုးစားနေတာကိုး"

ဝမ်ချောင်၏ မျက်လုံးများက အေးစက်သွားပြီး ဤအပြာရောင် ရောနှောနေသော အနက်ရောင် မီးတောက်၏ အစစ်အမှန် အခြေအနေကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ ချက်ချင်း နားလည်သွားခဲ့သည်။

မီးတောက်၏အငွေ့အသက်မှာ ‘ထျန်း’ ၏ အငွေ့အသက် နှင့် အတိအကျ တူညီနေပြီး ဤသည်မှာ ‘ထျန်း’က ကြီးမြတ်သော ရှန်ထိုက်နှစ်ခုကို သိမ်းပိုက်ရန်အတွက် အထူးတလည် အသုံးပြုခဲ့သော ထူးခြားသည့် နတ်ဘုရား စာလုံး ပင်ဖြစ်သည်။

ဤနတ်ဘုရား စာလုံးက တစ်ဖက်တွင် မိမိနှင့် ကိုယ်ပွားကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်ကာ အနှောင့်အယှက် ပေနေပြီး အခြားတစ်ဖက်တွင်လည်း တိတ်တဆိတ်နှင့် တဖြည်းဖြည်းချင်း ရှန်ထိုက်၏ နေရာအနှံ့အပြားသို့ စိမ့်ဝင် နေခဲ့သည်။

ရှန်ထိုက်၏ ကိုယ်ပိုင်အသိစိတ်မှာ မူလကတည်းက အကန့်အသတ် ရှိနေသဖြင့် ထိုပြင်းထန်သော တိုက်ပွဲတွင် သူတို့ ကိုယ်တိုင်ပင် အကြံအစည် ခံလိုက်ရကြောင်းကို သတိမထားမိခဲ့လောက်ပေ၊ အကယ်၍ ရှောင်ယန်သာ သူတို့၏ တည်နေရာကို မခံစားမိခဲ့ဘဲ မိမိကလည်း ကြိုတင်ရှာမတွေ့ခဲ့ပါက နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ‘ထျန်း’ က အမှန်တကယ် အောင်မြင်သွားနိုင်ချေ ရှိပေသည်။

"နှမြောစရာ ကောင်းတာက မင်းရဲ့အကြံအစည်က အထမြောက်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ အထမြောက်မှာ မဟုတ်ဘူး"

ဝမ်ချောင်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ချောင်းလေးများကို တစ်ချက် ညှစ်လိုက်ရာ အပြာရောင် ရောနှောနေသော အနက်ရောင် မီးတောက်လေးမှာ ချက်ချင်းပင် ငြိမ်းသတ်သွားတော့သည်။

ထိုအပြာရောင် ရောနှောနေသော အနက်ရောင် မီးတောက်လေး ငြိမ်းသတ်သွားသည်နှင့် တစ်ပြိုင်နက် ဖိနှိပ်ခံထားရသော စွမ်းအားတစ်ခုက ချက်ချင်းဆန့်ထွက်လာပြီး ဝမ်ချောင်နှင့် တတိယ ရှန်ထိုက်တို့ကို နောက်တစ်ကြိမ် ထပ်မံ၍ တစ်သားတည်း ပေါင်းစပ်သွားစေခဲ့သည်။

မူလခန္ဓာကိုယ်နှင့် ရှန်ထိုက်တို့မှာ တစ်ဖန် ပြန်လည် ပေါင်းစပ်သွားခဲ့သည်။

ဝုန်း…

မကြာမီမှာပင် ကြီးမားကျယ်ပြန့်ပြီး အလွန်တရာ အင်အားကြီးမားလှသော စွမ်းအင်တစ်ခုက ဝမ်ချောင်၏ခန္ဓာကိုယ် အတွင်းမှနေ၍ တတိယ ရှန်ထိုက်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထိုကြီးမားကျယ်ပြန့်လှသော စွမ်းအားကြီးမှာ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် မျက်တောင်တစ်ခတ်အတွင်း တတိယ ရှန်ထိုက်၏ သွေးကြောတိုင်း အတွင်းသို့ ပြည့်နှက်သွားပြီး တတိယ ရှန်ထိုက်၏ ခန္ဓာကိုယ်အတွင်းရှိ အလွန်တရာ စူးရှထက်မြက်လှသော ပြင်ပသိုင်းစွမ်းအင်ကို လျင်မြန်စွာ ချေမှုန်းပစ်လိုက်တော့သည်။

တတိယ ရှန်ထိုက်၏ ခန္ဓာကိုယ်ပေါ်တွင် မူလက ရှိနေခဲ့သော ဒဏ်ရာများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး တစ်ခုပြီးတစ်ခု လျင်မြန်စွာ ကျက်သွားတော့သည်။

ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်ပြီး အချိန်နှင့် အာကာသ စွမ်းအင် ကို အသုံးပြုကာ တတိယ ရှန်ထိုက်ကို ဦးနှောက်ထဲရှိ မူလဇစ်မြစ် နေရာလွတ်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

မူလဇစ်မြစ် နေရာလွတ်တွင် အင်အားကြီးမားလှသော ကုသနိုင်စွမ်းရှိ၏။ ထို့အပြင် ဝမ်ချောင်က စွမ်းအင်အမြောက်အမြားကိုပါ သိမ်းဆည်းထားခဲ့ရာ ထိုနေရာတွင် တတိယ ရှန်ထိုက်၏ ပြန်လည် နာလန်ထူမှုနှုန်းမှာ အများကြီး ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။

တတိယ ရှန်ထိုက်ကို သိမ်းဆည်းပြီးနောက် ဝမ်ချောင်သည် ထိုနည်းတူစွာပင် အခြားနေရာတစ်ခုတွင် ဒုတိယ ရှန်ထိုက်ကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။

ကြီးမြတ်သော ရှန်ထိုက် သုံးခုစလုံး စုစည်းမိသွားချိန်တွင် ဝမ်ချောင်၏စွမ်းအားမှာ ချက်ချင်းပင် ကြီးမားစွာ မြင့်တက်လာခဲ့ပြီး ‘ထျန်း’ကို ရင်ဆိုင်နိုင်မည်ဟု မပြောနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကတော့ အမှန်တကယ်ပင် ပိုများပြားလာခဲ့ပြီ ဖြစ်သည်။

"‘ထျန်း’ အခု ငါတို့ အလှည့် ရောက်ပြီ"

ဝမ်ချောင်က အသံနှိမ့်ကာ ပြောလိုက်သည်။

မြို့တော်ရှိရာ ဦးတည်ချက်ကို လှည့်ကြည့်လိုက်ပြီး ဤတစ်ကြိမ်တွင်မူ ဝမ်ချောင်သည် ထပ်မံ၍ ထွက်ပြေးခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ မြို့တော်ရှိရာ ဦးတည်ချက်ဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

……

တောင်တန်းကြီးများ အတွင်းမှ ထွက်ခွာလာပြီးနောက် ဝမ်ချောင်က မြို့တော်သို့ တိုက်ရိုက် ပြန်မသွားဘဲ လမ်းတစ်ဝက်တွင် ဦးတည်ချက် ပြောင်းလိုက်ကာ အခြားနေရာတစ်ခုဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

‘ထျန်း’ ၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် မြို့တော်သို့ မဝင်ရောက်မီ ဝမ်ချောင်သည် လူတစ်ဦးကို သေချာပေါက် အရင်သွားတွေ့ရန် လိုအပ်ပေသည်။

ယခုအခါ ဆရာနှင့် ဝူရှန်း ရွာသူကြီးတို့ မရှိတော့ရာ ထိုလူ၏စွမ်းအားကို အကူအညီ ရယူနိုင်မှသာ ဝမ်ချောင် အနေဖြင့် ‘ထျန်း’ ၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် အခွင့်အရေး အနည်းငယ် ပိုမို ရရှိနိုင်မည် ဖြစ်သည်။

လေဟာပြင်ထဲတွင် မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ ကွင်းဆက် တစ်ခု လက်သွားပြီး ဝမ်ချောင်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

မြို့တော်၏ အရှေ့မြောက်ဘက်၊ မိုင်တစ်ထောင်ကျော် ကွာဝေးသော နေရာတစ်ခုတွင်၊ ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဝမ်ချောင်က ခြေတစ်လှမ်း လှမ်းလိုက်ကာ မှောင်မိုက်သော ရွှေရောင် အချိန်နှင့် အာကာသ ကွင်းဆက် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"မလွဲနိုင်ဘူး၊ ဒီနေရာပဲ ဖြစ်ရမယ်"

ဝမ်ချောင်က အောက်ဘက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။

မြို့တော် တိုက်ပွဲတွင် ကျွမ်းကျင်သူ အများစုမှာ ပျောက်ကွယ်သွားခဲ့ကြပြီး စုကျန်းချန်ပင်လျှင် ပျောက်ကွယ်သွားခဲ့ရသည်။ ယခုအချိန်တွင် ဝမ်ချောင်ကို အကူအညီ ပေးနိုင်သော ထိပ်တန်း ကျွမ်းကျင်သူ များစွာ မရှိတော့သော်လည်း ရာထူးချခံထားရသော အိမ်ရှေ့စံ လီရွှမ်တုမှာမူ သေချာပေါက် ထိုအထဲမှ တစ်ဦး အပါအဝင်ပင်ဖြစ်သည်။

ထိုပြောင်းလဲမှုကြီး ပြီးနောက် ထိုက်ရှီကို သတ်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် လီရွှမ်တုသည် မြို့တော်မှ ထွက်ခွာသွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရပေ။ လီရွှမ်တုက သူသွားမည့် နေရာကို အသိပေးခဲ့ခြင်း မရှိသလို သူ့စွမ်းရည်ဖြင့် ပုန်းအောင်းချင်သည်ဆိုပါက အပြင်လူများအနေဖြင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲလှသော်လည်း တကယ်တမ်းတွင် သူ၏သွားလာလှုပ်ရှားမှုမှာ လူတွေ တွေးထင်ထားသလောက် ထိုမျှလျှို့ဝှက်လွန်းနေခြင်း မရှိပေ။

******

All Chapters